“ငွေစ နှစ်သိန်းခွဲ၊ တစ်ပြားမှ မလျှော့ဘူး။ ပြီးတော့ အားလုံးကို ရွှေနဲ့ပဲ ပေးချေရမယ်။” ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောလိုက်သည်။
သူဌေးကြီးဝမ် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ ဈေးနှုန်းက တကယ်ကို မြင့်လွန်း၏။
သို့သော်ငြား သူ နင်အန်း နယ်စားကို ကမ်းလှမ်းခဲ့သည့် ဈေးနှုန်းမှာ နှစ်သိန်းရှစ်သောင်း ဖြစ်သည်။
သူ့အမြင်တွင် ကမ္ဘာ့အကောင်းဆုံး ပန်းချီကား ဖြစ်ပါစေ ငွေနှစ်သိန်း မတန်ပေ။ ဤအရာကို စား၍မရ၊ သုံး၍မရချေ။
သို့ပေမည့် သူ မျက်နှာလိုမျက်နှာရ လုပ်ချင်နေသော လူက ဤပန်းချီကားကို အရူးအမူး နှစ်သက်နေခြင်း ဖြစ်သည်။
ထိုလူသည် သူ၏ စီးပွားရေး အသက်သွေးကြောကို ထိန်းချုပ်ထားနိုင်သူ ဖြစ်သည်။ အကယ်၍ တာရှအင်ပါယာ ဈေးကွက်ကို ဖွင့်နိုင်ခဲ့လျှင် တစ်နှစ်ကို ငွေစ သိန်းချီ အမြတ်ရနိုင်၏။
ဤ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကား ရှိနေလျှင် တာရှအင်ပါယာ၏ ပိုးထည်ဈေးကွက်ကို တစ်ဝက်ခန့် ဖွင့်လှစ်နိုင်ပြီဟု ဆိုနိုင်သည်။
သူဌေးကြီးဝမ်သည် ယွင်ကျုံးဟဲ့၏ နောက်ပါ အာ့တိုင်ကို တစ်ချက်ကြည့်လိုက်သည်။ သိုင်းပညာရှင် တစ်ယောက် ဖြစ်ကြောင်း သိသာ၏။
လူသတ်ပြီး ပန်းချီကားကို လုယူရန် သူဌေးကြီးဝမ် မစဉ်းစားခဲ့ဘူးသည်တော့ မဟုတ်ချေ။ သို့ပေမည့် ထိုအတွေးကို ချက်ချင်း ဖျောက်ဖျက်လိုက်ရသည်။
အကြောင်းမှာ နင်အန်း နယ်စားက ချူလျှိုရှန်းကို သူကာကွယ်ထားကြောင်း ကြေညာထားသောကြောင့် ဖြစ်သည်။ ငွေစ နှစ်သိန်းခွဲသည် များပြားသော်လည်း မိသားစုတစ်ခုလုံး ဒုက္ခရောက်မည့် အန္တရာယ်နှင့် မလဲနိုင်ပေ။
သူဌေးကြီးဝမ်က ပြောလိုက်၏။ “ငွေစ နှစ်သိန်းခွဲ ဆိုတာ ဖြစ်နိုင်ပါတယ်။ ရွှေနဲ့ ပေးချေရမယ် ဆိုတာလည်း ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ မတော်တဆ အမှားအယွင်း မရှိရအောင် ပန်းချီကားကိုတော့ စစ်ဆေးခွင့် ပြုပါ။”
ယွင်ကျုံးဟဲ့က ပန်းချီကားကို စားပွဲရှည်ပေါ်သို့ တင်လိုက်ပြီး ပြောလိုက်သည်။ “ကြည့်ပါ။”
သူဌေးကြီးဝမ်က လှမ်းကာ ပြောလိုက်၏။ “ဆရာလီ... လာပါအုံး။ ဒီပန်းချီကားကို အတူတူ လာစစ်ဆေးပေးပါ။”
စာပေနှင့် ပန်းချီပညာရှင် တစ်ဦးဖြစ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။
ထို့နောက် သူဌေးကြီးဝမ်နှင့် ဆရာလီတို့သည် ဖန်မီးအိမ်များကို ကိုင်ဆောင်လျက် ပန်းချီကားကို တစ်လက်မချင်းစီ စစ်ဆေးကြတော့၏။
ဒါဗင်ချီ၏ လက်ရာကို စမ်းသပ်မည့်အချိန် ရောက်လာပြီဖြစ်၏။ ယွင်ကျုံးဟဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။ မည်သို့ပင်ဆိုစေ ဤအရာက အတုဖြစ်နေသည် မဟုတ်ပါလား။
သူဌေးကြီးဝမ်နှင့် ဆရာလီတို့သည် အလွန်အမင်း သေချာစွာ စစ်ဆေးနေကြသည်။ သို့ပေမည့် ယွင်ကျုံးဟဲ့ စိုးရိမ်လွန်နေခြင်းသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်သည် စစ်ဆေးရင်း စစ်ဆေးရင်း လမ်းကြောင်းလွဲသွားကာ ပန်းချီကားကို အကဲဖြတ် ခံစားသည့်ဘက်သို့ ရောက်သွားပြီး နောက်ဆုံးတွင် ကိုးကွယ်ဆည်းကပ်သည့် အဆင့်သို့ ရောက်သွားကြသောကြောင့် ဖြစ်၏။
“ကောင်းကင်ဘုံ... တကယ်ကို အသက်ဝင်လွန်းလှတဲ့ လက်ရာမွန်ပါလား။”
“သခင်ကြီး... ဒီနေရာကို ကြည့်စမ်းပါ၊ ဘာတွေ့လဲ။” ရုတ်တရက် ဆရာလီက အာမေဋိတ်သံဖြင့် မေးလိုက်သည်။
သူဌေးကြီးဝမ် အနီးကပ်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ဒါ... ဒါက ပြည့်တန်ဆာမယ် တစ်ယောက်ပဲ။ လှတော့လှတယ်။ ဒါပေမဲ့ သိပ်ထူးခြားပုံ မရပါဘူး။”
ဆရာလီက ပြောလိုက်သည်။ “သူ့ရဲ့ ရုပ်ရည်ကို သေချာကြည့်ပါ။ ပြီးတော့ အဲဒီအချိန်က ရှယွမ် ဧကရာဇ်ဘေးက သတ္တမမြောက် မင်းသားရဲ့ ရုပ်ရည်နဲ့ ယှဉ်ကြည့်ပါ။”
သူဌေးကြီးဝမ် သေချာကြည့်လိုက်ရာ ထိုပြည့်တန်ဆာမယ်နှင့် သတ္တမမင်းသားတို့သည် အမှန်တကယ်ပင် ဆင်တူနေကြောင်း တွေ့လိုက်ရသည်။ သာမန် ဆင်တူရုံမက မျက်လုံး၊ မျက်ခုံး၊ နှုတ်ခမ်းထောင့်များကအစ တူညီနေ၏။
နန်းတက်လာခဲ့သော သတ္တမမင်းသားသည် လီကွေ့ဖေး၏ သားအရင်း မဟုတ်ဘဲ ပြည့်တန်ဆာမယ်တစ်ဦးမှ မွေးဖွားလာသည်ဟူသော ကောလာဟလမှာ အမှန်ပင် ဖြစ်ပုံရသည်။
သခင်ကြီးဝမ်က ပြောလိုက်၏။ “ကောင်းကင်ဘုံ... တကယ့်ကို နတ်ဘုရားလက်ရာပါပဲ၊ ဒီပန်းချီကားထဲမှာ သမိုင်းရဲ့ အမှန်တရားကို တွေ့လိုက်ရတာပဲ။”
ဆရာလီက ဆက်ပြောလိုက်သည်။ “သခင်ကြီး ထပ်ကြည့်ပါအုံး။ ဒီပန်းချီကားထဲမှာ လူပေါင်း နှစ်ထောင်လောက် ပါတယ်။ တစ်ယောက်ချင်းစီက သက်ဝင်လှုပ်ရှားနေသလိုပဲ။”
“နတ်ဘုရားလက်ရာ... နတ်ဘုရားလက်ရာပါပဲ။” ဆရာလီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး ဒူးထောက်ကာ ဦးခိုက်လုမတတ် ဖြစ်နေ၏။
သူဌေးကြီးဝမ်က မေးလိုက်သည်။ “ဒါဆို... ဒါဆို ဒါက အစစ်ပေါ့။”
“သခင်ကြီး... ဆင်ခြင်ပါ။”
ဆရာလီက ဒေါသတကြီး ပြောလိုက်၏။ “ပန်းချီသူတော်စင်ရဲ့ လက်ရာကို ဘယ်လိုလုပ် စော်ကားရတာလဲ။ အတု ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ ဒီလို နတ်ဘုရားလက်ရာမျိုးကို ဘယ်ကနေ အတု လုပ်နိုင်မှာလဲ။”
သူဌေးကြီးဝမ်သည် ကိုယ်တိုင်လည်း အကဲဖြတ်နိုင်စွမ်း ရှိသူဖြစ်ပြီး ယခင်ကလည်း ဤပန်းချီကားကို မကြာခဏ မြင်ဖူးသူ ဖြစ်ရာ မျက်နှာပူပူဖြင့် ပြောလိုက်သည်။ “ဆရာလီ စိတ်မရှိပါနဲ့။ ကျုပ် ပါးစပ်သရမ်းမိသွားပါတယ်။”
ထို့နောက် သူတို့နှစ်ဦး ဆက်လက်၍ ရှုစားကြပြန်သည်။ အတုအစစ် ခွဲခြားရန် ကိစ္စကို ခေါင်းထဲမှ ထုတ်လိုက်ကြပြီ ဖြစ်၏။
‘အတု ဟုတ်လား။ ရယ်စရာ ကောင်းလိုက်တာ။ ဒီလောက် အဆင့်အတန်းမြင့်တဲ့ လက်ရာမွန်က ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ။’
နောက်ဆုံးတွင် ယွင်ကျုံးဟဲ့ စိတ်မရှည်တော့ဘဲ ပြောလိုက်ရသည်။ “လူကြီးမင်းတို့... စစ်ဆေးနေတာ တစ်နာရီလောက် ရှိပြီဗျ။”
“ဪ... တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် ဆရာချူ...”
သူဌေးကြီးဝမ်က ပြောလိုက်၏။ “ကျုပ်တို့က စစ်ဆေးနေတာ မဟုတ်ပါဘူး။ ခံစားကြည့်ရှုနေတာပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အဖြေထွက်ပြီလား။ အစစ် ဟုတ်ရဲ့လား။”
သူဌေးကြီးဝမ်က ပြောလိုက်၏။ “ဆရာက နောက်နေပြန်ပြီ။ ဘယ်မှာ အတုရှိလို့လဲဗျာ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ငွေစ နှစ်သိန်းခွဲ၊ ပြဿနာ ရှိလား။”
သူဌေးဝမ်က ပြာပြာသလဲ ပြောလိုက်၏။ “မရှိပါဘူး၊ မရှိပါဘူး။ ရွှေသွားယူလိုက်ပါ့မယ်။ ဒါပေမဲ့ ဆရာချူ... ရွှေ ပိဿာချိန် တစ်ထောင်ကျော်ဆိုတော့ သယ်ဖို့ လူလိုမလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်သည်။ “မလိုပါဘူး၊ ကျုပ်မှာ တောင်းဆိုစရာလေး တစ်ခုတော့ ရှိတယ်။”
သူဌေးကြီးဝမ်က ပြုံးကာပြောလိုက်၏။ “ပြောပါ။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်သည်။ “ပန်းချီကား ရောင်းတဲ့ကိစ္စကို လျှို့ဝှက်ပေးထားစေချင်တယ်။”
“စိတ်ချပါ။” သူဌေးကြီးဝမ် က ပြုံးလိုက်၏။
..............
တစ်နာရီကျော် ကြာပြီးနောက် တစ်ဖက်က ပိုက်ဆံပေး၊ တစ်ဖက်က ပစ္စည်းပေး ပြုလုပ်ပြီးဖြစ်သည်။
ယွင်ကျုံးဟဲ့ ခေါ်လာသော လူတစ်ဒါဇင်ခန့်သည် ရွှေပိဿာချိန် တစ်ထောင်ကျော်ကို သယ်ဆောင်ကာ ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြ၏။
‘ပထမဆုံး ငွေရပြီ။’
......
နောက်ရက်များတွင် ယွင်ကျုံးဟဲ့သည် ပန်းချီကား ရောင်းလိုက်၊ ရောင်းရန်သွားလိုက်ဖြင့် အလုပ်ရှုပ်နေသည်။
ကျင်းကျိုးမြို့ ပတ်ဝန်းကျင် မိုင်ရာချီအတွင်း သူ၏ ခြေရာများ ပျံ့နှံ့သွားသည်။
ကနဦးတွင် အတုဖြစ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်မိသော်လည်း လုံးဝ အပို ဖြစ်နေကြောင်း သိလိုက်ရ၏။ မည်သူမှ သံသယ မဝင်ကြပေ။
နင်အန်း နယ်စားက ယွင်ကျုံးဟဲ့ကို ပန်းချီကား ပေးအပ်လိုက်သည်ကို လူတိုင်း မျက်မြင်ကိုယ်တွေ့ ရှိခဲ့ကြသည် မဟုတ်ပါလား။
အရေးကြီးဆုံးမှာ အမှတ် (၂၃) လူနာ ဒါဗင်ချီ၏ လက်ရာမှာ သိပ်ကောင်းလွန်းနေခြင်း ဖြစ်သည်။ သူရေးဆွဲထားသော အတုများမှာ အစစ်ထက်ပင် သာလွန်ကောင်းမွန်ပြီး ပို၍ သက်ဝင်လှုပ်ရှားနေ၏။
ယွင်ကျုံးဟဲ့သည် ကျင်းကျိုးမြို့တွင်း၌ သုံးကားသာ ရောင်းချပြီး ကျန်ငါးကားကို မြို့ပြင်ပ ဝန်းကျင်၌ ရောင်းချခဲ့သည်။
လေးရက်အတွင်း ယွင်ကျုံးဟဲ့ လက်ထဲရှိ ပန်းချီကားအတု ရှစ်ကားလုံး ရောင်းထွက်သွား၏။ အမြင့်ဆုံးဈေး နှစ်သိန်းခွဲ၊ အနိမ့်ဆုံးဈေး တစ်သိန်းသုံးသောင်းဖြင့် စုစုပေါင်း ငွေစ တစ်သန်းသုံးသိန်း ရရှိခဲ့သည်။
မှန်ပေ၏။ တစ်သန်းသုံးသိန်းဖြစ်၏။
ယွင်ကျုံးဟဲ့က ရက်ပေါင်း နှစ်ဆယ့်ငါးရက်အတွင်း ငွေတစ်သန်း ရှာပေးမည်ဟု ပြောခဲ့စဉ်က လူတိုင်း အိပ်မက် မက်နေသည်ဟု ထင်ခဲ့ကြသည်။ ယခု ယွင်ကျုံးဟဲ့သည် ငွေစ တစ်သန်းသုံးသိန်းတိတိ ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။
ဤငွေများကို လေခွင်းမြို့သို့ ယူဆောင်သွားပါက သူတို့အားလုံး မျက်လုံးပြူးကုန်ကြမည်မှာ သေချာ၏။
သို့ပေမည့် ပြဿနာ အသေးအမွှားလေး တစ်ခုတော့ ရှိသည်။ ရှာဖွေရရှိသော ငွေများ များပြားလွန်း နေခြင်းပင်။
အချို့လူများမှာ ရွှေအလုံအလောက် မရှိသောကြောင့် ငွေစက္ကူများဖြင့် ပေးချေကြသည်။ တော်သေးသည်မှာ ထိုငွေစက္ကူများသည် နေရာတိုင်းတွင် လဲလှယ်နိုင်သော အကြီးဆုံး ငွေတိုက်မှ ထုတ်ဝေသည့် စာချုပ် စာတမ်းများ ဖြစ်နေ၏။
ရွှေ ပိဿာချိန် ခုနစ်ထောင်ခန့် ရှိရာ ယွင်ကျုံးဟဲ့သည် ရွှေများကို ဟိုဝှက်ဒီဝှက် လုပ်ပြီး သွေးနက်ဂိုဏ်းသား တစ်ရာကျော်အား သယ်ဆောင်စေကာ လေခွင်းမြို့သို့ ပြန်လာခဲ့သည်။
သူ ပြန်ရတော့မည်။
ဤနေ့မှာ နိုဝင်ဘာလ နှစ်ဆယ့်ငါးရက် ဖြစ်သည်။
လေခွင်းမြို့ လျော်ကြေးပေးရန် နောက်ဆုံးရက် မတိုင်မီ ခြောက်ရက်အလိုလည်း ဖြစ်သည်။ လေခွင်းမြို့သို့ ပြန်ရောက်ရန် အချိန်မီလို့ နေ၏။
အာ့တိုင်၏ ကာကွယ်မှုအောက်တွင် ယွင်ကျုံးဟဲ့သည် ရုပ်ဖျက်ပြီး ကျင်းကျိုးမြို့မှ ထွက်ခွာကာ ပိုင်ရှင်မဲ့နယ်မြေ လေခွင်းမြို့သို့ ပြန်လာခဲ့သည်။
မဟာမိတ်အဖွဲ့မှ လူအများက လေခွင်းမြို့အနေဖြင့် ငွေရှာနိုင်မည် မဟုတ်ဟု ထင်နေကြပြီး ကျင်းကျုံးယွဲ့၏ တပ်တော်မှ သံချပ်ကာများနှင့် လက်နက်များကို သိမ်းယူရန် ကြံစည်နေကြ၏။
ဤငွေပုံကြီးဖြင့် သူတို့မျက်နှာကို ပစ်ပေါက်လိုက်လျှင် မည်မျှ အရသာ ရှိလိုက်မည်နည်း။ စဉ်းစားကြည့်ရုံနှင့် ရင်ခုန်စရာ ကောင်းလှသည်။
................
လမ်းတလျှောက်တွင် ယွင်ကျုံးဟဲ့က အာ့တိုင်ကို စကားဆက်တိုက် ပြောလာ၏။
“အာ့တိုင်... ခင်ဗျားက ယောက်ျားလား၊ မိန်းမလား။”
“အာ့တိုင်.... ခင်ဗျား ဘာလို့ စကားမပြောတာလဲ၊ စကားမပြောတတ်ဘူးလား။”
“ခင်ဗျား ကျုပ်ကို အချိန်ပြည့် ကာကွယ်ပေးနေတာ ကောင်းပါတယ်။ ဒါပေမဲ့ စည်းကမ်းတချို့တော့ လိုက်နာစေချင်တယ်။ ဥပမာ သခင်မလေး အိမ်သာသွားတဲ့အချိန်၊ ရေချိုးတဲ့အချိန်မျိုးတွေမှာ ဝေးဝေးနေပေးပါ၊ လည်ပင်းအောက်ပိုင်းကို လုံးဝ မကြည့်ရဘူး၊ နားလည်လား။”
“ဖတ်... ဖတ်... ဖတ်... ကျုပ်ပြောတာ မှားသွားပြီ။ သခင်မလေးက နတ်သမီးပဲ။ ဘယ်လိုလုပ် အိမ်သာတက်မှာလဲ။”
ယွင်ကျုံးဟဲ့၏ စကားများကို အာ့တိုင်က မည်သည့် တုံ့ပြန်မှုမှ မလုပ်ပေ။ အ-ရုံမက နားပါ ပင်းနေသကဲ့သို့ နေထိုင်နေသည်။
ထိုအချိန်တွင် အနောက်ဘက်မှ မြင်းခွာသံများ ကြားလိုက်ရသည်။ ယွင်ကျုံးဟဲ့ လန့်သွား၏။ ‘ငါ အတုလုပ်ခဲ့တာ ပေါ်သွားပြီလား။ မဖြစ်နိုင်ပါဘူး။’
အာ့တိုင်၏ နားရွက်များ ထောင်မတ်သွားပြီး လက်က ဓားရိုးပေါ်သို့ ရောက်သွားသည်။ သို့ပေမည့် ချက်ချင်းပဲ လက်ကို ပြန်လွှတ်လိုက်၏။
ခဏအကြာတွင် မြင်းတစ်စီး အဝေးမှ ပြေးလာသည်။ မြင်းပေါ်မှ လူငယ်တစ်ဦးသည် ယွင်ကျုံးဟဲ့အား လက်ပြကာ အော်ပြောလိုက်သည်။ “ဟိုက ညီအစ်ကို... ခဏလောက် စောင့်ပါအုံး။”
ယွင်ကျုံးဟဲ့ လှည့်ကြည့်လိုက်သည်။ ပထမတစ်ချက်၊ ဒုတိယတစ်ချက် ကြည့်ပြီးနောက် လုံးဝ ကြောင်အသွား၏။
အဘယ်ကြောင့်ဆိုသော် မြင်းစီးလာသော လူငယ်သည် ယွင်ကျုံးဟဲ့နှင့် တစ်ပုံစံတည်း တူနေသောကြောင့် ဖြစ်သည်။
လက်ရှိ သူဝတ်ဆင်ထားသော သူတောင်းစားပုံစံနှင့် တူခြင်းမဟုတ်။ ယွင်ကျုံးဟဲ့၏ မူရင်းရုပ်ရည်၊ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် တူနေခြင်း ဖြစ်၏။
‘ဒါ... ဒါ ဘာသဘောလဲ။ ယွင်ကျုံးဟဲ့က ဒီကမ္ဘာမှာ မိဘမဲ့ မဟုတ်ဘူးလား။ ငယ်ငယ်တည်းက သူတောင်းစားတွေကြားထဲမှာ ကြီးပြင်းလာတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်တာလဲ။ ဒီလူက ဘယ်သူလဲ။ ဘာကြောင့် ယွင်ကျုံးဟဲ့နဲ့ တစ်ပုံစံတည်း တူနေရတာလဲ။’
***