ကျန်းမင်က ရှန်းဟူထံမှ မည်သည့် သတင်းအချက်အလက်မျှ မရနိုင်တော့မှန်း သိလိုက်သဖြင့် တွေဝေမနေဘဲ သူ့အား သတ်ဖြတ်ပစ်၏။ ရှန်းဟူ သေဆုံးသွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာရာ ကျန်းမင် အလွန် ဝမ်းသာသွားသည်။ ထိုအရာကို ဆွဲယူလိုက်ပြီး သူ မျှော်လင့်ထားသည့် အတိုင်းပင် ၎င်းမှာ ဓာတ်သဘာဝ ကင်းမဲ့သော ကမ္ဘာတစ်ခု၏ မူလအဆီအနှစ် ဖြစ်နေ၏။ လုံချန်ထံမှ ရခဲ့သော အရာထက် ဆယ်ဆမျှ ပိုမို အစွမ်းထက်ပေသည်။
ကျန်းမင်က ဝမ်းသာအားရဖြင့်… "လုံချန်က မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ ဖြစ်ပြီး ရှန်းဟူက သုခဘုံ အဆင့် ကျွမ်းကျင်သူ... အဆင့်တစ်ဆင့်ပဲ ကွာပေမယ့် ဆယ်ဆတောင် ပိုများလာပြီး ငါ့ရဲ့ ဆယ်နှစ်စာ လုပ်အားကို ကယ်တင်ပေးလိုက်တာပဲ"
ဤရလဒ်အတွက် ကျန်းမင် အလွန် ကျေနပ်နေမိ၏။
ယခုဆိုလျှင် သံသရာ ခန်းမဆောင်မှ အကျိုးခံစားခွင့် ရသူများမှာ သားရဲများ သို့မဟုတ် မိစ္ဆာများ မဟုတ်ဘဲ သူ့အတွက် အစာအာဟာရများသာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ မဟုတ်ပါလား။
သူ့ အတွင်းကမ္ဘာထဲတွင် ကမ္ဘာ့နှလုံးသား တစ်ခု ရှိနေသော်လည်း အစစ်အမှန် ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲရန် အလွန် ခက်ခဲပြီး အချိန် ကြာမြင့်မည် ဖြစ်သည်။
ယခု မူလအဆီအနှစ် ရရှိလိုက်ပြီ ဖြစ်ရာ အရာအားလုံး ပိုမို လွယ်ကူသွားတော့မည်။
ကျန်းမင်က ၎င်းကို အတွင်းကမ္ဘာထဲသို့ ချက်ချင်း စုပ်ယူခြင်း မပြုခဲ့ပေ။ ထိုအစား လူသားလမ်းစဉ် မှတ်တမ်းကို အသုံးပြု၍ သေချာ စစ်ဆေးပြီးနောက် ပြဿနာ မရှိကြောင်း သေချာမှသာ စတင် စုပ်ယူ၏။
အတွင်းကမ္ဘာက မူလအဆီအနှစ်အား မျက်တောင်တစ်ခတ်စာ အချိန်အတွင်း စုပ်ယူသွားသည်။ မူလရင်းမြစ် စတင် ကြီးထွားလာသည်နှင့်အမျှ ဥပဒေသများ ပိုမို ဖြစ်ပေါ်လာ၏။ ကျန်ရစ်နေသော စွမ်းအင် အချို့ကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား ပိုမို ကြံ့ခိုင်လာစေသည်။
သူက မျက်လုံးများ မှေးစင်း၍ ရှန်းဟူ၏ အလောင်းကို ကြည့်လိုက်သည်။ မြေပြင်ပေါ်ရှိ အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်ထက်တွင် ပစ္စည်း အတော်များများ ပါလာသော်လည်း နည်းပညာသုံး ကိရိယာ တစ်ခုမျှ မတွေ့ရချေ။ ကျန်းမင် ခဏတာ တွေးတောနေမိသည်။ "သူ့ဝိညာဉ် လုံးဝ ပျက်စီးသွားတာလား"
ထိပ်တန်းအဆင့် တာအို ရတနာနှင့် ညီမျှသော ပစ္စည်း နှစ်ခုနှင့် အကြိုအင်မော်တယ် အဆင့်ရှိ တားမြစ် လက်နက် တစ်ခုကို သူ ရှာတွေ့ခဲ့သည်။ ရိုးရိုးသားသား ပြောရလျှင် ကျန်းမင် အနည်းငယ် အံ့အားသင့်သွားရ၏။ အကယ်၍ ရှန်းဟူသာ အန္တိမအဆင့် ဖြစ်ခဲ့လျှင် သူ့လက်ထဲမှ လွတ်မြောက်သွားနိုင်ပေလိမ့်မည်။
ပစ္စည်းများ အားလုံးကို သိမ်းဆည်းပြီးနောက် ကျန်းမင်က လက်ခုပ်တီးလိုက်ရာ ရှန်းဟူ၏ အလောင်းမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပါးသွားတော့သည်။
တစ်ချိန်တည်းမှာပင် လျူယွီနှင့် မင်ဟိုင်တို့မှာ သူတို့၏ နောက်ထပ် လှုပ်ရှားမှု အတွက် တိုင်ပင်နေကြသည်။ ရုတ်တရက် သံသရာ စနစ်၏ အသံက သူတို့ ခေါင်းထဲတွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။
(ဒင်... ဤနေရာသို့ မလာရောက်မီ အကျိုးခံစားခွင့်ရှိသူ လျူယွီ၏ ကျားနက် အဖွဲ့မှာ ကံကြမ္မာ ဖြတ်တောက်ခြင်း စွမ်းရည်ကို အသက်သွင်းခဲ့သည်။ ယခု အဖွဲ့ခေါင်းဆောင် ရှန်းဟူ သေဆုံးသွားပြီ ဖြစ်ရာ အဖွဲ့ဝင်များ၏ အခြေအနေ အချက်ပေးစနစ် အသက်ဝင်လာပြီ ဖြစ်သည်။ အဖွဲ့ဝင် တစ်ဦးဦး သေဆုံးပါက သင့်ထံ အကြောင်းကြားမည် ဖြစ်သည်။)
ထိုအရာက ရှောင်ရွှမ်နှင့် မင်ဟိုင်တို့၏ ခေါင်းထဲတွင်လည်း တူညီစွာ ဖြစ်ပေါ်နေလေသည်။
လျူယွီ မျက်နှာမှာ ဖြူဖျော့သွာကာ… "ခေါင်းဆောင် အသတ်ခံလိုက်ရပြီ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ငါတို့က ကံကြမ္မာ ဖြတ်တောက်ခြင်း စွမ်းရည်ကို အသက်သွင်းထားတာလေ... တခြားသူတွေ ခေါင်းဆောင် ဘယ်မှာရှိလဲ ဆိုတာ သိဖို့ လုံးဝ မဖြစ်နိုင်ဘူး... သူက ဘယ်တုန်းကမှလည်း လူလုံးထွက်မပြခဲ့ဘဲနဲ့ ဘယ်လိုလုပ် ရုတ်တရက်ကြီး အသတ်ခံရတာလဲ... ဒါ အရမ်း ထူးဆန်းလွန်းနေပြီ"
မင်ဟိုင် မျက်နှာမှာလည်း လျူယွီနည်းတူ ဖြူဖျော့နေလျက် ဝင်ပြောလာ၏။ "စွမ်းအားကြီးမားတဲ့သူ တစ်ယောက်ယောက်ကများ သူ့ကို သတ်သွားတာလား"
လျူယွီက ချက်ချင်း ငြင်းပယ်ကာ… "မဖြစ်နိုင်ဘူး... အရှေ့ဘက် ဒေသမှာ စွမ်းအားကြီးတဲ့သူ ဘယ်နှစ်ယောက်များ ကျန်သေးလို့လဲ... ခေါင်းဆောင်ကို ကျိုယန်ဂိုဏ်းက သတ်သွားတာ သေချာတယ်... အခု သူတို့က လုံချန်ရော ခေါင်းဆောင်ကိုပါ သတ်နိုင်ခဲ့ပြီ ဆိုတော့ ကျိုယန်ဂိုဏ်းက အရမ်း ကြောက်စရာ ကောင်းနေပြီ... သူတို့က အပြင်ပန်း ကြည့်ရသလောက် ရိုးရှင်းမနေဘူး... သူတို့က ခေါင်းဆောင်ကိုတောင် သတ်နိုင်တယ် ဆိုရင် ငါတို့ဆိုရင်ရော..."
လျူယွီ မျက်နှာထား ပြောင်းလဲသွားပြီး စကားဆက်မပြောနိုင်တော့ပေ။ မင်ဟိုင်လည်း နေရာတွင်ပင် အေးခဲသွားတော့သည်။
သူတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိပြီး တစ်ဖက်လူ၏ မျက်လုံးများထဲမှ ကြောက်ရွံ့မှုများကို အထင်းသား မြင်တွေ့နေရ၏။
ထိုအချိန်မှာပင် သူတို့ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကျန်းမင်ပင်။ ရှန်းဟူကို သတ်ပြီးနောက် သူတို့ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် လူသားလမ်းစဉ် မှတ်တမ်းကို အသုံးပြုကာ တည်နေရာကို အတိအကျ ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ဤနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူတို့ လွတ်မြောက်မသွားစေရန် မဟာ အာကာသ ကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
လူသားလမ်းစဉ် မှတ်တမ်း ထွက်ပေါ်လာပြီး သူ့ ခေါင်းထက်တွင် ပျံဝဲနေ၏။
ကျန်းမင်က အေးစက်စွာဖြင့်… "လျူယွီ... မင်ဟိုင်..."
လျူယွီ မျက်နှာထက်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားကာ… "နင်က ဘယ်သူလဲ... ငါတို့ ခေါင်းဆောင်ကို သတ်ခဲ့တဲ့သူလား"
ကျန်းမင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ "မင်းတို့ ရှန်းဟူကို ပြောနေတာလား... ဟုတ်တယ်... ငါက သူ့ကို သတ်ခဲ့တဲ့သူပဲ... မင်းတို့ အသက်ရှင်ချင်လား သေချင်လား"
လျူယွီက တွေဝေခြင်းဘဲ…။"သေချာပေါက် အသက်ရှင်ချင်တာပေါ့... ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ"
မင်ဟိုင်က သူ့ အထူးစွမ်းရည်ကို အသက်သွင်းရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ ထို့ကြောင့် သူ့ တားမြစ် လက်နက် တစ်ခုကို အသုံးပြုရန် ရွေးချယ်လိုက်သည်။ သို့သော် လက်နက်မှာ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပျက်စီးသွားတော့သည်။ မင်ဟိုင် အလွန် အံ့အားသင့်သွားပြီး မျက်နှာမှာ ပြာနှမ်းသွား၏။
ကျန်းမင်က လှောင်ပြုံး ပြုံးကာ… "အခြား အဖော်တွေ အကြောင်း ပြောပြစမ်း... မင်းတို့ အဖြေကို ငါ သဘောကျရင် အသက်ရှင်ခွင့် ပေးမယ်"
လျူယွီက မဆိုင်းမတွ ထုတ်ပြောတော့သည်။ "သူက မင်ဟိုင်... မူလဝိညာဉ် အဆင့် ပါ... ရှင် သတ်လိုက်တဲ့ လုံချန်ကလည်း မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူပဲ... ငါတို့ ခေါင်းဆောင် ရှန်းဟူကတော့ သုခဘုံ အဆင့် ကျွမ်းကျင်သူပါ... ငါတို့ဆီမှာ နောက်ထပ် အဖွဲ့ဝင် တစ်ယောက် ရှိသေးတယ်... သူ့နာမည်က ကျန့်ရွှမ်တဲ့... သူကလည်း သုခဘုံ အဆင့်ပဲ... အခုလက်ရှိ သူက တခြား နယ်မြေတွေဆီက ကျွမ်းကျင်သူတွေကို ချင်းနယ်မြေထဲ လာဖို့ ဖိတ်ခေါ်နေတယ်... နင် နောက်ထပ် ဘာသိချင်သေးလဲ... အကုန်လုံး ပြောပြပါ့မယ်... ငါ တောင်းဆိုချင်တာက ငါ့ကို အသက်ရှင်ခွင့် ပေးဖို့ပါပဲ"
သူမက သနားစရာ ကောင်းအောင် တောင်းပန်နေ၏။
မင်ဟိုင်က ဒေါသတကြီးဖြင့်… "လျူယွီ... မင်း ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ... ငါတို့ရဲ့ သစ္စာကတိကို မေ့သွားပြီလား... ငါတို့က တစ်ရက်တည်း အတူမမွေးဖွားခဲ့ရင်တောင် တစ်ရက်တည်း အတူသေကြမယ်... အေးအတူ ပူအမျှ အတူဖြတ်သန်းပြီး တစ်ယောက် လျှို့ဝှက်ချက် တစ်ယောက် ထိန်းထားပေးကြမယ်ဆို... အခု ခေါင်းဆောင် သေသွားလို့ မင်း ကလဲ့မစား ချေချင်ရင်တောင် ငါ အပြစ်မတင်ပါဘူး... ဒါပေမယ့် မင်းက ဘယ်လိုလုပ် ရန်သူကို ငါတို့ သတင်းတွေ ပေါက်ကြားအောင် လုပ်ရက်တာလဲ... မင်းတော့ အသေဆိုးနဲ့ သေရလိမ့်မယ် လျူယွီ"
လျူယွီ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားကာ… "ဒီလူက ကျိုယန်ဂိုဏ်းက လာတာ... ပြီးတော့ သူက ငါတို့ထက် အများကြီး ပိုသန်မာတယ်လေ... ငါတို့ ကျိုယန်ဂိုဏ်းကို ပစ်မှတ်ထားနေမှန်း သူသိနေမှတော့ ငါတို့ကို လွှတ်ပေးဖို့ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ... ငါ မသေချင်ဘူး... ဒီအထိ ရောက်လာဖို့ ငါ အချိန် အတော်ကြာ ကြိုးစားခဲ့ရတာ... ဒီလိုမျိုး ငါ့အသက်ကို အလကား အဆုံးရှုံးမခံနိုင်ဘူး... ဒါ့အပြင် ငါတို့က ဖိုဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေဆီမှာ ကြေးစားလိုက်နေရတာပဲ... ထုတ်ပြောလိုက်တော့ရော ဘာဖြစ်သွားမှာမို့လဲ... ခေါင်းဆောင်လည်း သေပြီ... လုံချန်လည်း သေပြီ... အခု ငါတို့ နှစ်ယောက်လုံးပါ ထပ်သေသွားရင် ငါတို့ မျိုးနွယ်စုကို ဘယ်သူက ကာကွယ်ပေးတော့မှာလဲ"
မင်ဟိုင် မျက်နှာပေါ်တွင် နောင်တရသည့် အရိပ်အယောင်များ ပြည့်နှက်သွားသည်။ "ငါ... ငါ..."
ကျန်းမင်က မျက်ခုံးပင့်လျက် သူတို့ကို အကဲခတ်နေသည်။
လူသားလမ်းစဉ် မှတ်တမ်း ပွင့်လာ၏။
အမည် - လျူယွီ
အခြေအနေ - သူမမှာ ငိုရခက် ရယ်ရခက် အခြေအနေတွင် ပိတ်မိနေသည်။ ခေါင်းဆောင် အသတ်ခံလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် ဝင်စားခြင်း အချက်ပေးစနစ် အသက်ဝင်လာခဲ့သည်။ သူတို့က ကျိုယန်ဂိုဏ်းကို ရှင်းလင်းရန် သက်သက်သာ ဤနေရာသို့ လာခဲ့ကြခြင်း ဖြစ်သည်။ ယခုထိ မည်သည့် ရန်သူနှင့်မှ ထိပ်တိုက် မတွေ့သေးသဖြင့် ခေါင်းဆောင်ကို သတ်သွားသူမှာ ကျိုယန်ဂိုဏ်းမှ ကျွမ်းကျင်သူသာ ဖြစ်ရပေမည်။
တစ်ဖက်လူက သူမတို့ ခေါင်းဆောင်ကိုပင် ရှာဖွေ သတ်ဖြတ်နိုင်စွမ်း ရှိနေသဖြင့် သူမ ကိုယ့်ကိုယ်ကိုယ်အတွက် အလွန် စိုးရိမ်နေမိ၏။ ကျိုယန်ဂိုဏ်းကို တိုက်ခိုက်စဉ်က သူမ ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရပြီး ယခုအခါတွင် ထိုသူက သူမကို ချက်ချင်း သတ်နိုင်စွမ်း ရှိပါလျက် အဘယ်ကြောင့် ချမ်းသာပေးခဲ့သည် ဆိုသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားလေပြီ။
သူမကို ရှာတွေ့သွားသည့် အချိန်တွင် မည်မျှပင် ကြိုးစားရုန်းကန်ပါစေ အတားအဆီးများမှ လွတ်မြောက်နိုင်ခြင်း မရှိကြောင်း သူမ သတိပြုမိလိုက်သည်။ သူမရှေ့ရှိ လူမှာ သံသရာ ခန်းမဆောင်မှ အကျိုးခံစားခွင့် ရသူများထဲမှ တစ်ဦး ဖြစ်နေမလားဟုပင် တွေးတောနေမိ၏။ မည်သို့ပင်ဆိုစေ ထိုလူက သူမတို့ ခေါင်းဆောင်မှာ ရှန်းဟူ ဖြစ်ကြောင်း သိရုံသာမက သူမတို့ နာမည်များကိုပါ သိနေသည် မဟုတ်ပါလား။ သို့သော် သူမ နားမလည်နိုင်သော အချက် တစ်ချက် ရှိနေသေးသည်။ သူမတို့ မည်သူမည်ဝါ ဖြစ်ကြောင်း သိနေပါလျက် အဘယ်ကြောင့် ချက်ချင်း မသတ်ခဲ့သနည်း။
သူက ရှောင်ရွှမ်မှလွဲ၍ ကျန်လူအားလုံး၏ နာမည်များကို ထုတ်ပြောခဲ့သည်။ ထိုသည်က ရှောင်ရွှမ်၏ နာမည်ကို မသိသေးကြောင်း ညွှန်ပြနေသည် မဟုတ်လော။ သူမတို့ကို ချက်ချင်း မသတ်သေးသဖြင့် ဤနေရာမှ လွတ်မြောက်ရန် အခွင့်အရေး ရှိနေသေးသည်ဟု သူမ ခံစားလိုက်ရသည်။ ထို့ကြောင့် မင်ဟိုင်နှင့် အကြံအစည် တစ်ခု ဖန်တီးကာ အပြစ်အားလုံးကို ဖိုဂိုဏ်း အပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှောင်ရွှမ်၏ နာမည်အရင်းကို သူမ အသက်နှင့် လဲ၍ လျှို့ဝှက်ထားမည်ဟု ဘုရားစူးကျိန်ဆိုထား၏။
ကျန်းမင် စိတ်ထဲ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ ရှောင်ရွှမ်၏ နာမည်အရင်းကို မရခဲ့သေးသလို ကျန့်ရွှမ် ဆိုသည်မှာလည်း နာမည်တု တစ်ခု ဖြစ်နေပုံပင်။
သူက မင်ဟိုင်၏ အခြေအနေကိုပါ ကံစမ်းကြည့်လိုက်သော်လည်း တူညီသော အဖြေသာ ထွက်ပေါ်လာသည်။
ခွပ်...
ဤလူနှစ်ယောက်နှင့် ဆက်လက် အချိန်မဖြုန်းချင်တော့သဖြင့် သူက တစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်ပြီး ၎င်းတို့၏ မူလအဆီအနှစ်များကို ဆက်လက် စုပ်ယူသည်။
ကျန်းမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ရှောင်ရွှမ်... ဟုတ်လား"
ထိုနာမည်ကို တွေးတောရင်း ကျန်းမင်က ခေါင်းယမ်းလိုက်ကာ ကျိုယန်ဂိုဏ်းဆီသို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။
***