မြေအောက်ခန်းထဲတွင် ယွင်ကျုံးဟဲ့ အိပ်ပျော်လုနီးပါး ဖြစ်နေသည်။ ၁၂ နာရီ ကုန်ဆုံးတော့မည်။
‘လူနာ သက်သာနေပြီလား။ အဖျားကျနေပြီလား။ ဘာသံမှ မကြားရသေးဘူး။ သဲနာရီထဲက သဲတွေက ၄ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တယ်။’
“ဝုန်း...”
တံခါးပွင့်သွားပြီး လူတစ်ယောက် ပြေးဝင်လာသည်။
“ဆရာကြီး... တကယ့် နတ်သမားတော်ပါပဲ။ ဆရာကြီးရဲ့ ဆေးပညာက တကယ် အံ့ဩစရာပါပဲ။”
နယ်စားမင်း ကိုယ်တိုင် ရောက်လာခြင်း ဖြစ်၏။
သူ့မျက်လုံးများတွင် ယွင်ကျုံးဟဲ့ကို ကိုးကွယ်လိုစိတ်များ ပြည့်နှက်နေသည်။
သူက ကြိုးများကို ကိုယ်တိုင် ဖြေပေးလိုက်ကာ တောင်းပန်လိုက်၏။ “တောင်းပန်ပါတယ် ဆရာကြီး... ကျုပ် အထင်လွဲမိပါတယ်။ ခွင့်လွှတ်ပါ။”
“မြန်မြန်... လိုက်ခဲ့ပါ။”
နယ်စားမင်းသည် ယွင်ကျုံးဟဲ့၏ လက်ကို ဆွဲပြီး ခေါ်ထုတ်သွားသည်။ သူတောင်းစား ဝတ်စုံကို ဂရုမစိုက်တော့ပေ။
.................
အန်းနင်ဆောင်သို့ ရောက်ချိန်မှာတော့ သမားတော် ၁၀ ဦးကျော်က ဦးညွှတ်လိုက်ကြသည်။
“ဆရာကြီး... ကျုပ်တို့ကို ခွင့်လွှတ်ပါ။ စော်ကားမိပါတယ်။”
“ချူလျိုရှန်း ဆရာကြီး... ဘယ်သမားတော်ဆီက ပညာသင်ခဲ့တာလဲ။ ကာလသားရောဂါကို ကုနိုင်တာ တကယ် အံ့ဩစရာပါပဲ။”
“ဆရာကြီးရဲ့ ပညာကို မြင်ခွင့်ရတာ ကျုပ်တို့အတွက် ကံကောင်းခြင်းပါပဲ။”
သမားတော်များက ယွင်ကျုံးဟဲ့ကို အမွှန်းတင်နေကြ၏။
ယွင်ကျုံးဟဲ့က ပြန်လည် နှုတ်ဆက်လိုက်သည်။ “သမားတော်ကြီးတွေက ချီးကျူးလွန်းနေပါပြီ။”
“ဆရာကြီး... သားလေးကို စစ်ဆေးပေးပါအုံး။” နယ်စားမင်းက တောင်းဆိုလိုက်၏။
ယွင်ကျုံးဟဲ့ စစ်ဆေးကြည့်လိုက်သည်။ သိသိသာသာ သက်သာနေပြီဖြစ်သည်။
အဖျားကျသွားပြီး ပြည်တည်နာတွေ ခြောက်သွေ့စ ပြုနေ၏။ အသစ်မထွက်တော့ပေ။
‘ပင်နီဆီလင်က တကယ် စွမ်းတာပဲ။ ဒီကမ္ဘာက လူတွေက ပဋိဇီဝဆေးနဲ့ မထိတွေ့ဖူးတော့ ဆေးစွမ်း ပိုထက်တာ နေမယ်။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီအတိုင်း ဆက်သွားရင် ၁၀ ရက် မကြာဘူး။ ထူထူထောင်ထောင် ဖြစ်လာလိမ့်မယ်။ ကျုပ် ဆေးနည်းနည်း ထားခဲ့မယ်။ ၇ ရက် တစ်ကြိမ် သုံးရင် လုံးဝ ပျောက်ကင်း သွားလိမ့်မယ်။”
နယ်စားကတော်က ယွင်ကျုံးဟဲ့၏ လက်ကို ဆုပ်ကိုင်လိုက်၏။ “တကယ်လား ဆရာကြီး... လုံးဝ ပျောက်ကင်းသွားမှာလား။ ဘာရောဂါမှ မကျန်တော့ဘူးလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပါပြီ။ လုံးဝ ပျောက်ကင်းသွားမှာပါ။ အမာရွတ်တောင် မကျန်စေရပါဘူး။”
ယွင်ကျုံးဟဲ့က လက်ကို မရုန်းဘဲ ထားလိုက်၏။ ‘အိစက်လိုက်တဲ့ လက်ကလေး။’
နယ်စားကတော်က သတိဝင်လာပြီး လက်ကို လွှတ်လိုက်၏။ ထို့နောက် ဦးညွှတ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာကြီး...”
သမားတော်ကြီးတစ်ဦးက မေးမြန်းလိုက်သည်။ “ဆရာကြီး... ရှင်းပြပါအုံး။ ကာလသားရောဂါက ကုမရဘူးလို့ သိထားတာ။ ဘယ်လို ကုလိုက်တာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “လူကြီးမင်း မှားနေပါပြီ။ သခင်လေး ဖြစ်တာ ကာလသားရောဂါ မဟုတ်ပါဘူး။ သာမန် အဆိပ်နာပါ။ ကာလသားရောဂါနဲ့ တူနေရုံပါပဲ။”
အားလုံး ကြောင်အသွားကြသည်။ ‘ကာလသားရောဂါ အစစ်ပါဆိုမှ ဘယ်လိုဖြစ်လို့ အဆိပ်နာ ဖြစ်သွားတာလဲ။’
သို့ပေမည့် သမားတော်ကြီးက သဘောပေါက်သွား၏။ “ဟုတ်တာပေါ့။ သခင်လေး ဖြစ်တာ သာမန် အဆိပ်နာပါ။ ကာလသားရောဂါ မဟုတ်ပါဘူး။”
နယ်စားမင်း မျက်ရည်ဝဲလာသည်။
ယွင်ကျုံးဟဲ့က နယ်စားအိမ်တော်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးနေခြင်း ဖြစ်၏။
ကာလသားရောဂါကို ကုသနိုင်သည်ဆိုပါက ယွင်ကျုံးဟဲ့မှာ နာမည်ကြီးသွားမည် ဖြစ်သည်။ သို့သော်ငြား သူသည် နာမည်ကြီးရန်ထက် လူနာရှင်၏ ဂုဏ်သိက္ခာကိုသာ ဦးစားပေးခဲ့သည်။
သခင်လေးတွင် ကာလသားရောဂါ ဖြစ်ပွားနေသည်မှာ သေချာသွားပါက ဧကရာဇ်မင်းက အပြစ် ပေးတော့မှာ ဖြစ်၏။ ယခုမူ သာမန်အဆိပ်နာဟုသာ သတ်မှတ်လိုက်သောကြောင့် ပြဿနာ ရှင်းသွားပြီဖြစ်သည်။
“ဆရာကြီးရဲ့ ကျေးဇူးကို မမေ့ပါဘူး။ ဘာလိုချင်လဲ။ ပြောပါ။” နယ်စားမင်းက မေးလိုက်၏။
ယွင်ကျုံးဟဲ့က ငွေ ၁ သန်း တောင်းဆိုချင်သော်လည်း လွန်လွန်းသည်ဟု ထင်မြင်မိသောကြောင့် မတောင်းဆိုတော့ရန် ဆုံးဖြတ်လိုက်သည်။
နယ်စားအိမ်တော်မှာ ချမ်းသာကြွယ်ဝသည် ဆိုသော်လည်း ငွေသား ၁ သန်းခန့်အထိ ရှိနေမည် မဟုတ်ပေ။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် ပြောပြီးသားပါ။ အိမ်တော်က ပစ္စည်းတစ်မျိုးပဲ လိုချင်ပါတယ်။”
နယ်စားမင်းက အားတက်သရော ပြောလိုက်သည်။ “ပြောပါ။ ဘာမဆို ပေးပါ့မယ်။”
ယွင်ကျုံးဟဲ့က လက်ကာပြကာ ပြောလိုက်၏။ “အခုတော့ မလိုသေးပါဘူး။ သခင်လေး လမ်းလျှောက်နိုင်မှ ယူပါ့မယ်။”
နယ်စားမင်း ပို၍ ကျေးဇူးတင်သွားသည်။ ‘တကယ့် လူတော်လူကောင်းပါလား။’
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အခြေအနေ တစ်ခု ရှိပါတယ်။”
နယ်စားမင်းက ခေါင်းညိတ်လိုက်သည်။ “ပြောပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပစ္စည်း လွှဲပြောင်းပေးတဲ့နေ့ကျရင်မြို့ထဲက ဂုဏ်သရေရှိ လူကြီးတွေကို ဖိတ်ကြားပေးပါ။ သက်သေအဖြစ် ရှိစေချင်လို့ပါ။”
နယ်စားမင်း သဘောတူလိုက်သည်။ “ကောင်းပါပြီ။”
ရက်အနည်းငယ် အကြာတွင် သခင်လေး၏ အခြေအနေ ကောင်းမွန်လာသည်။ အဖျားကျပြီး အနာများ ပျောက်ကင်းစ ဖြစ်နေပြီး လမ်းလျှောက်နိုင်နေပြီဖြစ်၏။
သို့ပေမည့် သခင်လေးက စကားများလွန်းလှသည်။ “ချူလျိုရှန်း ဆရာကြီး... ကျေးဇူးတင်ပါတယ်။ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ ပြည့်တန်ဆာရုံ လိုက်ပို့ပေးမယ်လေ။ ကြိုက်တဲ့ မိန်းကလေး ရွေး။ ကျုပ် ဒကာခံမယ်။ ဆရာကြီးက ကာလသားရောဂါ ကုတတ်တယ် ဆိုတော့ ကြိုက်သလောက် ပျော်ပါးလို့ ရပြီပေါ့။ လူဆိုတာ ပျော်ပျော်နေ သေခဲပဲ။ ကျင်းကျိုးမြို့မှာ ဆရာကြီးကို ဘယ်သူမှ မထိစေရဘူး။ ကျုပ် တာဝန်ယူတယ်။”
ယွင်ကျုံးဟဲ့ ခေါင်းခါလိုက်မိ၏။ ‘ရောဂါ မပျောက်သေးဘူး။ ထပ်သွားချင်နေပြီ။ သင်းကွပ်ပစ်လိုက်ရင် ကောင်းမလား။’
၇ ရက် ကြာချိန်မှာတော့ သခင်လေး၏ရောဂါ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။
နယ်စားမင်းက ကတိအတိုင်း မြို့မိမြို့ဖများကို ဖိတ်ကြားပြီး စားပွဲသောက်ပွဲ ကျင်းပ၏။
“ကျုပ်သား ကာလသားရောဂါ ဖြစ်နေတယ် ဆိုတာ ကောလာဟလပါပဲ။ ယုတ်မာတဲ့သူတွေက တမင် လုပ်ကြံတာပါ။”
နယ်စားမင်းက ပြောလိုက်သည်။ “စစ်ပွဲ နီးလာပြီ။ ကျုပ်တို့က နိုင်ငံတော်အတွက် အလုပ်လုပ်နေတာ။ သားလေးကလည်း လိမ္မာပါတယ်။ ကာလသားရောဂါက ကုမရဘူးဆိုတာ လူတိုင်း သိတယ်။ သားလေးကို ကြည့်ကြပါအုံး။ ရောဂါသည်နဲ့ တူလို့လား။”
“သား... အင်္ကျီချွတ်ပြလိုက်။” နယ်စားမင်းက အမိန့်ပေးလိုက်၏။
သခင်လေး အင်္ကျီချွတ်ပြလိုက်သည်။ အမာရွတ် အနည်းငယ်သာ ကျန်တော့ပြီး အလုံးစုံ ကျန်းမာ သန်စွမ်းနေသည်။
နယ်စားမင်းက ပြောလိုက်၏။ “သားလေး ဖြစ်တာက ရှားပါးတဲ့ အဆိပ်နာပါ။ နတ်သမားတော် ချူလျိုရှန်းက ကုသပေးခဲ့တာပါ။ ဆရာကြီးချူ... ကြွပါခင်ဗျာ။”
ယွင်ကျုံးဟဲ့ ထွက်လာသည်။
အားလုံး အံ့ဩသွားကြသည်။ ‘သူတောင်းစား ရုပ်နဲ့ပါလား။ ဒီလူက ကုသပေးတာလား။ ချူလျိုရှန်း ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်မှု မရှိဘူး။’
နယ်စားမင်းက မေးလိုက်၏။ “ဆရာကြီးချူ... ကတိအတိုင်း ဆရာကြီး လိုချင်တာ ပေးပါ့မယ်။ ပြောပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နယ်စားမင်း... အိမ်တော်မှာ တန်ဖိုးကြီးတဲ့ ရတနာ တစ်ခု ရှိတယ်လို့ ကြားဖူးပါတယ်။ မင်းသား ၆ တောင် လိုချင်ခဲ့ပေမဲ့ နယ်စားမင်းက မပေးခဲ့ဘူး။ အဲဒီ ရတနာကို ကျုပ် လိုချင်ပါတယ်။”
အားလုံး အံ့ဩသွားကြ၏။ ‘မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာကို တောင်းရဲတယ်ပေါ့။ မင်းသားတောင် မပေးခဲ့တာ။ သူတောင်းစားကို ပေးမလား။ နယ်စားမင်းက နှစ်စဉ် ဒီရတနာကို ထုတ်ပြပြီး ကြွားဝါလေ့ရှိတယ်။ အခု သူတောင်းစား လက်ထဲ ရောက်သွားရင် ဘယ်လို လုပ်မလဲ။’
နယ်စားမင်း စက္ကန့်ပိုင်းမျှသာ စဉ်းစားပြီး စားပွဲခုံကို ရိုက်လိုက်သည်။ “ပေးမယ်။ မိန်းမ... သွားယူချေ။”
“ဟုတ်ကဲ့ပါ ယောက်ျား...” နယ်စားကတော် ထွက်ခွာသွား၏။
အားလုံး တုန်လှုပ်သွားကြသည်။ ‘တကယ် ပေးလိုက်တာလား။’
နယ်စားကတော်က မြေအောက်ခန်းထဲ ဝင်သွားပြီး သော့ ၂ ချောင်းဖြင့် စက်ခလုတ် တစ်ခုကို ဖွင့်ကာ ရတနာသေတ္တာကို ယူဆောင်လာခဲ့၏။ ထို့နောက် ခန်းမထဲသို့ ပြန်ရောက်လာ၏။
နယ်စားမင်းသည် သေတ္တာကို ကိုင်ပြီး ယွင်ကျုံးဟဲ့ထံ ကမ်းပေးလိုက်သည်။ “ဆရာကြီး... လက်ခံပါ။”
ယွင်ကျုံးဟဲ့ လေးစားစွာ လက်ခံလိုက်၏။
‘အောင်မြင်ပြီ။ ငွေ ၁ သန်း (၁၀ သိန်း) ရှာမယ့် အစီအစဉ် တစ်ဝက်ပြီးသွားပြီ။’
“ဒီရတနာကို လူတိုင်း မြင်ဖူးကြမှာပါ။ ဒါပေမဲ့ နောက်နောင် မြင်ရတော့မှာ မဟုတ်ပါဘူး။”
ယွင်ကျုံးဟဲ့က ပြောဆိုလိုက်သည်။ “ဒါကြောင့် ဒီနေ့ နောက်ဆုံးအကြိမ် ထုတ်ပြပါ့မယ်။”
နယ်စားမင်းက သဘောတူလိုက်၏။ “ကောင်းပါပြီ။”
ယွင်ကျုံးဟဲ့ သေတ္တာကို ဖွင့်ကာ အထဲမှ ပစ္စည်းကို ထုတ်ယူပြီး ဖြန့်ပြလိုက်သည်။
အားလုံး အံ့ဩမှင်သက်သွားကြ၏။
***