“မိတ်ဆွေ... ခဏစောင့်ပါအုံး။” ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ယွင်ကျုံးဟဲ့အား မီလာသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကိစ္စ ရှိလို့လား။”
ထိုလူငယ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “မရှိပါဘူး။ ဒီတိုင်းပဲ နှုတ်ဆက်ချင်စိတ် ပေါက်လာလို့။ ဘာကြောင့်မှန်း မသိဘူး။ မိတ်ဆွေကို မြင်လိုက်တော့ ရင်းနှီးသလို ခံစားရတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “တိုက်ဆိုင်လိုက်တာ၊ ကျုပ်လည်း အဲဒီလိုပဲဗျ။”
ထိုလူငယ်က မေးလိုက်သည်။ “မိတ်ဆွေ... ကျုပ်တို့ ဘယ်နေရာမှာများ တွေ့ဖူးကြသလဲ။”
ယွင်ကျုံးဟဲ့က ပြုံးကာ ပြောလိုက်၏။ “တွေ့ဖူးတယ် ဟုတ်လား။ မမှတ်မိပါဘူး။ မဟုတ်ရင် မိတ်ဆွေလို လူမျိုးကို ကျုပ် သေချာပေါက် မှတ်မိမှာပါ။”
“ဟား ဟား ဟား...”
လူငယ်က ရယ်မောလိုက်သည်။ “ကြည့်စမ်း၊ ကြည့်စမ်း၊ မိတ်ဆွေလည်း ကျုပ်ရဲ့ ဘွဲ့နာမည်ကို သိသားပဲ။ အသားတုံး ပျံလွှားနဂါးလေ။”
“မိတ်ဆွေရဲ့ မျက်နှာပေါ်မှာ တကယ်ပဲ အသားတွေ အများကြီး ရှိတာကိုး။”
စကားပြောရင်း ယွင်ကျုံးဟဲ့ ထိုလူကို စူးစိုက်ကြည့်နေမိ၏။
အပေါ်ယံကြည့်လျှင် ဤလူငယ်နှင့် ယွင်ကျုံးဟဲ့တို့သည် တူညီသောအချက် တစ်စက်မျှ မရှိပေ။ ယွင်ကျုံးဟဲ့သည် ပိန်သည်။ အရပ် ခြောက်ပေခန့် ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၄၀ မပြည့်ချေ။
ဤလူငယ်ကား ပေါင် ၃၀၀ ကျော်သည်။ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော်လည်း အဝလွန် နေမှုကြောင့် သူ၏ ရုပ်ရည်သွင်ပြင်သည် ကြည့်ကောင်းခြင်း မရှိပေ။
သို့ပေမည့် သူသာ ဝိတ်တစ်ဝက်ခန့် ကျသွားပါက သူ၏ ရုပ်ရည်သည် ယွင်ကျုံးဟဲ့နှင့် တစ်ပုံစံတည်း ဖြစ်သွားပေလိမ့်မည်။
ဟုတ်ပေသည်။ တစ်ပုံစံတည်းဖြစ်၏။ ဆင်တူရုံ မဟုတ်၊ အမြွှာအစ်ကိုများကဲ့သို့ပင်။ သို့ပေမည့် ယခုကြည့်ရသည်မှာ မိုးနှင့်မြေ ကွာခြားလှသည်။
အခြားအချိန်ဆိုလျှင် ယွင်ကျုံးဟဲ့ သတိထားမိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အပေါ်ယံကြည့်ရုံဖြင့် ဤလူငယ်နှင့် သူ့အကြား တူညီမှု တစ်စက်မျှ မရှိသောကြောင့် ဖြစ်၏။
သို့ပေမည့် ယခုအချိန်တွင် ဒါဗင်ချီ၏ စိတ်ဝိညာဉ် ပူးကပ်နေသောကြောင့် သူ၏ မျက်လုံးများသည် အသားအရေကို ဖောက်ထွင်းကာ အရိုးတည်ဆောက်ပုံကို တိုက်ရိုက် ခန့်မှန်းနိုင်စွမ်း ရှိသည်။
ဤလူငယ်၏ အရိုးတည်ဆောက်ပုံသည် အဝလွန်မှုကြောင့် အနည်းငယ် ပုံပျက်နေသည်မှလွဲ၍ ယွင်ကျုံးဟဲ့နှင့် တစ်ပုံစံတည်း တူညီနေ၏။
သူစီးလာသော မြင်းသည်လည်း အမှန်တကယ် ရှားပါးမျိုးကောင်းမြင်း ဖြစ်ရမည်။ သူ့လို ပေါင် ၃၀၀ အလေးချိန်ကို တင်ဆောင်ထားလျက်နှင့်ပင် လျင်မြန်စွာ ပြေးနိုင်သေးသည်။
“မိတ်ဆွေ.... ကျုပ်တို့ တကယ်ပဲ မတွေ့ဖူးဘူးလား။”
ပေါင် ၃၀၀ လူငယ်က မေးလိုက်၏။ “သေချာ ပြန်စဉ်းစားကြည့်ပါအုံး။ အထူးသဖြင့် ပြည့်တန်ဆာရုံတွေမှာ ကျုပ်ကို မတွေ့ဖူးဘူးလား။”
ယွင်ကျုံးဟဲ့က စိတ်ဝင်စားသွားသည်။ “ဘာကြောင့် အဲဒီလို ပြောတာလဲ။”
ထိုလူငယ်က ရှင်းပြလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တစ်ဘဝလုံးက ပြည့်တန်ဆာရုံမှာ မရှိရင် ပြည့်တန်ဆာရုံကို သွားတဲ့လမ်းပေါ်မှာပဲ ရှိနေလို့လေ။”
ယွင်ကျုံးဟဲ့ ကြောင်အသွားသည်။ ‘တိုက်ဆိုင်လိုက်တာ၊ ကျုပ် တစ်ဘဝလုံးကလည်း လိမ်ညာ လှည့်ဖြားနေတာ မဟုတ်ရင် လိမ်ညာလှည့်ဖြားဖို့ သွားတဲ့လမ်းပေါ်မှာပဲ ရှိနေခဲ့တာလေ။’
ထိုလူငယ်က ဆက်ပြောလိုက်၏။ “ကျင်းကျိုးမြို့ကို နိုင်ငံခြားက မိန်းမလှလေးတွေ ရောက်နေတယ်ကြားလို့ ကျုပ်လည်း မိုင်ထောင်ချီပြီး လာခဲ့တာ။ အရသာသစ်လေး မြည်းစမ်းချင်လို့လေ။ ဒါပေမဲ့ အန်လော့ထျန်းဆိုတဲ့ ငတုံးက ကာလသားရောဂါဖြစ်ပြီး အဲဒီမိန်းကလေးတွေကို ပိတ်လှောင်ထားတယ်တဲ့။ ဧည့်သည် လက်မခံဘူးတဲ့ဗျာ။ ဒါ မလွန်လွန်းဘူးလား။ ကျုပ်ဖြင့် သက်သက်မဲ့ လူပန်းတာပဲ အဖတ်တင်တယ်။
ပြောရရင် ကျုပ်တို့ ဧကရာဇ်မင်းမြတ်ကလည်း တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ။ စစ်တိုက်ရင်လည်း တိုက်ပေါ့ဗျာ။ ဘာလို့ ပြည့်တန်ဆာရုံတွေကို ပိတ်တာလဲ။ ဘာလို့ ပျော်ပါးတာကို တားမြစ်တာလဲ။ တာ့လျန်အင်ပါယာနဲ့ စစ်ဖြစ်တာနဲ့ပဲ ယောက်ျားတွေက မပျော်ပါးရတော့ဘူးလား။”
ယွင်ကျုံးဟဲ့ ပြောစရာစကား ပျောက်ရှသွားသည်။ ဤ ပေါင် ၃၀၀ လူငယ်သည် ဧကရာဇ်မင်းမြတ်ကို စိတ်ပျက်ဖို့ကောင်းသည်ဟု ပြောရဲနေ၏။
‘ဘယ်သူက ဒီလိုစကားမျိုး ပြောနိုင်မှာလဲ။ ဘယ်သူက ဒီလိုစကားမျိုး ပြောရဲမှာလဲ။’
ယွင်ကျုံးဟဲ့ သတိထားမိသည်မှာ ဤလူငယ်သည် အသက်ငယ်ငယ်နှင့် မုတ်ဆိတ်မွေး ထားထားခြင်း ဖြစ်သည်။ သို့ပေမည့် မုတ်ဆိတ်မွေးက မများသောကြောင့် ရယ်စရာ ဖြစ်နေသည်။
သူက ဝလည်းဝ၊ အကြည့်ကလည်း စပ်ဖြဲဖြဲ၊ မုတ်ဆိတ်မွေးကလည်း ရယ်စရာကောင်းနေသောကြောင့် ဘာပြောရမှန်း မသိတော့ပေ။
သူ့အရိုးတည်ဆောက်ပုံက ယွင်ကျုံးဟဲ့နှင့် တစ်ပုံစံတည်း တူညီနေသည် ဆိုခြင်းကို ယုံနိုင်စရာ မရှိချေ။ တစ်ယောက်က အလွန်တရာ ချောမောခန့်ညားပြီး၊ တစ်ယောက်က ဤမျှ ရုပ်ဆိုးအကျည်းတန် နေသည်လား။
“မိတ်ဆွေ... ကျုပ် မုတ်ဆိတ်မွေးကို ကြည့်နေတာလား။” ပေါင် ၃၀၀ လူငယ်က မေးလိုက်၏။
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟုတ်တယ်။ သခင်လေးရဲ့ မုတ်ဆိတ်မွေးက တကယ့်ကို လွတ်လပ်ပေါ့ပါးတဲ့ပုံ ပေါက်နေလို့ပါ။”
ပေါင် ၃၀၀ လူငယ်က ပြောလိုက်၏။ “ဒီမုတ်ဆိတ်မွေးက ကျုပ်ရဲ့ အရွယ်ရောက်ခြင်း အထိမ်းအမှတ်လေ”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်လေးက ၁၈ နှစ် ပြည့်သွားပြီပေါ့။”
ပေါင် ၃၀၀ လူငယ်က ဖြေလိုက်၏။ “မဟုတ်ဘူး။ ကျုပ် မိန်းမပေါင်း တစ်ထောင်နဲ့ အိပ်ပြီးသွားပြီ။”
ယွင်ကျုံးဟဲ့ လုံးဝ မယုံနိုင်ပေ။ ‘ခင်ဗျားလို ဝက်တစ်ကောင်ရဲ့ ရုပ်ရည်နဲ့များ မိန်းမ တစ်ထောင် စွမ်းခဲ့တယ် ဟုတ်လား။ လောကကြီးမှာ တရားမျှတမှု ဆိုတာ ရှိသေးရဲ့လား။’
ပေါင် ၃၀၀ လူငယ်က မေးလိုက်သည်။ “မိတ်ဆွေ... မိန်းမ တစ်ထောင် စွမ်းခဲ့တဲ့ ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို သိလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်၏။ “မသိပါဘူး။”
ပေါင် ၃၀၀ လူငယ်က ရှင်းပြလိုက်သည်။ “ပထမအချက်က ပိုက်ဆံရှိလို့၊ ဒုတိယအချက်က မြန်လို့။
‘အမ်... ပြောလိုက်တော့လည်း ဟုတ်နေတာပဲ။ ပြန်ပြောစရာ စကားမရှိတော့ဘူး။’
ပေါင် ၃၀၀ လူငယ်က ဆက်ပြောလိုက်၏။ “ဒါကြောင့် ဒီကိစ္စအားလုံးက ပြည့်တန်ဆာရုံမှာပဲ ပြီးမြောက်ခဲ့တာပါ။ ကျုပ် ၁၃ နှစ်သားတည်းက အိပ်မက်တစ်ခု ရှိခဲ့တယ်။ ကောင်းကင်အောက်က ပြည့်တန်ဆာရုံ အားလုံးကို ခြေဆန့်မယ်ဆိုတဲ့ အိပ်မက်ပေါ့။ နောက်နောင် ကျုပ် ဘယ်နေရာပဲ ရောက်ရောက်၊ ဘယ်ပြည့်တန်ဆာရုံပဲ ဖြစ်ဖြစ်၊ ရေမြောင်းဘေးက အိမ်သာပဲ ဖြစ်ဖြစ်၊ ကျုပ် ချစ်ခဲ့ဖူးတဲ့ မိန်းမတွေ ရှိနေစေရမယ်။”
‘ခင်ဗျားရဲ့ ရည်မှန်းချက်က... သိပ်ကြီးကျယ်တာပဲ။ နင်အန်း နယ်စားရဲ့ သားက တော်တော် ထူးဆန်းတယ်လို့ ကျုပ် ထင်ခဲ့ပေမဲ့ ခင်ဗျားနဲ့ ယှဉ်လိုက်တော့ ဘာမှ မဟုတ်တော့ပါလား။ ကြယ်လေးတွေက လမင်းကြီးနဲ့ ဘယ်လိုလုပ် ယှဉ်ပြိုင်ရဲမှာလဲ။’
ပေါင် ၃၀၀ လူငယ်က ငြီးငြူလိုက်သည်။ “ဒီကတိသစ္စာကို ပြုဖို့ လွယ်ပေမဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့က ခက်လွန်းတယ်။ ကမ္ဘာလောကကြီးမှာ ပြည့်တန်ဆာရုံတွေ ဒီလောက် များမှန်း အိမ်ကနေ ထွက်လာမှပဲ သိတော့တယ်။ သုံးနှစ် ကြာသွားပြီ၊ လူတစ်ထောင်လောက်ပဲ ရှိသေးတယ်။ ခရီးက ဝေးလွန်းနေသေးတယ်။”
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် မြင်းပေါ်မှ ဆင်းပြီး ဒူးထောက် ဂါရဝပြုချင်စိတ် ပေါက်သွား၏။
သူ မည်သူ့ကိုမှ မလေးစားခဲ့ဖူးသော်လည်း ဤလူကိုတော့ သူတွေ့ဖူးသမျှထဲမှာ အထင်ကြီးစရာ အကောင်းဆုံး လူအဖြစ် အသိအမှတ် ပြုလိုက်သည်။
ယခု ယွင်ကျုံးဟဲ့ ပို၍ ယုံကြည်လာသည်မှာ ဤလူသည် သူ့ညီအစ်ကို ဖြစ်နိုင်သည် ဟူ၍ပင်။ ဝပြီး စပ်ဖြဲဖြဲ နိုင်သော်လည်း ပြည့်တန်ဆာရုံကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်မှာမူ တစ်ပုံစံတည်း တူညီနေ၏။
ပေါင် ၃၀၀ လူငယ်က မေးလိုက်သည်။ “မိတ်ဆွေ... အနီးဆုံး ပြည့်တန်ဆာရုံ ဘယ်မှာရှိလဲ သိလား။ ကျုပ် မနေနိုင်တော့ဘူး။ အနီးဆုံး တစ်ခုကို သွားမှ အသက်ပြန်ဝင်လာမှာ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ရှေ့ကို ၁၁ မိုင်လောက် သွားရင် ညခရမ်းပြာဆိုတဲ့ နေရာတစ်ခု ရှိတယ်။ ဒါပေမဲ့ အဆင့်နိမ့်တဲ့ နေရာလေးပါ။”
ပေါင် ၃၀၀ လူငယ်က ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ အဆင့်နိမ့်လေ ပိုကောင်းလေပဲ။ တောဝက်က ဖွဲနု မစားတတ်ဘူး။ ကဲ... ကျုပ် အရင်သွားနှင့်တော့မယ်။ နောင်များ ရေစက်ဆုံရင် မိတ်ဆွေကို ကျုပ် ဒကာခံပါ့မယ်။”
ထို့နောက် ပေါင် ၃၀၀ လူငယ်သည် မြင်းကို ဒုန်းစိုင်းနှင်ကာ ရှေ့သို့ ပြေးထွက်သွား၏။
ထို့နောက် ‘ဝှစ်... ဝှစ်... ဝှစ်...’ အနောက်မှ မြင်းစီးသမား ဒါဇင်ပေါင်းများစွာ ပေါ်လာပြီး ထိုလူငယ်၏ နောက်သို့ လိုက်ပါသွားကြသည်။ အားလုံးက သိုင်းပညာရှင်များ ဖြစ်ကြသည်။
‘သူ့အဖေက ဘယ်သူမို့လို့လဲ။ ဝက်တစ်ကောင်လို သားဖြစ်သူ ပြည့်တန်ဆာရုံ လည်ဖို့အရေး ဒီလောက်များပြားတဲ့ သိုင်းပညာရှင်တွေကို စောင့်ရှောက်ခိုင်းထားရတာလဲ။’
မကြာခင်မှာပဲ ထိုဝက်နှင့်တူသော လူငယ် ပြန်လှည့်လာကာ မေးလိုက်၏။ “ဒါနဲ့ မေးစရာတစ်ခု ရှိသေးတယ်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မေးပါ။”
ပေါင် ၃၀၀ လူငယ်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်၏။ “မိတ်ဆွေက သမားတော်အဖြစ် လှည့်လည် သွားလာနေတာဆိုတော့ ကျုပ်နဲ့ ရုပ်ချင်းဆင်တဲ့လူများ တွေ့ဖူးလား။”
ယွင်ကျုံးဟဲ့က အံ့အားတသင့်ဖြင့် ပြန်မေးလိုက်သည်။ “ဘာကြောင့် အဲဒီလို ပြောတာလဲ။”
ပေါင် ၃၀၀ လူငယ်က ဖြေလိုက်၏။ “ဘာကြောင့်မှန်း မသိဘူး။ ကျုပ်မှာ ညီလေးတစ်ယောက် ရှိသင့်တယ်လို့ ထင်နေမိတယ်။ အိပ်မက်ထဲမှာ တစ်ခါတလေ တွေ့ဖူးသလိုပဲ။”
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “မတွေ့ဖူးပါဘူး။ မိတ်ဆွေလို လူမျိုးကို ကျုပ် တစ်ခါတွေ့ဖူးရင် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။”
ပေါင် ၃၀၀ လူငယ်က ခေါင်းညိတ်လိုက်၏။ “ဒါဆိုလည်း ပြီးတာပဲ။ ကျုပ် ဆက်ရှာလိုက်အုံးမယ်။”
ထို့နောက် သူ ထပ်မံ ထွက်ခွာသွားပြန်သည်။
ထိုလူ၏ ကျောပြင်ကို ကြည့်ရင်း ယွင်ကျုံးဟဲ့ ရင်ထဲတွင် လှိုင်းထန်နေ၏။ ‘ပြန်ရောက်ရင် ဖုန်းရှင်းမြဲ့ကို မေးရမယ်။ ငါက ဘယ်သူလဲ။ ငါ့ရဲ့ မျိုးရိုးဇာစ်မြစ်က ဘာလဲ။’
ယွင်ကျုံးဟဲ့ မျက်လုံးကို ခေတ္တမျှ မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည်။ “ခရီးဆက်မယ်။ လေခွင်းမြို့ကို ပြန်ကြမယ်။”
......
ရက်အနည်းငယ် ကုန်ဆုံးသွား၏။
လွန်ခဲ့သော တစ်လတာ ကာလသည် လေခွင်းမြို့အတွက် အိပ်မက်ဆိုးကြီး ဖြစ်ခဲ့သည်။
ဆားကုန်သည်များကို ငွေပြန်အမ်းရခြင်း၊ သတ္တုတွင်း အဆိပ်သင့်မှုကြောင့် ထိခိုက်သူများကို ကုသပေးရခြင်း၊ သေဆုံးသူများအတွက် လျော်ကြေးပေးရခြင်းတို့ကြောင့် ကျင်းကျုံးယွဲ့သည် နောက်ဆုံးလက်ကျန် ငွေစ တစ်ပြားမကျန် ထုတ်ပေးလိုက်ရ၏။
ထို့နောက် ကောလာဟလများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ လေခွင်းချိုင့်ဝှမ်း တပ်တော်တွင် စစ်စရိတ် မရှိတော့ကြောင်း၊ စစ်သည်များ လစာမရတော့ကြောင်း၊ အရာရှိများလည်း လစာ မရတော့ကြောင်း အစရှိသဖြင့်ပင်။
ကောလာဟလများကို ဖြေရှင်းရန်အတွက် ကျင်းကျုံးယွဲ့သည်မြို့စားအိမ်တော်ရှိ ရွှေထည်၊ ငွေထည် အားလုံးကို အရည်ကျိုပြီး တပ်တော်အတွက် လစာပေးခဲ့ရသည်။
တပ်တော်အတွက် လစာပေးနိုင်သော်လည်း အရာရှိများအတွက်မူ မကျန်တော့ပေ။
ထို့ကြောင့် ကျင်းကျုံးယွဲ့သည် အိမ်ရှိ ရတနာများ၊ ပိုးထည်များ အားလုံးကို ထုတ်ယူကာမြို့စားအိမ်တော် အပြင်ဘက်တွင် ပုံထားပြီး အရာရှိများအတွက် လစာ ပေးခဲ့ရ၏။
လေခွင်းကတော်နှင့် ကတိုးမွှေးသခင်မတို့သည် နောက်ဆုံးကျန်သော ဆံထိုးတစ်ချောင်း၊ နောက်ဆုံး ကျန်သော ပိုးထည်တစ်စ မကျန် ထုတ်ပေးခဲ့ကြသည်။
ကျင်းဝူပြန်း၏ ဆဲဆိုသံများ ကြားထဲမှ သူ၏ အိမ်မွေးတိရစ္ဆာန် ကျားကိုပင် ရောင်းချလိုက်ရသည်။ ရသည်မှာ ငွေစ တစ်ထောင်မပြည့်ပေ။
ထိုသို့ လုပ်ဆောင်သော်လည်း မလောက်ငသောကြောင့် နောက်ဆုံးတွင် ချည်ထည်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရာရှိများကို လစာပေးရသည်။ နောက်ဆုံးတွင် ငွေတစ်ထောင် လိုနေသေးသည်။
ကျင်းကျုံးယွဲ့သည် သူ၏ ဓားကို ဖြုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီဓားက ကျွန်မ အဘိုးလက်ထက်တည်းက ကျင်းမိသားစုနဲ့ အတူရှိခဲ့တာ၊ အခု ဒီဓားကို ငွေတစ်ထောင်နဲ့ တန်ဖိုးဖြတ်ပြီး ခင်ဗျားတို့ကို လစာပေးမယ်။ ဖြစ်မလား။”
ဤအခြေအနေကား အလွန်တရာ သနားစဖွယ် ကောင်းလှသည်။
သို့ပေမည့် လူတိုင်း သိကြသည်မှာ ကျင်းမိသားစုသည် နောက်ဆုံးကျန်သော ငွေတစ်ပြားမကျန် ထုတ်သုံး လိုက်ခြင်းသည် ထိခိုက်ဒဏ်ရာရသူများကို ကုသရန်၊ သေဆုံးသူများကို လျော်ကြေးပေးရန်၊ ဆားဖိုးများ ပြန်အမ်းရန်နှင့် လစာပေးရန်အတွက်သာ ဖြစ်၏။
မိခင်ဖြစ်သူ လေခွင်းကတော်ပင်လျှင် ချည်ထည်ကြမ်းကို ဝတ်ဆင်နေရပြီ ဖြစ်သည်။ သို့ပေမည့် လျော်ကြေးငွေ တစ်သန်း ပေးရန် ကျန်နေသေးသည်။
ထိုလျော်ကြေးငွေအတွက် လေခွင်းချိုင့်ဝှမ်း တပ်တော် တစ်သောင်း၏ သံချပ်ကာများနှင့် လက်နက်များကို အပေါင်ပစ္စည်းအဖြစ် ထားရှိထား၏။
ဒီဇင်ဘာလ တစ်ရက်နေ့သည် လျော်ကြေးပေးရန် နောက်ဆုံးရက် ဖြစ်သည်။ ငွေစ တစ်သန်းတိတိဖြစ်၏။ သို့ပေမည့် လေခွင်းချိုင့်ဝှမ်းတွင် ငွေတစ်ပြားမှ မရှိတော့ပေ။
မဟာမိတ်အဖွဲ့၏ စစ်သည် နှစ်သောင်းသည်လည်း ဝိုင်းရံထားသည်။ ကျင်းကျုံးယွဲ့သာ ငွေတစ်သန်း မပေးနိုင်ပါက အင်အားသုံး၍ လက်နက်သိမ်းမှာ ဖြစ်သည်။
နောက်ဆုံးရက် နီးကပ်လာသည်နှင့်အမျှ လူတိုင်း သိလိုက်ကြ၏။
လေခွင်းချိုင့်ဝှမ်း ကျဆုံးတော့မည်။ ကျင်းမိသားစု နိဂုံးချုပ်တော့မည်။
***