[အောက်ကျို - ဒါက နည်းနည်းတော့ လျှို့ဝှက်ဆန်းကြယ်နေသလိုပဲ။ ဒါပေမဲ့ အထွတ်အထိပ် အမိန့်တော် ရှိနေမှတော့ အရှင်သခင် နတ်ဘုရား ဟင်းလင်းပြင် ဆိုတာမျိုး ရှိနေဖို့ကလည်း ယုံကြည်ဖို့ မခက်ခဲလှဘူး။ အဲ့ဒီ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ဘာလို့ မင်းကို လိုက်ဖမ်းချင်နေရတာလဲ ဆိုတာကိုတော့ ငါတွေးမရဘူး။]
[ကျန့်ကော - ဘာကြောင့်လဲ ဆိုတာ ငါလည်း မသိဘူး။]
[အောက်ကျို - ဒီ ပင်မနတ်ဘုရား လဟာပြင်နဲ့ ငါတို့ရဲ့ အထွတ်အထိပ် စေတီတော်က တကယ်ပဲ ရန်သူတွေ ဖြစ်နေတာများလား။ သူတို့က မင်းကို မတော်တဆ တွေ့သွားပြီး လိုက်ဖမ်းဖို့ လူလွှတ်လိုက်တာလား။ နေဦး... အဲ့ဒါကလည်း သိပ်တော့ သဘာဝ မကျဘူး။ မင်းကို လိုက်ဖမ်းချင်တယ် ဆိုရင် သူတို့အဖွဲ့ထဲ ဝင်ဖို့ ဘာလို့ ဖိတ်ခေါ်နေဦးမှာလဲ။]
[တုန်ဖန်း ချန်းရှီ- ငါ့ဆီမှာတော့ တခြားကမ္ဘာတွေကို လူလွှတ်နိုင်တဲ့ အဖွဲ့အစည်း တစ်ခု ရှိတယ်။ ဒါပေမဲ့ သူတို့က အတိုင်းအတာ တစ်ခုအထိပဲ သွားနိုင်တာ။ ပါရမီရှင် တပည့်တချို့ကို ရွေးချယ်ပြီး လေ့ကျင့်ဖို့ တခြားကမ္ဘာတွေကို လွှတ်လိုက်ကြတယ်။ သူတို့တွေ စွမ်းအားကြီးလာတဲ့အခါ အဲ့ဒီအဖွဲ့ရဲ့ စစ်သည်တွေ ဖြစ်လာကြတာပဲ။ လုပ်ဆောင်ချက်နဲ့ စွမ်းအားကို ယှဉ်ရင်တော့ သူတို့က အထွတ်အထိပ် စေတီနဲ့ အများကြီး ကွာခြားပါတယ်။]
[တုန်ဖန်း ချန်းရှီ - ကျန့်ကောဆီ ရောက်လာတဲ့ သူတွေကလည်း လေ့ကျင့်ဖို့ သက်သက် လာကြတာ ဖြစ်နိုင်တယ်။ မင်းက ပါရမီမြင့်မားပြီး အရမ်း စွမ်းအားကြီးနေတာကို တွေ့သွားတော့ သူတို့အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်ကြတာပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ အထွတ်အထိပ် အမိန့်တော်ရဲ့ ငြင်းပယ်တာကို ခံလိုက်ရတယ်။ ဒါတွေက ငါ့ရဲ့ ခန့်မှန်းချက်တွေ သက်သက်မို့လို့ မှန်ချင်မှ မှန်လိမ့်မယ်။]
[ယဲ့ချင်ရှန်း - ဒီ ရှင်းပြချက်က အမှန်တရားနဲ့ အနီးစပ်ဆုံး ဖြစ်လောက်တယ်။ တခြား ကမ္ဘာတွေကို သွားနိုင်တဲ့ အဖွဲ့အစည်းတွေက အဲ့ဒီလောက်တောင် များနေတာလား။ တခြား ကမ္ဘာတွေကို သူတို့ရဲ့ လေ့ကျင့်ရေး ကွင်းပြင် အဖြစ် အသုံးပြုကြတယ် ဆိုတာ တွေးကြည့်လိုက်ရင် ရုတ်တရက် ခါးသီးသလိုတောင် ခံစားရတယ်။]
[အောက်ကျို - ဟူး... ငါလည်း အဲ့ဒီလိုပဲ ခံစားရတယ်။ တကယ့်ကို ခါးသီးစရာပဲ... ငါတို့ကို သိုးအုပ်တွေလို အသုံးချနေကြတာ။ အဲ့ဒါကြောင့်မို့ ငါ ပျော်ပျော်နေပြီး ဘဝကို ခံစားချင်တာ။ ငါ ဆုံးဖြတ်ချက် ချလိုက်ပြီ။ နောက်ထပ် မိန်းမလှဆောင် ၁၈ ဆောင်လောက် ထပ်ဆောက်ဦးမယ်။]
[မင်ဖေး - ကာမရူးသွပ်နေတဲ့ ဝက်ယုတ်ကြီး။]
[အောက်ကျို - အာ... ညီမလေး မင်းပြောတာ မှားနေပြီ။ ကာမရူးသွပ်နေတဲ့ နဂါးလို့ ပြောရမှာ။]
[မင်ဖေး - မျက်နှာပြောင်တိုက်လွန်းတယ်။]
[အောက်ကျို - အဟမ်း... အဟမ်း... ငါ နောက်နေတာပါ။]
ကျန်းမင်က မျက်နှာပြင်ပေါ်ရှိ စာများကို တိတ်ဆိတ်စွာ ဖတ်ရှုနေသော်လည်း သူ့ ရင်ထဲတွင်မူ သွေးကြောများ ဆူပွက်နေလေပြီ။
သူ့ကမ္ဘာတွင် သံသရာခန်းမဆောင် ပေါ်ပေါက်လာခဲ့ပြီး ကျန့်ကောထံတွင်လည်း အရှင်သခင် နတ်ဘုရား ဟင်းလင်းပြင် ပေါ်လာခဲ့သည် မဟုတ်ပါလား။
လူသားလမ်းစဉ် ကျန်ကော၏ အခြေအနေကို စစ်ဆေးကြည့်ရာ ထိုလူ လိမ်ဆင်နေခြင်း မဟုတ်မှန်း သေချာလှပေသည်။
တကယ်ပဲ ဒါက ဘယ်လို ကမ္ဘာကြီးလဲ... ဗရုတ်သုက္ခ အခြေအနေ တစ်ခုပဲ...
ကျန်းမင် ထိုအကြောင်းကို တွေးမိရုံဖြင့် ခေါင်းကိုက်လာတော့သည်။
အရှင်သခင် နတ်ဘုရား ဟင်းလင်းပြင်၊ သံသရာ ခန်းမဆောင်၊ တုန်ဖန်း ချန်းရှီး ပြောပြခဲ့သော အဖွဲ့အစည်း၊ အထွတ်အထိပ် စေတီနှင့် သူ ပိုင်ဆိုင်ထားသော စနစ်...
ကျွတ်... ဤသည်မှာ ဗရုတ်သုက္ခ ဆိုသည်ထက် ကျော်လွန်ကာ လုံးဝ ကမောက်ကမ ဖြစ်နေလေပြီ။
ထိုအခိုက်အတန့်တွင် ကျန်းမင်က တွေးတောနေရာမှ သတိဝင်လာပြီး လေထဲသို့ ပျံတက်ကာ အနောက်ဘက်ဆီ လှမ်းကြည့်လိုက်၏။
ကောင်းကင်နှင့် မြေကြီး၏ တာအိုများ တုန်ခါနေပြီး ကြောက်မက်ဖွယ် ကောင်းသော မမြင်နိုင်သည့် အရှိန်အဝါလှိုင်းများ ဖြစ်ပေါ်နေကာ တာအိုများကို နားလည် သဘောပေါက်ထားသူတိုင်း ချက်ချင်း အာရုံခံမိနိုင်သည်။
ကမ္ဘာမြေကြီး တစ်ခုလုံး ပြိုကျတော့မည့် အလား တာအိုများက ပြင်းထန်စွာ တုန်လှုပ်နေကြသည်။
ဘယ်လိုလုပ် ဒီလို အပြောင်းအလဲမျိုး ဖြစ်ပေါ်လာရတာလဲ...
ကျန်းမင် အကြီးအကျယ် တုန်လှုပ်သွားသည်။ ထို့နောက် အနောက်ဘက် ကောင်းကင်ယံမှ ရွှေရောင် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အရှေ့နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်အား မြင်လိုက်ရ၏။
မရေမတွက်နိုင်သော ရွှေရောင် အလင်းတန်းများက အနောက်ဘက် ကောင်းကင် တစ်ဝက်လုံးကို ဖုံးလွှမ်းသွားတော့သည်။
မဟာယာနဂိုဏ်းက သူတို့ရဲ့ အစီအစဉ်တွေကို စတင် အကောင်အထည် ဖော်လိုက်တာများလား...
ကျန်းမင် စိတ်ထဲ တွေးတောနေစဉ် ရွှေရောင် အလင်းတန်းများ စုစည်းသွားပြီး အနောက်ဘက် နယ်မြေကို အပေါ်စီးမှ ကြည့်ရှုနေသည့် ပေတစ်သန်းခန့် မြင့်မားသော ဧရာမ မဟာယာနဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူအဖြစ် ဖြည်းညှင်းစွာ ပုံဖော်သွားသည်ကို သတိပြုမိလိုက်သည်။ အဆုံးမရှိသော ဗုဒ္ဓ အရှိန်အဝါများ ပျံ့နှံ့လာပြီး အရှေ့နယ်မြေ အထိပင် ရိုက်ခတ်လာ၏။
ကမ္ဘာမြေ အနှံ့အပြားရှိ နေရာအချို့မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ပျံ့နှံ့လာသော မဟာယာန ဗုဒ္ဓ အရှိန်အဝါကို အပြင်ဘက်တွင် တားဆီးထားသည်အား ကျန်းမင် တွေ့လိုက်ရသည်။
တံခါးပိတ် ကျင့်ကြံနေသော ဇီလင်းလုံမှာလည်း လန့်နိုးသွား၏။ သူမက ကျန်းမင်၏ ဘေးသို့ လျင်မြန်စွာ ရောက်လာပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ အံ့ဩမှုကို မထိန်းနိုင်ဘဲ တီးတိုး ရေရွတ်မိသည်။
"ဘာတွေ ဖြစ်နေတာလဲ... ဒါ... ဒါက မဟာယာနဗုဒ္ဓဂိုဏ်းရဲ့ နောက်ဆုံး ဖဲချပ်လား"
ကျန်းမင်က နက်နက်နဲနဲ စဉ်းစားကာ…"ဒါ ဖြစ်ဖို့များတယ်။ မဟာယာနဗုဒ္ဓဂိုဏ်းက ဒီနယ်မြေမှာ အမြစ်တွယ်နေခဲ့တာ နှစ်ပေါင်း သန်းနဲ့ချီနေပြီ။ ဒီလောက် အချိန်ကြာမြင့်မှတော့ သူတို့ရဲ့ စုဆောင်းထားမှုတွေက ဘယ်လောက်တောင် နက်ရှိုင်းနေမလဲ။ အရှေ့နယ်မြေကိုပဲ ကြည့်... ချင်းယွင်ဂိုဏ်း တစ်ခုတည်းကသာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာ။ ဒါတောင် ကျန်တဲ့ အင်အားစုတွေ အားလုံး ပေါင်းပြီး တိုက်ခိုက်ရင် ကျရှုံးသွားနိုင်တယ်။ အနောက်နယ်မြေမှာကျတော့ အများစုက ဗုဒ္ဓဘာသာ ယုံကြည်သူတွေချည်းပဲ။ ဒီလို ကြောက်စရာကောင်းတဲ့ သန့်စင်သော နယ်မြေက မိစ္ဆာဂိုဏ်းတွေရဲ့ အလွယ်တကူ သိမ်းပိုက်တာကို ဘယ်လိုလုပ် ခံရနိုင်မှာလဲ။"
"ဒါက လှည့်ကွက် တစ်ခုပဲ။"
"ပိုပြီး ထူးခြားတာက မဟာယာနဗုဒ္ဓဂိုဏ်းဟာ ယုံကြည်မှု စွမ်းအားတွေကို စုဆောင်းတဲ့ နေရာမှာ အရမ်း ကျွမ်းကျင်တယ်။ နှစ်ပေါင်း သန်းနဲ့ချီတဲ့ ကာလအတွင်းမှာ ယုံကြည်မှု စွမ်းအားတွေ ဘယ်လောက်တောင် စုဆောင်းထားပြီးပြီလဲ။ အနောက်နယ်မြေ တစ်ခုလုံးက ဒီယုံကြည်မှု စွမ်းအားတွေရဲ့ ပုံရိပ်ယောင် ဖြစ်တည်မှု ဖြစ်နေလောက်ပြီ။"
"အခုကြည့်ရသလောက် မဟာယာနဗုဒ္ဓဂိုဏ်းရဲ့ အစီအစဉ်က အရမ်း ရိုးရှင်းတယ်။ သူတို့က ဂိုဏ်းကို အရင် စွန့်လွှတ်လိုက်ပြီး မိစ္ဆာဂိုဏ်း ငါးဂိုဏ်းကို အောင်မြင်မှု အရသာ ခံစားခွင့် ပေးလိုက်တာပဲ။ သူတို့က မိစ္ဆာဂိုဏ်းတွေကို ယှဉ်နိုင်စွမ်း မရှိဘူးလို့ ထင်ယောင်ထင်မှား ဖြစ်အောင် လှည့်စားနေတာ။ မဟုတ်ရင် တော်ဝင်မြေရဲ့ အမွေအနှစ်ကို ဘာလို့ အလွယ်တကူ စွန့်လွှတ်လိုက်မှာလဲ။"
"မဟာယာနဗုဒ္ဓရဲ့ နယ်မြေမှာ နေထိုင်ရတဲ့ မိစ္ဆာတွေအတွက်တော့ တကယ့်ကို ကြောက်စရာ ကောင်းလှတယ်။ ဒါက ဧရာမ လှောင်အိမ်ကြီး တစ်ခုလိုပဲ... အလွန် အန္တရာယ်များတဲ့ နေရာကြီးပေါ့။"
"မဟာယာနဗုဒ္ဓဂိုဏ်းက ယုံကြည်မှု စွမ်းအားကို အသုံးပြုပြီး မိစ္ဆာဂိုဏ်း ငါးဂိုဏ်းကို တစ်ကျော့တည်း အပြတ်ရှင်းဖို့ စဉ်းစားထားတာ။ အကယ်၍ ဒီမိစ္ဆာတွေ အားလုံးကိုသာ တရားပြပြီး အလင်းပြနိုင်ခဲ့မယ် ဆိုရင် အဲ့ဒီအဓိပ္ပာယ်က..."
"တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ လှုပ်ရှားမှုပဲ... ရိုင်းစိုင်းလွန်းတဲ့ ရည်မှန်းချက်ပါလား။"
"သူတို့က တော်ဝင်မြေ သို့မဟုတ် ဘီလီယံနဲ့ချီတဲ့ ယုံကြည်မှု စွမ်းအားတွေကိုတင် မကဘူး... ရှေးဟောင်း အမွေအနှစ်တွေကိုပါ လောင်းကြေးထပ်ထားတာပဲ။ တစ်ကြိမ် အောင်ပွဲခံနိုင်တာနဲ့ သူတို့မှာ ကမ္ဘာကြီး တစ်ခုလုံးကို အစစ်အမှန် သိမ်းပိုက်နိုင်လောက်တဲ့ အထိ လုံလောက်သွားလိမ့်မယ်။"
ကျန်းမင်က အဖြစ်အပျက် တစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာလေလေ ပို၍ တုန်လှုပ်လာလေလေ ဖြစ်ပြီး ဖိုဂိုဏ်း၏ သတ္တိကို ပို၍ လေးစားမိလေပင်။
ဓာတ်ကြီးငါးပါး လင်းလုံ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ကျန်းမင်၏ ကောက်ချက်ချမှုကို နားထောင်ပြီးနောက် အလွန် တုန်လှုပ်သွားသည်။
ကျန်းမင်က သက်ပြင်းချကာ…"ဖိုဂိုဏ်းရဲ့ နောက်ဆုံး ရည်မှန်းချက်က ကမ္ဘာကြီး တစ်ခုလုံးကို သိမ်းပိုက်ဖို့လား..."
"သူတို့ရဲ့ ရည်မှန်းချက်က ကမ္ဘာကြီး တစ်ခုလုံး ဆိုတာ ထင်ရှားနေတာပဲ။ မဟုတ်ရင် မိစ္ဆာဂိုဏ်း ငါးဂိုဏ်းကို အနိုင်ယူဖို့ သက်သက်နဲ့ ဒီလောက် ပြဿနာတွေကို ခံစားနေစရာ မလိုဘူး။"
အနောက်ဒေသမှ ဧရာမ မဟာယာနဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ရွှေရောင် အလင်းတန်းများနှင့် စတင် ပေါင်းစပ်သွားပြီး သာမန်လူတို့၏ မျက်စိဖြင့် မမြင်နိုင်သော တစ်ခုတည်းသော အရာအဖြစ် ပြောင်းလဲသွားလေပြီ။
သို့သော် သူတို့နှစ်ယောက်ကမူ ဧရာမမဟာယာန ဗုဒ္ဓရုပ်ပွားတော်ကြီး နှုတ်ခမ်းဟကာ ရေရွတ်နေသည်အား ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သတ္တဝါများအား သံသရာ စက်ဝန်းထဲ ဝင်ရောက်ရန် လမ်းညွှန်ပေးသော အလင်းတန်းလှိုင်းများက တစ်လှိုင်းပြီး တစ်လှိုင်း ထွက်ပေါ်လာ၏။
ကျွမ်းကျင်သူများက ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာစွမ်းအားများ ထုတ်ဖော်ကာ အလင်းတန်းများကို တွန်းလှန် ခုခံရန် ကြိုးစားကြသော်လည်း ရွှေရောင် အလင်းတန်းများ၏ လျင်မြန်စွာ ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့သည်။
ကျန်းမင်က အံ့ဩစွာဖြင့်…
"ဒါက နှစ်ပေါင်း သန်းရာနဲ့ချီ စုဆောင်းထားတဲ့ ယုံကြည်မှု စွမ်းအားတွေကို လောင်စာအဖြစ် သုံးထားတာပဲ။ အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည် ဖြစ်စေ ဒီစုဆောင်းထားတဲ့ ယုံကြည်မှု စွမ်းအားတွေ လုံးဝ ကုန်ခမ်းသွားလိမ့်မယ်လို့ ထင်တယ်။ ဒီခေတ်ရဲ့ မဟာယာနဗုဒ္ဓဂိုဏ်းချုပ်က တကယ့်ကို ပြတ်သားတဲ့ သူပဲ။"
ထိုမြင်ကွင်းက ကျန်းမင် တစ်ယောက်တည်းကိုသာ အံ့အားသင့်စေသည် မဟုတ်ပေ။ ကမ္ဘာတစ်ဝန်းရှိ သုခဘုံအဆင့်များ၊ အန္တိမအဆင့်များနှင့် အကြိုအင်မော်တယ်များပင်လျှင် အနောက်ဘက်ဆီ လှမ်းကြည့်ရင်း ဖြစ်ပျက်နေသည်များကို ရှင်းပြ၍ မရနိုင်လောက်အောင် တုန်လှုပ်ကာ လေအေးများ ရှိုက်သွင်းမိသွားကြသည်။
ချင်းယွင်ဂိုဏ်းတွင်။
ချင်းဖုန်းဇီ သက်ပြင်းချလိုက်၏။
"မိစ္ဆာဂိုဏ်း ငါးဂိုဏ်းတော့ ပြီးသွားပြီ။ ဒါမှမဟုတ် ကောင်းကင်မိစ္ဆာ တာအိုခြောက်သွယ် တစ်ခုလုံး ကျဆုံးသွားပြီ လို့တောင် ပြောလို့ရတယ်။ အရာရာကို ကြိုတင် စီစဉ်ထားပုံရပြီး မောက်မာ ရိုင်းစိုင်းလွန်းတဲ့ မိစ္ဆာဂိုဏ်းတွေဟာ နောက်ဆုံးမှာတော့ မဟာယာနဗုဒ္ဓဂိုဏ်းရဲ့ လှည့်ကွက်ထဲ မိပြီး သင်္ချိုင်းထဲ ရောက်သွားမယ့် လူရွှင်တော်တွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။"
ဂိုဏ်းချုပ် မင်ယွီဇီက မျက်မှောင်ကြုတ်လျက် တီးတိုး ရေရွတ်လိုက်သည်။
"မဟာယာနဗုဒ္ဓဂိုဏ်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ သူတို့ ပြသခဲ့တဲ့ စွမ်းအားအရ ဆိုရင် ဂိုဏ်းကို လုံးဝ စွန့်လွှတ်စရာမလိုဘူး... ဒါပေမဲ့ သူတို့ စွန့်လွှတ်ခဲ့တယ်။ ဒါတွေ အားလုံးက မိစ္ဆာဂိုဏ်းတွေကို ဖျက်ဆီးပစ်ဖို့ သက်သက်ပဲလား... ဒါမှမဟုတ် သူတို့ကို တရားပြ အလင်းသွင်းဖို့လား။ အဆုံးမရှိတဲ့ ယုံကြည်မှု စွမ်းအားတွေကို ကုန်ခမ်းစေပြီး မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဂိုဏ်းတွေ ဖန်တီးခဲ့တဲ့ သွေးချောင်းစီးမှုတွေ... ဒါတွေ အားလုံးက သူတို့ကို အလင်းပြဖို့ သက်သက်ပဲလား။"
ချင်းဖုန်းဇီက မဲ့ပြုံး ပြုံးကာ…"ဒါက သူတို့ကို အလင်းပြရုံ သက်သက် ရိုးရှင်းတဲ့ လုပ်ရပ် မဟုတ်ဘူး။ မဟာယာနဗုဒ္ဓဂိုဏ်းရဲ့ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်ကို အခုဆို လောကကြီး တစ်ခုလုံး ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ ဒီအခြေအနေတွေကြားထဲ ကျုံးပြည်နယ်က တော်ဝင်မြေတွေ ငြိမ်ငြိမ်လေး ထိုင်နေနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရဦးမယ်။ မိစ္ဆာဂိုဏ်းတွေ ကမ္ဘာကြီးကို ကမောက်ကမ ဖြစ်အောင် လုပ်တုန်းက သူတို့ မျက်တောင် တစ်ချက် မခတ်ခဲ့ကြဘူး။ ဒါပေမဲ့ အခုက ဖိုဂိုဏ်း ဖြစ်နေပြီလေ... ဘယ်လို လုပ်ကြမလဲ။ အခုတော့ သူတို့အတွက် အစစ်အမှန် ခြိမ်းခြောက်နေတဲ့ ရန်သူကြီး ပေါ်လာပြီ မဟုတ်ပါလား။"
မင်ယွီဇီ သက်ပြင်းချမိနေပြီး…
"ကမ္ဘာကြီး နောက်တစ်ကြိမ် ဇောက်ထိုး မိုးမျှော် ဖြစ်တော့မလို့လား။ အကယ်၍ သူတို့သာ မိစ္ဆာဂိုဏ်းတွေကို အပြည့်အဝ အလင်းပြနိုင်ခဲ့မယ် ဆိုရင် ဖိုဂိုဏ်းက အရှေ့နယ်မြေကို စတင် ထိုးဖောက်လာလိမ့်မယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီက အင်အားစုတွေက နည်းပါးနေပြီလေ။ အချိန်တန်ရင် ဘယ်သူက ဘာတတ်နိုင်မှာလဲ။"
ချင်းဖုန်းဇီမှာ တိတ်ဆိတ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အနန္တဆေးလုံး စံအိမ်မှ အဘိုးအိုထျဲနှင့် ထျန်းယွမ် ကျောင်းတော်မှ လျူချန်ခုန်းတို့၏ မျက်နှာထားများမှာလည်း အလွန် လေးနက် တည်ကြည်နေကြ၏။
အနောက်နယ်မြေတွင် မိစ္ဆာဂိုဏ်း တပည့် သန်းပေါင်းများစွာက ကောင်းကင်ဆီသို့ ဒေါသတကြီး ဟိန်းဟောက်နေကြပြီး ဖျက်ဆီးခြင်း စွမ်းအားများ တစ်လှိုင်းပြီး တစ်လှိုင်း ထုတ်ဖော်ကာ မဟာယာနဗုဒ္ဓဂိုဏ်း၏ ရွှေရောင် အလင်းတန်းများဆီ ပစ်လွှတ်နေကြသော်လည်း အချည်းနှီးသာ။ တောက်လောင်နေသော ယုံကြည်မှု စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ပြိုင်ဘက်ကင်း ထူထဲသော ကာကွယ်ရေး အလွှာကြီးကို မည်သို့မျှ မလှုပ်ခတ်စေနိုင်ပေ။
၎င်းတို့ထဲမှ သွေးရောင် အထစ်များပါသော ဦးချို တစ်စုံနှင့် လူတစ်ယောက်က ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်သည်။
"ငါတို့က လောကကြီး တစ်ခုလုံးကို လှည့်စားပြီး အရှေ့နယ်မြေကို ပစ်မှတ်ထားနေသယောင် ဖန်တီးခဲ့ပေမဲ့ တကယ့် ပစ်မှတ်က အနောက်ဒေသပဲ။ တိုက်ပွဲ တစ်ပွဲတည်းနဲ့ ငါတို့ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်နိုင်ခဲ့ပြီး ဖိုဂိုဏ်း တပည့် မရေမတွက်နိုင်အောင် သတ်ဖြတ်ကာ ဖိုဂိုဏ်းကို မောင်းထုတ်နိုင်ခဲ့တယ်။ ငါတို့ရဲ့ အောင်မြင်မှုက သေချာနေပြီလို့ ထင်ခဲ့တာ။ လောကကြီးမှာ အဆုံးမရှိတဲ့ ယုံကြည်မှု စွမ်းအားတွေ ရှိနေမှန်း ငါတို့ သိခဲ့ရင်တောင် မဟာယာနဗုဒ္ဓတွေကို မိစ္ဆာ အဖြစ် ပြောင်းလဲပစ်ဖို့ စီစဉ်ထားခဲ့ပြီး ငါတို့ အောင်ပွဲခံရမှာ အသေအချာပဲ။ ယုံကြည်မှု စွမ်းအားကို ရင်ဆိုင်ဖို့ နည်းလမ်းတွေတောင် ရှိခဲ့ပေမဲ့ ငါတို့က တစ်လှမ်း နောက်ကျသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"
"တစ်စုံတစ်ယောက်က ပြောဖူးတယ်။ 'မိစ္ဆာဆိုတာ မဟာယာနဗုဒ္ဓရဲ့ ဒေါသတရားဖြစ်ပြီး ရမ်းကားနေတတ်တယ်... ဗုဒ္ဓဆိုတာ မိစ္ဆာရဲ့ နှလုံးသားဖြစ်ပြီး ရက်စက် ကြမ်းကြုတ်တယ်' တဲ့။ အခုမှပဲ ဒီစကားက ဘယ်လောက် မှန်ကန်လဲ ဆိုတာ ငါသိသွားပြီ။"
"မင်းတို့ ဖိုဂိုဏ်းက မိစ္ဆာတွေကို မဟာယာနဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာအောင် ပြောင်းလဲပစ်ဖို့ သက်သက်နဲ့ ယုံကြည်မှုတွေကို မီးရှို့ပစ်ခဲ့တယ်။ ကမ္ဘာကြီးကို စစ်မှန်တဲ့ ဖိုနိုင်ငံတော် အဖြစ် ဖန်တီးပစ်လိုက်တာပဲ။"
"တကယ့်ကို ရက်စက်လွန်းတယ်။"
"အားလုံးပဲ... အခြေအနေက ဆိုးရွားနေပြီမို့ အရာအားလုံးကို သတ်ဖြတ်ပစ်ကြစို့။"
မိစ္ဆာဂိုဏ်း၏ မဟာ အကြီးအကဲ ဖြစ်သူ ထိုလူက ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ် အတွင်းရှိ မိစ္ဆာသွေးများကို လောင်ကျွမ်းစေလိုက်ရာ သူ့ အရှိန်အဝါများ တဟုန်ထိုး မြင့်တက်လာပြီး အမြင့်မားဆုံး အထွတ်အထိပ် တစ်ခုသို့ ရောက်ရှိသွားတော့သည်။
သူက အင်မော်တယ် လက်နက် တစ်ခုကို ဝှေ့ယမ်းကာ ဧရာမ မဟာယာနဗုဒ္ဓရုပ်ပွားတော်ကြီးဆီသို့ ပြေးဝင် တိုက်ခိုက်၏။
မိစ္ဆာမီးတောက် လှိုင်းလုံးများက အနောက်နယ်မြေ၏ ကောင်းကင်နှင့် မြေကြီး တစ်လျှောက် ရိုက်ခတ်သွားသော်လည်း နောက်ဆုံးတွင် တာအိုဗုဒ္ဓ၏ အလင်းတန်းများအောက်၌ ဖိနှိပ်ခြင်း ခံလိုက်ရသည်။
ကောင်းကင်ယံကို ပျက်စီးစေလောက်သည့် ကြီးမားသော စစ်ပွဲကြီး တစ်ရပ် ပေါက်ကွဲထွက်လာတော့သည်။
နောက်ဆုံးတွင် မိစ္ဆာ မဟာ အကြီးအကဲမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြုတ်ကျသွားပြီး သူ့ အရှိန်အဝါများ လျင်မြန်စွာ ကျဆင်းသွားလေပြီ။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ မိစ္ဆာဂိုဏ်း တပည့်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေကြပြီး အချို့မှာ အလင်းပြခံရကာ နောက်တစ်ဆင့်သို့ ကူးပြောင်းသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် လွန်ကဲသော ဝမ်းနည်းမှုနှင့် ဒေါသတို့ ဆူပွက်လာတော့သည်။ ခန္ဓာကိုယ်မှ ဒဏ်ရာများကို အာရုံခံမိချိန်တွင် သူ့ မျက်နှာပေါ်၌ လှောင်ပြောင်သော အပြုံးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
"ဖြစ်ပြီးတာတွေလည်း ဖြစ်သွားခဲ့ပြီ။ ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားတာနဲ့ နောင်အနာဂတ်မှာ ငါတို့ မိစ္ဆာဂိုဏ်းတွေ ပြန်လည် ထကြွလာဖို့ ဆိုတာ ခက်ခဲသွားလိမ့်မယ်။ တကယ်ကို ခက်ခဲလွန်းတယ်။ ကောင်းပြီလေ... ဒါဆိုရင်လည်း..."
သူ့ မျက်နှာမှာ ရုတ်တရက် သွေးရောင် လွှမ်းသွားပြီး ရက်စက်သော အသွင်ပေါ်လာကာ မျက်ခုံးနှစ်ခုကြားသို့ လှမ်းဆွဲလိုက်သည်။ သူ့ မူလဝိညာဉ် အတွင်းမှ အဆောင်ပြား တစ်ခုကို ဆွဲထုတ်လိုက်ခြင်းပင်။
"မင်းတို့က ယုံကြည်မှု စွမ်းအားတွေကို မီးရှို့ပြီး အကုန်အစင် သုံးလိုက်မှတော့ အသန်မာဆုံး ကာကွယ်ရေးကို ဆုံးရှုံးသွားပြီပဲ။ အိုး... ငါတို့ မိစ္ဆာဂိုဏ်းတွေကို ဖျက်ဆီးပစ်ချင်တာလား။ အဲ့ဒီအစား ငါက မင်းတို့ ဖို့ဂိုဏ်းဆီ ကပ်ဘေးတစ်ခု ဆောင်ကြဉ်းပေးမယ်။"
မိစ္ဆာ မဟာ အကြီးအကဲက နှုတ်ခမ်းဟကာ အဆောင်ပြားပေါ်သို့ ဝိညာဉ်သွေး အနှစ်သာရ တစ်လုတ်စာ မှုတ်ထုတ်လိုက်တော့သည်။
***