အနောက်နယ်မြေရှိ ကြီးမားသော အပြောင်းအလဲများက ကမ္ဘာကြီးကို တုန်လှုပ်သွားစေသည်။
ဖိုဂိုဏ်း အနေဖြင့် ဤကဲ့သို့သော အစီအစဉ်မျိုး ရေးဆွဲပြီး အကောင်အထည် ဖော်ရန် သတ္တိ ရှိလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။
နှစ်ပေါင်း သန်းရာနှင့်ချီ စုဆောင်းထားမှုများ အားလုံးကို တစ်ကြိမ်တည်းဖြင့် လောင်ကျွမ်းစေခဲ့သော်လည်း မိစ္ဆာဂိုဏ်း ငါးဂိုဏ်းကို လုံးဝ ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သို့သော် ပို၍ မထင်မှတ်ထားသည်မှာ ဤအရာက ကြီးမားသော ကပ်ဘေးကြီး တစ်ခု၏ အစပြုခြင်းသာ ဖြစ်နေခြင်းပင်။
ရှီယောင်က ချူယန် တောင်ထွတ်တွင် ဆက်နေခဲ့၏။
သူမ စကားနှင့် ပြောရလျှင် ဤမျှ ကြီးမားသော ကပ်ဘေးကြီးတွင် သူမ ရှိနေသည် ဖြစ်စေ၊ မရှိနေသည် ဖြစ်စေ ဘာမှ ကွာခြားသွားမည် မဟုတ်ပေ။ ဤနေရာတွင်သာ ဆက်နေပြီး အနာဂတ်အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် လေ့ကျင့်မှုများ ဆက်လုပ်ကာ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ခြင်းက ပိုကောင်းပေလိမ့်မည်။
"နယ်မြေပြင်ပက မိစ္ဆာတွေ ကျူးကျော်လာတဲ့ ကပ်ဘေး။ ဒီအကြောင်း တွေးလိုက်ရုံနဲ့တင် ငါ့ရင်ထဲ စိမ့်တက်သွားတာပဲ။"
ရှီယောင်မှာ ကိုယ့်ကိုယ်ကိုယ် မငြိမ်သက်နိုင်သေးပေ။ သူမက ကျန်းမင်ဘက် လှည့်၍ မေးလိုက်သည်။
"အစ်ကိုကြီး ဒီကိစ္စမှာ ပါဝင်ပတ်သက်မှာလား။"
ဇီလင်းလုံကလည်း ကျန်းမင်အား လှမ်းကြည့်ပြီး အဖြေကို စောင့်နေ၏။
ကျန်းမင်က ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး မျက်လုံးများက အဝေးရှိ အနောက်ဘက်ဆီ လှမ်းကြည့်နေဆဲပင်။ သူက ခေါင်းကို ဖြည်းညှင်းစွာ ယမ်းပြီး တီးတိုးရေရွတ်သည်။
"မင်း ပြောသလိုပါပဲ။ ငါ ရှိနေသည် ဖြစ်စေ၊ မရှိနေသည် ဖြစ်စေ ဘာမှ သိပ်ကွာခြားသွားမှာ မဟုတ်ဘူး။ ငါ ရှိနေလည်း ကပ်ဘေးက ဖြစ်လာမှာပဲ... ငါ မရှိရင်လည်း ကပ်ဘေးက ဖြစ်လာမှာပဲ။"
"အကယ်၍ ဒီနယ်မြေပြင်ပက မိစ္ဆာတွေ အရှေ့နယ်မြေ ချင်းပြည်နယ်ထဲ ဝင်လာရင်တော့ ငါ သဘာဝကျကျ ဝင်ပါရမှာပေါ့။ တခြား ကိစ္စတွေ အတွက်တော့... ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီမှာ သန့်စင်သော နယ်မြေတွေ အများကြီး ရှိနေတာပဲ... လောကကြီးရဲ့ စည်းစိမ်တွေကို သိမ်းပိုက်ထားခဲ့ကြတာ။ သူတို့ ပေးဆပ်ရမယ့် အချိန်တန်ပြီ။"
ရှီယောင်က ခါးသီးစွာ ပြုံးလိုက်ကာ…"နင်ပြောတာလည်း အဓိပ္ပာယ် ရှိတာပဲ။"
ထိုအခိုက်အတန့်တွင် ခေါင်းလောင်းသံ တစ်သံ ပဲ့တင်ထပ်လာသည်။
ခေါင်းလောင်းသံ ၈၁ ချက်က တာအို စွမ်းအားများကို နိုးထစေပြီး ကမ္ဘာမြေကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"ဒါ အင်မော်တယ် ခေါင်းလောင်းပဲ။"
ကျန်းမင် ချက်ချင်း အကဲဖြတ်လိုက်ပြီး မျက်နှာထား လေးနက်သွားသည်။
"ခေါင်းလောင်းသံက ကျုံးပြည်နယ်ကနေ လာတာ။"
"ကျုံးပြည်နယ်က အင်မော်တယ် ခေါင်းလောင်း ဟုတ်လား။"
ရှီယောင်၏ မျက်လုံးများ တောက်ပသွားပြီး ဆက်ပြောလာ၏။
"ဒဏ္ဍာရီ တစ်ခုကို ငါမှတ်မိသေးတယ်။ လောကကြီးမှာ ကပ်ဘေးကြီး တစ်ခု ဆိုက်ရောက်လာတော့မယ် ဆိုရင် ထျန်းယွမ် ကျောင်းတော်က ခေါင်းလောင်းထိုးပြီး လောကကြီးကို သတိပေးလေ့ ရှိတယ်တဲ့။ ထျန်းယွမ် ကျောင်းတော်က ကပ်ဘေးကို သတိထားမိသွားပြီ ထင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အကောင်းဆုံး တွက်ချက်ခြင်း တာအိုနဲ့ စောင့်ကြည့်ရေး နည်းလမ်းတွေ ရှိပြီး သက်တမ်း အရှည်ကြာဆုံး တည်ရှိနေတဲ့ အင်အားစုပဲလေ။"
"ခေါင်းလောင်း မြည်လာတယ် ဆိုတာ တော်ဝင်မြေ အသီးသီးကို စုစည်းဖို့ အဓိပ္ပာယ်လည်း သက်ရောက်တယ် မဟုတ်လား။"
လင်းလုံက မေးခွန်းထုတ်၏။
"ဖြစ်လောက်တယ်။"
ဖြေပြီးနောက် ရှီယောင် တိတ်ဆိတ်သွားတော့သည်။
တောင်ပေါ်လေက မနေ့ကအတိုင်း ပုံမှန် တိုက်ခတ်နေ၏။
ကျန်းမင်က စာအုပ် တစ်အုပ် ထုတ်ယူကာ တိတ်ဆိတ်စွာ ဖတ်နေလိုက်သည်။ အနောက်နယ်မြေရှိ ကြီးမားသော အပြောင်းအလဲများ သို့မဟုတ် နယ်မြေပြင်ပမှ မိစ္ဆာများ ကျူးကျော်လာခြင်းကို သူ သိပ်ဂရုမစိုက်ပေ။
လောကကြီး ကမောက်ကမ ဖြစ်နေသည် ဆိုသော်လည်း လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာကတည်းက ဤကဲ့သို့ပင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
ယခု သူ အစိုးရိမ်ဆုံး ကိစ္စမှာ ၁၀ နှစ် ပြည့်တော့မည့် အချိန်ပင်။
မည်သည့် အကျိုးအမြတ်များ ရရှိမည်ကို မသိသော်လည်း သေချာပေါက် မျှော်လင့်စောင့်စား ထိုက်ပေသည်။
သံသရာ ခန်းမဆောင်၏ အကျိုးခံစားခွင့် ရသူများလည်း ရှိနေသေးပြီး သူတို့ ဆင်းသက်လာမည်လား ဆိုသည်ကို တွေးတောနေမိ၏။
သူ့ အတွင်းကမ္ဘာမှာ လျင်မြန်စွာ ပြောင်းလဲ တိုးတက်နေသော်လည်း ပြီးပြည့်စုံရန် အချိန်အကြာကြီး လိုအပ်နေသေးသည်။
လင်းလုံက ကျန်းမင်၏ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ရှီယောင်ကမူ မျက်မှောင်အနည်းငယ် ကြုတ်လျက် အဝေးသို့ လှမ်းကြည့်နေသည်။
ညအမှောင် ကျလာချိန်တွင် အနောက်ဘက်မှ ဧရာမ တာအိုဗုဒ္ဓကြီး ပျောက်ကွယ်သွားပြီးနောက် ဘာမှ ထပ်မဖြစ်တော့ချေ။
ကျန်းမင်က စာအုပ်ကို ပိတ်ကာ မတ်တတ်ရပ်ကာ…"ကောင်မလေး... ကပ်ဘေးကြီးထဲမှာ ငါပါဝင်ပတ်သက်တာနဲ့ မပတ်သက်တာ ဘာကွာခြားမှု ရှိမယ်လို့ မင်းထင်လဲ။"
လင်းလုံ အစပိုင်းတွင် အံ့ဩသွားသော်လည်း သူဆိုလိုသည်ကို လျင်မြန်စွာ နားလည်သွားသည်။ သူမ ပြုံးလိုက်ပြီး …"စီနီယာ အစ်ကို... ဒီလောကကြီး တည်ရှိနေတာ ဘယ်လောက်တောင် ကြာပြီလဲ။ နှစ်တစ်သောင်းလား၊ နှစ်တစ်သိန်းလား၊ နှစ်ဆယ်သန်းလား၊ နှစ်သန်းတစ်ရာလား... ဒီကာလအတွင်းမှာ ဘေးဒုက္ခတွေ ဘယ်လောက်တောင် ဖြစ်ခဲ့ပြီးပြီလဲ။ ဒါပေမဲ့ လောကကြီးက အခုချိန်ထိ တည်ရှိနေဆဲပဲလေ။"
"ဒါပေမဲ့ ဒီတစ်ကြိမ်က မတူဘူး။ ဘာပဲဖြစ်ဖြစ် ဒါက နယ်မြေပြင်ပက မိစ္ဆာတွေ ကျူးကျော်လာတဲ့ ကပ်ဘေးပဲ။"
"ဟိုးအရင်တုန်းကကော ဘယ်လိုလဲ။ ကောင်းကင်မိစ္ဆာ ဂိုဏ်း ပေါ်လာတုန်းကကော နယ်မြေပြင်ပက မိစ္ဆာတွေ ကျူးကျော်လာတာ မဟုတ်ဘူးလား။ ရလဒ်ကကော... လောကကြီးက ဒီနေ့အထိ ဆက်လက် တည်ရှိနေဆဲပဲလေ။ အဲ့ဒီ ရှေးဟောင်း တော်ဝင်မြေတွေက မိစ္ဆာဂိုဏ်းတွေရဲ့ မူလအစကို သေချာပေါက် သိကြမှာပဲ။ သူတို့က တစ်ချိန်လုံး သိနေခဲ့လျက်သားနဲ့ ဘာလို့ အမြစ်မပြတ် ရှင်းလင်းပစ်ခဲ့တာလဲ။ ကောင်းပြီလေ... သူတို့မှာ ယုံကြည်မှု ရှိတယ်လို့ ကျွန်မ ထင်တယ်။ ဘယ်လို ယုံကြည်မှုလဲလို့ ရှင်မေးချင်မေးမယ်။ အဲ့ဒါက အထက်ဘုံတွေကို တက်လှမ်းသွားကြတဲ့ မျိုးဆက် အဆက်ဆက်က ဘိုးဘေးတွေပဲ။ အကယ်၍ နယ်မြေပြင်ပက မိစ္ဆာတွေ တကယ်ပဲ ငါတို့ကမ္ဘာကို ဆင်းသက်လာခဲ့ရင် တော်ဝင်မြေတွေရဲ့ နောက်ကွယ်က အင်မော်တယ် ဝိညာဉ်တွေက ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။"
"တော်ဝင်မြေတွေက အထက်ဘုံကို တက်လှမ်းသွားကြတဲ့ အင်မော်တယ် ဝိညာဉ်တွေနဲ့ ဆက်သွယ်လို့ ရသလား။"
"ဒါက ကျွန်မရဲ့ ခန့်မှန်းချက် သက်သက်ပါ။ ဘယ်သူ သိမှာလဲ။ စီနီယာ အစ်ကို... လောကကြီးက လူတစ်ယောက်တည်းကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး။"
မဟုတ်ဘူး... ဒါက ရေစီးကြောင်းကို ပြောင်းလဲပစ်ဖို့ အကြောင်းပဲ။
ကျန်းမင် သက်ပြင်းချလိုက်ကာ…"ဟူး... ငါက သာမန် အမြင်မျိုးနဲ့ တည်ငြိမ်တဲ့ စိတ်နှလုံးမျိုး မပိုင်ဆိုင်သေးဘူး ထင်ပါတယ်။"
အရှေ့ဘက် စစ်ပွဲကြီး အတွင်းက သူ့ အားနည်းမှုကြောင့် ဖြစ်စေ၊ ပင်ကိုယ် ခံစားသိရှိမှု နည်းပါးခြင်းကြောင့် ဖြစ်စေ ထိုအဖြစ်အပျက်တွင် ကျန်းမင် မပါဝင်ခဲ့ပေ။
သို့သော် အရှေ့နယ်မြေတွင် ဖြစ်ပွားခဲ့သော ဆင်းရဲဒုက္ခ အားလုံးကို မြင်တွေ့ပြီးနောက် သူ့ နှလုံးသားမှာ မငြိမ်မသက် ဖြစ်လာပြီး ပြင်းထန်သော ဒေါသများ ဆူပွက်လာခဲ့သည်။ ထိုအချိန်မှသာ ယင်မိစ္ဆာဂိုဏ်း တစ်ခုလုံးကို ညတွင်းချင်း ရှင်းလင်းပစ်ခဲ့ခြင်း ဖြစ်သည်။
"ညစာအတွက် သွားပြင်ဆင်လိုက်ဦးမယ်။"
ကျန်းမင်က မီးဖိုချောင်သုံး ပစ္စည်းများကို ယူကာ စတင် ပြင်ဆင်လေတော့သည်။
"စီနီယာ အစ်ကို... ညီမ ကူမယ်။"
လင်းလုံကလည်း လျှောက်လာ၏။
"ငါလည်း ကူမယ်။"
ရှီယောင်လည်း အလကား မနေချင်ပေ။
ယခုအချိန်တွင် အလကား နေရခြင်းက နှိပ်စက်ခံနေရသကဲ့သို့ပင်။
ချင်းယွင်ဂိုဏ်းတွင်။
"ရီယွဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က နယ်မြေပြင်ပ မိစ္ဆာတွေ ကျူးကျော်လာတဲ့ အကြောင်း အခုလေးတင် သတင်းပို့လာတယ်။ ငါတောင် မယုံရဲခဲ့ဘူး... ဒါပေမဲ့ သတိပေး ခေါင်းလောင်းသံ ထွက်လာတာ ဘယ်လောက်မှ မကြာသေးဘူးလေ။"
ဂိုဏ်းချုပ် မင်ယွီဇီက သက်ပြင်းချကာ…"ခန့်မှန်းနေစရာတောင် မလိုပါဘူး။ မိစ္ဆာဂိုဏ်းတွေ ဖျက်ဆီးခံရတော့မှာမို့လို့ သူတို့ရဲ့ နောက်ဆုံး လက်နက်ကို အသက်သွင်းလိုက်တာပဲ... သက်ရှိတွေကိုပါ သူတို့နဲ့အတူ ဆွဲချဖို့ နယ်မြေပြင်ပက မိစ္ဆာတွေကို ခေါ်လာဖို့ အရာအားလုံးကို စွန့်စားလိုက်တာ။ ဖိုဂိုဏ်း လုပ်ခဲ့တာက အရမ်း အစွန်းရောက်လွန်းပြီး မိစ္ဆာဂိုဏ်းတွေအတွက် ဘာအခွင့်အရေးမှ မချန်ထားခဲ့ဘူး။ ဒါက ဒီလို အခြေအနေမျိုးကို ဖြစ်လာစေတာပဲ။"
"ဟုတ်တယ်... ဖိုဂိုဏ်းက အရမ်း အစွန်းရောက်လွန်းတယ်။ သူတို့က မိစ္ဆာဂိုဏ်းတွေရဲ့ စည်းစိမ်တွေကို တကယ်ပဲ လိုချင်ခဲ့တာလား... ဒါမှမဟုတ် တစ်ခုခု ရှာတွေ့သွားတာလား။"
ချင်းဖုန်းဇီက မျက်မှောင်ကြုတ်လျက် ဆက်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မယ်... ငါတို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်။"
မင်ယွီဇီက ခါးသီးစွာ ပြုံးလျက် ပြောလာ၏။
"အရှေ့ဘက် စစ်ပွဲကြီး ပြီးသွားတာ သိပ်မကြာသေးဘူး... ဂိုဏ်းကလည်း အကြီးအကျယ် ထိခိုက်ထားတယ်။ ဒီလို မိစ္ဆာတွေ ကျူးကျော်လာတဲ့ ကပ်ဘေးမျိုး ထပ်ဆိုက်ရောက်လာရင် ငါတို့ တောင့်ခံနိုင်ပါဦးမလား။ ဒီနယ်မြေပြင်ပက မိစ္ဆာတွေ ဘယ်ကနေ ဆင်းသက်လာမှန်းတောင် ငါတို့ မသိသေးဘူး။"
"ခဏ စောင့်ဦး။ ငါ ထျန်းယွမ် ကျောင်းတော်ကို ခဏသွားလိုက်ဦးမယ်။"
ချင်းဖုန်းဇီက တီးတိုး ရေရွတ်ရင်း ထွက်ခွာသွားလေသည်။
မင်ယွီဇီက အပြင်ရောက်နေသော တပည့်များ အားလုံးကို စုစည်းကာ ကာကွယ်ရေး အခြေအနေသို့ ပြင်ဆင်ရန် စတင် လုပ်ဆောင်တော့သည်။
ချင်းယွင်ဂိုဏ်းသို့ ဧည့်သည် အဖြစ် ရောက်ရှိနေသော (၁၈) ယောက်မြောက် မင်းသားမှာ မှင်သက်နေ၏။
မူလက သူက ကျိုယန်ဂိုဏ်းကို ပြဿနာ ရှာချင်ခဲ့ပြီး သူကိုယ်တိုင်ပင် ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့သည်။ နောက်တစ်ဆင့် မလှမ်းရသေးခင်မှာပင် ထျန်းယွမ် ဂိုဏ်းမှ ခေါင်းလောင်းသံကို ကြားလိုက်ရပြီး ကျရောက်လာမည့် မိစ္ဆာ ကပ်ဘေး အကြောင်း သတင်းရရှိခဲ့သည်။
"ပြန်ကြစို့။" ချန်ယွင်က အကြံပေး၏။ "ဘာတွေ ဖြစ်နေလဲ ဆိုတာ ငါတို့ မသိရင်တောင် ချင်းယွင်ဂိုဏ်းရဲ့ တုံ့ပြန်ပုံနဲ့ ကျိုးအင်ပါယာက ပြန်ခေါ်တာကို ကြည့်ရင် ဒီတစ်ကြိမ် ပြဿနာ ကြီးလောက်တယ် ဆိုတာ ညွှန်ပြနေတာပဲ။ ပြန်သွားတာကသာ ပိုလုံခြုံလိမ့်မယ်။"
"ငါ တကယ်ပဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရတော့မှာလား။"
ကျိုးထျန်၏ မျက်နှာတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။
"ငါ ပြန်သွားရင်လည်း ဖိနှိပ်ခံရပြီး ဘယ်သူမှ သိမှာ မဟုတ်ဘူး။ သူတို့ ဒီလို ကခုန်နေတာကို ထိုင်ကြည့်နေရုံပဲ တတ်နိုင်တော့မှာလား။ ငါ ဒါကို လက်မခံနိုင်ဘူး။ ဒီတစ်ခေါက် ငါတို့ ပြန်မသွားဘူး။ ဒီကပ်ဘေးကြီးက ကြီးမားတဲ့ အခွင့်အရေးတွေ ရလာနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။"
ချန်ယွင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဒီကပ်ဘေးကို ကျော်ဖြတ်ဖို့ ငါတို့ ဘာကို သုံးရမှာလဲ။ ကြီးမားတဲ့ အခွင့်အရေးတွေ ရဖို့ ဘာကို သုံးရမှာလဲ။"
"ဒီကပ်ဘေးကြီးကို ရင်ဆိုင်ဖို့ ငါတို့မှာ တော်ဝင်မြေတွေ ရှိတယ်။ အခွင့်အရေးတွေ အတွက်လား... အင်း... ဒီကပ်ဘေးကြီးက ငါတို့ ထိန်းချုပ်မှု ရယူပြီး နယ်မြေတွေကို သိမ်းပိုက်ကာ ကိုယ်ပိုင် အင်အားစုတွေကို စီမံခန့်ခွဲဖို့ အခွင့်အရေးပဲ။"
ရရှိနိုင်မည့် အကျိုးအမြတ်များကို တွေးတောရင်း ကျိုးထျန်မှာ ဝမ်းသာမှုကို မထိန်းနိုင်တော့ချေ။
ချန်ယွင်က (၁၈) ယောက်မြောက် မင်းသားကို အရူး တစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
ကြီးမားတဲ့ အခွင့်အရေး ဆိုတာ သွားသေပါလား... ဒါ သေမင်းကို ဖိတ်ခေါ်နေတာပဲ။ ငါ သူ့ကို ဖျောင်းဖျလို့ မရရင် ဆက်ပြီး အလုပ်အကျွေး ပြုမနေတော့ဘူး...
သူ့စိတ်ထဲ ကျိန်ဆဲလိုက်မိ၏။
မြောက်ဘက်စွန်း နယ်မြေများတွင် တစ်နေရာလုံးကို မိစ္ဆာ စစ်သည် တစ်ယောက်က လွှမ်းခြုံထားပြီး အပြင်ဘက် ကမ္ဘာသို့ မည်သည့် အရှိန်အဝါမျှ မထွက်သွားစေရန် တားဆီးထားသည်။
မိစ္ဆာများက တံခါးပေါက်မှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး စုရုံးကာ လူ့ဘုံထဲသို့ ထွက်သွားပြီး အသားနှင့် သွေးများကို သတ်ဖြတ် စားသောက်ရန် အမိန့်ကို စောင့်မျှော်နေကြ၏။
နေရာ တစ်ခုတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီး တစ်ခု တည်ရှိနေသည်။ ထိုနန်းတော်ကြီးမှာ အဆုံးမရှိသော ဖရိုဖရဲ ရေစီးကြောင်းများကြားတွင် မျောပါရင်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်မှာ နှစ်ဘီလီယံပေါင်း မည်မျှ ကြာပြီမှန်း မသိတော့ပေ။
နန်းတော် အထပ်များထဲမှ တစ်ခု၏ ပင်မခန်းမဆောင် အတွင်း အသားအရောင်နှင့် မျိုးနွယ် မတူညီသော သတ္တဝါ အများအပြား ရှိနေပြီး အချို့က စကားပြောနေကြကာ အချို့က တိုက်ခိုက်နေကြသည်။
ရုတ်တရက် ခန်းမဆောင် တစ်ခုလုံး ပဲ့တင်ထပ်သွားလောက်အောင် ဩဇာတိက္ကမ ရှိသော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။
"အကျိုးခံစားခွင့် ရသူများ အားလုံး အာရုံစိုက်ပါ။ ပြီးပြည့်စုံသော ကမ္ဘာ တစ်ခု၏ ဂိုဏ်းတစ်ခုကို စူးစမ်းလေ့လာရန် အဆင့်နှစ် အများပြည်သူဆိုင်ရာ တာဝန် တစ်ခုကို ယခု ထုတ်ပြန်လိုက်သည်။ တာဝန်ကို လက်ခံပြီးပါက ဂိုဏ်း၏ ၈၀ ရာခိုင်နှုန်းကို အနည်းဆုံး စူးစမ်းလေ့လာရမည် ဖြစ်ပြီး မဟုတ်ပါက ဤနေရာသို့ အတင်းအကျပ် ပြန်လည် ဝင်ရောက်ခွင့် ပြုမည် မဟုတ်ပေ။ တာဝန်ကို လက်ခံပြီးပါက တာဝန်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပေးအပ်သွားမည်။"
"သတိပေးချက် - ကောင်းကင်နဂါး အဖွဲ့နှင့် ကျားမည်း အဖွဲ့တို့သည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ အပြတ်ရှင်းခံလိုက်ရပြီ ဖြစ်သည်။"
"အကြံပြုချက် - အများဆုံး အဖွဲ့ ၁၀ ဖွဲ့သာ သွားရောက်ခွင့် ပြုမည်။"
***