ယနေ့တွင် ချင်းယွင်ဂိုဏ်းက အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကျိုယန်ဂိုဏ်းမှ တပည့်များကို စစ်မြေပြင်သို့ စေလွှတ်ရန် တောင်းဆိုလာ၏။ ဤကဲ့သို့သော အမိန့်မျိုးကို သူတို့ အနေဖြင့် မည်သို့မျှ မဖီဆန်ဝံ့ချေ။
ဂိုဏ်းချုပ်က အမိန့်ကို နာခံရန် ပြင်ဆင်နေဆဲမှာပင် ကျန်းမင်က ဇီလင်းလုံအား တားဆီးခိုင်းလိုက်သည်။ သူတို့ အနေဖြင့် အန္တိမအဆင့် တစ်ဦးတည်းကိုသာ စစ်မြေပြင်သို့ စေလွှတ်မည် ဖြစ်ကြောင်း ဂိုဏ်းချုပ်အား အသိပေး၏။ ကျန်သူများမှာမူ သေဆုံးသူ အရေအတွက် တိုးလာစေရန်မှလွဲ၍ အခြား မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်သောကြောင့် စစ်ပွဲတွင် ပါဝင်မည် မဟုတ်ပေ။
ထိုက်ယန် တောင်ထွတ်ပေါ်မှ ဂိုဏ်းချုပ်က ချူယန် တောင်ထွတ်ဘက်သို့ ကျေးဇူးတင်စွာဖြင့် ဦးညွှတ် အရိုအသေ ပြုသည်။
ဝှစ်…
တိုက်ခိုက်ရေး ရုပ်ခန္ဓာက လေထဲသို့ ပျံတက်သွားပြီး ကျိုယန်ဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာ၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်သို့ ထိုးဖောက်ကာ တိမ်လွှာများကိုပင် အပိုင်းပိုင်း အစစ ကွဲကြေသွားစေသည့် ပြင်းထန်သော ဓားစွမ်းအင် တစ်ခု ဟုန်းခနဲ ထွက်ပေါ်လာသည်။ တိုက်ခိုက်ရေး ရုပ်ခန္ဓာမှာ မားမားမတ်မတ် ရပ်တည်နေပြီးနောက် ကျိုယန်ဂိုဏ်းကို ကိုယ်စားပြု၍ စစ်ပွဲဆင်နွှဲရန် မြောက်ဘက်သို့ ပျံသန်း ထွက်ခွာသွားတော့သည်။
ဓာတ်ငကြီးငါးပါး လင်းလုံက စိုးရိမ်တကြီးဖြင့်…
“အစ်ကိုကြီး… ဒါက အန္တိမအဆင့် ရုပ်သေး သက်သက်ပဲလေ… အဲ့ဒီကို လွှတ်လိုက်ရင်တောင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး”
ရှီယောင်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြ၏။ သူမ ကိုယ်တိုင်လည်း ထိုနည်းတူ ခံစားနေရခြင်းပင်။ ဤမျှ ကြီးမားသော စစ်ပွဲကြီးတွင် အန္တိမအဆင့် တစ်ယောက်ပင်လျှင် မည်သည့်အရာမှ မလုပ်နိုင်သည့်အပြင် အသက်ပါ ဆုံးရှုံးသွားနိုင်ချေ များပြားလှသည်။
ကျန်းမင်က မြောက်ဘက်သို့ အေးစက်စွာ လှမ်းကြည့်ရင်း ဂရုမစိုက်ဟန်ဖြင့်…
“မင်းတို့ ဒါလေးအတွက်နဲ့ စိတ်မကောင်း ဖြစ်နေစရာ မလိုပါဘူး… တိုက်ခိုက်ရေး ရုပ်သေး တစ်ခုထက် မပိုပါဘူး”
လူသားလမ်းစဉ် မှတ်တမ်းကျမ်း ပွင့်လာခဲ့လေပြီ။
အမည် - အရိုး ၃၆
လူမျိုး - ချောက်နက် မိစ္ဆာအရိုးနွယ်ဖွား
လိင် - မရှိ
ကျင့်စဉ်အဆင့် - အဆင့် ၁၀ (အကြို အင်မော်တယ် အဆင့်)
ဆက်ဆံရေး - -၉၆
မွေးရာပါ ပါရမီ - အင်မော်တယ်
လက်ရှိ အခြေအနေ - မြေအောက်ကမ္ဘာမှ သတိလက်လွတ် တွားသွား ထွက်လာခဲ့ပြီးနောက် သတ်ဖြတ်ခြင်း၊ ဝါးမြိုခြင်းနှင့် ကြီးထွားခြင်း ဟူသော ချောက်နက်ကြီး၏ ဥပဒေသများနှင့် အသားကျလာခဲ့သည်။ သူက မိစ္ဆာ အုပ်စိုးရှင် တစ်ပါး ဖြစ်လာရန်နှင့် မိစ္ဆာနယ်မြေ တစ်ခုကို အုပ်ချုပ်နိုင်ရန် အကြီးမားဆုံး ပန်းတိုင်တစ်ခု ချမှတ်ထား၏။ ပထမဆုံး အနေဖြင့် နဝမမြောက် မိစ္ဆာသခင်၏ လက်အောက်ရှိ တိုက်ခိုက်ရေးသမား တစ်ဦး ဖြစ်လာရန် ရည်ရွယ်ထားသော်လည်း အဆင့် (၁၀) တွင်သာ ရှိနေသေးသဖြင့် သတ်မှတ်ချက်များနှင့် မပြည့်မီသေးပေ။ ထို့ကြောင့် အဆုံးမရှိသော ချောက်နက်ကြီးထဲတွင် အမဲလိုက်ရင်း ဆက်လက် ကြီးထွားလာရန်သာ ကြိုးစားနေခဲ့သည်။
လူ့လောကရှိ စစ်ပွဲတွင် ပါဝင်ရန် ဆင့်ခေါ်ခံရချိန်၌ သူ့မှာ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။ သူ့အတွက်တော့ လူ့လောကကြီးမှာ အခွင့်အရေးပေါင်း များစွာဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလား။ သွေးချီ စွမ်းအင်ပဲ ဖြစ်ဖြစ်၊ သက်ရှိတွေရဲ့ ဝိညာဉ်ပဲ ဖြစ်ဖြစ်... အရာအားလုံးမှာ အကောင်းဆုံး အာဟာရဓာတ်များပင်။
အကယ်၍သာ ထိုအရာများစွာကို ဝါးမြိုနိုင်ပါက အဆင့် (၁၁) သို့ သေချာပေါက် တက်လှမ်းနိုင်မည်ဟု သူ ယုံကြည်ထား၏။ သူက အခြား မိစ္ဆာများနှင့်အတူ ဝင်ပေါက်ကို ဖြတ်ကျော်ကာ အခြား ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤကမ္ဘာရှိ လေထုမှာ ချိုမြိန်နေပြီး သက်စောင့်စွမ်းအင်များဖြင့် အပြည့်အဝ ဖုံးလွှမ်းလျက်။ သူ ပို၍ သန်မာလာသည်ကို ခံစားရသဖြင့် အံ့ဖွယ် နယ်မြေ တစ်ခုသို့ ရောက်ရှိလာသကဲ့သို့ ထင်မှတ်နေမိသည်။ ကံမကောင်းစွာဖြင့် သူတို့ ရောက်ရောက်ချင်း မြေအောက်တွင် ချိတ်ပိတ်ခံခဲ့ရ၏။ စစ်မှန်သော အမဲလိုက်ပွဲကြီးကို စတင်ရန် အခြား မိစ္ဆာများ ထပ်မံ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။ နောက်ဆုံးတွင် ချိတ်ပိတ်မှု ပျက်ပြယ်သွားပြီး မိစ္ဆာသခင်၏ အသံက သူ့နားထဲ ပဲ့တင်ထပ်လာခဲ့သည်။
“ငါ့ကလေးတို့… ရှေ့ကိုချီတက်ပြီး ဖျက်ဆီးပစ်ကြ… ဒီကြီးမြတ်တဲ့ လူ့လောကကြီးကို ချောက်နက် မိစ္ဆာနယ်မြေ အဖြစ် ပြောင်းလဲပစ်လိုက်… ငါဝင်စားတဲ့ အချိန်ကျရင် မင်းတို့ကို အဆုံးမရှိတဲ့ ကောင်းချီးတွေ ပေးသနားမယ်”
ကျန်းမင် တိတ်ဆိတ်သွား၏။ ဤမိစ္ဆာများ အားလုံးမှာ ချောက်နက်ကြီးထဲမှ လာကြခြင်း ဖြစ်ပြီး နဝမမြောက် မိစ္ဆာသခင်၏ အုပ်ချုပ်မှုအောက်တွင် ရှိကြသည်။ တစ်ခုတည်းသော သတင်းကောင်းမှာ ၎င်းက အသေးစား ကမ္ဘာလောက အဆင့်ရှိ ချောက်နက် တစ်ခုသာ ဖြစ်နေခြင်းပင်။ သူ့ ဆက်ဆံရေး အမှတ်ကို ကြည့်ခြင်းအားဖြင့် ထိုမိစ္ဆာက သူ့ရှေ့တွင် မြင်မြင်သမျှ အရာအားလုံးကို သတ်ဖြတ်သွားမည်မှာ သေချာနေလေပြီ။
ကျန်းမင်က တွေးတောရင်း…
“ငါ သွားပြီး သူတို့ထဲက တချို့ကို သတ်ဖြတ်ပြီး ဝင်ပေါက်ကို ဖျက်ဆီးပစ်မှ ရမယ်… မဟုတ်ရင် ဝင်ပေါက်ကို ဖြတ်ပြီး မိစ္ဆာတွေ ထပ်ရောက်လာရင် လူတွေ အများကြီး သေကုန်လိမ့်မယ်”
သူက ချီစွမ်းအင် ထက်ဝက်ခန့်ကို အသုံးပြု၍ ပုံတူ ကိုယ်ပွားတစ်ခု ဖန်တီးလိုက်ပြီး ကောင်းကင်ဝိညာဉ် ခေါင်းလောင်းကို ထုတ်ယူလိုက်သည်။ ထိုခေါင်းလောင်းအား ကိုယ်ပွားထံ ပေးအပ်ပြီးနောက် လူသားလမ်းစဉ် မှတ်တမ်းကျမ်းကို ယူကာ ထွက်ခွာသွားတော့သည်။
ထိုအချိန်အတောအတွင်း ကျုံးပြည်နယ်နှင့် မြောက်ပိုင်းဒေသ နယ်စပ်ရှိ နေရာအနှံ့အပြားသို့ လူတစ်စု ဆင်းသက်လာခဲ့သည်။
တစ်ခါလာလျှင် လေးငါးယောက်ခန့် ပါဝင်ပြီး စုစုပေါင်း အယောက် (၂၀) ခန့် ရှိ၏။ ထိုအဖွဲ့များမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတော်လေး ဝေးကွာသော နေရာများတွင် နေရာယူထားကြသည်။
သူတို့ ရောက်ရောက်ချင်းမှာပင် ခေါင်းထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာသည်။
[ဒင်… နတ်ဘုရားသခင်၏ အကျိုးခံစားခွင့်ရသူ… သင်သည် ထျန်းယွမ် ကမ္ဘာလောကသို့ ရောက်ရှိလာပါပြီ… ဤကမ္ဘာလောကမှာ လက်ရှိတွင် ချောက်နက်ကြီးထဲမှ မိစ္ဆာများ၏ ကျူးကျော်မှုကို ခံနေရပါသည်… ဇက်ဖာ အဖွဲ့မှာ မိစ္ဆာများဘက်မှ ရပ်တည်ရမည် ဖြစ်သည်… ယခု အဆင့်သုံး မစ်ရှင်ကို ထုတ်ပြန်ပါမည်… ခြောက်လ အတွင်း ဤကမ္ဘာလောကရှိ သန့်စင်သော နယ်မြေ အားလုံးကို ဖျက်ဆီးပြီး ချောက်နက်ကြီး အနိုင်ရရန် ကူညီပေးပါ… မစ်ရှင် မအောင်မြင်ပါက ပြစ်ဒဏ် အနေဖြင့် ဆုလာဘ်၏ ငါးဆကို ဖြတ်တောက်မည် ဖြစ်သည်]
[ဒင်… နတ်ဘုရားသခင်၏ အကျိုးခံစားခွင့်ရသူ… သင်သည် ထျန်းယွမ် ကမ္ဘာလောကသို့ ရောက်ရှိလာပါပြီ… ဤကမ္ဘာလောကမှာ လက်ရှိတွင် ချောက်နက်ကြီးထဲမှ မိစ္ဆာများ၏ ကျူးကျော်မှုကို ခံနေရပါသည်… အက်စထရယ် အဖွဲ့မှာ ကာကွယ်သူများဘက်မှ ရပ်တည်ရမည် ဖြစ်သည်… ယခု အထွတ်အထိပ် အဆင့် မစ်ရှင်ကို ထုတ်ပြန်ပါမည်… ချောက်နက်ကြီးထဲမှ မိစ္ဆာများ ကျူးကျော်လာခြင်းကို တားဆီးပါ… ခြောက်လ အတွင်း သူတို့ အားလုံးကို မျိုးတုံး သတ်ဖြတ်ပြီး ဝင်ပေါက်ကို ဖျက်ဆီးပါ… မစ်ရှင် မအောင်မြင်ပါက ပြစ်ဒဏ် အနေဖြင့် ဆုလာဘ်၏ ငါးဆကို ဖြတ်တောက်မည် ဖြစ်သည်]
[ဒင်… နတ်ဘုရားသခင်၏ အကျိုးခံစားခွင့်ရသူ အားလုံး အာရုံစိုက်ပါ… ဤမစ်ရှင်မှာ သွေးထွက်သံယို ယှဉ်ပြိုင်ရမည့် ပုံစံ ဖြစ်သည်… သွေးသော့ချိတ်နှင့် ပြိုင်ဘက်၏ ပစ္စည်းများကို ရယူရန် ပြိုင်ဘက် အကျိုးခံစားခွင့်ရသူများကို အမဲလိုက် သတ်ဖြတ်ပါ… ကိုယ့်ဘက်မှ လူများကို သတ်ဖြတ်ပါက ဆုလာဘ်များ ရရှိမည် မဟုတ်ပါ… မှတ်ချက် - ယခုအခါ နှစ်ဖက်စလုံးရှိ ကျန်ရစ်သူ အရေအတွက်ကို မြင်တွေ့နိုင်ပြီ ဖြစ်သည်]
အက်စထရယ် အဖွဲ့ဝင်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
အခြား ကမ္ဘာမှ ဝင်ပေါက်ကို ဖြတ်၍ ကျူးကျော်လာမည့် မိစ္ဆာတပ်ကြီး၏ ရန်မှ ဤကမ္ဘာလောကကို မည်သို့ ကာကွယ်ရမည်မှန်း သူတို့ မသိကြချေ။
“ခေါင်းဆောင်… ကျွန်တော်တို့ ဘာလုပ်ကြမလဲ… ဒါက အထွတ်အထိပ် အဆင့် မစ်ရှင်ကြီးလေ… ကျွန်တော်တို့ သေချာပေါက် သေရတော့မှာပဲ”
“အင်း… လုံးဝ မျှော်လင့်ချက် မရှိတော့တာမျိုးတော့ မဟုတ်သေးပါဘူး… အခု ကျွန်တော်တို့ ပထမဆုံး လုပ်ရမှာက တခြား အဖွဲ့ဝင်တွေကို ရှာဖို့ပဲ… ပြီးရင် အစီအစဉ် တစ်ခုခု မဆွဲခင် ဒီကမ္ဘာလောကရဲ့ အခြေအနေ အရပ်ရပ်ကို သိရအောင် ဒီကလူတွေဆီကနေ သတင်းအချက်အလက် တချို့ စုံစမ်းရမယ်”
“ဒီနည်းပဲ ရှိတော့တာပေါ့”
သူတို့ အဖွဲ့တွင် စုစုပေါင်း (၁၂) ယောက် ရှိသည်။ အားအနည်းဆုံးသူမှာ အဆင့် (၈) ကျွမ်းကျင်သူ ဖြစ်ပြီး အများစုမှာ အဆင့် (၉) မှ အဆင့် (၁၀) ကြားတွင် ရှိကြ၏။ သို့တိုင် သူတို့အားလုံး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများက အထင်းသား။
အခြား တစ်ဖက်တွင်မူ ဇက်ဖာ အဖွဲ့မှာ သူတို့၏ မစ်ရှင်နှင့် ပတ်သက်ပြီး အတော်လေး ဝမ်းသာနေပုံ ရသည်။
“ကျွန်တော်တို့ မိစ္ဆာတွေနဲ့ ပူးပေါင်းရမယ် ဟုတ်လား… ဘယ်လိုလုပ်ပြီး ပူးပေါင်းရမှာလဲ… သူတို့က တကယ့် မိစ္ဆာအစစ်တွေလေ… သူတို့ရှေ့ သွားရပ်လိုက်တာနဲ့ ကျွန်တော်တို့ကို စားပစ်မှာ စိုးရတယ်… ဘယ်လိုလုပ်ကြမလဲ ခေါင်းဆောင်”
“ဟားဟား… စိတ်မပူပါနဲ့… ငါ အခုလေးတင် အထူးပစ္စည်း တစ်ခုကနေ တဆင့် ပြိုင်ဘက်တွေရဲ့ ကာကွယ်ရေး မစ်ရှင်က အထွတ်အထိပ် အဆင့်ဆိုတာ သိလိုက်ရတယ်… အဲ့ဒါ ဘာကို ဆိုလိုတာလဲ သိလား… သူတို့ မစ်ရှင်က ပြီးမြောက်ဖို့ နီးပါးကို မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ… နှိုင်းယှဉ်ကြည့်ရင် ငါတို့ မစ်ရှင်က အများကြီး ပိုလွယ်နေပြီ”
“အထွတ်အထိပ် အဆင့် မစ်ရှင်လား… သေစမ်း… သူတို့ တော်တော် ကံဆိုးတာပဲ… မစ်ရှင် အောင်မြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဟားဟား… အခုမှပဲ စိတ်အေးရတော့တယ်… ပြိုင်ဘက်တွေရဲ့ မစ်ရှင်က ငါတို့ထက်တောင် ပိုခက်ခဲနေမှတော့ ဘာမှ ကြောက်စရာ မလိုတော့ဘူးလေ… ခေါင်းဆောင်… ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာသာ ပြောပါ”
“ရိုးရိုးသားသား ပြောရရင် ငါတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး… မိစ္ဆာတွေနဲ့ ပူးပေါင်းသင့်တယ် ဆိုပေမဲ့ သူတို့ ငါတို့ကို သဘောကျမှာ မဟုတ်တာ သေချာတယ်… ဒါကြောင့် ငါတို့ သူတို့နဲ့ အဆက်အသွယ် သွားလုပ်မှာ မဟုတ်ဘူး… အခုလောလောဆယ် ငါတို့ တခြား အဖွဲ့ဝင်တွေနဲ့ အရင်ဆုံး သွားဆုံဖို့ပဲ လိုတယ်… ပြီးရင် မိစ္ဆာတပ်ကြီး နောက်ကနေ တကောက်ကောက် လိုက်သွားကြမယ်… အဲ့ဒါဆို အထူးစွမ်းရည်တွေ ဒါမှမဟုတ် နတ်ဘုရား လက်နက်တွေ အများကြီး ရနိုင်မှာ သေချာတယ်”
ဇက်ဖာ အဖွဲ့ဝင်များ အားလုံး စိတ်လှုပ်ရှား တက်ကြွသွားကြလေပြီ။
ရုတ်တရက် သူတို့အားလုံး မြောက်ဘက်သို့ တပြိုင်နက်တည်း လှမ်းကြည့်လိုက်မိပြီးနောက် သူတို့ မျက်နှာထက်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
အရိုး ၃၆ ၏ အထက်တွင် လူတစ်ယောက် ရပ်နေသည် မဟုတ်ပါလား။ ထိုလူ၏ အထက်တွင် ခေါင်းလောင်း တစ်လုံး ရှိနေပြီး နတ်ဘုရား အလင်းတန်းများ တောက်ပစွာ ဖြာထွက်နေ၏။
ထိုအခိုက်အတန့်တွင် နှင်းများနှင့် လေပြင်းများပင် ရပ်တန့်သွားသကဲ့သို့။ ထိုသူမှာ အခြားသူ မဟုတ်… ကျန်းမင်၏ ကိုယ်ပွားပင် ဖြစ်သည်။
အရိုး ၃၆ က ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်ရာ သူ့ကျောရိုး တစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသည်။ သူက ကျန်းမင်နှင့် အလွန် နီးကပ်စွာ ရှိနေသောကြောင့် သူ့ရှေ့ရှိ လူ မည်မျှ စွမ်းအားကြီးမားကြောင်း အခြားသူများထက် ပိုသိနေ၏။ ဤလူက သူ့အား တစ်ချက်တည်းဖြင့် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည်မှာ သေချာလှသည်။ ကျန်မိစ္ဆာများကလည်း ကျန်းမင်၏ ကိုယ်ပွားဆီသို့ လှမ်းကြည့်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပွားက နေရာအနှံ့ အကဲခတ်လိုက်သည်။ အနည်းဆုံး မိစ္ဆာ တစ်သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ တာအိုမျိုးစေ့ အဆင့်အထက်တွင် ရှိကြသည်။
အကယ်၍သာ ဤမျှ ကြီးမားသော အင်အားစုကြီးကို ကမ္ဘာလောက အနှံ့အပြားသို့ ဝင်ရောက်ခွင့် ပြုလိုက်ပါက ဖြစ်ပေါ်လာမည့် အန္တရာယ်မှာ လုံးဝ ခန့်မှန်း၍ပင် ရနိုင်မည် မဟုတ်ချေ။
ကိုယ်ပွားက တုံ့ဆိုင်းမနေဘဲ ချီစွမ်းအင် ရှစ်ဆယ် ရာခိုင်နှုန်းကို အဆင့် (၁၁) ကောင်းကင်ဝိညာဉ် ခေါင်းလောင်းထဲသို့ စီးဝင်စေပြီး ဤအင်မော်တယ် လက်နက်ကို အသက်သွင်းလိုက်သည်။
ဒေါင်…
ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ဤနေရာရှိ သက်ရှိများ၏ ဝိညာဉ်များကို တိုက်ခတ် သွားစေမည့် မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
“ကျက်သရေကို မရှိဘူး…”
အရိုး ၃၆ က အော်ဟစ်လိုက်သော်လည်း သူ ဘာမှ မလုပ်နိုင်ခင်မှာပင် သူ့ဝိညာဉ်မှာ ဖျက်ဆီးခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ကြေမွသွားပြီး သေဆုံးသွားခဲ့လေပြီ။ သူ့ကို ဗဟိုပြု၍ မိစ္ဆာများစွာ လဲကျသွားပြီး သူတို့၏ ဝိညာဉ်များလည်း လုံးဝ ပျက်စီးသွားကြ၏။
မျက်တောင် တစ်ခတ် အတွင်းမှာပင် မိစ္ဆာ အများစုမှာ သေဆုံးသွားခဲ့သည်။ အချို့မှာ တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်ခဲ့လျှင်ပင် သူတို့၏ ဝိညာဉ်များမှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရသွားခဲ့လေပြီ။
ကိုယ်ပွားက မျက်လုံး မှေးစင်း၍ ရေခဲတောင် အောက်ရှိ ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက လက်ညှိုးကို မြှောက်ကာ အဆုံးမဲ့တာအို လက်ညှိုး သိုင်းကွက်ကို အသက်သွင်းလိုက်၏။ ထိုတိုက်ခိုက်မှုက ရေခဲပြင်ကို ထိုးဖောက်ကာ တောင်ကြီးကို ဖြိုခွင်းပြီး ဝင်ပေါက်ဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။ ဝင်ပေါက်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး အထဲမှ ထွက်လာသော မိစ္ဆာများလည်း ပွဲချင်းပြီး သေဆုံးသွားကြတော့သည်။
အတွင်းမှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသော်လည်း ကံမကောင်းစွာဖြင့် ဝင်ပေါက်မှာ ကြေမွ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ကိုယ်ပွားလည်း စိတ်သက်သာရာ ရသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွား၏။
သူက ခေါင်းလောင်းကို တီးခတ်ရင်း…
“ငါ မိစ္ဆာ ကိုးဆယ် ရာခိုင်နှုန်းကို သတ်ပြီးပြီ… ဝင်ပေါက်ကိုလည်း ဖျက်ဆီးပြီးသွားပြီ… ကျန်တဲ့ မိစ္ဆာတွေကိုတော့ မင်းတို့ လက်ထဲ အပ်ခဲ့မယ်… ထျန်းယွမ် ကျောင်းတော်နဲ့ တော်ဝင်မြေတွေ… တကယ်လို့ မိစ္ဆာ တစ်ကောင်ကောင်များ မြောက်ပိုင်းဒေသ အပြင်ဘက်ကို ထွက်သွားနိုင်ခဲ့ရင်… ငါ ယင်မိစ္ဆာဂိုဏ်း၊ လုံယွမ်နဲ့ ငုပ်လျှိုးနဂါး အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရှင်းပစ်ခဲ့သလို မင်းတို့ နယ်မြေတွေကိုလည်း လာဖျက်ဆီးပစ်မယ်”
စကားပြော ပြီးသည်နှင့် ကိုယ်ပွားက အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် ထူးဆန်းသော အမူအရာ တစ်ခု ထွက်ပေါ်လာပြီးနောက် လေထဲတွင် အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ် သွားတော့သည်။
***