ထျန်းယွမ်ကျောင်းတော်၏ အစည်းအဝေး ခန်းမဆောင် အတွင်း၌…
ဖိုဂိုဏ်း အပါအဝင် မတူညီသော သန့်စင်မြေ အသီးသီးမှ အမြင့်ဆုံး အကြီးအကဲများ ဤနေရာတွင် စုဝေးရောက်ရှိနေကြ၏။
ပုံမှန် အချိန်များတွင်ဆိုလျှင် လူတိုင်းက ထျန်းယွမ်ကျောင်းတော်အား မမြင်ရသည့်အလား သဘောထားတတ်ကြသည်။ သို့သော် လောကကြီး၏ လုံခြုံရေးနှင့် ပတ်သက်၍ အမိန့်တစ်ရပ် ထုတ်ပြန်လာချိန်တွင်မူ မည်သည့် တော်ဝင်မြေကမျှ မလာဘဲ မနေရဲကြချေ။
လူတိုင်း နေရာယူပြီးနောက် လျူချန်ကုန်းက လေးနက်တည်ကြည်သော မျက်နှာထားဖြင့် လူအုပ်ကြီးအား ဝေ့ဝဲကြည့်၍ စကားစလိုက်သည်။
"မိတ်ဆွေတို့..."
"ထျန်းရှင်း ခေါင်းလောင်းဆိုတာ စကြဝဠာကနေ ဖြစ်တည်လာတဲ့ အင်မော်တယ် ရတနာတစ်ခုပဲ... လောကကြီးရဲ့ မူလဇစ်မြစ်နဲ့ ဆက်သွယ်နိုင်စွမ်း ရှိတယ်... ဒါပေမဲ့ ဒီနေ့မှာတော့ အဲ့ဒီခေါင်းလောင်းက သူ့အလိုလို ရှစ်ဆယ့်တစ်ကြိမ် တိတိ မြည်ဟည်းခဲ့တယ်... ဒါက လောကကြီးကို ပျက်စီးစေမယ့် ကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မယ်လို့ ကြိုတင် နိမိတ်ပြနေတာပဲ... ဒီမတိုင်ခင်က ရီယွဲ့ဂိုဏ်းက ဆရာတော် ဖန်ရှင်း ကျုပ်တို့ဆီ သတင်းတစ်ခု ပို့ခဲ့တယ်... သူ့သတင်းအရဆို နတ်ဆိုးဂိုဏ်းတွေကို ရှင်းလင်းလိုက်နိုင်ပြီ ဖြစ်ပေမဲ့ တခြားကမ္ဘာက နတ်ဆိုးတွေ ဝင်ရောက်လာမယ့် တံခါးပေါက်တစ်ခု ပေါ်လာပြီတဲ့..."
"အခုလို အားလုံးကို ဆင့်ခေါ်ရတဲ့ အကြောင်းရင်းက အခြေအနေ ဘယ်လောက် ဆိုးရွားနေပြီလဲ ဆိုတာကို အသိပေးချင်လို့ပါပဲ..."
"တစ်ချိန်တည်းမှာပဲ အဲ့ဒီတံခါးပေါက်ရဲ့ တည်နေရာကို သိတဲ့သူ ရှိမလားလို့ မေးချင်ပါတယ်... ဒါမှလည်း ကျုပ်တို့ အမြန်ဆုံး သွားရောက် ဖျက်ဆီးနိုင်မှာလေ... အဲ့လိုမှ မဟုတ်ဘဲ နတ်ဆိုးတပ်ကြီးသာ ရောက်လာခဲ့ရင် အခြေအနေတွေ ပိုဆိုးသွားလိမ့်မယ်... လောကကြီး ပျက်စီးသွားမယ့်အပြင် ကျုပ်တို့ရဲ့ နယ်မြေတွေလည်း ဖိနှိပ် ချေမှုန်းခံရလိမ့်မယ်..."
လျူချန်ကုန်း၏ အသံမှာ လေးနက်ပြီး ခက်ထန်နေ၏။
သို့သော် မည်သူကမျှ ထိုကိစ္စအား မသိထားသောကြောင့် သူ့ကို ပြန်လည် ဖြေကြားခြင်း မရှိကြပေ။
အစည်းအဝေး ပြီးဆုံးခါနီးတွင် သူတို့ ကောက်ချက် သုံးခု ချနိုင်ခဲ့ကြသည်။
ပထမအချက်… တံခါးပေါက်၏ တည်နေရာကို ရှာဖွေရန်။
ဒုတိယအချက်… စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားရန်။
တတိယအချက်… ထျန်းယွမ်ကျောင်းတော်က ဆက်သွယ်ရေး ဗဟိုချက် အဖြစ် တာဝန်ယူရန်တို့ ပင်။
ထိုနေ့တွင်ပင် တော်ဝင်မြေ အသီးသီးက သူတို့၏ လက်အောက်ခံ အဖွဲ့အစည်းများထံ အမိန့်များ အသီးသီး ထုတ်ပြန်ခဲ့ကြတော့သည်။
ကျွမ်းကျင်သူ အများအပြားမှာလည်း တံခါးပေါက်အား ရှာဖွေရန် နယ်မြေအနှံ့ ကင်းလှည့်နေခဲ့ကြသော်လည်း မည်သည့်အရာမှ ရှာမတွေ့ခဲ့ကြချေ။
ကျိုးယန်ဂိုဏ်းတွင်မူ…
ဤနေရာရှိ လူများမှာ သူတို့အပေါ် ကျရောက်လာတော့မည့် ကပ်ဘေးကြီး အကြောင်းကို လုံးဝ သတိမထားမိကြပေ။
စစ်ပွဲအတွင်း ကျဆုံးသွားသော တပည့်များအားလုံးကို သင်္ဂြိုဟ်ပြီး တောင်တံခါးကို ပြုပြင်ပြီးနောက် ချင်းပြည်နယ်ရှိ နေရာအနှံ့အပြားသို့ တပည့်များစွာ စေလွှတ်လိုက်ကြ၏။ ထိုသို့ စေလွှတ်ရခြင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရသော မိသားစုများ သို့မဟုတ် မျိုးနွယ်စုများ၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန်နှင့် အဖွဲ့အစည်း အားလုံးကို သူတို့၏ လက်အောက်သို့ အပြည့်အဝ ထည့်သွင်းရန် ဖြစ်သည်။
ချူယန် တောင်ထွတ်မှလွဲ၍ အခြား တောင်ထွတ် အသီးသီးမှ တပည့်များ အားလုံး စေလွှတ်ခံခဲ့ရသည်။
ကျီယန် တောင်ထွတ်တွင်မူ ပထမ အကြီးအကဲ သေဆုံးသွားခဲ့ပြီး တပည့်အများစုမှာလည်း ဂိုဏ်းမှ ထုတ်ပယ်ခံလိုက်ရသဖြင့် လက်တစ်ဆုပ်စာခန့်သာ ကျန်ရစ်တော့၏။
ဂိုဏ်းချုပ်မှာ ကျီယန် တောင်ထွတ်ကို မည်သို့ စီမံရမည်မှန်း မသိဖြစ်နေသည်။ ကျန်ရှိနေသော တပည့်များထဲတွင် ကျီယန် တောင်ထွတ်ကို ဦးဆောင်နိုင်လောက်အောင် အရည်အချင်း ပြည့်မီသူ တစ်ဦးတစ်ယောက်မှ မရှိပေ။ နောက်ဆုံးတွင် ဂိုဏ်းချုပ် ကိုယ်တိုင်သာ ကျီယန် တောင်ထွတ်ကို ယာယီ အုပ်ချုပ်နေရပြီး အနာဂတ်တွင် လွှဲပြောင်းရယူမည့်သူ တစ်ယောက်အား ရှာဖွေနေရတော့သည်။
ကျိုးယန်ဂိုဏ်း တစ်ခုလုံး အလုပ်ရှုပ်နေချိန်တွင် ကျန်းမင်ကမူ အရင်ကအတိုင်း အားလပ်နေဆဲပင်။ ယနေ့သည်ကား မဟာကျိုး ပြက္ခဒိန်အရ နှစ် ၉၉၉၇၊ အောက်တိုဘာလ နှစ်ဆယ်ရက်နေ့ ဖြစ်ပြီး စနစ် နိုးထလာခဲ့သည်မှာ ဆယ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့လေပြီ။
"နောက်ထပ် တစ်လပဲ..."
ကျန်းမင်က စာအုပ် ဖတ်နေရင်း နာရီဆီသို့ မျက်လုံး ရောက်သွား၏။
သူ ထပ်ပြီး ကျင့်ကြံနေစရာ မလိုတော့ပေ။
အတွင်းကမ္ဘာမှာ သူ့အလိုလို ဆင့်ကဲပြောင်းလဲနေမည် ဖြစ်သောကြောင့် သူ လုပ်စရာ ဘာမှမရှိသလောက်ပင်။ သို့တိုင် သူက စိတ်ဝိညာဉ်ကို ခွဲထုတ်ပြီး အတွင်းကမ္ဘာထဲ ပေါင်းစပ်လိုက်ခြင်းဖြင့် ထိုဖြစ်စဉ်ကို ပိုမို လျင်မြန်အောင် လုပ်ဆောင်နိုင်သေးသည်။
အထူးစွမ်းရည်တွေလား။
လက်ရှိတွင် သူ့ထံ၌ အထူးစွမ်းရည်များ အများအပြား ရှိနေပြီ ဖြစ်သဖြင့် ထပ်မလိုအပ်တော့ချေ။
"လေပြင်းတွေ မတိုက်ဘဲ နှင်းတွေ မကျတဲ့ ဆောင်းရာသီက တော်တော် ပျင်းစရာ ကောင်းတာပဲ" ကျန်းမင်က စာအုပ်ကို ပိတ်ရင်း မှတ်ချက်ချလိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်၏။
ဤနေရာတွင် ရာသီဥတုမှာ ရာသီလေးခုလုံး အတူတူလောက်နီးပါးပင်။
နေလို့ထိုင်လို့ ကောင်းသော်လည်း အနည်းငယ်တော့ ပျင်းစရာ ကောင်းလှသည်။
သူ့နှင့် မလှမ်းမကမ်းတွင် ရှီယောင်က ဓာတ်ကြီးငါးပါး လင်းလုံနှင့် ကျားကွက် ကစားနေသည်။
"ရှီယောင်..." ကျန်းမင်က လှမ်းခေါ်လိုက်သည်။
"ရှင်..." ရှီယောင်က ခေါင်းပင် မမော့ဘဲ ပြန်ထူးသည်။ သူမက လက်ချောင်းများ ကြားတွင် ကျောက်ဖြူတစ်လုံးကို ကစားရင်း နှုတ်ခမ်းဆူ၍... "တံခါးပေါက်ရဲ့ တည်နေရာကို ရှာမတွေ့သေးဘူး မဟုတ်လား"
"မတွေ့သေးဘူး... လုံယွမ်နဲ့ ငုပ်လျှိုးနဂါး တိုက်ကြီး အပါအဝင် တော်ဝင်မြေ အားလုံး ရှာနေကြပေမဲ့ ဘယ်သူမှ အရိပ်အယောင်တောင် မတွေ့ကြသေးဘူး... ငါ ထင်တာတော့ တံခါးပေါက်က ပေါ်လာတာနဲ့ ချက်ချင်း ချိပ်ပိတ်ခံလိုက်ရတာ ဖြစ်ရမယ်... အဲ့ဒါသာ နောက်တစ်ကြိမ် ပြန်ပေါ်လာရင် ငါတို့လောကကြီး ပြဿနာ အကြီးအကျယ် တက်ပြီပဲ"
"အကြို အင်မော်တယ်တွေထက် ပိုသန်မာတဲ့ သူတွေကော ပါလာနိုင်လား"
"မဖြစ်နိုင်လောက်ဘူး... တော်ဝင်မြေရဲ့ ရှေးဟောင်း မှတ်တမ်းတွေအရဆိုရင် အကြို အင်မော်တယ် အဆင့်ထက် ပိုစွမ်းအားကြီးတဲ့ သက်ရှိ ပေါ်လာရင် ကောင်းကင်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဆိုထားတယ်"
ကျန်းမင်က ပြောရင်း မတ်တပ် ထရပ်ကာ…"ဒါဆိုလည်း စိုးရိမ်စရာ ဘာမှမရှိတော့ဘူးပေါ့"
ထို့နောက် မြောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ့မျက်နှာထက်၌ လေးနက်သော အမူအရာ တစ်ခု ပေါ်လာတော့သည်။
"ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်ကို... တစ်ခုခု တွေ့လို့လား"
"အစ်ကိုကျန်း... တစ်ခုခု သတိထားမိလို့လား"
လင်းလုံနှင့် ရှီယောင်တို့ တစ်ပြိုင်နက်တည်း မတ်တပ်ရပ်၍ မြောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။
"သူတို့ ရောက်လာကြပြီ"
အဝေးရှိ မြောက်ဘက်နယ်မြေမှနေ၍ သိပ်သည်းလှသော မိစ္ဆာစွမ်းအင်များ ပျံ့နှံ့လာသည်ကို ကျန်းမင် သတိပြုမိလိုက်ခြင်းပင်။ ထိုစွမ်းအင်များမှာ ထူထပ်လွန်းသဖြင့် ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တောင်ဘက်ဆီသို့ လျင်မြန်စွာ ရွေ့လျားလာနေ၏။
တစ်ချိန်တည်းမှာပင် လေထုထဲ၌ ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက် တစ်ခု ရောနှောပါဝင်နေသဖြင့် သူ့ကျောရိုးထဲပင် စိမ့်ခနဲ ဖြစ်သွားရသည်။
အလွန်ဝေးကွာသော မြောက်ဘက်တစ်နေရာရှိ မိုးကုတ်စက်ဝိုင်းထက်တွင် အရပ်ရှည်ရှည် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ သူတို့က လေပြင်းတိုက်ခတ်မှုကို ရပ်တန့်စေခဲ့ပြီး ရေခဲပြင်ကြီးကိုလည်း ပြိုကျပျက်စီးသွားစေ၏။
"ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ" ရှီယောင်၏ အမူအရာ ပြောင်းလဲသွားသည်။
"သူတို့က ဆက်တိုက် ရောက်လာကြမှာလား" ကျန်းမင်က ရေရွတ်မိသည်။
"အဲ့ဒါတော့ ကျွန်မလည်း သေချာ မသိဘူး" ရှီယောင်က ခါးသီးစွာ ပြုံးရင်း ပြန်ဖြေသည်။
ထိုစဉ် ကျန်းမင်၏ ခေါင်းထဲ အကြံတစ်ခု ပေါ်လာသဖြင့် အထွတ်အထိပ် စကားပြောခန်းထဲသို့ ဝင်လိုက်တော့သည်။
[ကျန်းမင်။ ။ ငါတို့လောကမှာ တခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက်တစ်ခု ပေါ်လာပြီး အခု တခြားကမ္ဘာက တပ်တွေရဲ့ တိုက်ခိုက်တာကို ခံနေရပြီ... ငါသိချင်တာက အဲ့ဒီတံခါးပေါက်ကနေ သူတို့တွေ ဆက်တိုက် ထွက်ပေါ်လာနိုင်လား ဆိုတာပဲ]
[မင်ဖေး။ ။ စီမံခန့်ခွဲသူ... အကူအညီ လိုရင်သာ ပြောလိုက်ပါ... ကျွန်တော် အစွမ်းကုန် ကူညီပေးပါ့မယ်... အတိုင်းအတာတွေ ကျော်လွန်သွားတဲ့ တံခါးပေါက်မျိုး ပေါ်လာခဲ့ရင်တောင် လောကကြီး ခံနိုင်ရည်ရှိတဲ့ စွမ်းအား ကန့်သတ်ချက်ကို မကျော်လွန်သရွေ့တော့ ကုန်ကျစရိတ်က နည်းနည်းလေးပါပဲ]
[ထျန်းဖိုးကျီ။ ။ ယေဘုယျ ပြောရရင် တခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက် ရှိနေရင်တောင် အဲ့ဒီတံခါးပေါက်ကို ဖြတ်ကျော်ဖို့က အရမ်း ခက်ခဲတယ်... ဒါပေမဲ့ အဲ့ဒီလိုမျိုး ဖြစ်လာရင် ပြဿနာ တက်နိုင်မယ့် သီးခြား အခြေအနေ တစ်ခုတော့ ရှိတယ်]
[မင်ဖေး။ ။ ခင်ဗျား ပြောချင်တာက အတိတ်မှာ အဲ့ဒီလို အလားတူ ဖြစ်ရပ်မျိုး ရှိခဲ့ဖူးတယ် ဆိုတဲ့ သဘောလား... သူတို့က သူ့ကမ္ဘာကို ကျူးကျော်ပြီးတာနဲ့ ဖယ်ရှားခံရမှုကို လျှော့ချဖို့ တခြားကမ္ဘာရဲ့ စွမ်းအင်တွေကို တဖြည်းဖြည်း ပေါင်းစပ်ထည့်သွင်းသွားကြတာမျိုးလား]
[ထျန်းဖိုးကျီ။ ။ ကွက်တိပဲ... စီမံခန့်ခွဲသူ... သူတို့က ခင်ဗျားတို့ လောကဆီ အရင်က ရောက်ဖူးလား... ဒါမှမဟုတ် ဒါက ပထမဆုံးအကြိမ်လား]
[ကျန်းမင်။ ။ အရင်က ရောက်ဖူးတယ်... ကောင်းကင်မိစ္ဆာက ငါတို့လောကမှာ ပေါ်လာပြီး ကောင်းကင်မိစ္ဆာ ဂိုဏ်းကိုတောင် တည်ထောင်ခဲ့သေးတာ]
[ထျန်းဖိုးကျီ။ ။ ဒါဆို ပြဿနာပဲ... သူတို့က ခင်ဗျားတို့လောကမှာ ဂိုဏ်းတစ်ခု တည်ထောင်ထားတယ်ဆိုရင် တံခါးပေါက်ကနေတစ်ဆင့် နောက်တစ်ကြိမ် ရောက်လာတဲ့အခါ ဖယ်ရှားခံရမှုက သုညနီးပါး ဖြစ်သွားလိမ့်မယ်... တကယ်လို့ တံခါးပေါက်သာ တည်ငြိမ်သွားပြီဆိုရင် သူတို့တွေ ပိုပိုပြီး ရောက်လာတော့မှာ... စီမံခန့်ခွဲသူ... ကျွန်တော့်ဆီမှာ သူတို့ကို မောင်းထုတ်ရာမှာ အသုံးဝင်မယ့် ပစ္စည်းတချို့ ရှိတယ်... ခင်ဗျား လိုချင်လား... အို ဟုတ်သားပဲ... အခုလောလောဆယ် အရေးအကြီးဆုံး လုပ်ရမှာက တံခါးပေါက်ကို ရှာပြီး ဖျက်ဆီးပစ်ဖို့ပဲ... အဲ့ဒီတံခါးပေါက် ဖျက်ဆီးခံလိုက်ရပြီ ဆိုတာနဲ့ သူတို့အတွက် အသစ်တစ်ခု ပြန်ဖန်တီးဖို့ဆိုတာ အတော်လေး ခက်ခဲသွားလိမ့်မယ်]
[မင်ဖေး။ ။ စီမံခန့်ခွဲသူ... ကျွန်တော် မေးဖို့ မေ့သွားလို့... အဲ့ဒါက ကိုဩဒိနိတ်တွေအပေါ် အခြေခံပြီး ဖွင့်ထားတဲ့ လမ်းကြောင်းလား ဒါမှမဟုတ် တိုက်ရိုက် တည်ဆောက်ထားတဲ့ တံခါးပေါက်လား]
[ကျန်းမင်။ ။ အဲ့ဒီနှစ်ခုကြားမှာ ကွာခြားချက် ရှိလို့လား]
[မင်ဖေး။ ။ သေချာပေါက် ရှိတာပေါ့... ပထမတစ်ခုဆိုရင် အချိန်တိုင်း ထိန်းသိမ်းထားဖို့ လိုအပ်ပြီး သက်ရှိတစ်ကောင်ကို ပို့ဆောင်လိုက်တိုင်း စွမ်းအင် အမြောက်အမြား သုံးစွဲရလိမ့်မယ်... ဒါပေမဲ့ တခြားကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ တံခါးပေါက် ဆိုရင်တော့ တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခု တည်ဆောက်ပြီးသွားပြီလို့ ဆိုလိုတာပဲ... တံခါးတစ်ချပ်ကနေ နောက်တစ်ချပ်ကို ကူးသန်းသွားလာရသလိုမျိုးပဲ... ဒါပေမဲ့ တံခါးကို ဖြတ်ကျော်ပြီးတာနဲ့ တခြားကမ္ဘာက သူ့ကို ဖယ်ရှားပစ်လိမ့်မယ်]
[ထျန်းဖိုးကျီ။ ။ အဲ့ဒီလို တံခါးပေါက်မျိုး ဖန်တီးဖို့ ရှားပါးတဲ့ အထူးပစ္စည်း တစ်ခု လိုအပ်တယ်... အဲ့ဒါကို အသက်သွင်းဖို့ဆိုရင် ချီစွမ်းအင် အများကြီး လိုအပ်တာကိုတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး... စီမံခန့်ခွဲသူ... အဲ့ဒါက ယာယီ လမ်းကြောင်းလား ဒါမှမဟုတ် တံခါးပေါက်လား ဆိုတာကို ဂရုစိုက်မနေနဲ့... ခင်ဗျား အခု လုပ်ရမှာက တံခါးပေါက်ကို ရှာပြီး ဖျက်ဆီးပစ်ဖို့ပဲ... ကျွန်တော်တို့ အားလုံး ကူညီဖို့ အဆင်သင့် ရှိနေတယ်]
[မင်ဖေး။ ။ အခုလောလောဆယ် ကျွန်တော့်ဆီမှာ အလင်းမှော်စာလိပ်တွေနဲ့ အလင်းနတ်ဘုရား လက်နက်တွေ အများကြီး ရှိတယ်]
[ကျန့်ကော။ ။ ကျွန်တော်လည်း ကူညီဖို့ အဆင်သင့်ပဲ]
[အောက်ကျို။ ။ ကျွန်တော်လည်း ပါတယ်]
[ဇီလေ။ ။ ကျွန်တော့်ကိုလည်း စာရင်းသွင်းထားလိုက်]
[လော့ဟန်။ ။ အစ်ကိုကျန်း... ကျွန်တော် အဆင့် ၁၀ အာကာသယာဉ် အုပ်စုတစ်စု ပြင်ဆင်ထားတယ်... သူတို့ကို စက်ရုပ်တွေက မောင်းနှင်ပေးမှာမလို့ ကိုယ့်ဘာသာ အလိုအလျောက် ပျံသန်းနိုင်တယ်]
[ယဲ့ချင်ရှန်း။ ။ အစ်ကိုကျန်း... တစ်ခုခု လိုအပ်ရင်သာ ပြောလိုက်ပါ]
[တုန်ဖန်းချန်းရှီ။ ။ အစ်ကိုကျန်း... ကျွန်မ အဆင့် ၁၀ တိုက်ခိုက်ရေး ရုပ်သေးရုပ် တစ်အုပ်စု ပို့ပေးလိုက်တယ်... နောက်ကျရင် ထပ်ပို့ပေးဦးမယ်... ရှင်တို့လောကကို တိုက်ခိုက်ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ အဲ့ဒီလူတွေကို သိအောင် လုပ်ပေးလိုက်ချင်လို့]
[ကျန်းမင်။ ။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ]
[ကျန်းမင်။ ။ ချန်းရှီ... နေပါစေတော့... စီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့ အခုလို ကျူးကျော်မှုကိုတောင် မကာကွယ်နိုင်ဘူး ဆိုရင် မင်းတို့အားလုံးနဲ့ အထ္တ်အထိပ် စေတီတော်ကို အရှက်ခွဲသလို ဖြစ်နေလိမ့်မယ်... စိတ်မပူပါနဲ့... အဆင့် ၁၀ ကနေ အဆင့် ၁၂ အတွင်း ကျွမ်းကျင်သူတွေ မပါသရွေ့တော့ ငါ အဆင်ပြေမှာပါ]
[ကျန့်ကော။ ။ ခင်ဗျား ပြောတာလည်း ဟုတ်တာပဲ... စီမံခန့်ခွဲသူတောင် ကျူးကျော်မှုကို မကာကွယ်နိုင်ဘူး ဆိုရင် ဘယ်သူမှ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး]
[မင်ဖေး။ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဒီမှာ ရှိနေပါတယ်... အကူအညီ လိုရင်သာ ပြောလိုက်ပါ စီမံခန့်ခွဲသူ]
ကျန်းမင် လက်တွေ့ဘဝဆီ ပြန်ရောက်လာချိန်တွင် သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေပြီ။
သူ့အား ထောက်ခံ အားပေးမည့်သူ ဤမျှ များပြားနေသဖြင့် ကြောက်ရွံ့နေစရာ အကြောင်း မရှိတော့ချေ။
'ငါ့ကို ဒေါသထွက်အောင်တော့ မလုပ်ကြနဲ့...'
ကျန်းမင်က မြောက်ဘက် အဝေးရှိ နယ်မြေဆီသို့ လှမ်းကြည့်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။
***