နင်အန်း နယ်စားအိမ်တော်၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ရတနာကား အဘယ်နည်း။
ထိုအရာကား ပန်းချီကားတစ်ချပ် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ပန်းချီသူတော်စင် ဝူတောင့်ဇီ ရေးဆွဲခဲ့သည့် ရှန့်ကျင်း ကျုံးယွမ်ည အမည်ရ ပန်းချီကား ဖြစ်၏။
အစစ်အမှန် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော လက်ရာမွန်၊ ကောင်းကင်အောက်မှ အကျော်ကြားဆုံး ပန်းချီကားတစ်ချပ်လည်း ဖြစ်သည်။
ပန်းချီကားသည် အလျား ပေနှစ်ဆယ်၊ အနံ တစ်ပေခွဲရှိ၏။
ပန်းချီကား၏ အကြောင်းအရာမှာ တာရှအင်ပါယာ၏မြို့တော် ရှန့်ကျင်း၌ ကျင်းပသော ကျုံးယွမ်ပွဲတော်ည ရှုခင်းဖြစ်သည်။
တာရှအင်ပါယာသည် ကောင်းကင်အောက်တွင် အထွတ်အထိပ်သို့ ရောက်နေသော နိုင်ငံဖြစ်ပြီး ရှန့်ကျင်းမြို့ သည်လည်း ကမ္ဘာ့နံပါတ်တစ် မြို့တော်ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က လီထိုက်အာ နယ်နှင်ဒဏ်ပေးခံရခြင်း၊ တာရှအိမ်ရှေ့စံ မင်းသား ပုန်ကန်မှု မအောင်မြင်ခြင်း စသည်တို့သည် ဤရှန့်ကျင်းမြို့၌ပင် ဖြစ်ပျက်ခဲ့သည်။
သို့ပေမည့် ဤပန်းချီကားထဲမှ ရှန့်ကျင်းမြို့သည် လွန်ခဲ့သော နှစ်သုံးရာခန့်က မြင်ကွင်းဖြစ်သည်။ ကျုံးယွမ် ပွဲတော်ည၌ တာရှဧကရာဇ်သည် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိ၏။
ရှန့်ကျင်းမြို့တစ်မြို့လုံး မီးအိမ်များ ထွန်းညှိထားကာ ကောင်းကင်ထက်၌ လမင်းကြီး သာနေ၏။ မီးပန်းများ ဝေဆာနေပြီး အမှန်တကယ် ညမအိပ်သောမြို့တော်ကြီး ဖြစ်ခဲ့သည်။
ပန်းချီသူတော်စင် ဝူတောင့်ဇီသည် အမြင့်ဆုံးနေရာ၌ ရပ်လျက် ရှန့်ကျင်းမြို့တစ်ခုလုံးကို ငုံ့ကြည့်ကာ ရှုခင်း အားလုံးကို နှလုံးသားထဲတွင် မှတ်သားခဲ့၏။
ထို့နောက် နန်းတော်မှ လမ်းမများပေါ်သို့ ဆင်းသက်ကာ အကြိမ်ကြိမ် လမ်းလျှောက်ပြီး ဖြတ်သွားဖြတ်လာ လူများကို သေချာစွာ လေ့လာခဲ့သည်။ ပြီးသည့်နောက် သူသည် နေ့နေ့ညည အချိန်ယူကာ ဤ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားကို ရေးဆွဲခဲ့သည်။
ပန်းချီကား တစ်ချပ်လုံးတွင် လူပေါင်း နှစ်ထောင်နီးပါး ပါဝင်ပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီဘဲ အသက်ဝင် လှုပ်ရှားနေသကဲ့သို့ ရှိသည်။ ပို၍ အံ့သြဖွယ်ကောင်းသည်မှာ သူရေးဆွဲထားသည်က ညရှုခင်း ဖြစ်နေခြင်းပင်။
အလင်းအမှောင် ကွဲပြားမှုများ ရှိသည်။ အချို့နေရာများတွင် မီးအိမ်ရောင်ဖြင့် လင်းနေပြီး အချို့နေရာ များတွင် လရောင်ဖြင့် လင်းနေသည်။
ည၏ ဝိုးတဝါးဆန်သော ခံစားချက်နှင့် မီးပန်းများ၏ တောက်ပသော ခံစားချက် နှစ်မျိုးလုံး ပါရှိသည်။ ညအချိန်၌ လူတစ်ဦးချင်းစီသည် ဝေဝါးနေသယောင် ထင်ရသော်လည်း သေချာကြည့်လျှင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရ၏။
အမျိုးသမီးတစ်ဦး စီးထားသော ဖိနပ်ပေါ်မှ ပန်းထိုးကွက်များ၊ လူတစ်ယောက်၏ လည်ပင်းမှ တက်တူးနှင့် မှဲ့များကိုလည်း သေချာစွာ ရေးဆွဲထားသည်။ ဤအရာကား အလွန်တရာ အံ့သြဖွယ် ကောင်းလှသည်။
ထိုအချိန်က ဤပန်းချီကား ထွက်ပေါ်လာသည်နှင့် ပန်းချီဆရာများ အားလုံး အံ့အားသင့်ခဲ့ကြရသည်။ ဤပန်းချီကားကြောင့်ပင် ဝူတောင့်ဇီသည် ပန်းချီသူတော်စင်ဟူသော ဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်၏။
ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပန်းချီဆရာ မည်မျှက ဤပန်းချီကားကို တုပရန် ကြိုးစားခဲ့ကြသည် မသိချေ။
သို့ပေမည့် အားလုံး ကျရှုံးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လုံးဝ သင်ယူ၍ မရနိုင်သောကြောင့် ဖြစ်သည်။ ညရှုခင်းကို မည်သို့ ရေးဆွဲရမည်နည်းဟူသော အချက်ကိုပင် မည်သူမှ မတတ်မြောက်ခဲ့ကြပေ။
ဤလက်ရာကို မည်သို့ တင်စားရမည်နည်း။ ဤကမ္ဘာ၏ ချင်မင်ပွဲတော် မြစ်ကမ်းပါးမြင်ကွင်းဟု ခေါ်ဆိုသင့်သည်။
သမိုင်းသက်တမ်း တိုတောင်း၍ နှစ်သုံးရာခန့်သာ ရှိသေးသော်လည်း နှစ်တစ်ထောင်ခန့်သာ ကြာမြင့်ပါက တန်ဖိုးဖြတ်မရသော နိုင်ငံတော် ရတနာ ဖြစ်လာပေလိမ့်မည်။
ဤပန်းချီကားသည် မူလက တာရှအင်ပါယာ၌ ရှိခဲ့သော်လည်း အဘယ်ကြောင့် တောင်ပိုင်းကျိုးအင်ပါယာရှိ နင်အန်း နယ်စားအိမ်တော်သို့ ရောက်ရှိလာသနည်း။ ဤသည်မှာ အခြားဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပြန်သည်။
ပန်းချီသူတော်စင် ဝူတောင့်ဇီသည် သူ၏ ဘဝနေဝင်ချိန်၌ တာရှအင်ပါယာ နန်းတွင်းအာဏာလုပွဲတွင် ပါဝင်ပတ်သက်မိပြီး တောင်ဘက်သို့ ထွက်ပြေးခဲ့ရ၏။
အဆင့်ဆင့် လက်လွှဲပြောင်းရင်း ဤပန်းချီကားသည် နင်အန်း နယ်စားအိမ်တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က မင်းသားတစ်ပါးသည် ငွေစ နှစ်သိန်းဖြင့် ဤပန်းချီကားကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အထမမြောက်ခဲ့ပေ။
သို့ပေမည့် ထိုကိစ္စက ဤပန်းချီကားအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးခဲ့သလို ဖြစ်သွားသည်။ ငွေစ နှစ်သိန်း ဆိုသည်မှာ မိုးထိအောင် မြင့်မားသော ဈေးနှုန်းပင်။
လက်ရှိအချိန်တွင် ဆရာကြီးများ၏ လက်ရာဖြစ်စေ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိသော ရှေးဟောင်းပစ္စည်း ဖြစ်စေ ငွေတစ်သောင်းကျော်ရန် ခက်ခဲလှသည်။ သို့ပေမည့် ထိုမင်းသား၏ ကမ်းလှမ်းမှုကြောင့် ဤပန်းချီကားသည် တန်ဖိုးမြင့်မားသွားခဲ့ရသည်။
ယခုအခါ ဤမြင်ကွင်းမျိုး ပြန်လည် ပေါ်ပေါက်လာခဲ့ပြန်၏။
ပန်းချီကားကို ဖြန့်ခင်းလိုက်ပြီးနောက် ရာချီသော အထက်တန်းလွှာများသည် ပန်းချီကားရှေ့တွင် စုရုံးကာ တစ်လက်မချင်းစီ ကြည့်ရှုနေကြသည်။
နေ့အချိန် ကြည့်လျှင် အရသာတစ်မျိုး၊ ညအချိန် ကြည့်လျှင် အရသာတစ်မျိုး ပေးစွမ်းနိုင်သော လက်ရာဖြစ်၏။ အလွန် ထူးခြားဆန်းပြားလှသည်။ အမှန်တကယ် တန်ဖိုးဖြတ်မရသော ရတနာ ဖြစ်၏။
ယခုတွင်မူ ဤကဲ့သို့သော လက်ရာမွန် ပန်းချီကားသည် သမားတော်တစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ရာ နှမြောတသ ဖြစ်စရာပင်။
နင်အန်း နယ်စားက ဤပန်းချီကားကို ချူလျှိုရှန်း (ယွင်ကျုံးဟဲ့) အား ပေးအပ်လိုက်ခြင်းမှာ လူအများအတွက် အံ့သြစရာ ဖြစ်ခဲ့ရသည်။
သို့ပေမည့် ထိုအချိန်တွင် ရောက်ရှိနေသော အထက်တန်းလွှာများ၊ သူဌေးသူကြွယ်များ၏ မျက်လုံးများ အရောင်တောက်လာကြ၏။
ဤပန်းချီကား နင်အန်း နယ်စားလက်ထဲတွင် ရှိစဉ်က ရယူရန် ခက်ခဲသော်လည်း ယခု ချူလျှိုရှန်း လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ရာ ရယူရန် လွယ်ကူနိုင်သည် မဟုတ်ပါလား။
ထိုစဉ် နင်အန်း နယ်စားက ပြောလိုက်သည်။ “လူကြီးမင်းတို့အနေနဲ့ တခြားရည်ရွယ်ချက်တွေ ရှိကောင်း ရှိနိုင်တယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ဒီနေ့ကစပြီး သခင်လေး ချူလျှိုရှန်းဟာ နင်အန်း နယ်စားအိမ်တော်ရဲ့ ကျေးဇူးရှင် ဖြစ်သွားပါပြီ။ ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ သူ့ကို စောင့်ရှောက်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”
ဤစကားမှာ သတိပေးခြင်းပင်။ ချူလျှိုရှန်းကို နင်အန်း နယ်စားအိမ်တော်က ကာကွယ်ပေးထားမည် ဖြစ်ကြောင်း၊ လုယူခြင်း သို့မဟုတ် အန္တရာယ်ပြုခြင်းများ မလုပ်ရန် သတိပေးလိုက်ခြင်း ဖြစ်၏။
ထိုညတွင် စားသောက်ပွဲ ပြီးဆုံးပြီးနောက် ယွင်ကျုံးဟဲ့သည် လိုအပ်သော ဆေးဝါးများကို ချန်ထားရစ်ခဲ့ပြီး အသုံးပြုပုံများကို မှာကြားကာ ညတွင်းချင်း နင်အန်း နယ်စားအိမ်တော်မှ ထွက်ခွာလာခဲ့သည်။
နင်အန်း နယ်စားနှင့် သားဖြစ်သူတို့မှာ နှုတ်ဆက်ရန် ဝန်လေးနေကြသည်။ ဤကဲ့သို့သော သမားတော် တစ်ယောက်ကို သူတို့ အမှန်တကယ် ဆွဲထားချင်ကြ၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လူဆိုတာ ကောင်းကင်ပေါ်က တိမ်တွေလိုပါပဲ။ တိမ်တွေ စုစည်းလိုက်၊ ကွဲသွားလိုက် ဖြစ်တာက ရေစက်ကြောင့်ပါ။ တစ်နေ့နေ့ နင်အန်း နယ်စားအိမ်တော်က ကျုပ်ကို လိုအပ်လာတဲ့အခါ ကျုပ် လူကြီးမင်းတို့ရှေ့ကို ပြန်ရောက်လာအုံးမှာပါ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် တိတ်တဆိတ် ထွက်ခွာသွားပြီး ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့၏။
......
ကျင်းကျိုးမြို့ရှိ အိမ်တစ်အိမ်၌ သက်တော်စောင့် အာ့တိုင်သည် တံခါးဝတွင် စောင့်ကြပ်နေပြီး အခြားသော စစ်သည် ဒါဇင်ပေါင်းများစွာသည် အိမ်၏ နေရာအနှံ့တွင် စောင့်ကြပ်နေကြသည်။
အပေါ်ယံတွင် အာ့တိုင်တစ်ယောက်တည်း ယွင်ကျုံးဟဲ့နောက်သို့ လိုက်ပါလာပုံ ရသော်လည်း ကျင်းကျုံးယွဲ့ သည် လူတစ်ရာကျော်ကို အသုတ်လိုက်ခွဲကာ ကျင်းကျိုးမြို့ထဲသို့ စေလွှတ်ထားပြီး ယွင်ကျုံးဟဲ့ကို တိတ်တဆိတ် ကာကွယ်စောင့်ရှောက်ရန် စီစဉ်ထားခြင်း ဖြစ်၏။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့ ဘာလုပ်နေသနည်း။ အမှန်စင်စစ် သူသည် ဒါဗင်ချီ စိတ်ဝိညာဉ်ကို ဆင့်ခေါ်ကာ ပန်းချီသူတော်စင် ဝူတောင့်ဇီ၏ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားကို ကူးယူရေးဆွဲနေခြင်း ဖြစ်သည်။
ဤပန်းချီကားသည် အလွန် လက်ရာမြောက်ပြီး ခက်ခဲလွန်းလှသောကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ရာချီကာလအတွင်း မည်သူမှ တုပရေးဆွဲနိုင်ခြင်း မရှိခဲ့ပေ။
သို့ပေမည့် အမှတ် (၂၃) လူနာ ဒါဗင်ချီအတွက်မူ ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူလှသည်။ သူသည် မည်သည့်ပန်းချီကားကိုမဆို အတိအကျ ကူးယူရေးဆွဲနိုင်သည်။ မူရင်းထက်ပင် သာလွန်ကောင်းမွန်အောင် ရေးဆွဲနိုင်သူ ဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း သူသည် ဤပန်းချီကားကို တစ်ပုံစံတည်းတူအောင် အစောင်ရေအနည်းငယ် ကူးယူရေးဆွဲရမည်။
ထို့နောက် ဟောင်းနွမ်းသွားအောင် အနုစိတ် ဖန်တီးပြုလုပ်ရမည်။ နောက်ဆုံးတွင် ကူးယူထားသော ပန်းချီကားများကို မတူညီသော လူများထံသို့ လျှို့ဝှက်ရောင်းချရမည် ဖြစ်သည်။
တစ်ချပ်လျှင် ငွေစ တစ်သိန်းမရလျှင်တောင် ငါးချပ်၊ ရှစ်ချပ်ဆိုလျှင် မည်မျှ ရမည်နည်း။ နင်အန်း နယ်စားကို ပစ်မှတ်ထားခဲ့ခြင်းမှာ ဤအကြောင်းကြောင့်ပင်။
ယခုအခါ လူတိုင်းက ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားသည် သူ့လက်ထဲတွင် ရှိကြောင်း သိနေကြပြီ ဖြစ်၏။ ထိုအချိန်ကျမှ လျှို့ဝှက်စွာ ရောင်းချလိုက်လျှင် အရာအားလုံး အဆင်ပြေချောမွေ့သွားလိမ့်မည်။
ဒါဗင်ချီ ဝင်ပူးပြီးနောက် ယွင်ကျုံးဟဲ့၏ ပန်းချီဆွဲနှုန်းမှာ အလွန်အံ့သြဖွယ် ကောင်းလှသည်။ လူသား ပရင်တာစက်ကြီးကဲ့သို့ ဖြစ်နေ၏။ လက်ထဲမှ စုတ်တံသည် ကခုန်နေသကဲ့သို့ လှုပ်ရှားနေပြီး မြန်ဆန်လွန်း သောကြောင့် မြင်ပင်မမြင်ရပေ။
စစ်မှန်သော ရူးသွပ်မှု၊ စစ်မှန်သော စိတ်ဝေဒနာရှင်တစ်ဦး၏ လက်ရာဖြစ်သည်။ တစ်နေ့လျှင် နှစ်ဆယ့် လေးနာရီလုံးလုံး မအိပ်မနေ ပန်းချီဆွဲနေသည်။
ဆွဲပြီးသည်နှင့် ဆေးရည်များ၊ မီးအပူပေးခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်း စသည့် ရှုပ်ထွေးသော နည်းလမ်းများဖြင့် ဟောင်းနွမ်းအောင် ပြုလုပ်၏။
နောက်ဆုံးတွင် မူရင်းနှင့် တစ်ပုံစံတည်း တူညီသော ပန်းချီကားများ ထွက်ပေါ်လာသည်။
ထူးဆန်းသည်မှာ ကူးယူဖန်တီးမှု များလာသည်နှင့်အမျှ လက်ရာသည် မူရင်းထက်ပင် ပိုမိုကောင်းမွန်လာခြင်း ဖြစ်၏။
သို့ပေမည့် သူသည် တမင်တကာ အမှား တစ်ခုကို ချန်ထားခဲ့သည်။ ပန်းချီကားထဲမှ ပြည့်တန်ဆာမယ်၏ ဝတ်စုံအတွင်းဘက်တွင် ဒါဗင်ချီ ဟူသော စာလုံး သေးသေးလေး သုံးလုံးကို ထည့်သွင်းထားသည်။
ယွင်ကျုံးဟဲ့ တားဆီးသော်လည်း မရပေ။ ဒါဗင်ချီ၏ အဆိုအရ ဤသည်မှာ အနုပညာရှင်တစ်ဦး၏ ဂုဏ်ယူမှု ဖြစ်သည်ဟူ၏။
နောက်ဆုံးတွင် ပို၍ ဆိုးရွားလာသည်။ ပန်းချီကားထဲမှ နေရာတစ်ခုရှိ မြက်ခင်းထဲတွင် ပုရွက်ဆိတ် ထောင်ပေါင်းများစွာဖြင့် ဒါက အတုပါ၊ ငတုံးရဲ့ ဟူသော စာလုံးကို ဖော်ထားသည်။
ပိုဆိုးသည်မှာ ရေအောက်ရှိ ကျောက်တုံးကြားတွင် မီလီမီတာ အရွယ်အစားမျှသာ ရှိသော iPhone 11 တစ်လုံးကိုပါ ထည့်သွင်း ရေးဆွဲထားခြင်း ဖြစ်၏။
ဤအရာများကို သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အဆပေါင်းများစွာ ချဲ့ကြည့်မှသာ မြင်တွေ့နိုင်သည်။ ဤကမ္ဘာတွင် မည်သူမှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ယွင်ကျုံးဟဲ့ ဘာမှ မတတ်နိုင်တော့ပေ။ စိတ်ထဲမှ ကျိန်ဆဲရုံသာ တတ်နိုင်တော့သည်။ ‘တောက်... ကျုပ် ခင်ဗျားကို သတ်ပစ်ချင်လိုက်တာ။’
သို့ပေမည့် ပေါ်သွားမည်ကို စိုးရိမ်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် မူရင်းထက်ပင် ပိုမို ကောင်းမွန်နေပြီး မည်သည့် နှိုင်းယှဉ်စရာမှ မရှိသောကြောင့် ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက် လျော်ကြေးပေးရန် နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ကိုးရက်အလို၊ နိုဝင်ဘာလ နှစ်ဆယ့်နှစ်ရက်နေ့သို့ ရောက်ရှိလာ၏။
ယွင်ကျုံးဟဲ့ ရှေ့တွင် အပြစ်ဆိုဖွယ်ရာမရှိသော ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားအတု ရှစ်ချပ် တန်းစီလျက် ရှိနေသည်။
ယခု ဤပန်းချီကား ရှစ်ချပ်ကို လျှို့ဝှက်ရောင်းချရမည်။ အနည်းဆုံး ငွေစ တစ်သန်းခန့် ရရှိနိုင်ပြီး ကံကောင်းလျှင် ထို့ထက်ပို၍ ရနိုင်၏။
အရေးကြီးသည်မှာ ငွေတုံး လက်မခံဘဲ ရွှေကိုသာ လက်ခံရန် ဖြစ်သည်။ ငွေတုံးများကို သယ်ဆောင်ရန် ခက်ခဲသောကြောင့် ရွှေတုံးများကိုသာ လိုချင်ခြင်း ဖြစ်သည်။
ငွေစ တစ်သိန်းသည် ရွှေ ပိဿာချိန် ခြောက်ရာခန့်နှင့် ညီမျှ၏။
နာရီအနည်းငယ် အိပ်စက်ပြီးနောက် ယွင်ကျုံးဟဲ့ ပန်းချီကားရောင်းရန် ထွက်လာခဲ့သည်။
နာရီဝက်ခန့် အကြာတွင် ယွင်ကျုံးဟဲ့နှင့် အာ့တိုင်တို့သည် ကြီးကျယ်ခမ်းနားသော အိမ်ကြီးတစ်အိမ်သို့ ရောက်ရှိသွား၏။
ဤအိမ်ပိုင်ရှင်မှာ သူဌေးကြီးဝမ် ဖြစ်သည်။ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး သူ၏ ပိုးထည်နှင့် ချည်ထည်များကို မိုင်ပေါင်းသောင်းချီ ဝေးကွာသော ဒေသများအထိ တင်ပို့ရောင်းချသည်။
သူသည် ဤပန်းချီကားကို အလိုချင်ဆုံး လူဖြစ်၏။ သူသည် ဤပန်းချီကားကို အမြတ်ထုတ်ရန် လိုချင်ခြင်း မဟုတ်ဘဲ တာရှအင်ပါယာ၌ စီးပွားရေး လမ်းကြောင်းပွင့်ရန် လာဘ်ထိုးရာတွင် အသုံးပြုလိုခြင်း ဖြစ်၏။
သူဌေးကြီးဝမ်သည် ဤပန်းချီကားကို ရရှိရန် နင်အန်း နယ်စားထံတွင် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
ထိုညက နင်အန်း နယ်စားသည် ယွင်ကျုံးဟဲ့အား ပန်းချီကား ပေးလိုက်ချိန်မှာတော့ သူဌေးကြီးဝမ်သည် ယွင်ကျုံးဟဲ့ကို မျက်ရိပ်မျက်ကဲ အကြီးအကျယ် ပြခဲ့ဖူး၏။
“သခင်ကြီး... သမားတော် ချူလျှိုရှန်း ရောက်လာပါတယ်” လက်ထောက်တစ်ဦးက လာရောက်သတင်း ပို့လိုက်သည်။
သူဌေးကြီးဝမ်သည် အိပ်ရာဝင်နေပြီ ဖြစ်သော်လည်း သတင်းကြားသည်နှင့် ဝမ်းသာအားရ ထလိုက်ပြီး အပေါ်ထပ်အင်္ကျီ တစ်ထည်ကို ကောက်စွပ်ကာ ပြေးထွက်လာခဲ့၏။
“ဆရာချူ... ဆရာ လာပြီလား။ ကျုပ်ဖြင့် မျှော်နေလိုက်ရတာဗျာ။” သူဌေးကြီးဝမ်က ယွင်ကျုံးဟဲ့၏ လက်နှစ်ဖက်ကို ရင်းနှီးစွာ ဆုပ်ကိုင်ရင်း နှုတ်ဆက်သည်။
ယွင်ကျုံးဟဲ့က သူ အတုပြုလုပ်ထားသော ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားကို ထုတ်ပြလိုက်ပြီး တဲ့တိုးပင် ပြောလိုက်၏။ “လူကြီးလူကောင်း အချင်းချင်း စကားဝေ့ဝိုက် မပြောကြေးဗျာ။ ခင်ဗျား ဒီပန်းချီကားကို လိုချင်ရင် ငွေစ နှစ်သိန်းခွဲ ပေးရမယ်။”
***