ထိုညက တိုက်ခိုက်ရေး ရုပ်သေးရုပ်မှာ ဒေါသတကြီး သောင်းကျန်းခဲ့လေသည်။ သူက သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်ကို ဦးစွာ သတ်ဖြတ်လိုက်ပြီးနောက် အရှေ့ဘက် ဒေသတစ်ခုလုံးကို ဖြတ်သန်းသွားလာကာ ရောက်လာသမျှ ဖိုဂိုဏ်း တပည့်များ အားလုံးကို ခေါင်းဖြတ် သတ်ပစ်ခဲ့သည်။
အရှေ့ဘက် ဒေသတွင် မဟာယာနဗုဒ္ဓ မရှိဆိုသော စကားမှာ တကယ်ပင် အမှန်တရား ဖြစ်လာခဲ့လေပြီ။
ကျိုယန်ဂိုဏ်းကလည်း ရူးသွပ်စွာဖြင့် သူတို့၏ ရန်သူများကို သတ်ဖြတ်နေခဲ့ကြ၏။
မဟာ အစီအရင်ကြီး အတွင်း ပိတ်မိနေသော မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများမှာ အသတ်ခံလိုက်ရပြီး သွေးများက စမ်းချောင်းများအသွင် တဖြည်းဖြည်း စီးဆင်းလာသည်။ သို့သော် ကျိုယန်ဂိုဏ်းကလည်း ဆုံးရှုံးမှုအချို့နှင့် ရင်ဆိုင်ခဲ့ရသည်။ တောင်ထွတ်များစွာ ပြိုကျပျက်စီးသွားပြီး တပည့် အများအပြား သေဆုံးသွားခဲ့သည် မဟုတ်ပါလား။
ထိုညက အရှေ့ဘက် ဒေသရှိ ကျွမ်းကျင်သူ မည်မျှ အေးချမ်းစွာ အိပ်စက်နိုင်ခဲ့ကြောင်းကိုတော့ နတ်ဘုရားများသာ သိပေလိမ့်မည်။
မနက်စောစော ချင်းယွင်ဂိုဏ်းတွင်…
သန့်စင်သော အရှင်သခင် မင်ယွီဇီနှင့် မဟာ အကြီးအကဲ ချင်းဖုန်းဇီတို့မှာ ကျိုယန်ဂိုဏ်း ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့ မျက်နှာထားများမှာ ယခင်ကအတိုင်း အလွန် လေးနက်တည်ကြည်နေ၏။
"မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ အများအပြား၊ သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်နဲ့ အန္တိမအဆင့် တစ်ယောက်တောင် အသတ်ခံလိုက်ရတယ်" မင်ယွီဇီက တုန်ယင်သော အသံဖြင့် ရေရွတ်လာသည်။ "ကျိုယန်ဂိုဏ်းက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ နောက်ခံ ရှိနေရတာလဲ"
"သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက် မဟုတ်ဘူး ဆယ်ယောက်... ဖိုဂိုဏ်းက လာတဲ့ သူတွေ အားလုံး အသတ်ခံလိုက်ရတယ်... တစ်ယောက်မှ အသက်မရှင်ဘူး... အရမ်း ရက်စက်လွန်းတယ်" ချင်းဖုန်းဇီက ညစ်ညမ်းသော လေပြင်း တစ်ချက်ကို မှုတ်ထုတ်လိုက်ရာ မုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲပြီး မိုးကုတ်စက်ဝိုင်း တစ်လျှောက် လျင်မြန်စွာ တိုက်ခတ်သွားသည်။ "ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ်နဲ့ ငုပ်လျှိုးဂါး အင်မော်တယ် မဟာမိတ်အဖွဲ့တို့ ညတွင်းချင်း ဖျက်ဆီးခံလိုက်ရတာက ကျိုယန်ဂိုဏ်းနဲ့ ပတ်သက်နေတယ် ဆိုတာ အခု ငါ ငါးဆယ် ရာခိုင်နှုန်းလောက် သေချာနေပြီ"
"ကျိုယန်ဂိုဏ်းက တစ်ချိန်လုံး ငါတို့ စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တာလေ... ဒီလောက် အစွမ်းထက်တဲ့ သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာနိုင်ရတာလဲ... ဒါ မဖြစ်နိုင်ပါဘူး" မင်ယွီဇီက ထိုအချက်ကို လုံးဝ နားမလည်နိုင် ဖြစ်နေ၏။
"ဟုတ်တယ်... ဒါ တကယ် မဖြစ်နိုင်ပါဘူး" ချင်းဖုန်းဇီလည်း ရှုပ်ထွေးနေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ ငါတို့ ကျိုယန်ဂိုဏ်းကို ဆက်ပြီး စမ်းသပ်လို့ မရတော့ဘူး... အကြောင်းရင်း အမှန်ကို မသိရသေးခင် အဝေးကနေပဲ စောင့်ကြည့်သင့်တယ်... စကားမစပ်... အနန္တ ဆေးလုံးစံအိမ်ကို သတင်း တိတ်တဆိတ် ပို့လိုက်ပါ... သူတို့ရဲ့ သူတော်စင် သားတော် သေဆုံးရတာက ကျိုယန်ဂိုဏ်း လက်ချက်လို့ ပြောလိုက်"
"တကယ်ပဲ သူတို့ လက်ချက်လား"
"ဖြစ်နိုင်ခြေ အရမ်းများတယ်... ထျန်းယွမ် ကျောင်းတော်က ထျန်းစစ် လိုက်လံ သတ်ဖြတ်ခံရတာကလည်း ကျိုယန်ဂိုဏ်း လက်ချက် ဖြစ်ဖို့ အခွင့်အရေး ရှိတယ်... တကယ် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သတင်းကိုသာ ဖြန့်လိုက်ပါ"
"ကောင်းပါပြီ... ကျုံးနယ်မြေက မဟာကျိုး မင်းဆက်ရဲ့ ဆယ့်ရှစ်ယောက်မြောက် မင်းသားက အရှေ့ဘက် ဒေသကို ထပ်လာလိမ့်မယ်... ကျိုယန်ဂိုဏ်းနဲ့ ပတ်သက်ပြီး သူ့ကို တိတ်တဆိတ် မြှောက်ပင့်ပေးသင့်လား"
"သိပ်တော့ အသုံးဝင်မှာ မဟုတ်ပေမယ့် မင်း ကြိုးစားကြည့်လို့ ရပါတယ်... ဒါပေမယ့် ငါတို့ အားလုံးကို ဖော်ထုတ်မခံရစေဖို့ သတိထားပါ"
"နားလည်ပါပြီ... အခု အရှေ့ဘက် ဒေသရဲ့ ဖိုဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ ဆိုတော့ အနောက်ဘက် ဒေသက ဖိုဂိုဏ်း ဒေါသထွက်နေလောက်ပြီလား... သူတို့ ကျွမ်းကျင်သူတွေ ထပ်လွှတ်လိုက်မလား"
"လွှတ်မှာ မဟုတ်ဘူး... သူတို့ နောက်ထပ် အရှုံးတွေကို လက်မခံနိုင်တော့ဘူး"
ထိုလူနှစ်ယောက်က ဆက်လက် ဆွေးနွေးပြီး သူတို့၏ အစီအစဉ်များကို ရေးဆွဲနေကြသည်။
ချူယန် တောင်ထွတ်တွင်…
အဆောင်အိမ်ငယ်လေး အတွင်း ရပ်နေရင်း ကျန်းမင်က ပန်းရနံ့များကို ရှူရှိုက်ကာ အကြောဆန့်ရင်း… "အလွန် သာယာတဲ့ နေ့လေး တစ်နေ့ပါလား"
သူ အလွန် စိတ်ရွှင်လန်းနေသည်။
တိုက်ခိုက်ရေး ရုပ်သေးရုပ်မှာ တိုက်ပွဲမှ ပြန်ရောက်နေသည်မှာ ကြာပြီ ဖြစ်ပြီး ယခုအခါ ချောက်ကမ်းပါး အနီးတွင် အရှေ့ဘက်သို့ မျက်နှာမူကာ တင်ပျဉ်ခွေ ထိုင်နေလေသည်။
"မနေ့ညက လူအများကြီး သေသွားတယ်" ဓာတ်ကြီးငါးပါး လင်းလုံ ရောက်လာပြီး ကျန်းမင် ဘေးတွင် ဝင်ထိုင်သည်။ "ဒါပေမယ့် ဒီတိုက်ပွဲ အပြီးမှာတော့ ချင်းနယ်မြေသာမက အရှေ့ဘက် ဒေသ တစ်ခုလုံးတောင် ငါတို့ကို ရန်စရဲတော့မှာ မဟုတ်ဘူး"
"ကမ္ဘာကြီး တစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးကို ဆုံးဖြတ်ပေးမယ့် တိုက်ပွဲပဲ" ကျန်းမင်က ပြုံးကာ… "မင်း ဘာစားချင်လဲ... ငါ မနက်စာ လုပ်ပေးမယ်"
"အစ်ကို... ကျွန်မ လုပ်ပေးပါ့မယ်"
"မလိုပါဘူး... ငါပဲ လုပ်ပါ့မယ်"
"စီနီယာ အစ်ကိုက အကောင်းဆုံးပဲ... အစ်ကို ချက်တာ ဘာပဲဖြစ်ဖြစ် ကျွန်မ ကြိုက်တယ်"
"ကောင်းပြီလေ... ခဏလောက် စောင့်နေဦး"
ကျန်းမင်က အောက်ထပ်သို့ မဆင်းတော့ဘဲ မီးဖိုချောင်သုံး ပစ္စည်း တစ်စုံလုံးကို ထုတ်ယူကာ ဘေးနားတွင်ပင် မနက်စာ စတင် ပြင်ဆင်တော့သည်။
ထင်းခုတ်ရန် သို့မဟုတ် ရေတွင်းမှ ရေခပ်ရန် မလိုအပ်ပေ။ လိုအပ်သော မီးကို ချီစွမ်းအင်ဖြင့် ဖန်တီးပြီး ရေကို ဝိညာဉ် အနှစ်သာရမှ အရည်အဖြစ် ပေါင်းစပ်လိုက်ခြင်းပင်။ အလွန် ရိုးရှင်းလှသည် မဟုတ်ပါလား။
မကြာမီ မနက်စာ ပြင်ဆင်ပြီးစီးသွားသည်။ ရိုးရှင်းသော ဟင်းလျာများ ဖြစ်သည့် ပုစွန် ဆန်ပြုတ်နှင့် ဟင်းရည်ထုပ် ပေါက်စီတို့ပင်။
အဝေးမှ လှမ်းကြည့်နေသော ရှီယောင်မှာ သူတို့ကို မနာလို ဖြစ်လာမိ၏။
"ငါလည်း တစ်လုပ်လောက် စားမယ်"
သူမက အော်ဟစ်ရင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ သူတို့ဆီ ပျံသန်းလာသည်။ "ပုစွန်တွေက ချက်ပြီးတာတောင် တောက်ပနေတုန်းပဲ... ပြီးတော့ တာအို အရှိန်အဝါတွေတောင် ထွက်နေသေးတယ်... ဒီပုစွန် မိစ္ဆာက ဘယ်အဆင့်လဲ" သူမက အံ့အားသင့်စွာ မေးလိုက်သည်။
"မူလဝိညာဉ် အဆင့်ပါ... စားသာ စားပါ" ကျန်းမင်က ရှင်းပြေန၏ ။ "ဟင်းရည်ထုပ် ပေါက်စီထဲမှာလည်း သုခဘုံ အဆင့် ဂဏန်း မိစ္ဆာရဲ့ ဥတွေ ထည့်ထားတာ"
"ဒါ အရမ်း ဇိမ်ကျလွန်းနေပြီ" ရှီယောင်က ပြုံးစိစိဖြင့် ပြောလိုက်၏။ "ငါ့လျှာက ဒီလို အလိုလိုက်ခံရတာကို ကျင့်သားရနေပြီ... အနာဂတ်ကျရင် ငါ ဘယ်လို လုပ်ရပါ့မလဲ"
"ဘာမှ လုပ်စရာ မလိုပါဘူး" လင်းလုံက နှာခေါင်းရှုံ့ရင်း ဆန်ပြုတ် စသောက်တော့သည်။
ရိုးရှင်းသော မနက်စာ ဖြစ်သော်လည်း အားလုံးက အရသာရှိစွာ စားသောက်နေကြသည်။
"ဒင်... အလွန် အရသာရှိသော မနက်စာကို ပြင်ဆင်နိုင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ သင် ကိုယ်တိုင်လည်း အစားအစာကို နှစ်သက်သလို ဧည့်သည်များကလည်း နှစ်သက်ကြသည်။ အရိုးဓား ဆေးလုံး တစ်ပုလင်း ဆုချီးမြှင့်ပါသည်။"
ထိုဆုလာဘ်က ကျန်းမင်ကို အလွန် အံ့အားသင့်သွားစေသည်။
အရိုးဓား ဆေးလုံး - တစ်ပုလင်းလျှင် ဆေးလုံး ဆယ်လုံး ပါဝင်သည်။ ခရမ်းရောင် နန်းတော်အဆင့်အောက် ရှိသူများ အသုံးပြုပါက သုံးစွဲသူအား ဓားအရိုးစနစ် တစ်ခု တည်ဆောက်ရန် ကူညီပေးပြီး ဓားတာအိုနှင့် ပိုမို ရင်းနှီးကျွမ်းဝင်လာစေကာ ဓားတာအို နည်းစနစ်များကို တစ်ကြိမ်တည်းဖြင့် အလွယ်တကူ သင်ယူနိုင်စေသည်။
'ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်ရုံသာမက ပါရမီကိုပါ ပေးစွမ်းနိုင်တယ်... ဒါက တကယ့်ကို အစွမ်းထက်တဲ့ ဆေးလုံးပဲ... ဒါပေမယ့် ငါ့အတွက် ဘာအသုံးဝင်မှာလဲ'
ကျန်းမင်က ခေါင်းယမ်းလိုက်ပြီး ဆေးပုလင်းကို သိမ်းဆည်းလိုက်သည်။
သူက ကြိမ်ကုလားထိုင်ပေါ် နောက်မှီချလိုက်ပြီး မနက်ခင်း လေပြေလေး တိုက်ခတ်လာစဉ် ငြိမ်းချမ်းပြီး အေးမြသော မနက်ခင်းလေးကို ခံစားနေ၏။
ရုတ်တရက် ဂူဟိုင် ပြန်ရောက်လာပြီး သူ့မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေသည်။
"ငါ အရမ်း ပင်ပန်းနေပြီ" ဂူဟိုင်က ကျန်းမင် ဘေးတွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်အိုးကို ယူကာ တစ်အိုးလုံး မော့သောက်လိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ပင်ပန်းနွမ်းနယ်မှုများ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဂူဟိုင်က သက်ပြင်းချကာ…"ဒီနေရာက ပိုပြီး သက်တောင့်သက်သာ ရှိတုန်းပဲ"
"လူအများကြီး သေသွားလား" ကျန်းမင်က သိလျက်နှင့် မေးလိုက်၏။
"အများကြီး သေသွားတယ်... မနေ့ညက တပည့် ရာပေါင်းများစွာနဲ့ အကြီးအကဲ အများအပြား သေဆုံးသွားခဲ့တယ်" ဂူဟိုင်က စိတ်မကောင်းစွာ ပြန်ဖြေသည်။ "မင်း ပေးထားတဲ့ အသက်နဲ့ သေမင်း ပျက်စီးခြင်း ဝင်္ကပါပြားသာ မရှိရင် ကျိုယန်ဂိုဏ်းရဲ့ နာမည်က လောကကြီးကနေ ပျောက်ကွယ်သွားလောက်ပြီ... စကားမစပ်... မနေ့ညက မဟာ တိုက်ပွဲကြီးရဲ့ နောက်ဆက်တွဲ အရှိန်အဝါ လှိုင်းတွေက လူတိုင်းကို ကြက်သီးထစေခဲ့တယ်... တိုက်ပွဲ အခြေအနေ ဘယ်လိုနေလဲ"
ဂူဟိုင်က ဘေးသို့ လှည့်ကာ ချောက်ကမ်းပါး အစွန်းရှိ တိုက်ခိုက်ရေး ရုပ်သေးရုပ်ကို ကြည့်မိသည်။ ရှင်းပြ၍ မရနိုင်လောက်အောင် လုံခြုံမှုကို သူ ခံစားလိုက်ရ၏။
"ဖိုဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းလိုက်ပြီ" ကျန်းမင်က ပြန်ဖြေပေးသည်။ "ဒီနေ့ကစပြီး ဒီမှာ ပြဿနာ လာရှာရဲမယ့် မူလဝိညာဉ် အဆင့် အထက် ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး... တကယ်လို့ လာခဲ့ရင်တောင် သူတို့ သေဖို့ပဲ ရှိမယ်... စိတ်မပူပါနဲ့ ဆရာရယ်... အခုကစပြီး ဆရာက ယင်ယွဲ့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေပြီး ကျွန်တော့်အတွက် ဂျူနီယာ ညီမလေး တစ်ယောက် ရအောင်သာ ကြိုးစားပါတော့"
"မင်းက မင်းဆရာကိုတောင် နောက်ပြောင်ရဲတယ်ပေါ့လေ... ဒီကောင်လေးတော့" ဂူဟိုင် ဒေါသထွက်သွားပြီး ကျန်းမင်၏ နောက်စေ့ကို ရိုက်လိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး အသံကျယ်ကြီးဖြင့် ရယ်မောတော့၏။ "ဟားဟား... ကောင်းတယ်... အရမ်း ကောင်းတယ်... ငါတို့ ကျိုယန်ဂိုဏ်းက နောက်ဆုံးတော့ ဂုဏ်ကျက်သရေကို ရောက်လာခဲ့ပြီ... ငါတို့ဂိုဏ်းကို အခုလို တိုးတက်လာအောင် လုပ်ပေးခဲ့တဲ့ အုတ်မြစ်က ငါ့တပည့် နှစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ကောင်းတယ်... တကယ့်ကို အံ့ဩစရာပဲ"
ကျန်းမင်က နောက်စေ့ကို ပွတ်ရင်း မျှော်လင့်ချက်မဲ့စွာ ပြုံးမိသည်။ အကကို အင်မော်တယ်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသော သူက နောက်စေ့ အရိုက်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေ လောကကြီးတွင် သူ့ကို ဤသို့ ရိုက်နှက်နိုင်သူမှာ ဤအဘိုးကြီး တစ်ယောက်တည်းသာ ရှိသည်။ တခြားလူသာ ကြိုးစားကြည့်မည် ဆိုလျှင်တော့…
"ဆရာ... ဆရာ့ အစီအစဉ်က ဘာလဲ" ကျန်းမင်က မေးခွန်းထုတ်သည်။
"ဒဏ်ရာတွေကို ကုသမယ်၊ သေဆုံးသွားတဲ့ သူတွေကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်မယ်... ပြီးတော့ ငါတို့ အင်အားကို တိုးချဲ့မယ်" ဂူဟိုင်က ပြန်ဖြေလိုက်၏။ "ငါတို့ ဂိုဏ်းကို တိုးချဲ့ဖို့ အလျင်စလို လုပ်စရာ မလိုပါဘူး... ဘာလို့လဲ ဆိုတော့ ချင်းနယ်မြေက အင်အားစုတွေ အားလုံးနီးပါး ချေမှုန်းခံလိုက်ရပြီလေ... စောစောလုပ်လုပ် နောက်ကျမှလုပ်လုပ် ရလဒ်ကတော့ အတူတူပဲ ဖြစ်မှာပါ"
ကျန်းမင်က သဘောတူညီစွာ ခေါင်းညိတ်သည်။
အရှေ့ဘက် ဒေသ မဟာစစ်ပွဲနှင့် မနေ့ညက သွေးထွက်သံယို သတ်ဖြတ်မှုများ အပြီးတွင် ချင်းနယ်မြေ၌ ကျွမ်းကျင်သူ မည်မျှ ကျန်ရှိတော့မည်နည်း။
ကျွမ်းကျင်သူ တစ်ယောက် ပေါ်ထွက်လာရန် အချိန်ကာလ တစ်ခုအထိ စုဆောင်းမှု လိုအပ်သည် မဟုတ်ပါလား။
"ငါ့ရဲ့ ဝမ်းနည်းနေတဲ့ နှလုံးသားက ငါ့ရဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ စိတ်ကို မဖိနှိပ်နိုင်တော့ဘူး... ငါတို့ ကျိုယန်ဂိုဏ်းက ချင်းနယ်မြေ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး အဲဒီထက်တောင် ပိုပြီး တိုးချဲ့နိုင်မယ့် အနာဂတ်ကို တွေးကြည့်ရုံနဲ့တင် အရမ်း ဝမ်းသာနေပြီ... ဒီသတင်းကောင်းကို မင်းရဲ့ အဒေါ် ယင်ယွဲ့နဲ့ ဂိုဏ်းချုပ်ဆီ သွားပြောပြရဦးမယ်"
ဂူဟိုင်က မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် ပျံသန်းထွက်ခွာသွာသည်။
ကျန်းမင်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ပြုံးလိုက်ကာ…"ဒီအဘိုးကြီးကတော့"
တောင်တန်းများပေါ်တွင် ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုများ ပြန်လည် ရောက်ရှိလာသည်။
ဂနာမငြိမ် ဖြစ်နေသော အရှေ့ဘက် ဒေသလည်း တဖြည်းဖြည်း ငြိမ်သက်သွားလေပြီ။
အရှေ့ဘက် ဒေသသို့ ယခုလေးတင် ရောက်ရှိလာသော မဟာကျိုး မင်းဆက်၏ ဆယ့်ရှစ်ယောက်မြောက် မင်းသားနှင့် သူ့အဖွဲ့မှာမူ လုံးဝ အံ့အားသင့်နေကြသည်။
ကောင်းကင်ထက် အလွန် မြင့်မားသော နေရာတွင်... အဆက်မပြတ် စီးဆင်းနေသော တိမ်တိုက်များကြား၌ မီတာ တစ်ထောင်ခန့် ရှည်လျားသော ဧရာမ ပျံသန်းရေး သင်္ဘောကြီး တစ်စီးက တိမ်ပင်လယ်ကြီးကို ဖြတ်သန်းကာ ရှေ့သို့ လျင်မြန်စွာ ရွေ့လျားနေ၏။
ဆယ့်ရှစ်ယောက်မြောက် မင်းသား ကျိုးထျန်မှာ တက်ကြွသော ခွန်အား၊ ပြင်းထန်သော တိုက်ခိုက်လိုစိတ်နှင့် အလွန်အမင်း ယုံကြည်မှုတို့ဖြင့် သင်္ဘောဦးတွင် မတ်မတ် ရပ်နေသည်။
"လင်းလုံ... ငါ ပြန်လာပြီ... မင်း ငါ့ကို ပေးခဲ့တဲ့ အရှက်ကွဲမှုတွေ အားလုံးကို ပြန်ပေးဆပ်ရမယ်... ပြီးတော့ မင်းကို ငါ သေချာပေါက် ရအောင် ယူမယ်... မင်းကို ငါ့ကျွန် ဖြစ်စေရမယ်... ပြီးတော့ ကျိုယန်ဂိုဏ်းကိုလည်း ငါ့အောက်မှာ ဒူးထောက် ခစားစေရမယ်"
ကျိုးထျန်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့မျက်နှာထက်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသော ဂုဏ်ယူဝင့်ကြွားမှုနှင့် မောက်မာမှုတို့ ပြည့်နှက်နေသည်။
ထိုအချိန်မှာပင် အဘိုးအို တစ်ဦး လျှောက်လာပြီး တီးတိုး ပြောလာ၏။ "အရှင်မင်းသား... မနေ့ညက ဖြစ်ပွားခဲ့တဲ့ ချင်းနယ်မြေ မဟာ တိုက်ပွဲကြီးက အရှေ့ဘက် ဒေသ တစ်ခုလုံးကို ရိုက်ခတ်သွားတယ် ဆိုတဲ့ သတင်း ရရှိထားပါတယ်"
ကျိုးထျန်က နားမလည်စွာဖြင့်…"ချင်းနယ်မြေ မဟာ တိုက်ပွဲကြီး ဟုတ်လား... အရှေ့ဘက် ဒေသ တစ်ခုလုံးကို ရိုက်ခတ်သွားတယ်... ဘာတွေ ဖြစ်နေတာလဲ"
ထိုအဘိုးအိုမှာ ကျိုးထျန်၏ အစောင့်အရှောက် အဖြစ် တာဝန်ယူထားသော ချန်ယွင်ပင်။ ဤတစ်ကြိမ်တွင် သူက မပါမဖြစ်၍သာ ပါလာရခြင်း ဖြစ်သည်။
"ကျိုယန်ဂိုဏ်းရဲ့ တောင်ထွတ် တစ်ခုက ထိပ်တန်း ခေါင်းဆောင်က ယင်မိစ္ဆာဂိုဏ်းက ဖြစ်နေတာကို ရှာဖွေ တွေ့ရှိသွားတယ်လေ... လူတစ်ယောက်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ချင်းနယ်မြေနဲ့ အရှေ့ဘက် ဒေသက အင်အားစု အများအပြား စုပေါင်းပြီး မဟာမိတ် ဖွဲ့ကာ ကျိုယန်ဂိုဏ်းကို ဝိုင်းရံ တိုက်ခိုက်ခဲ့ကြတယ်... ဒါပေမယ့် သူတို့ကပဲ ပြန်ပြီး အသတ်ခံလိုက်ရတယ်... အရှေ့ဘက် ဒေသကို တရားဟောဖို့ လာတဲ့ ဖိုဂိုဏ်း တပည့်တွေတောင် အားလုံး အသတ်ခံလိုက်ရတယ်"
"ဖိုဂိုဏ်း တရားဟောဆရာတွေ အားလုံး အသတ်ခံလိုက်ရတယ်"
ကျိုးထျန် ထိုသတင်းကြောင့် အလွန် အံ့အားသင့်သွားသည်။ "ငါသိသလောက်တော့ ဖိုဂိုဏ်း ဘုနိးကြီးတွေကို အနည်းဆုံးတော့ သုခဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်က ဦးဆောင်လာတာ မဟုတ်ဘူးလား"
"မှန်ပါတယ်" ချန်ယွင်က ပြန်ဖြေ၏။
"သူတို့တောင် အသတ်ခံလိုက်ရတာလား"
"သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်နဲ့ အန္တိမအဆင့် တစ်ယောက် ပါဝင်ပါတယ်... သူတို့ အားလုံး အသတ်ခံလိုက်ရပြီး တစ်ယောက်မှ အသက်မရှင်ပါဘူး"
ကျိုးထျန် လေအေး တစ်ချက် ရှူသွင်းကာ…"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီသတင်းက ယုံကြည်ရရဲ့လား"
"သတင်းက ချင်းယွင်ဂိုဏ်းရဲ့ အတွင်းပိုင်း ဌာနတွေကနေ လာတာပါ... အရမ်းကို ယုံကြည်ရပါတယ်"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျိုယန်ဂိုဏ်းက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ"
"ကျွန်တော်လည်း ဒါကို နားမလည်နိုင်ပါဘူး... အရှင်မင်းသား... ကျိုယန်ဂိုဏ်းဆီ ဆက်သွားချင်သေးလား"
"ဟီးဟီး... ဟီးဟီး..." ကျိုးထျန်၏ စိတ်များ လုံးဝ ကမောက်ကမ ဖြစ်သွားလေပြီ။
လွန်ခဲ့သော အခိုက်အတန့်လေးကတင် သူက ကျိုယန်ဂိုဏ်းကို အနိုင်ယူပြီး ဇီလင်းလုံကို ဖမ်းဆီးရန် ဆန္ဒရှိနေခဲ့သည်။ သို့သော် နောက်တစ်ခဏတွင် ကျိုယန်ဂိုဏ်းက အရှေ့ဘက် ဒေသ မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းလိုက်ကြောင်း သိလိုက်ရသည် မဟုတ်ပါလား။ ၎င်းတွင် ဖိုဂိုဏ်းမှ သုခဘုံ အဆင့် ကျွမ်းကျင်သူ ခုနစ်ယောက်နှင့် အန္တိမအဆင့် တစ်ဦးပင် ပါဝင်နေသေးသည်။
လူတစ်ယောက်ယောက်က သူ့ကို နောက်ပြောင်နေခြင်း ဖြစ်မည်ဟု ကျိုးထျန် တွေးမိသည်။ အိပ်မက် တစ်ခုထက်ပင် အဓိပ္ပာယ် မရှိလှ။ သို့သော် ထိုသတင်းကို မယုံကြည်ဘဲ မနေနိုင်အောင် ဖြစ်နေရ၏။
"အရှင်မင်းသား... ကျွန်တော်တို့ ကျိုယန်ဂိုဏ်းဆီ ဦးတည်ပြီး သွားနေတုန်းပဲ... အခုဆို အရမ်း နီးကပ်နေပြီ... မိုင်တစ်သောင်းကျော်လောက်ပဲ လိုပါတော့တယ်" ချန်ယွင်က သတိပေးလိုက်သည်။
ထိုသတိပေးချက်ကို ကြားလိုက်ရသဖြင့် ကျိုးထျန် ရုတ်တရက် တုန်ယင်သွားတော့သည်။
***