တစ်နှစ်ပတ်လုံး ရေခဲနှင်းများ ဖုံးလွှမ်းနေပြီး ဓားသွားများကဲ့သို့ အေးစက်သော လေပြင်းများ တိုက်ခတ်နေသည့် မြောက်ဘက်စွန်း နယ်မြေတွင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူများပင် အသက်ရှင် ရပ်တည်နိုင်ရန် ခက်ခဲလှပေသည်။
ထိုနယ်မြေမှာ အလွန် ခေါင်းပါးလှ၏။ ရေခဲတာအို တာအိုကို လိုက်စားသော ကျင့်ကြံသူ အနည်းငယ်သာ ထိုနေရာသို့ ခြေချကာ ဂူများ ဖောက်လုပ်၍ တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံလေ့ ရှိကြသည်။ သို့တိုင် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးအတွင်း လူသူအရိပ်အယောင် တစ်ခုမျှ မတွေ့ရပေ။
ပေတစ်သောင်း မြင့်မားသော ရေခဲတောင်ကြီး တစ်ခုအောက်တွင်တော့ လျှို့ဝှက် နေရာလွတ် တစ်ခုကို ဖန်တီးထားလေသည်။ ထိုနေရာတွင် မီတာတစ်ရာခန့် ကျယ်ဝန်းသော သွေးကန်ကြီး တစ်ကန် ရှိနေပြီး အတွင်း၌ ရှုပ်ထွေးသော အက္ခရာများနှင့် အစီအရင်များကို ထွင်းထုထား၏။ သွေးကန်ထဲမှ စိမ့်ထွက်လာသော မိစ္ဆာစွမ်းအင်များက ဖြည်းညှင်းစွာ စုစည်းလာပြီး ရုပ်လုံးပေါ်လာတော့သည်။
အလွန် အေးစက်သော အပူချိန် အောက်တွင်ပင် သွေးများမှာ ခဲသွားခြင်း မရှိဘဲ အရည်အသွင်ဖြင့် လုံးဝ တည်ရှိနေဆဲပင်။
ထိုနေရာတွင် ပုံဆောင်ခဲ ခေါင်းတလား (၈၁) ခု ရှိနေပြီး တစ်ခုစီတိုင်းတွင် အလောင်း တစ်လောင်းစီ ပါဝင်နေသည်။ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်း တစ်ခုခုဖြင့် ထိုအလောင်းများ တစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများကို ချိပ်ပိတ်ထားပြီး တာအို သံကြိုးများဖြင့်ပင် ရစ်ပတ် ချည်နှောင်ထားလေသည်။
ထိုအခိုက်အတန့်တွင် အလင်းတန်းများ ပွင့်အာလာပြီး သွေးကန်ကြီးမှာ ကောင်းကင်ယံသို့ လှိုင်းထလာတော့သည်။ ကြောက်မက်ဖွယ် အရှိန်အဝါလှိုင်းများ လေထဲသို့ ပျံ့နှံ့သွားပြီး လိုဏ်ဂူတစ်ခုလုံးကို လွှမ်းခြုံသွား၏။
လှိုင်းထနေသော သွေးများက ဆက်လက် တုန်ခါနေပြီး ၎င်းတို့ထဲမှ အက္ခရာ တန်းစီများ ထွက်ပေါ်လာသည်အား တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ပုံဆောင်ခဲ ခေါင်းတလား (၈၁ )ခုမှာ ရုတ်တရက် မီးတောက်များ လွှမ်းခြုံသွားပြီး တောက်ပသော အလင်းတန်းများ အဖြစ် ပြောင်းလဲကာ သွေးကန်ထဲသို့ ထိုးဆင်းသွားကြသည်။ လိုဏ်ဂူ နံရံများပေါ်တွင် သွေးရောင် မျဉ်းကြောင်းများ စီးကျလာသည်ကို တွေ့မြင်နိုင်ပေသည်။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ထိုနေရာ တစ်ခုလုံး ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် မိစ္ဆာနယ်မြေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မကြာမီ ပုံဆောင်ခဲ ခေါင်းတလားများ အတွင်းရှိ အလောင်းများနှင့် စုစည်းနေသော သွေးကန်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီး ကြီးမားသော တံခါးပေါက်ကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားလေသည်။
ထိုတံခါးပေါက်ကြီးမှာ သွေးရောင် လွှမ်းနေပြီး ကြောက်မက်ဖွယ် ကောင်းသော နိမိတ်ဆိုး တစ်ခုကို ထုတ်လွှတ်နေ၏။
အချိန်အနည်းငယ် အကြာတွင် ပခုံးပေါ်၌ ခေါင်းနှစ်လုံး ပါရှိသော အလွန် အရုပ်ဆိုးသည့် သတ္တဝါ တစ်ကောင် တံခါးပေါက်မှ ထွက်ပေါ်လာပြီး ၎င်း ခန္ဓာကိုယ်မှ အသက်ရှူကျပ်စေလောက်သည့် မိစ္ဆာဝိညာဉ် အရှိန်အဝါများ ဖြာထွက်နေသည်။ ၎င်းနောက်တွင်တော့ အရိုးစု သတ္တဝါ တစ်ကောင် ထပ်မံ ထွက်ပေါ်လာပြီး ၎င်း၏ အရိုးများမှာ ရွှေရောင် ရင့်ရင့် သန်းနေကာ ကြောက်မက်ဖွယ် စွမ်းအားများကို ဖိနှိပ်ထားလေသည်။
"ဒါက တကယ်ပဲ တခြား ကမ္ဘာတစ်ခုပဲ... လုံးဝ အသစ်စက်စက် ကမ္ဘာတစ်ခု။ လူသားတွေရဲ့ အသားနံ့ကို ငါရနေတယ်... အရမ်း ကောင်းမွန်တဲ့ သွေးတွေနဲ့ ဆွဲဆောင်မှု ရှိတဲ့ ဝိညာဉ်တွေပဲ။ မိုတိုရို... ငါ့ဝိညာဉ်က ဟိန်းဟောက်နေပြီ... ငါ့အရိုးတွေ တုန်ယင်နေပြီကွ။ သတ်ဖြတ်ခြင်း ပွဲတော်ကြီး ဆင်နွှဲဖို့ ငါ့ကိုယ်ငါတောင် မနည်း ထိန်းထားရတယ်။"
"မလောနဲ့ဦး။ ဒဏ္ဍာရီတွေ အရဆိုရင် ရှေးဟောင်း နယ်စားမင်းတွေက ဒီနေရာမှာ အမွေအနှစ်တွေ ချန်ထားခဲ့ပြီး နေရာ အတိအကျကိုပါ ထားခဲ့တာ... သူတို့ အမွေအနှစ်ကို ဆက်ခံမယ့် သင့်တော်တဲ့ သူကို စောင့်မျှော်နေတာပဲ။ အမွေအနှစ် နေရာ ပွင့်သွားတာနဲ့ ဒါက အသားနဲ့ သွေး ပွဲတော်ကို စတင်ဖို့ ငါတို့အတွက် အချက်ပြတာ ဖြစ်လာလိမ့်မယ်။ အခုတော့ ငြိမ်ငြိမ်လေး နေပြီး အမိန့်ကို စောင့်နေ။ လူတွေ ထပ်ရောက်လာဖို့ စောင့်ရဦးမယ်။"
"ကောင်းပြီ... မင်း ဒီမှာစောင့်နေ။ သူတို့ကို သွားအကြောင်းကြားလိုက်ဦးမယ်။"
"မြန်မြန် လုပ်။"
ချူယန် တောင်ထွတ်တွင်။
ချူယန် တောင်ထွတ်၏ ကောင်းကင်ယံတွင် ရပ်နေရင်း အနောက်ဘက်မှ တိုက်ခတ်လာသော ဟိန်းဟောက်နေသည့် လေပြင်းများကို ကျန်းမင် ခံစားလိုက်ရသည်။ သူ့ နတ်ဘုရား မျက်လုံးများဖြင့် မိုင်သောင်းပေါင်းများစွာ အကွာအဝေးကို လှမ်းကြည့်လိုက်ရာ ထိုနေရာရှိ အခြေအနေအား ခြုံငုံ မြင်တွေ့လိုက်ရ၏။
"အင်မော်တယ် လက်နက်တွေ တပ်ဆင်ထားတဲ့ အကြို အင်မော်တယ် တစ်ယောက်တောင်မှ အဆုံးမရှိတဲ့ ယုံကြည်မှု စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ တာအိုဗုဒ္ဓကို မယှဉ်နိုင်ဘူးပဲ။ ဖိုဂိုဏ်းက တကယ့်ကို လျှို့ဝှက်ချက် အများဆုံး ဂိုဏ်းဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်။ ကောင်းကင်မိစ္ဆာ တာအို ခြောက်သွယ်ကို တိုက်ရိုက် အမြစ်ဖြတ်ဖို့ စီစဉ်ထားတာပဲ။"
ကျန်းမင် အံ့အားသင့်သွားသည်။
သူ့ မျက်လုံးထဲတွင် မိစ္ဆာဂိုဏ်း တပည့် အများအပြား အနက် တစ်စိတ်တစ်ပိုင်းမှာ တာအိုဗုဒ္ဓ၏ အလင်းတန်းများအောက်တွင် လုံးဝ ပြာကျသွားသည်ကို တွေ့လိုက်ရ၏။ အချို့မှာ အလင်းပြခံရပြီး ကျန်ရှိနေသော ကြီးမားသည့် အစိတ်အပိုင်းမှာမူ မိစ္ဆာမှနေ၍ သူတော်စင်များ အဖြစ် ပြောင်းလဲသွားကြသည်။
ဤကဲ့သို့သော အလင်းပြခြင်းမှာ လူတစ်ယောက်၏ စိတ်နှင့် ဆန္ဒကို လုံးဝ ဖျက်ဆီးပစ်ပြီး တာအိုဗုဒ္ဓ၏ သစ္စာအရှိဆုံး နောက်လိုက် တစ်ယောက်အဖြစ် ပြောင်းလဲပစ်ခြင်းပင်။ သူတို့ ခန္ဓာကိုယ် အတွင်းရှိ မိစ္ဆာ အရှိန်အဝါနှင့် စွမ်းအားများပင်လျှင် တာအိုဗုဒ္ဓ စွမ်းအားအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ဉာဏ်မမီနိုင်လောက်အောင်ပင်။
မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူများသာ ကျန်ရစ်တော့သည်။ ဤအတိုင်း ဆက်သွားလျှင် ထိုတပည့်များမှာ သေဆုံးခြင်း သို့မဟုတ် အလင်းပြခံရခြင်း နှစ်ခုထဲမှ တစ်ခုနှင့် သေချာပေါက် ရင်ဆိုင်ရပေမည်။ တခြား ရွေးချယ်စရာ လမ်းကြောင်း မရှိတော့ချေ။
"မိစ္ဆာဂိုဏ်းတွေကို အလင်းပြဖို့ သက်သက်နဲ့ သူတို့ရဲ့ အရင်းအမြစ် အားလုံးကို ကုန်ခမ်းခံလိုက်တာပဲ။ ပေးဆပ်လိုက်ရတာ ကြီးမားပေမဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ အရင်းအမြစ်တွေကို ပြန်ရလိုက်တော့ မျှတတဲ့ အရောင်းအဝယ် တစ်ခုလို့ ထင်ရတယ်။ မဟုတ်သေးဘူး... ဒါက ကြီးမားတဲ့ အမြတ်အစွန်းကြီးပဲ။"
ထိုအခိုက်အတန့်တွင် ဖိုဂိုဏ်း ဘုန်းတော်ကြီး သုံးပါးက အကြို အင်မော်တယ် တပည့် တစ်ယောက်အား ဝင်ရောက် တိုက်ခိုက်နေသည်ကို ကျန်းမင် တွေ့လိုက်ရသည်။ ဧရာမ တာအိုဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဖိနှိပ်မှုအောက်တွင် ထိုသုံးယောက်က ပြိုင်ဘက်ကို အလွယ်တကူပင် အလင်းပြလိုက်ကြ၏။ ထို အကြို အင်မော်တယ်မှာာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန်ပင် အခွင့်အရေး မရလိုက်ပေ။
ကျန်းမင်၏ အကြည့်က ဧရာမ တာအိုဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရိုက်ချခြင်း ခံလိုက်ရသော ကျင့်ကြံသူ တစ်ယောက်ထံ ရောက်သွားသည်။ ထိုကျင့်ကြံသူက အဆောင်ပြား တစ်ခုကို ထုတ်ယူလိုက်သည်အား မြင်လိုက်ရချိန်တွင် အကြောင်းပြချက် မသိရဘဲ ကျန်းမင် စိတ်ထဲ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာတော့သည်။
ထိုသူ၏ အချက်အလက်များကို ကြည့်ရှုရန် လူ့ဘုံ မှတ်တမ်းအား အလျင်အမြန် ဖွင့်လိုက်၏။
အမည် - လော့ပါထျန်
လူမျိုး - ရှုလော် မျိုးနွယ်
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - အကြိုအင်မော်တယ်အဆဆင့်
နောက်ခံ - ရှုလော်ဂိုဏ်း၏ မဟာ အကြီးအကဲ
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - အင်မော်တယ် (ရှုလော် ခန္ဓာကိုယ်)
အခြေအနေ - မူလက လူသား မျိုးနွယ် ဖြစ်သော်လည်း သူ့ သွေးကြောများထဲတွင် ရှုလော် သွေးများ စီးဆင်းနေသည်။ သူက ရှုလော် မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး မိစ္ဆာ ကျင့်စဉ်များကို လေ့ကျင့်ခဲ့သည်။ ကြီးမားသော ကံကောင်းမှုများ ရရှိခဲ့သဖြင့် သူ့ ခန္ဓာကိုယ်ကို အသူရာ ခန္ဓာကိုယ် အဖြစ် ပြောင်းပြန် ဖန်တီးနိုင်ခဲ့ပြီး လူသား မျိုးနွယ်၏ အရိုးနှင့် သွေးများကို ဖယ်ရှားကာ လူသား တစ်ယောက် အဖြစ်မှ လုံးဝ ရပ်စဲသွားခဲ့သည်။
ပြိုင်ဘက်ကင်း မြင့်မားသော ပါရမီဖြင့် သူက တိုက်ခိုက် လာခဲ့ပြီးနောက် အသူရာ မိစ္ဆာဂိုဏ်း၏ သူတော်စင် သားတော် ဖြစ်လာခဲ့သည်။ မိစ္ဆာဂိုဏ်းကြီး ခြောက်ဂိုဏ်းကို ပေါင်းစည်းရန် ရိုင်းစိုင်းသော ရည်မှန်းချက်များ ထားရှိခဲ့ပြီး သူ့ တရားမဝင် သားဖြစ်သူ လော့ရှားလီအား ယင်မိစ္ဆာဂိုဏ်း အတွင်းသို့ လျှို့ဝှက် ထည့်သွင်းခဲ့သည်။ လော့ရှားလီမှာ ယင်မိစ္ဆာဂိုဏ်း၏ သူတော်စင် သားတော် ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။ ကျန်းမင် သူ့အား သတ်ဖြတ်ချိန်တွင် သူက အင်မော်တယ်လုနီးပါး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဂိုဏ်းချုပ် ဖြစ်လာချိန်တွင် သူက ကျွမ်းကျင်သူ မရေမတွက်နိုင်အောင် လျှို့ဝှက် သတ်ဖြတ်ခဲ့ပြီး သူ့ ရှုလော် ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် ကောင်းသော ရှုလော် မိစ္ဆာ ခန္ဓာကိုယ် အဖြစ် ပြောင်းလဲရန် ကောင်းကင်ကို အန်တုသော အစီအရင် တစ်ခု ပြင်ဆင်ခဲ့သည်။
မိစ္ဆာဂိုဏ်းကြီး ခြောက်ဂိုဏ်းကို လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ဤကမ္ဘာသို့ ဆင်းသက်လာခဲ့သည့် ကောင်းကင်မိစ္ဆာ အနည်းငယ်မှ တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိထားသည်။ ဤ မိစ္ဆာဂိုဏ်းကြီး ခြောက်ဂိုဏ်းမှာ တဖြည်းဖြည်းနှင့် ကောင်းကင်မိစ္ဆာဂိုဏ်း အဖြစ် ပြောင်းလဲသွားခဲ့သည်။ မူလ တည်ထောင်သူများက အင်မော်တယ် နတ်ဘုရား တစ်ပါး ဆင်းသက်လာချိန် သို့မဟုတ် မိစ္ဆာဂိုဏ်းများ ဖျက်ဆီးခံရလုနီးပါး အခြေအနေမျိုးတွင် အသက်သွင်းနိုင်မည့် ကြီးမားသော အစီအရင် တစ်ခုကို ကမ္ဘာ၏ နေရာ အတိအကျတွင် ချန်ထားခဲ့ကြသည်။
အကြို အင်မော်တယ်အဆင့်သို့ ရောက်ရှိချိန်တွင် ကြီးမားသော အစီအရင် ပြီးစီးပြီ ဖြစ်ကြောင်း သတင်းရရှိခဲ့ပြီး သွေးကန် တစ်ခု ပြင်ဆင်ကာ လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက အန္တိမ အဆင့် အလောင်း ၈၁ လောင်းကို စုဆောင်းခဲ့သည်။ ထိုအလောင်းများတွင် အဆုံးမရှိသော စွမ်းအင်များကို ချိပ်ပိတ်ထားပြီး အချိန်မရွေး အသက်သွင်းရန် အသင့် ဖြစ်နေလေပြီ။
မိစ္ဆာဂိုဏ်းများ၏ အကြို အင်မော်တယ်များသာ သူ့ လျှို့ဝှက်ချက်ကို သိရှိကြသည်။
မရေမတွက်နိုင်သော စီစဉ်မှုများနှင့် အကြံအစည်များ အပြီးတွင် ကြီးမားသော အစီအရင်ကို အသက်သွင်းနိုင်မည့် အဆောင်ပြားကို ရရှိခဲ့ပြီး ၎င်း၏ တည်နေရာ အတိအကျကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဤ ချန်ယွမ် တိုက်ကြီးတွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု ရှိရမည်ဟုလည်း သူ ခန့်မှန်းခဲ့သည်။ မရေမတွက်နိုင်သော စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ရလဒ် မထွက်ပေါ်ခဲ့သဖြင့် ပိုမို သိရှိနိုင်ရန် တော်ဝင်မြေ အသီးသီးမှ စာအုပ်များကို ခိုးယူရန် အကြံအစည်များ ရေးဆွဲခဲ့သည်။
အချိန်ကျပြီဟု ခံစားရသောအခါ အရှေ့နယ်မြေကို သိမ်းပိုက်ရန် ယင်မိစ္ဆာဂိုဏ်း၏ အစီအစဉ်ကို အခွင့်ကောင်းယူကာ အနောက်နယ်မြေရှိ ဖိုဂိုဏ်းကို လျှို့ဝှက် ဖြိုခွင်းရန် အကာအကွယ် တစ်ခု အနေဖြင့် လုံယွမ်နှင့် ရေအောက်နဂါး အင်မော်တယ် မဟာမိတ် အဖွဲ့ကို ဖိတ်ခေါ်ခဲ့သည်။ ဖိုဂိုဏ်းက နှစ်ပေါင်း သန်းရာနှင့်ချီ စုဆောင်းထားသော ယုံကြည်မှု စွမ်းအားကို အသုံးပြု၍ သူ့ ရှုလော် မိစ္ဆာ ခန္ဓာကိုယ်ကို ဖန်တီးရန် စီစဉ်ခဲ့ပြီး ယခင်က မည်သူမျှ မရောက်ဖူးသော အဆင့် တစ်ခုသို့ ရောက်ရှိရန် ရည်ရွယ်ခဲ့သည်။ ထိုသို့ဆိုလျှင် သူ အလင်းပြခံရပါကတောင် သာမန် တပည့် တစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
မထင်မှတ်ဘဲ သူက လှောင်အိမ်ထဲ ဝင်လာသော ကျားတစ်ကောင်လို မဟာယာန ဗုဒ္ဓဂိုဏ်း၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့သည်။ ဖိုဂိုဏ်းက အရာခပ်သိမ်းကို အလင်းပြနိုင်သည့် ဧရာမတာအို ဗုဒ္ဓ တစ်ဆူ ဖန်တီးရန် အဆုံးမရှိသော ယုံကြည်မှု စွမ်းအားများကို မီးရှို့ပစ်နိုင်မှန်း သိလိုက်ရချိန်တွင်တော့ ပို၍ပင် မထင်မှတ်ထားခဲ့ပေ။ ဤသည်က သူ့ အစီအစဉ်များကို လုံးဝ ပျက်စီးသွားစေခဲ့သည်။
အကယ်၍ သူ အလင်းပြခံရပါက သူ့ ကိုယ်ပိုင် အသိစိတ် ပျောက်ဆုံးသွားမည် ဖြစ်ပြီး အခြားသူများ၏ ကြိုးဆွဲရာ ကမည့် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်လာမည်ကို သူ နားလည်ထားသည်။ သို့သော် သူ အလင်းပြ မခံလိုလျှင် သေခြင်းတရားသာ ရှိတော့သည်။ မည်သို့ပင် ဖြစ်စေ သေရတော့မည် ဖြစ်ရာ ကမ္ဘာကြီး တစ်ခုလုံးကို သူနှင့်အတူ ဆွဲချရန် စီစဉ်ခဲ့ပြီး ကြီးမားသော အစီအရင်ကို အသက်သွင်းရန် တွေဝေခြင်း မရှိဘဲ အဆောင်ပြားကို အသုံးပြုလိုက်တော့သည်။
တံခါးပေါက်များ ပွင့်လာသည်နှင့်အမျှ ဗရုတ်သုက္ခများ လိုက်ပါလာတော့မည်။
သူ့ အခြေအနေကို ဖတ်ရှုပြီးနောက် မိစ္ဆာဂိုဏ်းကြီး ခြောက်ဂိုဏ်းတွင် ဤမျှ လျှို့ဝှက်ထားသော နောက်ဆုံး ဖဲချပ် တစ်ခု ရှိနေလိမ့်မည်ဟု ကျန်းမင် အံ့အားသင့်သွားသည်။
အရင်ကလည်း နတ်ဆိုးဘုရင်၏ ဝိညာဉ်မျိုးစေ့ ဝင်ပူးခြင်း ခံထားရသော မိစ္ဆာ ကျွမ်းကျင်သူ တစ်ယောက်ကို ကျန်းမင် သတ်ဖြတ်ခဲ့ဖူးသည်။ ယခုအခါ မိစ္ဆာဂိုဏ်းများမှာ ပိုမို မြင့်မားသော နယ်ပယ်မှ သတ္တဝါများ၏ အမွေအနှစ်မှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း သူ သေချာသွားလေပြီ။ ဤမိစ္ဆာဂိုဏ်းများကို လုံးဝ အမြစ်ဖြတ်ရန် မဖြစ်နိုင်ခြင်းမှာလည်း ထိုအကြောင်းကြောင့် ဖြစ်ပေလိမ့်မည်။
"ကံမကောင်းစွာနဲ့ပဲ... ဒီအစီအရင်ရဲ့ တည်နေရာကို မှတ်တမ်းထဲမှာ ဖော်ပြမထားဘူး။"
ကျန်းမင်က မတတ်သာဘဲ သက်ပြင်းချလိုက်၏။
အကယ်၍ သူသာ တည်နေရာ အတိအကျကို သိပါက သွားရောက် ဖျက်ဆီးပစ်နိုင်သေးသည်။ တခြား ကမ္ဘာကနေ ကူးလာမယ့် မိစ္ဆာတွေ ရှိနေရင်တောင် သူ အားလုံးကို သတ်ပစ်လိုက်လို့ ရသည်။ သို့သော် နေရာ အတိအကျကို မသိသဖြင့် သူ ဘာမှ လုပ်၍ မရတော့ပေ။
ကျန်းမင်က အခြား အကြို အင်မော်တယ် အချို့၏ အခြေအနေများကို ဆက်လက် စစ်ဆေးကြည့်သော်လည်း မည်သူကမျှ ထိုအကြောင်းကို မသိကြချေ။
ထိုအချိန်တွင် လော့ပါထျန်မှာ လုံးဝ မီးလောင် ပြာကျသွားပြီ ဖြစ်ပြီး ကံကြမ္မာ ကြိုးမျှင်များ အားလုံး အပြီးတိုင် ပျောက်ကွယ်သွားလေပြီ။
" အစ်ကိုကြီး... ဘာဖြစ်လို့လဲ"
သူ့ကို ဖက်တွယ်ထားသော ဓာတ်ကြီးငါးပါး လင်းလုံက မေးလာသည်။
"ငါတို့ ကမ္ဘာကြီးဆီ ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မယ်။"
ကျန်းမင် ရိုးရှင်းစွာ ရှင်းပြလိုက်၏။
လော့ပါထျန် အပေါ် သူ အနည်းငယ် လေးစားမိသည်။ ဤလူမှာ လူ-မိစ္ဆာ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော်လည်း လူသားဘက်ခြမ်းမှ အသားနှင့် သွေးများကို ဖယ်ရှားနိုင်ခဲ့ပြီး ရှုလော် ခန္ဓာကိုယ် အဖြစ် ပြောင်းပြန် ဖန်တီးကာ နောက်ပိုင်းတွင် ရှုလော် မိစ္ဆာ ခန္ဓာကိုယ် အဖြစ်ပင် တိုးတက်လာခဲ့သည်။
ထိုအချက်များကို ဘေးဖယ်ထားလျှင်ပင် သူက ရှုလော် မိစ္ဆာဂိုဏ်း၏ သူတော်စင် သားတော် ဖြစ်လာခဲ့ပြီး သူ့ တရားမဝင် သားကိုပင် ယင်မိစ္ဆာဂိုဏ်း အတွင်းသို့ သွင်းပေးနိုင်ခဲ့သည် မဟုတ်ပါလား။
ရလဒ်အနေဖြင့်ကား။
သားအဖ နှစ်ယောက်လုံး သူတော်စင် သားတော်များ ဖြစ်လာကြပြီး နောက်ပိုင်းတွင် ဂိုဏ်းချုပ်များ၊ နောက်ဆုံးတွင် အကြို အင်မော်တယ် မဟာ အကြီးအကဲများ ဖြစ်လာခဲ့ကြသည်။
ဤသည်မှာ သာမန် ထူးချွန်ရုံ သက်သက် မဟုတ်ဘဲ အလွန် ပြောင်မြောက်သော စွမ်းဆောင်ရည်ပင်။
အကယ်၍ သူသာ မရှိခဲ့လျှင် ဤသားအဖ နှစ်ယောက်က မိစ္ဆာဂိုဏ်းကြီး ခြောက်ဂိုဏ်းကို ပေါင်းစည်းပြီး ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂုဏ်ကျက်သရေကို ပြန်လည် ရှင်သန်လာစေနိုင်မည်ဟုပင် ကျန်းမင် တွေးလိုက်မိသည်။
သူသာ မပါဝင်ခဲ့လျှင် ယင်မိစ္ဆာဂိုဏ်းမှာ ဖျက်ဆီးခံရမည် မဟုတ်ပေ။ ယခု လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများအရ ဆိုလျှင် လော့ရှားလီ အနေဖြင့် ယင်မိစ္ဆာဂိုဏ်း၏ ကျွမ်းကျင်သူများကို ဦးဆောင်ပြီး အနောက်နယ်မြေကို တိုက်ခိုက်ရန် လုံယွမ်၊ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ် အဖွဲ့တို့နှင့် မဟာမိတ် ဖွဲ့ကာ ကြီးမားသော အကျိုးအမြတ်များ ပေးမည်ဟု ကတိပေးကာ စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းများဖြင့် ဆွဲဆောင်နိုင်ပေလိမ့်မည်။ မိစ္ဆာဂိုဏ်း ငါးဂိုဏ်းကို ကယ်တင်နိုင်ရုံသာမက ဖိုဂိုဏ်းကိုပါ လုံးဝ အထိနာအောင် လုပ်နိုင်စွမ်း ရှိသည်။
" အစ်ကိုကြီး... ဘယ်လို ကပ်ဘေးမျိုးလဲ။"
"နယ်မြေပြင်ပက မိစ္ဆာတွေ ကျူးကျော်လာတဲ့ ကပ်ဘေးပဲ။"
"မိစ္ဆာ ကပ်ဘေးတဲ့လား။"
လင်းလုံ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး အနောက်ဘက်သို့ လှမ်းကြည့်သည်။ သူမ ခဏတာ တွေးတောလိုက်ပြီးနောက် မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြတ်သန်းသွား၏။
လာမယ့် အရာတွေက နောက်ဆုံးတော့ ရောက်လာတာပဲ... ဒီတစ်ခါတော့ နည်းနည်း စောနေရုံလေးပါ။
ကံကောင်းသည်မှာ ဤဘဝတွင် စီနီယာ အစ်ကိုက မည်သည့် အင်မော်တယ် ကံကောင်းမှုများ ရရှိထားမှန်း မသိသော်လည်း ယခုအခါ အလွန် စွမ်းအားကြီးမားနေပြီ ဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူ ဘေးကင်းလောက်မှာပါ။
ကျန်းမင်က လင်းလုံ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိမထားမိဘဲ သူမကို ပွေ့ချီကာ အောက်သို့ ခုန်ဆင်းလိုက်သည်။
ရှီယောင်က အမိုးပေါ်သို့ ရောက်နေပြီ ဖြစ်ပြီး သူတို့နှစ်ယောက် အနီးသို့ ဆင်းသက်လာသည်ကို မြင်လျှင် အလျင်အမြန် မေးလာ၏။
"အစ်ကို ကျန်း... ဘာတွေ ဖြစ်နေတာလဲ။"
"နယ်မြေပြင်ပက မိစ္ဆာတွေ ကျူးကျော်လာတဲ့ ကပ်ဘေးပဲ။" ကျန်းမင်က လေးနက်စွာ ပြောပြသည်။ "မင်း ဂိုဏ်းကို သတင်းပို့သင့်တယ်။ မိစ္ဆာဂိုဏ်းတွေ ဖျက်ဆီးခံလိုက်ရပြီ... ဒါပေမဲ့ ငါတို့နယ်မြေ အပြင်ဘက်က နတ်ဆိုးတွေနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက် တစ်ခု ပွင့်သွားတယ်လို့ပဲ ပြောလိုက်ပါ။ ငါထင်တာ သူတို့ ဆင်းသက်လာလောက်ပြီ။ ရီယွဲ့ဂိုဏ်းကနေ တခြား တော်ဝင်မြေတွေကို သတင်းပို့ပြီး ကြိုတင် ပြင်ဆင်ထားဖို့နဲ့ တံခါးပေါက် တည်နေရာကို ရှာဖွေဖို့ ပြောလိုက်ပါ။"
"တံခါးပေါက် ဟုတ်လား။ နယ်မြေပြင်ပက မိစ္ဆာတွေ ကျူးကျော်လာတဲ့ ကပ်ဘေး။" ရှီယောင်၏ မျက်နှာထား လျင်မြန်စွာ ပြောင်းလဲသွား၏။ "အစ်ကို ကျန်း... ဒီသတင်းက သေချာရဲ့လား။"
"သေချာတယ်။"
"ဒါပေမဲ့... ဒါပေမဲ့ ငါ ဒီလို သတင်းမျိုးကို ပို့လိုက်ရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။"
"လင်းလုံကို စောင့်ရှောက်နေတဲ့ သူဆီက ရတဲ့ သတင်းလို့ပဲ ပြောလိုက်။ သတင်းသာ ဖြန့်လိုက်ပါ။ သူတို့ မယုံရင်လည်း နေပေါ့။"
"ကောင်းပြီလေ။"
ရှီယောင်က ခါးသီးစွာ ပြုံးပြကာ… သူတို့နှစ်ယောက်ကို ကျောမခိုင်းတော့ဘဲ မှန်တစ်ချပ် ထုတ်ယူကာ သူမ၏ အသိစိတ်ကို ကလောင်တံ အဖြစ် အသုံးပြုပြီး ရီယွဲ့ဂိုဏ်းထံ သတင်းများ စတင် ပေးပို့လေတော့သည်။
***