“နောက်တစ်ချက်...” ချင်ယွမ်ဖုန်း၏ အသံသည် တစ်ကျော့ပြန် ထွက်ပေါ်လာပြန်သည်။
“မနက်ဖြန်ကျရင် ငါ့အမေကို မိသားစုဝင်တွေရဲ့ ဘိုးဘေးဂူသင်္ချိုင်းမှာ ဂူသွင်းသဂြိုဟ်မယ်၊ မင်းတို့ထဲက တစ်ယောက်မှ ပျက်ကွက်လို့မဖြစ်ဘူး... အားလုံးလာပြီး ငါ့အမေကို ဦးချကန်တော့ကြရမယ်” ဟု သူက အေးစက်စွာ ပြောကြားလိုက်လေသည်။
ထိုသူတို့သည် လူရှေ့တွင် တစ်ခွန်းမျှ ပြန်မပြောဝံ့ကြသော်လည်း ရင်ထဲ၌မူ ချင်ယွမ်ဖုန်းအပေါ် အငြိုးအတေး အာဃာတများ ပြင်းထန်စွာ ထားရှိနေကြကုန်၏။ ချင်ယွမ်ဖုန်းကား ယင်းသို့သော အာဃာတများကို ဂရုပြုနေမည်မဟုတ်ပေ။
အကယ်၍ ချင်မိသားစု၏ မျက်နှာကို ထောက်ထားရန်မလိုပါက ၎င်းတို့အားလုံးကို သတ်ဖြတ်ပစ်ရန် သူ၌ စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး အလျဉ်းရှိမည် မဟုတ်ချေ။
လူအုပ်ကြီးသည် အလျှင်အမြန်ပင် လူစုခွဲသွားကြရာ ၎င်းတို့သည် သူ့အား မည်သို့နှိပ်ကွပ်ရမည်ကို တိုင်ပင်ရန် စုဝေးကြဦးမည်ဖြစ်ကြောင်း ချင်ယွမ်ဖုန်း ခန့်မှန်းမိလေသည်။
ယခင်က ချင်ယွမ်ဖုန်းနှင့် သူ၏မိခင် ဤနေရာသို့ စတင်ရောက်ရှိလာစဉ်အခါကလည်း ၎င်းတို့သားအမိအား နှင်ထုတ်ရန် ဤသို့ပင် ကြံစည်ခဲ့ကြဖူးသည် မဟုတ်လော။
“ယွမ်ဖုန်း... မင်းကတော့ ငါ့အတွက် ဒုက္ခတွေ အတော်လေး ယူဆောင်လာတာပဲ” ဟု ချင်မင်ကျိက သက်ပြင်းချရင်း ဆိုလိုက်၏။
“ခေါင်းဆောင်...” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ထူးလိုက်သည်။
၎င်းတို့သားအမိ ဤနေရာသို့ စတင်ရောက်ရှိစဉ်က ချင်မင်ကျိသည် ၎င်းတို့အပေါ် အတော်အတန် ကောင်းမွန်ခဲ့ဖူးပေသည်။
ချင်ယွမ်ဖုန်း၏ ပါရမီများ ဆုံးရှုံးသွားသည့်တိုင် ချင်မင်ကျိသည် တစ်ခွန်းတစ်ပါဒမျှ အပြစ်မဆိုခဲ့ပေ။ သို့ရာတွင် ထိုစဉ်က ချင်မိသားစုဝင်များ၏ ကဲ့ရဲ့ရှုတ်ချမှုများကို တားဆီးပေးခြင်း မရှိခဲ့သည်မှာ ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အဖုအထစ်အဖြစ် ကျန်ရှိနေဆဲပင် ဖြစ်လေသည်။
“မင်း စိတ်နာနေတာကို ငါသိပါတယ်၊ ဒါပေမဲ့ မင်းက လူတော်တစ်ယောက်ပဲ... ငါ မင်းကို ဘာကြောင့် ပြန်ခေါ်လာရသလဲဆိုတာ မင်း နားလည်မှာပါ” ဟု ချင်မင်ကျိက အေးဆေးစွာ ဆိုသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြလိုက်၏။ “ကျွန်တော် ပြန်လာတာ ကိစ္စနှစ်ခု လုပ်ဖို့ပါ၊ အဲဒီနှစ်ခု ပြီးသွားရင်တော့ ခေါင်းဆောင်ပြောတာကို ကျွန်တော် စဉ်းစားပေးပါ့မယ်”
ချင်မင်ကျိ ဆိုလိုသည်မှာ ချင်ယွမ်ဖုန်းအနေဖြင့် ချင်မိသားစုအတွက် အလုပ်အကျွေးပြုရန်နှင့် နောင်တစ်ချိန်တွင် ချင်မိသားစုတစ်ခုလုံးကို ဦးစီးဦးဆောင် ပြုစေလိုခြင်းပင် ဖြစ်ချေသည်။
“ကောင်းပြီ... မင်းလုပ်စရာရှိတာကို လုပ်ပါ၊ ဒါပေမဲ့ ဒါက မင်းရဲ့ မျိုးရိုးအိမ်တော် ဖြစ်တယ်ဆိုတာတော့ သတိရပါဦး” ဟု ချင်မင်ကျိက သတိပေးလိုက်လေသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်၏။ ထို့ကြောင့်လည်း သူသည် ချင်ယုံဟုန်းတစ်ယောက်ကိုသာ သတ်ဖြတ်ခဲ့ပြီး အကုန်အစင် သုတ်သင်ခြင်း မပြုခဲ့သည် မဟုတ်လော။
“ခေါင်းဆောင်... ပထမဆုံး ကျွန်တော်လုပ်ချင်တာက ကျွန်တော့်မိခင်ကို ဘိုးဘေးဂူသင်္ချိုင်းမှာ ပြန်လည်အခြေချပေးဖို့
ပါ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
“ဒါပေါ့... ဒါက မင်းလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ၊ အဲဒီတုန်းက အခြေအနေတွေကို ငါမတားဆီးနိုင်ခဲ့တာ ငါ့မှာလည်း တာဝန်ရှိပါတယ်” ဟု ချင်မင်ကျိက ပြန်လည်ပြောကြားသည်။
ချင်ယွမ်ဖုန်း၏ ပါရမီများ ပျောက်ဆုံးသွားခြင်းသည် ချင်ယွမ်ဖုန်းအား ချင်မိသားစု၏ အနာဂတ်အဖြစ် မျှော်လင့်ထားသော ချင်မင်ကျိအတွက် ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့ဖူးသည်။
“ဒုတိယအချက်...” ချင်ယွမ်ဖုန်းက လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်ပြီး “ကျွန်တော့်ရဲ့ ပါရမီတွေ ဘာကြောင့် ပျောက်ကွယ်သွားရလဲဆိုတာကို ကျွန်တော် သိအောင်လုပ်ရမယ်”
ချင်မင်ကျိသည် ထိုစကားကို ကြားသော် မျက်မှောင်ကြုတ်သွားပြီး “မင်းရဲ့ ပါရမီတွေ ပျောက်ဆုံးသွားတာက မင်းရဲ့ ကိုယ်ပိုင်ပြဿနာ မဟုတ်ဘူးလား” ဟု မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက ရယ်မောလိုက်ပြီး “ခေါင်းဆောင်.. ဘာလို့ ဒီလောက်တောင် ဝေဝါးနေရတာလဲ၊ ကျွန်တော့်ရဲ့ ပါရမီတွေ ပျောက်သွားရင်တောင်မှ ကျင့်စဉ်အဆင့်တွေကပါ တစ်ပါတည်း ပျောက်ကွယ်သွားစရာ အကြောင်းမရှိဘူးလေ”
“ဒါဆို... တစ်ယောက်ယောက်က တစ်ခုခု လုပ်ထားတယ်လို့ ငါ အစကတည်းက သံသယရှိခဲ့တာ မှန်နေတာပဲ၊ မင်းမှာ တစ်စုံတစ်ရာ အစအန ရှိလား” ဟု ချင်မင်ကျိက ဒေါသတကြီး မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းသည် သူကိုယ်တိုင် ပျိုးထောင်ပေးခဲ့ရသူဖြစ်ရာ တစ်စုံတစ်ယောက်က ဖျက်ဆီးပစ်ခဲ့သည်ကို သိရသော် သူ အလွန်အမင်း ဒေါသထွက်ရသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို လွှတ်လိုက်မိ၏။ ချင်မင်ကျိသည် ဤအခြေအနေကို အမှန်တကယ်ပင် မသိရှိခဲ့ခြင်း ဖြစ်ပေရာ ချင်မိသားစုတစ်ခုလုံးတွင် သူ လေးစားရမည့်သူ တစ်ယောက်မျှ မရှိတော့မည်ကို စိုးရိမ်ခဲ့ရသော်လည်း ယခုမူ စိတ်သက်သာရာ ရသွားတော့သည်။
“အစအနတော့ မရှိသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပါရမီတွေ ပျောက်သွားရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ဟာ 'ဂူ' လို့ခေါ်တဲ့ ဒဏ္ဍာရီလာ အဆိပ်ပိုးမွှားနဲ့ အဆိပ်ခတ်ခံခဲ့ရလို့ပါပဲ”
“ဂူ ဟို ဒဏ္ဍာရီထဲက အဆိပ်ပိုးမွှားလား” ဟု ချင်မင်ကျိ၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
“ယုတ်မာလိုက်တာ... ဘယ်သူလဲ” ဟု ချင်မင်ကျိက ဟိန်းဟောက်လိုက်သည်။ ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ပြီး “ကျွန်တော်လည်း မသိသေးဘူး၊ ဒါပေမဲ့ တစ်ခုသေချာတာကတော့ ဒါဟာ ချင်မိသားစုဝင်တစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်” ဟု ဆိုလိုက်သည်။
ထိုစဉ်က ချင်ယွမ်ဖုန်းနှင့် သူ၏မိခင် ချင်ဟွားသည် လူတိုင်းအပေါ် စိတ်စေတနာ ကောင်းခဲ့ကြသူများဖြစ်ရာ ပြင်ပရန်သူ ရှိနိုင်စရာ အကြောင်းမရှိပေ။
“မဟုတ်သေးဘူး... ဖြစ်နိုင်တာက ဒီထျန်းတူးမြို့တော်မှာ ချင်မိသားစုတစ်ခုတည်း ရှိတာမှ မဟုတ်တာ” ဟု ချင်မင်ကျိက ဖြည့်စွက်ပြောကြားလေသည်။
မိသားစုအချင်းချင်း အားပြိုင်မှုများသည် အသစ်အဆန်း မဟုတ်တော့ပေ။ ထျန်းတူးမြို့တွင် ချင်မိသားစုနှင့် အမြဲတစေ ရန်ဘက်ပြုနေသည့် မိသားစုနှစ်စု ရှိနေသည်ကို ချင်ယွမ်ဖုန်း သတိရသွားတော့သည်။
“နားလည်ပြီ... အဲဒါဆိုရင်တော့ ကျွန်တော် သွားရောက် စုံစမ်းကြည့်ရမှာပေါ့” ဟု ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြောဆိုကာ ထွက်ခွာခဲ့လေသည်။
ချင်ယွမ်ဖုန်း ဧည့်ခန်းဆောင်မှ ထွက်လာသည်နှင့် အမျိုးသမီးတစ်ဦးသည် သူရှိရာသို့ ရှေ့ရှုလာလေသည်။ သူမသည် ဝတ်စားဆင်ယင်မှု ခန့်ညားထည်ဝါပြီး နန်းတွင်းမှ မိဖုရားတစ်ပါးအလား ထင်မှတ်ရသော်လည်း သူမကား ချင်ယုံဟုန်း၏ ဇနီးဖြစ်ကာ မိသားစုအတွင်း အတင်းအဖျင်းပြောရာ၌ နာမည်ကျော်သူ ဖြစ်လေသည်။
“ဟဲ့... ကောင်စုတ်၊ ငါ့လင်ယောက်ျားရဲ့ အသက်ကို ပြန်ပေးစမ်း” ဟု ထိုအမျိုးသမီးသည် ချင်ယွမ်ဖုန်းအား မြင်သည်နှင့် တငိုငိုတရည်ရည်ဖြင့် ပြေးဝင်လာတော့၏။
ချင်ယွမ်ဖုန်း၏ မိခင် ချင်ဟွားသည် ချင်မိသားစုဝင် ဖြစ်သော်လည်း သူ၏ဖခင်မှာမူ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ချင်ယွမ်ဖုန်းကို မမွေးဖွားမီကပင် ထားရစ်ခဲ့သူဖြစ်ရာ လူအများက ချင်ယွမ်ဖုန်းအား ဖအေမသိသော ‘အညတရ’ ဟု ကဲ့ရဲ့ကြသကဲ့သို့ သူ၏မိခင်ကိုလည်း ‘အကျင့်ပျက်သူ’ ဟု နှိမ်ချခေါ်ဆိုလေ့ ရှိကြသည်။
ချင်ယွမ်ဖုန်းသည် သူ၏ ကိုယ်တွင်းစွမ်းအင်ကို လှည့်ပတ်လိုက်ရာ ရုတ်ချည်းပင် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထိုအမျိုးသမီးကို ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ လွင့်စင်သွားစေသည်။
“အောင်မာ... နင့်လို ကောင်စုတ်ကများ ပြန်ခုခံရဲတယ်ပေါ့၊ နင့်အမေလို အကျင့်ပျက်မက မွေးထားတဲ့သူမို့လို့...”
ထိုအမျိုးသမီး၏ ဆဲရေးသံကြောင့် ချင်ယွမ်ဖုန်း၏ မျက်နှာတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းသွားတော့သည်။
သူသည် ချက်ချင်းပင် ထိုအမျိုးသမီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး-
ဖြောင်း
ချင်ယွမ်ဖုန်းသည် ထိုအမျိုးသမီး၏ ပါးကို အားရပါးရ ရိုက်နှက်လိုက်ရာ သူမသည် ဝဖြိုးသော ကိုယ်လုံးကြီးဖြင့် လေထဲတွင် အကြိမ်ပေါင်းများစွာ လည်ထွက်သွားပြီးမှ မြေပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။
သူမ၏ ပါးစပ်မှလည်း သွားအချို့ ကျွတ်ထွက်လာလေသည်။
“ဝက်ပျံမ... မင်းက မိန်းမဖြစ်နေလို့ ငါမသတ်ရဲဘူးလို့ ထင်နေတာလား” ချင်ယွမ်ဖုန်းသည် သူ၏ 'လုယန့်ဓား' ကို ရွှပ်ခနဲ ဆွဲထုတ်လိုက်လေရာ သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် အထွတ်အထိပ်သို့ ရောက်ရှိနေတော့သည်။
ထိုအခါမှသာ အမျိုးသမီးသည် ကြောက်ရွံ့သွားတော့၏။ ချင်ယွမ်ဖုန်းသည် ယခင်ကလို ဆဲသမျှ ငြိမ်ခံနေမည့် ကောင်လေးမဟုတ်တော့မှန်း သူမ သိလိုက်ရလေပြီ။
ဓားသွား၏ အအေးဓာတ်သည် သူမ၏ လည်ပင်းသို့ ထိကပ်နေပြီး ချင်ယွမ်ဖုန်း၏ အေးစက်လှသော အရှိန်အဝါကို ခံစားနေရသည်။
“ယွမ်ဖုန်း...” ချင်မင်ကျိသည် ဧည့်ခန်းဆောင်မှ ထွက်လာပြီး “အင်အားသုံးတာ တစ်ခုတည်းနဲ့ ပြဿနာအားလုံးကို မဖြေရှင်းနိုင်ဘူးလေ” ဟု ဆိုကာ တားမြစ်လိုက်ရသည်။
“တစ်ခါတလေကျရင်တော့ လိုအပ်တာပေါ့” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုရင်း ဓားကို မြေကြီးထဲသို့ စိုက်လိုက်၏။ ထိုအမျိုးသမီးမှာမူ ကြောက်ရွံ့လွန်းသဖြင့် သူမ၏ ခင်ပွန်းကဲ့သို့ပင် ဆီးထွက်ကျသည်အထိ တုန်လှုပ်နေရှာတော့သည်။
“ဟင်း... မနက်ဖြန် ငါ့အမေကို ဘိုးဘေးဂူသင်္ချိုင်းဆီ ပြန်ခေါ်သွားမယ်၊ မင်းလည်း လိုက်ခဲ့ရမယ်၊ ငါကျေနပ်တဲ့အထိ ငါ့အမေကို ဦးချကန်တော့ရမယ်... မဟုတ်ရင်တော့ မင်းတင်မကဘူး မင်းရဲ့ မိသားစုတစ်ခုလုံးကိုပါ ငါ အကုန်အစင် သုတ်သင်ပစ်မယ်”
ချင်ယွမ်ဖုန်း၏ ခံစားချက်ကင်းမဲ့သော အသံကို ကြားလိုက်ရချိန်တွင် ထိုအမျိုးသမီး၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် အေးခဲသွားရလေတော့သတည်း။