ချင်ယွမ်ဖုန်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကို ပြန်လည်အောက်မေ့ သတိရမိလေသည်။
ယင်းစဉ်က သူသည် စိတ်ဒဏ်ရာကို မခံစားနိုင်သဖြင့် ချင်မိသားစုထံ ပြန်လာခဲ့သော်လည်း ချင်ယုံဟုန်းနှင့် သူ၏မိခင်တို့ စကားပြောဆိုနေသည်ကို မတော်တဆ ကြားသိခဲ့ရခြင်း ဖြစ်ပေသည်။
"နင်တို့ သားအမိနှစ်ယောက်စလုံးက အသုံးမကျတဲ့လူတွေပဲ၊ ချင်မိသားစုရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်ကြတယ်၊ ခုတော့ နင်တို့မှာ ဘာမှမရှိတော့ဘူး၊ ဘာလို့ သေမသွားကြသေးတာလဲ၊ နင်နဲ့ နင့်သားက အမှိုက်တွေထက် တောင် မသာဘူး"
ချင်ယွမ်ဖုန်းသည် ဘေးတစ်နေရာ၌ ပုန်းကွယ်နေရင်း ချင်ယုံဟုန်း ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူသည် အခန်းတွင်းသို့ ဝင်ရောက်လိုက်ချိန်၌မူ သူ၏မိခင်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပြီ ဖြစ်ပေရာ လက်ကောက်ဝတ်ရှိ ပြတ်ရှဒဏ်ရာမှ သွေးတို့သည် ကြမ်းပြင်အနှံ့ စီးကျနေလေပြီ။
"ဟုတ်တယ်... ဒါပေမဲ့ ဒီကိစ္စက မင်းနဲ့ အများကြီး သက်ဆိုင်နေတယ်"
ချင်ယွမ်ဖုန်းသည် ရုတ်တရက် ထရပ်လိုက်သည်နှင့် ကျောပြင်မှ ရှည်လျားသော ဓားလွယ်အိတ်အတွင်းမှ ဓားသည် 'ဝှူး' ကနဲ မြည်သံနှင့်အတူ ထွက်ပေါ်လာသည်။
အေးစက်သော အလင်းတန်း တစ်ချက်လက်သွားပြီးနောက် ဓားသွားသည် ချင်ယုံဟုန်း၏ လည်ပင်းသို့ ဖိကပ်ထားလျက် ရှိနေချေပြီ။
"ချင်ယုံဟုန်းထံမှ ကြောက်ရွံ့မှု +၁၀၀"
" ချူဆန်းထံမှ ကြောက်ရွံ့မှု +၁၀၀"
ချင်ယုံဟုန်းမှာ ကြောက်လန့်လွန်းသဖြင့် ဆီးပင်ထွက်ကျသွားရကာ ခြေထောက်တို့သည် သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ရင်နေပြီး 'ဗုန်း' ကနဲ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားလေသည်။
"ယွမ်ဖုန်း... ငါက မင်းရဲ့ ဦးလေးတော်စပ်သူလေ၊ အရင်က ဖြစ်ခဲ့တာတွေက ငါ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန် မဟုတ်ပါဘူး..."
ချင်ယွမ်ဖုန်းသည် မည်သည့်စကားကိုမျှ နားမဝင်တော့ချေ။
မိခင်ဖြစ်သူ သေဆုံးရခြင်း၏ တရားခံ၊ တိုက်ရိုက် လူသတ်သမားမှာ ဤချင်ယုံဟုန်းပင် ဖြစ်ပေသည်။
"တော်စပ်တာတွေ ရပ်လိုက်စမ်း၊ ဒီတစ်ခါ ငါပြန်လာရတဲ့ အကြောင်းရင်းက မင်းကို အသေသတ်ဖို့ပဲ" ချင်ယွမ်ဖုန်းသည် ခေါင်းငုံ့ကာ ချင်ယုံဟုန်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်၏။
ထို့နောက် ချင်ယွမ်ဖုန်းသည် လျှပ်စီးကဲ့သို့ လျင်မြန်သော လှုပ်ရှားမှုဖြင့် သူ၏လက်ချောင်းများကို ချင်ယုံဟုန်း၏ ပါးစပ်အတွင်းသို့ ထိုးသွင်းကာ လျှာကို အတင်းဆွဲထုတ်လိုက်လေသည်။
ဓားအလင်း တစ်ချက်လက်သွားသည်နှင့် ချင်ယုံဟုန်း၏ လျှာသည် သွေးများ တစိုစိုနှင့် မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။
"အား... လူသတ်နေကြပြီ" ဤသွေးသံရဲရဲ မြင်ကွင်းကို မြင်လိုက်ရသော အစေခံသည် အော်ဟစ်ကာ ခန်းမအပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
ချင်ယုံဟုန်းမှာလည်း နာကျင်လွန်းသဖြင့် မြေပြင်ပေါ်၌ လူးလိမ့်နေပြီး စူးရှသော အော်ဟစ်သံတို့ကို ပြုလုပ်နေမိသည်။
ချင်ယွမ်ဖုန်းသည် ဓားကို မြှောက်ကာ ခုတ်ချလိုက်ရာ သွေးများစွာသည် ကြမ်းပြင်ထက်သို့ စီးကျသွားပြီး တဖြည်းဖြည်းနှင့် မြေပြင်တစ်ခုလုံးကို စိုရွှဲသွားစေတော့သည်။
ချင်ယုံဟုန်းကို သတ်ဖြတ်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏ရှည်လျားသော ဓားပေါ်ရှိ သွေးများကို ခါထုတ်ကာ ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ပြီး ချင်မိသားစု ခန်းမအတွင်းမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့သည်။
ဤသို့ဖြင့် ချင်ယွမ်ဖုန်းသည် ချင်မိသားစုပိုင် ပိုင်ဆိုင်မှုများစွာရှိရာသို့ လှည့်လည်သွားလာပြီး သူနှင့် သူ၏မိခင်အပေါ် နှိပ်စက်ညှဉ်းပန်းခဲ့သူများကို ပြင်းထန်စွာ ရိုက်နှက်ဆုံးမခဲ့လေသည်။
သို့သော် ချင်ယုံဟုန်းမှလွဲ၍ ကျန်သူများကိုမူ သတ်ဖြတ်ခြင်း မပြုခဲ့ပေ။
ဤမျှကြီးမားသော လှုပ်လှုပ်ခတ်ခတ် ဖြစ်ရပ်ကြီးသည် နန်းတော်သို့ သတင်းရောက်ရှိသွားသည်မှာ ဓမ္မတာပင် ဖြစ်သည်။
"အရှင်မင်းကြီး... အဲဒီ ချင်ယွမ်ဖုန်းက တကယ်ကို ယုတ်မာလွန်းတယ်၊ သူဟာ နေပြည်တော်အတွင်းမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး တရားဥပဒေကိုလည်း လုံးဝ ဂရုမစိုက်ပါဘူး" သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးသည် ခန်းမဆောင်အတွင်း၌ ဒူးတစ်ဖက် ထောက်လျက် အေးစက်စွာ လျှောက်တင်လေသည်။
ဧကရာဇ်မင်းသည် ပညာအမြော်အမြင်နှင့် ပြည့်စုံသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိုနေရာ၌ ထိုင်နေရုံမျှဖြင့် ခန့်ညားထည်ဝါသော အရှိန်အဝါတို့ ထွက်ပေါ်နေပေသည်။
"တော်ပြီ... တော်ပြီ... ဒါဟာ ချင်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ၊ ငါတို့ ဝင်ရောက်စွက်ဖက်စရာ မလိုပါဘူး၊ လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ နောက်ထပ် မနှောင့်ယှက်နိုင်အောင် လူလွှတ်လိုက်ရင် ရပြီ" ဧကရာဇ်က လက်ကိုဝေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် မိန့်ကြားလိုက်သည်။
"ဒါပေမဲ့ အရှင်မင်းကြီး... ဒါဟာ အရှင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်" ဟု စစ်သူကြီးက အေးစက်စွာ ပြောပြန်သည်။
ဧကရာဇ်က ပြုံးလိုက်ကာ "စစ်သူကြီး... ဒါဆို ငါမေးပါရစေ၊ ချင်ယွမ်ဖုန်းကို ဘယ်သူက ဖမ်းဆီးနိုင်မှာလဲ" ဟု ပြန်လည် မေးခွန်းထုတ်လိုက်ရာ စစ်သူကြီးမှာ အံ့အားသင့်သွားပြီး စကားပင် ဆွံ့အသွားရလေသည်။
ဧကရာဇ်သည် မြင့်မြတ်သော ရာထူးနှင့် အာဏာကို ပိုင်ဆိုင်ထားသော်လည်း ယင်းမှာ သာမန်လူသားများ၏ အမြင်၌သာ ဖြစ်ပေသည်။
အင်ပါယာအပေါ် မှီခိုနေရသော မိသားစုများသည် ဧကရာဇ်ကို လေးစားသမှု ပြသကြသော်လည်း ဂိုဏ်းဂဏများမှ ပုဂ္ဂိုလ်များအတွက်မူ ဧကရာဇ်မှာ ဘာမှမဟုတ်သော လူတစ်ယောက်မျှသာ ဖြစ်သည်။
ထို့အပြင် စစ်တပ်အတွင်းရှိ လူအများစုမှာ သိုင်းပညာရှင် မဟုတ်သော သာမန်လူသားများသာ ဖြစ်ကြသည်။ အကယ်၍ စွမ်းအားကြီးသော သိုင်းပညာရှင်များကို စုဆောင်းနိုင်ခဲ့လျှင်ပင် သူတို့သည် စစ်တပ်အတွင်းသို့ ဝင်ရောက်မည်မဟုတ်ဘဲ ဧကရာဇ်၏ ကိုယ်ရံတော်များသာ ဖြစ်လာကြပေလိမ့်မည်။
ထို့ကြောင့် ဧကရာဇ်သည် ဆေးနတ်ဘုရားဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သော ချင်ယွမ်ဖုန်း၏ ကိစ္စ၌ ဝင်ရောက်စွက်ဖက်လိုလျှင်ပင် စွက်ဖက်နိုင်စွမ်း မရှိချေ။ စစ်သူကြီးသည် ဖြည်းညင်းစွာ ထရပ်ကာ နန်းတော်အတွင်းမှ ဆုတ်ခွာသွားတော့သည်။
သူသည် ချင်ယွမ်ဖုန်းကို ဖမ်းဆီးရန် မကြိုးစားတော့ဘဲ လုံခြုံရေးကိုသာ ထိန်းသိမ်းရန် လူလွှတ်လိုက်လေတော့သည်။
ချင်ယွမ်ဖုန်းသည် ထျန်းတူး မြို့တော်အတွင်း၌ အချိန်အတော်ကြာ လှည့်လည်သွားလာပြီးနောက် နောက်ဆုံးတွင် ချင်အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။
သူ အိမ်တော်အတွင်းသို့ ဝင်လိုက်သည်နှင့် သတ်ဖြတ်လိုသော အငွေ့အသက် အရှိန်အဝါများကို အာရုံခံမိလိုက်လေသည်။
ယခင်က ချင်ယွမ်ဖုန်း၏ ဆုံးမခြင်းကို ခံခဲ့ရသူများသည် ချင်အိမ်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့သည် ချင်ယွမ်ဖုန်းအား တိုင်တန်းရန်နှင့် ချင်မင်ကျိမှ အပြစ်ပေးရန် တောင်းဆိုရန် လာရောက်ကြခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာပြီး ဘေး၌ ဘယ်သူမှ မရှိသကဲ့သို့ အေးအေးဆေးဆေး ထိုင်ချလိုက်ကာ လက်ဖက်ရည် တစ်ခွက်ကိုပင် သောက်သုံးနေသေးသည်။
ဤသို့ ပြုမူလိုက်ခြင်းက ထိုလူများကို ပိုမို ဒေါသထွက်စေကာ ချင်မင်ကျိအား ဆုံးဖြတ်ချက် တစ်ခုခု ချပေးရန် တတွတ်တွတ် ပြောဆို တိုက်တွန်းနေကြတော့သည်။
"တော်တော့"
ချင်မင်ကျိသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်ရာ ထိုနေရာတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားလေသည်။
"မင်းတို့က ချင်ယွမ်ဖုန်းကို အလိုရှိတာလား၊ သူ ဒီမှာရှိတယ်၊ သွားပြီး သူ့ကိုပဲ ပြောကြတော့" ဟု ချင်မင်ကျိက အေးဆေးစွာ ပြောလိုက်သည်။
လူတိုင်းသည် နောက်သို့ လှည့်ကြည့်ကာ ချင်ယွမ်ဖုန်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် နှုတ်ဆိတ်သွားကြသည်။
အထူးသဖြင့် ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် ပညာပေးခံထားရသူများသည် ဤအချိန်၌ အလွန်အမင်း ကြောက်လန့်နေကြပေသည်။
ထိုလူစုထဲတွင် ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ဦး ပါဝင်ပြီး သူသည် ချင်မင်ကျိထက် တစ်ဆက်ကြီးသူ ဖြစ်သည်။
သူ၏သားမှာမူ ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် လျှာဖြတ်ခံရကာ အသတ်ခံလိုက်ရသော ချင်ယုံဟုန်းပင် ဖြစ်ပေသည်။
"... တရားခံက ကျွန်တော်တို့ မျက်စိရှေ့မှာတင် ရှိနေတာပဲ၊ ဘာလို့ မိသားစု စည်းမျဉ်းတွေနဲ့ အပြစ်မပေးတာလဲ" ဟု ထိုအဘိုးအိုက ပြတ်သားစွာ ပြောလိုက်သည်။
"ဦးလေး... ကျွန်တော် ပြောပြီးသားပဲ၊ တရားခံက ဦးလေး ရှေ့မှာတင် ရှိနေတာ၊ ဘာလို့ ဦးလေးကိုယ်တိုင် မသွားတာလဲ" ဟု ချင်မင်ကျိက အေးစက်စွာ ပြန်ပြောလိုက်သည်။ သူသည် ဤဦးလေးဖြစ်သူကို တစ်ခါမျှ မနှစ်သက်ခဲ့ချေ၊
အကြောင်းမှာ သူသည် သူ၏ဝါစဉ်ကို အသုံးချကာ မိသားစုအတွင်း မောက်မာစွာ ပြုမူတတ်ပြီး ပြဿနာ ရှာတတ်သောကြောင့် ဖြစ်ပေသည်။
အဘိုးအိုသည် အနည်းငယ် တုန်ရင်သွားကာ ချင်ယွမ်ဖုန်းရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး "မင်း... ယုတ်မာတဲ့ ကောင်စုတ်လေး၊ ငါ့သားကို သတ်ရက်တယ်ပေါ့၊ ငါ မင်းကို အသေရိုက်သတ်မယ်" ဟု ပြောဆိုရင်း အဘိုးအိုသည် သူ၏ တောင်ဝှေးကို မြှောက်ကာ ချင်ယွမ်ဖုန်းကို ရိုက်နှက်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ထိုအဘိုးအိုကို ကြည့်ပင်မကြည့်ဘဲ လက်ကိုမြှောက်ကာ အသာအယာ ဝေ့ယမ်းလိုက်ရုံဖြင့် သစ်သားတောင်ဝှေးမှာ အစိတ်စိတ်အမွှာမွှာ ပြတ်ထွက်သွားတော့သည်။
"အဘိုးကြီး... ခင်ဗျားရဲ့ သားက ကျွန်တော့် အမေကို သေအောင် တွန်းပို့ခဲ့တာ၊ ခင်ဗျားသားကိုပဲ သတ်လိုက်တာဟာ ကျွန်တော့်ဘက်က တော်တော်လေး သဘောထားကြီးခဲ့လို့ပဲ၊ အကယ်၍ ခင်ဗျားတို့ရဲ့ မျိုးဆက်တစ်ခုလုံးကို အပြတ်မရှင်းစေချင်ရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်တော့"
ချင်ယွမ်ဖုန်းသည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အေးစက်စွာ ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ အဘိုးအိုမှာ အသက်ရှူပင် ကျပ်သွားကာ နောက်သို့ လန်ကျမတတ် ဖြစ်သွားရလေသည်။
နောက်ကလူများက ချက်ချင်းပင် ဝိုင်းဝန်းကူညီကြရင်း "ဘိုးဘေးကြီး... ဘိုးဘေးကြီး..." ဟု အလန့်တကြား ခေါ်နေကြတော့သည်။
"ခေါင်းဆောင်... ချင်ယွမ်ဖုန်းဟာ အရမ်းကို ပုန်ကန်လွန်းတယ်၊ သူ့ရဲ့ စိတ်ထားက တကယ်ကို အပြစ်ပေးခံရသင့်တယ်" ဟု ချင်ယုံရှင်းက ထိုအချိန်၌ မည်သည့်နေရာမှ သတ္တိများ ရလာသည်မသိဘဲ ချင်မင်ကျိ၏ ရှေ့၌ တိုက်ရိုက် ဒူးထောက်လိုက်လေသည်။
သူ၏ မျက်နှာတစ်ဖက်မှာ ကွဲအက်နေသဖြင့် အဖြူရောင်ပတ်တီးဖြင့် စည်းထားရပြီး သွားများအားလုံးလည်း ကျွတ်ထွက်ကုန်ပြီ ဖြစ်ပေရာ စကားပြောဆိုရာ၌လည်း မပီမသ ဖြစ်နေတော့သည်။
ချင်မင်ကျိသည် စားပွဲ၏ ထိပ်ဆုံးနေရာ၌ ထိုင်နေရင်း လက်ကိုအားနည်းစွာ ဝေ့ယမ်းကာ "ငါ ဘယ်နှစ်ခါ ပြောရဦးမှာလဲ၊ ချင်ယွမ်ဖုန်းက ဟိုမှာ ထိုင်နေတာပဲ၊ မင်းတို့မှာ အရည်အချင်းရှိရင် သူ့ဆီကိုပဲ သွားကြပါ" ဟု ပြောလိုက်သည်။
ချင်ယွမ်ဖုန်းသည် သူ၏နေရာမှ ထရပ်လိုက်ကာ "ကျွန်တော် ပြောလိုက်မယ်၊ ကျွန်တော် ပါရမီတွေ ဆုံးရှုံးခဲ့တုန်းက ခင်ဗျားတို့ရဲ့ မျက်နှာတွေကို မှတ်မိနေတယ်၊ ကျွန်တော့်အမေ သေဆုံးသွားတာဟာ ခင်ဗျားတို့ တစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်၊ အကယ်၍ ချင်ယုံဟုန်းလို အဖြစ်မျိုး မကြုံချင်ကြဘူးဆိုရင် အခုချက်ချင်း ဒီကနေ ထွက်သွားကြတော့" ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် ရုတ်တရက် 'လုယန့်ဓား' ကို ဆွဲထုတ်လိုက်ပြီး မြေကြီးပေါ်သို့ အားပြင်းစွာ စိုက်ချလိုက်လေသည်။
ထက်မြက်လှသော လုယန့်ဓားကို မြင်လိုက်ရသောအခါ ထိုလူစုကြီး၏ ဆူညံသံတို့သည် ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားကြသဖြင့် သူတို့အားလုံးသည် ဧည့်ခန်းမဆောင်အတွင်းမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြလေတော့သည်။
***