ရထားပေါ်တက်ပြီးတဲ့နောက် ညဘက်မှာ ကျန်းနျန် ကြောက်နေခဲ့သည်။ လုယွီက ကျဉ်းမြောင်းတဲ့ အိပ်စင်ပေါ်မှာ သူမကို ဖက်ထားပေးသည်။ ကျန်းနျန်က လုယွီ၏ လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး သူ့၏ သွယ်လျသန်မာသော ခါးကို တင်းတင်းဖက်ထားရင်း စိုးရိမ်တကြီး မေးလိုက်သည်။ "လုယွီ ရှင် ဘာစားချင်လဲ။ အိမ်ရောက်ရင် ကျွန်မ လုပ်ပေးမယ်လေ။"
လုယွီက ကျန်းနျန်၏ လည်ပင်းကို ပွတ်သပ်ပေးပြီး ဆံပင်တွေကို နမ်းရှိုက်ကာ ပြောလိုက်သည်။ "အစုံသုပ်ခေါက်ဆွဲပဲ စားချင်တယ်။"
ကျန်းနျန် ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပြီလေ၊ အိမ်ရောက်ရင် ရှင့်အတွက် အိုးကြီးတစ်လုံးနဲ့ လုပ်ပေးမယ်။"
သူမအရင် ရယ်မောလိုက်မိသည်။ သူမ၏ အပေါ်ကနေ လုယွီ၏ တိုးတိုးလေး ရယ်သံကို ကြားရသောအခါ ကျန်းနျန် မော့ကြည့်လိုက်တော့ သူ့မျက်နှာမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ပြည့်နေတာကို တွေ့ရသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းမှာ လုယွီဟာ ဒီလို စစ်မှန်တဲ့ အပြုံးမျိုး မပြခဲ့ဘူးလေ။ လုယွီ ကျန်းနျန်၏ နဖူးအား နမ်းရှိုက်ရင်း မေးလိုက်သည်။ "ကြောင်သွားတာလား။"
ကျန်းနျန်၏ မျက်လုံးတွေ နီမြန်းလာပြီး မျက်ရည်တွေ ထိန်းမရအောင် စီးကျလာသည်။ သူမ နှုတ်ခမ်းကို ကိုက်ထားရင်း ရှိုက်ကြီးတငင် ပြောလိုက်မိသည်။ "ရှင့်အတွက် ကျွန်မ အရမ်းရင်နာရတယ်။"
"လုယွီ... ရှင့်အတွက် ကျွန်မ တကယ် ရင်နာမိတယ်။"
ကျန်းနျန်ဟာ သူမ၏ ခံစားချက်ကို တိုက်ရိုက်ပဲ ဖော်ပြလိုက်သည်။ စာအုပ်ရေးသူက လုယွီကို သစ္စာရှိပြီး စိတ်ကောင်းရှိတဲ့ ရှု့မိသားစုနဲ့ တွေ့ဆုံအောင် စီစဉ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်မိသည်။
လုယွီသည် ကျန်းနျန်၏ မျက်ဝန်းထောင့်လေးကို နမ်းပြီး တိုးတိုးလေး ပြောလိုက်သည်။ "ရပါတယ်... အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။"
ကျန်းနျန် ပိုပြီး ငိုနေတာကို မြင်တော့ လုယွီ ပြုံးလိုက်ပြီး သူမ၏ လည်ပင်းက နူးညံ့သော အသားလေးကို ဆိတ်ကာ နားနားမှာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "အခု ကိုယ့်မှာ မင်းရှိနေပြီပဲ၊ နောက်ကြရင် ကိုယ်တို့မှာ ကလေးလည်း ရှိလာဦးမှာ။"
ကျန်းနျန် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။ "အင်း။"
ရထားသည် ယွမ်မြို့သို့ ရောက်ရန် လေးရက်ကြာခဲ့သည်။ ရောက်ရောက်ချင်းမှာပင် သူတို့ ကားငှားပြီး တပ်စခန်းသို့ ပြန်လာခဲ့ကြသည်။ လုယွီသည် နှစ်သစ်ကူးအတွက် ခွင့်ရက်အားလုံး ကုန်သွားပြီဖြစ်ရာ ဤတနင်္ဂနွေနေ့တွင် သူ နားနိုင်မည်မဟုတ်ပေ။ တပ်စခန်းရောက်သည်နှင့် တပ်ရင်းသို့ ချက်ချင်း သတင်းပို့ရမည် ဖြစ်သည်။ သူသည် ကျန်းနျန်ကို အိမ်သို့ အရင်ပို့ပြီး အထုပ်အပိုးများ ချကာ ထွက်သွားခဲ့သည်။
မျက်နှာချင်းဆိုင်အိမ်က ဟဲယွဲ့သည် အသံကြားသဖြင့် ထွက်လာရာ လုယွီနှင့် ဆုံလေသည်။ လုယွီက ခေါင်းညိတ်ပြကာ နှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ မရီး။"
ဟဲယွဲ့ ပြုံးလျက် မေးလိုက်သည်။ "အခုမှ ပြန်ရောက်တာလား။"
လုယွီက "အင်း" ဟု ပြန်ဖြေပြီး ထပ်ပြောခဲ့သည်။ "ကျန်းနျန် အိမ်မှာ ရှိပါတယ်။"
ဟဲယွဲ့သည် ကျန်းနျန်ကို ရှာရန် ဝမ်းသာအားရ အထဲဝင်သွားပြီး မကြာသေးမီက တပ်မိသားစု အဆောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကောလာဟလလေးတွေကို ပြောပြနေသည်။ မကြာခင်မှာပင် ဖန်ရှနှင့် ဖန်ကောတို့ ပြန်ရောက်လာကြပြီး ဟဲယွဲ့လည်း ထမင်းချက်ရန် အိမ်ပြန်သွားခဲ့သည်။
မွန်းလွဲပိုင်းတွင် ကွမ်လုနှင့် ယွဲ့ချောင်တို့ ရောက်လာကြသည်။ ကွမ်လုမှာ အနည်းငယ် ပိန်သွားပြီး ဗိုက်မှာလည်း သိပ်မကြီးလှပေ၊ သို့သော် ယွဲ့ချောင်မှာမူ ဗိုက်မှာ အတော်ကြီးနေပြီး လမ်းလျှောက်လျှင် ဗိုက်ကို မကာ လျှောက်နေရသဖြင့် ကျန်းနျန် အနည်းငယ် စိုးရိမ်မိသည်။ သို့သော် ယွဲ့ချောင်ကတော့ သူမ လှေကားတက်ဆင်းလုပ်တာ သွက်လက်နေတုန်းပဲဟု ဆိုကာ ကျန်းနျန်ကို သူမ လမ်းလျှောက်ပြရမလားဟု စိန်ခေါ်နေသေးသည်။
ကျန်းနျန် - ....
သူမ ယွဲ့ချောင်ကို တားပြီး ပြောလိုက်ရသည်။ "ငါ ယုံပါတယ်။"
ယွဲ့ချောင် တကယ်ကြီး ထလမ်းလျှောက်ပြမှာ စိုးသောကြောင့် ကျန်းနျန် ထိုစကားဝိုင်းကို အမြန်ဖြတ်လိုက်သည်။
ယွဲ့ချောင်က အစ်မလန်နှင့် အစ်မထျန်တို့နှစ်ယောက်လုံးက သူမမှာ အမြွှာလေးတွေ ရှိနေတာလို့ ပြောကြကြောင်း၊ သို့သော် ရုပ်ချင်းတူတဲ့ အမြွှာလား ဒါမှမဟုတ် မောင်နှမအမြွှာလားဆိုတာတော့ မသိရသေးကြောင်း ပြောပြသည်။
သူတို့နှစ်ဦးသည် တစ်မွန်းလွဲလုံး ကျန်းနျန်နှင့်အတူ နေခဲ့ကြသည်။ မိုးချုပ်ခါနီးတွင် ဗိုလ်ကြီးလိန် တံခါးလာခေါက်သည်။ သူသည် ကျန်းနျန်ကို နှုတ်ဆက်ပြီးနောက် ပြောခဲ့သည်။ "ရှောင်ချောင်ကို လာခေါ်တာပါ။"
ကျန်းနျန်နှင့် ကွမ်လုတို့ အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြသည်။ ယွဲ့ချောင်မှာ အနည်းငယ် ရှက်သွားပြီး ဗိုလ်ကြီးလိန်ကို တစ်ချက်နှစ်ချက် ဆူလိုက်သေးသည်။ ယွဲ့ချောင် ထွက်သွားပြီးနောက် ကွမ်လုလည်း ပြန်သွားခဲ့သည်။ ညစာအတွက် ကျန်းနျန်က အစုံသုပ်ခေါက်ဆွဲ လုပ်ခဲ့သည်။ လုယွီသည် ညဉ့်နက်မှ ပြန်ရောက်လာပြီး နောက်တစ်နေ့ မနက် ကျန်းနျန် နိုးလာသောအခါ ကုတင်မှာ အေးစက်နေသည်ကို ခံစားလိုက်ရသည်။
သူ တစ်ညလုံး ပြန်မလာခဲ့ဘူးလား။
ကျန်းနျန် အဝတ်အစားလဲပြီး အပြင်ထွက်လာသောအခါ စားပွဲပေါ်တွင် အစားအစာများနှင့်အတူ အောက်တွင် စာတိုလေးတစ်ခုကို တွေ့လိုက်ရသည်။
ကိုယ် ကိစ္စတချို့ ကိုင်တွယ်စရာရှိလို့ ထွက်သွားတယ်။ နိုးလာရင် မနက်စာ စားလိုက်နော်။
ကျန်းနျန် ပြုံးလိုက်ပြီး မျက်နှာသစ်ကာ မနက်စာ စားလိုက်သည်။ သူမ ပန်းကန်ဆေးရန် ပြင်နေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ တပ်စခန်းအပြင်ဘက်က စစ်သားတစ်ဦးက ပြောသည်။ "ရဲဘော်ကျန်း... တစ်ယောက်ယောက်က လာရှာနေတယ်၊ နိုင်ငံပိုင် ပန်းထိုးဆိုင်က ဒါရိုက်တာကောပါတဲ့၊ အရမ်းအရေးကြီးလို့ပါတဲ့။"
ဒါရိုက်တာကောသည် တပ်စခန်းသို့ ဤမျှအရေးတကြီး လာရောက်ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ကျန်းနျန်သည် ပန်းကန်ကို ချထားလိုက်ပြီး ထိုစစ်သားနှင့်အတူ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့တော့သည်။
ကျန်းနျန်သည် တပ်စခန်းအပြင်သို့ အပြေးအလွှား ထွက်လာခဲ့ရာ အနွေးထည်ကို လုံခြုံစွာ ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ တပ်ထဲသို့ လှမ်းကြည့်နေသည့် ကောမိန်ကို တွေ့လိုက်ရသည်။ သူမသည် ကျန်းနျန်ကို မြင်သောအခါ လက်လှမ်းပြပြီး ပြေးလာကာ နှုတ်ဆက်ခဲ့သည်။ "ကျန်းနျန် နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့။"
"အစ်မကော ဘာများ အရေးကြီးလို့လဲ" ကျန်းနျန်က အမောတကော မေးလိုက်သည်။
ကောမိန် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ သုံးရက်က နိုင်ငံခြားက ဖောက်သည်တစ်ယောက် ရောက်လာပြီး ညည်းကိုပဲ အထူးတလည် တွေ့ချင်တယ်လို့ ပြောတယ်၊ ညည်းက ရှင်းကျန်းမှာဆိုတော့ ပြန်မလာနိုင်ဘူးလေ။ အဲ့ဒါနဲ့ အဲ့ဒီဖောက်သည်က မနေ့က နေ့လယ်ကမှ ပြန်သွားတယ်၊ ညည်းချုပ်ဖို့အတွက် ပန်းထိုးဒီဇိုင်းတစ်ခု ချန်ထားခဲ့တယ်။ နောက်သုံးလနေရင် အချောသတ်ကို လာယူမယ်လို့ ပြောသွားတယ်။"
ကောမိန်သည် ကျန်းနျန်ကို ပျော်ရွှင်စွာ ဖက်ပြီး ကျောလေးကို ပုတ်ပေးရင်း ဆက်ပြောခဲ့သည်။ "ညည်းသိလား။ ညည်းရဲ့ ပြီးခဲ့တဲ့ ပရောဂျက်က ပန်းထိုးလက်ရာတွေက ဟိုမှာ အရမ်းခေတ်စားသွားတယ်တဲ့။ ငါတို့ရဲ့ ထုတ်ကုန်တွေက ပြည်ပအထိ ရောက်သွားပြီ၊ နောင်မှာလည်း ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ရလာဦးမှာ။ ကျန်းနျန်... ညည်း ဒီထက်မက အများကြီး အောင်မြင်ဦးမယ်လို့ ငါယုံကြည်တယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ဒီပန်းထိုးကိုလည်း အကောင်းဆုံးဖြစ်အောင် ကျွန်မ ကြိုးစားပါ့မယ်။"
ကောမိန်သည် ကျန်းနျန်ကို လွှတ်ပေးလိုက်ပြီး ဝမ်းသာအားရဖြင့် ထပ်ပြောသည်။ "ငါ့မှာ နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးတယ်။"
ကျန်းနျန် မေးလိုက်သည်။ "ဘာများလဲ"
"ငါ ရာထူးတိုးတော့မယ်။"
"ရာထူးတိုးတာလား" ကျန်းနျန်မှာ အံ့ဩသွားသော်လည်း ချက်ချင်း ပြုံးလိုက်သည်။ "အစ်မကော ဂုဏ်ယူပါတယ်"
ကောမိန် ပြောလိုက်သည်။ "ငါ့ကို ရာထူးပိုကြီးတဲ့ နေရာကို ပြောင်းရွှေ့လိုက်တာ၊ မြို့ပြခရိုင်မှာ ဒုတိယညွှန်ကြားရေးမှူး ဖြစ်လာတော့မယ်။ နိုင်ငံပိုင် ပန်းထိုးဆိုင်နဲ့ တခြားစက်ရုံတချို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို တာဝန်ယူရမှာပါ။ ဆိုင်ကိုတော့ ဒါရိုက်တာအသစ်တစ်ယောက် ရောက်လာလိမ့်မယ်၊ ငါ သူ့ကိုသိတယ်၊ ငါနဲ့ ရွယ်တူလောက်ပဲ၊ လူလည်း အဆင်ပြေပါတယ်။ နောက်ရက်ကြရင် ညည်း မြို့ကိုလာပြီး ပန်းထိုးဒီဇိုင်း လာယူလိုက်ဦး၊ သူနဲ့ပဲ ဆက်ညှိနှိုင်းရမှာ။"
ကျန်းနျန် ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ"
ကောမိန် မေးလိုက်သည်။ "ညည်း ခရိုင်ဘက်ကို ခဏလိုက်ခဲ့လို့ အဆင်ပြေမလား။"
ကျန်းနျန်သည် သူမ၏ အဝတ်အစားကို ကြည့်လိုက်ပြီး ကောမိန်ကို ခဏစောင့်ရန် ပြောခဲ့သည်။ သူမသည် အိမ်သို့ အမြန်ပြန်ကာ ဆောင်းတွင်းအင်္ကျီကို လဲလှယ်ဝတ်ဆင်ခဲ့သည်။ အပြင်သို့ ပြန်ထွက်လာစဉ် တပ်ရင်းမှ ထွက်လာသော ကုရှစ်ကျိုးနှင့် ဆုံခဲ့သည်။ သူက ရပ်လိုက်ပြီး နက်မှောင်သော မျက်ဝန်းများဖြင့် ကျန်းနျန်ကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြသည်။ "ခယ်မလေး... ခရီးက ဘယ်လိုလဲ။"
ကျန်းနျန် ပြုံးကာ ဖြေလိုက်သည်။ "အဆင်ပြေပါတယ်။"
ကုရှစ်ကျိုးနှင့် စကားအနည်းငယ်ပြောပြီးနောက် သူမသည် အပြင်ဘက်သို့ အလျင်အမြန်ထွက်ကာ ကောမိန်နှင့် ပူးပေါင်းလိုက်သည်။ သူတို့သည် ခရိုင်အတွင်း လမ်းလျှောက်ရင်း ပန်းထိုးဆိုင်အကြောင်း အပါအဝင် အကြောင်းအရာမျိုးစုံကို စကားစမြည် ပြောခဲ့ကြသည်။
သူတို့သည် အတော်ဝေးဝေးအထိ လမ်းလျှောက်ခဲ့ကြပြီး နောက်ဆုံးတွင် မြစ်ကမ်းနားက ခုံတန်းရှည်တစ်ခုပေါ်၌ ထိုင်လိုက်ကြသည်။
ကောမိန်သည် တလက်လက်တောက်နေသော ရေပြင်ကို ငေးကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။ "ကျန်းနျန်... ငါ ပြန်ပြောင်းချင်တယ်။"
ကျန်းနျန်သည် သူမကို လှည့်ကြည့်လိုက်သည်။ ကောမိန်၏ အပြုံးတွင် ဝမ်းနည်းမှုများ ရောယှက်နေပြီး သူမက ဆက်ပြောသည်။ "ဒါက အထင်နဲ့အမြင် တခြားစီပဲနော်၊ ဟုတ်တယ်မလား။ တစ်ချိန်က ငါ ဒီထိပ်ပိုင်းကို ရောက်ဖို့ အရမ်းကြိုးစားခဲ့တာ၊ ဒါပေမယ့် အခု ဒီကို ရောက်တဲ့အခါကြတော့မှ ငါရထားတဲ့ ရာထူးထက် ကိုယ့်ရဲ့ သားသမီး၊ မြေးတွေနဲ့ အတူနေရတာက ပိုအရေးကြီးမှန်း သိလာရတယ်။"
သူမသည် ကျန်းနျန်ကို ကြည့်ကာ ပြောလိုပ်သည်။ "ပြီးခဲ့တဲ့အပတ်က ငါ့ချွေးမ လာလည်တုန်းက သူ ကိုယ်ဝန်ရှိနေပြီ၊ ဆရာဝန်က အမြွှာလေးတွေတဲ့၊ သေချာ ဂရုစိုက်ရမယ်လို့ မှာတယ်လေ။ ငါသာ ပြန်ပြောင်းသွားရင် သူ့ကို နေ့တိုင်း ဂရုစိုက်ပေးနိုင်မှာ။ ဒါတွေက ငါ့မိသားစုရဲ့ သွေးသားတွေပဲလေ၊ အဘွားတစ်ယောက်အနေနဲ့ ငါ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။"
ကောမိန်သည် ခေါင်းငုံ့လိုက်ပြီး မျက်နှာတွင် စိတ်ပျက်အားလျော့မှုများ ပြည့်နှက်နေသည်။ "ငါ တန့်ခယ်ကို မနာလိုမိတယ်၊ ငါသာ သူ့လို ဖြစ်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။"
ကျန်းနျန်သည် ဘာမှမပြောဘဲ ကောမိန်၏ ခံစားချက်များကို ရင်ဖွင့်ခွင့် ပေးထားခဲ့သည်။
ကောမိန်သည် သူမ၏ ဖရိုဖရဲဖြစ်နေသော ဆံပင်တိုလေးများကို နားနောက်သို့ သပ်တင်လိုက်သည်။ သူမ၏ မျက်နှာတွင် လက်လျှော့လိုက်ရသော အကူအညီမဲ့မှုနှင့် တွန့်ဆုတ်မှုများ မြင်နေရသည်။ ဤခံစားချက်အားလုံးမှာ သူမ၏ မျက်ဝန်းထဲတွင် စုဝေးနေပြီး နောက်ဆုံး၌ သူမ၏ အသက်အရွယ်ကို လက်ခံခြင်းနှင့် လက်တွေ့ဘဝနှင့် အပေးအယူလုပ်ခြင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ငါ ဆယ်စုနှစ်ပေါင်းများစွာ ရုန်းကန်ခဲ့တယ်၊ တိုက်ပွဲဝင်ခဲ့တယ်၊ ငြင်းခုံခဲ့တယ်၊ အများကြီးလည်း စတေးခဲ့ပြီးပြီ။ အခု ငါ ငါးဆယ်ကျော်ပြီဆိုတော့ မြေးလေးတွေဆီ ပြန်သွားကြည့်ရမယ့် အချိန်ရောက်ပြီပေါ့။"
ကျန်းနျန် ကောမိန်ကို ကြည့်လိုက်ရာ ဆောင်းတွင်းနေရောင်ခြည်သည် သူမအပေါ်သို့ နူးညံ့နွေးထွေးသော အလင်းတန်းလေးများ ဖြာကျနေသည်။ ဤအရွယ် သတ်လတ်ပိုင်း အမျိုးသမီးထံမှ လက်တွေ့ဘဝနှင့် အလျှော့ပေးလိုက်ရမှု၊ ကုန်ဆုံးသွားသော အချိန်များကို မတားဆီးနိုင်သည့် အကူအညီမဲ့မှုနှင့် ခေတ်ကာလအပေါ် ခုခံရင်း ထုံကျင်သွားသည့် ခံစားချက်တို့ကို သူမ မြင်တွေ့ခဲ့ရသည်။
ကောမိန်သည် တန့်ခယ်ကို အားကျသော်လည်း ဘယ်တော့မှ သူမကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ တန့်ခယ်သည် ကောမိန်အတွက် လာမည့်နှစ်များတွင် တမ်းတရမည့် အရာတစ်ခု ဖြစ်နေပေလိမ့်မည်။
ကျန်းနျန်သည် လက်လှမ်းကာ ကောမိန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ကောမိန်၏ ဇဝေဇဝါဖြစ်နေသော အကြည့်ကို မြင်သောအခါ သူမက မေးလိုက်သည်။ "အစ်မကော အကယ်လို့ တစ်နေ့မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ အခွင့်အလမ်းရလာရင် အစ်မ ဘာအလုပ်ကို အလုပ်ချင်ဆုံးလဲ။"
ကောမိန်သည် ကျန်းနျန်၏ ရဲတင်းသော မေးခွန်းကြောင့် အံ့ဩသွားပုံရသလို ကျန်းနျန် ဖော်ပြသော ခေတ်ကာလအကြောင်းကိုလည်း တွေးတောနေပုံရသည်။ အတော်ကြာအောင် ငြိမ်သက်နေပြီးမှ သူမ ပြုံးလျက် ဖြေလိုက်သည်။
"အကယ်လို့ အဲ့ဒီနေ့ တကယ်ရောက်လာရင်တော့ ငါ ကိုယ်ပိုင်စက်ရုံတစ်ခု ဖွင့်ချင်တယ်၊ အထည်ချုပ်စက်ရုံနဲ့ ပန်းထိုးဆိုင်ကို ပေါင်းလိုက်မှာပေါ့။ ပန်းထိုးရုံတင်မကဘဲ အဝတ်အစားတွေ ဒီဇိုင်းဆွဲမယ်၊ ပန်းထိုးအထည်တွေ လုပ်မယ်၊ ပြီးတော့ ပြည်ပဈေးကွက်နဲ့ ဟောင်ကောင်အထိ လမ်းဖောက်ချင်တယ်။ ငါလည်း တန့်ခယ်လိုပဲ နေရာအနှံ့ သွားလာပြီး စီးပွားရေးလုပ်ရင်း ပြင်ပကမ္ဘာကြီးကို မြင်ချင်တာပေါ့။"
ဤအကြောင်းကို ပြောနေစဉ် ကောမိန်၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေခဲ့သည်။
ကျန်းနျန်က ကောမိန်၏ လက်ကို တင်းတင်းဆုပ်ကာ ပြုံးလိုက်သည်။ "အစ်မကော အဲ့ဒီနေ့က မကြာခင် ရောက်လာမှာပါ။"
ကောမိန်နှင့် လမ်းခွဲပြီးနောက် ကျန်းနျန် အိမ်ပြန်လာခဲ့သည်။ ရက်အနည်းငယ်အကြာတွင် စုနထံမှ ဖုန်းလာပြီး ပန်းထိုးဒီဇိုင်း အဆင်သင့်ဖြစ်ပြီဟု ပြောခဲ့သည်။ ဒါရိုက်တာအသစ်က မြို့ကိုလာယူရန် ခေါ်သောကြောင့် ရှု့ရွှယ်က ကျန်းနျန်နှင့်အတူ လိုက်ပါခဲ့သည်။
မြို့သို့ရောက်သောအခါ ပန်းထိုးဆိုင်သို့ လာလည်သည့် စုနတို့ မိသားစုနှင့် မတော်တဆ ဆုံခဲ့သည်။ ခဏအကြာတွင် ဒါရိုက်တာအသစ်သည် အစည်းအဝေးမှ ထွက်လာပြီး ပန်းထိုးဒီဇိုင်းအသစ်ကို ပေးကာ ပြုံးလျက် ပြောလိုက်သည်။ "ရဲဘော်ကျန်း အပင်ပန်းခံလုပ်ပေးတာ ကျေးဇူးတင်ပါတယ်။"
ကျန်းနျန်နှင့် ရှု့ရွှယ်တို့ အိမ်သို့ အမြန်ပြန်လာခဲ့ရာ နေဝင်ချိန်တွင် ရောက်ရှိခဲ့ကြသည်။ လုယွီသည် ဒီနေ့ အိမ်ကို အစောကြီးပြန်ရောက်နေပြီး ညစာ ပြင်ဆင်ထားခဲ့သည်။ ကျန်းနျန် ရေချိုးခန်းထဲသို့ မျက်နှာသစ်ရန် သွားနေစဉ် ကုရှစ်ကျိုးနှင့် ကျန်းကျိုးတို့ ရောက်လာကြသည်။ ကျန်းနျန် ပြန်ထွက်လာသောအခါ လုယွီက ဟင်းပန်းကန်များကို စားပွဲပေါ်သို့ တင်နေပြီး ကျန်းကျိုးနှင့် ကုရှစ်ကျိုးတို့က ပန်းကန်ခွက်ယောက်များကို ကူညီချပေးနေသည်ကို တွေ့ရသည်။
ကုရှစ်ကျိုး နှုတ်ဆက်လိုက်သည်။ "ခယ်မလေး။"
ကျန်းကျိုးလည်း ဝမ်းသာအားရဖြင့် ခေါ်ခဲ့သည်။ "မရီး။"
မကြာမီမှာပင် ချန်ယောင်နှင့် ရှု့ရွှယ်တို့လည်း ပစ္စည်းအများအပြား သယ်ဆောင်လျက် ရောက်လာကြသည်။ လုယွီ ကျန်းနျန်ကို ပြောလိုက်သည်။ "ကိုယ်တို့ နှစ်သစ်ကူးတုန်းက ဒီမှာ မရှိဘူးဆိုတော့ ရှစ်ကျိုးတို့က ကိုယ်တို့ ပြန်ရောက်ရောက်ချင်း လာလည်ကြတာ။ နှစ်သစ်ကူးညစာအတွက် ညစာပြန်ကျွေးရင်း အတူတူ ဆုံကြတာပေါ့။"
ချန်ယောင်က လက်ခုပ်တီးကာ ပြောလိုက်သည်။ "မှန်တာပေါ့။ မရီး... နှစ်သစ်ကူးတုန်းက မရီးနဲ့ တပ်ရင်းမှူးလုတို့ မရှိတော့ ကျွန်တော်တို့ ဘယ်လောက်လွမ်းနေလဲ မသိဘူး။ ခင်ဗျားတို့ ပြန်လာမယ့်ရက်ကိုပဲ ထိုင်စောင့်နေတာ။"
ထို့နောက် စားပွဲပေါ်က ဟင်းတွေကို ကြည့်ကာ နောက်လိုက်သည်။ "ကျွန်တော်က မရီးရဲ့ လက်ရာကို စားရမယ်လို့ မျှော်လင့်နေတာ၊ အခုတော့ တပ်ရင်းမှူးလုက ချက်ထားတာ ဖြစ်နေတယ်။"
"မင်းကတော့လေ... တကယ် ဂျီးများတာပဲ။" ကျန်းကျိုးက ရယ်မောရင်း ချန်ယောင်ကို ဆူလိုက်သည်။
ကုရှစ်ကျိုးလည်း ပြုံးကာ ပြောလိုက်သည်။ "ခယ်မလေးရဲ့ လက်ရာက တကယ်ကောင်းတာလေ။ ငါ ဝင်လာကတည်းက ဒါ ခယ်မလေးလက်ရာ မဟုတ်မှန်း သိတယ်။"
လုယွီ - ... သူက အုပ်စုကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "မင်းတို့ ဒီထမင်းကို စားမှာလား မစားဘူးလား။"
သုံးယောက်လုံးက ပြိုင်တူပင် ဖြေကြသည်။ "စားမှာပေါ့။"
ချန်ယောင်က အားရပါးရ ရယ်မောလိုက်သည်။ "တပ်ရင်းမှူးလုကိုယ်တိုင် ချက်ကျွေးတာဆိုတော့ ကျွန်တော်တို့က ကံကောင်းတာပေါ့။ အရသာက ကျွန်တော်တို့အကြိုက် မဟုတ်ရင်တောင် စားမှာပါ။ မဟုတ်ဘူးလား။"
လုယွီ - …
ကျန်းနျန် - ချန်ယောင်တော့ အဆူခံရတော့မှာပဲဟု သူမ တွေးမိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကုရှစ်ကျိုးနှင့် ကျန်းကျိုးတို့က ချန်ယောင်ကို ဝိုင်နှစ်ခွက် လောင်းထည့်ပေးလိုက်ပြီး လုယွီကလည်း နောက်ထပ် တစ်ခွက် ထပ်ထည့်ပေးသည်။ အရက်ကြောင့် ချန်ယောင်၏ မျက်နှာ နီမြန်းလာပြီး သူက အလျင်အမြန် ပြောလိုက်သည်။
"တပ်ရင်းမှူး... ကျွန်တော် အရှုံးပေးပါတယ်။" ထို့နောက် ဆက်ပြောခဲ့သည်။ "ကျွန်တော် ဗိုက်ဆာသေးတယ်၊ ထပ်မသောက်ခင် နည်းနည်းလောက် စားပါရစေဦး။"
လုယွီ ပြုံးလိုက်သည်။ "စားလေ။"
ရှု့ရွှယ်သည် ချန်ယောင်၏ ပေါင်ကို ဆိတ်လိုက်ရာ သူ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ အော်မိတော့မည့်ဆဲဆဲမှာပင် ရှု့ရွှယ်၏ သတိပေးသောအကြည့်ကို တွေ့လိုက်ရပြီး တိုးတိုးလေး ပြောသံကို ကြားလိုက်ရသည်။ "ရှင် စကားအရမ်းများတယ်၊ အစ်မကျန်းကို စိတ်ကွက်အောင် မလုပ်မိစေနဲ့။"
ချန်ယောင် - ???
သူ မရီးကို ဘယ်လိုများ စိတ်အနှောင့်အယှက် ပေးမိသွားလဲဆိုတာ သူ လုံးဝ နားမလည်ပေ။
ချန်ယောင် ကြောင်နေသည်ကို မြင်သောအခါ ရှု့ရွှယ်က ရှင်းပြလိုက်သည်။ "ရှင် တပ်ရင်းမှူးလုကို စနောက်တာက အစ်မကျန်းကိုလည်း စနောက်နေတာနဲ့ အတူတူပဲ။"
သူ... သူ..
ချန်ယောင်သည် ခေါင်းကို ကုတ်လိုက်ပြီး ရှု့ရွှယ်၏ ထူးဆန်းသော အတွေးအခေါ်ကို မငြင်းနိုင်တော့ပေ။ သူသည် အသားတစ်ဖဲ့ကို ကောက်စားလိုက်ပြီး ဘာပဲဖြစ်ဖြစ် သူ့ဇနီးပဲတွေးကာ လက်လျှော့လိုက်တော့သည်။
***