ယွင်ကျုံးဟဲ့ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် အဝတ်ဗလာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းလျက် ရှိနေသည်။
ဘေးတွင် အမျိုးသမီးနှစ်ဦး ရပ်နေသည်။ တစ်ဦးမှာ ရင့်ကျက်တည်ငြိမ်သော မော့သခင်မ ဖြစ်ပြီး အခြားတစ်ဦးမှာမူ အလွန်တရာ ဆွဲဆောင်မှုရှိကာ ညှို့ဓာတ်ပြင်းသော အမျိုးသမီး ဖြစ်၏။
“ဒီ အမှန်တိုင်းပြောစေတဲ့ဆေးက တကယ် စွမ်းရဲ့လား။” မော့သခင်မက မေးလိုက်သည်။
ဘေးမှ ဆွဲဆောင်မှုရှိသော အမျိုးသမီးက ပြန်ဖြေ၏။ “ဒါပေါ့။ မီတျဲချိုင့်ဝှမ်းက အဖိုးအခကြီးပေးပြီး ဖော်စပ်ထားတဲ့ နတ်ဆေးလေ။ ဘယ်သူမဆို သုံးလိုက်တာနဲ့ စိတ်ဓာတ်တွေ ပြိုလဲပြီး မေးသမျှ အကုန်ဖြေတာချည်းပဲ။ ပြီးရင် ဘာမှ ပြန်မမှတ်မိတော့ဘူး။”
မော့သခင်မသည် ရှေ့သို့တိုးလာပြီး မေးလိုက်သည်။ “ယွင်အောက်ထျန်း... ရှင့်နာမည်အရင်းက ဘယ်သူလဲ။ ဘယ်ကလဲ။”
ယွင်ကျုံးဟဲ့၏ မျက်လုံးများမှာ ဝေဝါးနေပြီး လေယူလေသိမ်းမှာ အာလေးလျှာလေး ဖြစ်နေ၏။ “ကျုပ်နာမည် ယွင်ကျုံးဟဲ့... တာယင်အင်ပါယာ ဟန်ရွှေမြို့က...”
မော့သခင်မက ထပ်မေးလိုက်သည်။ “လေခွင်းမြို့က ရတဲ့ ငွေတစ်သန်းကို ရှင်ရှာပေးတာလား။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်ရှာတာ။”
မော့သခင်မက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “တစ်လတည်းနဲ့ ဘယ်လိုလုပ် ရှာနိုင်တာလဲ။”
ယွင်ကျုံးဟဲ့က လေးလံနေသည့် အသံဖြင့် ဖြေလိုက်၏။ “ကျုပ် တောင်ပိုင်းကျိုးအင်ပါယာက ကျင်းကျိုးမြို့ကို သွားခဲ့တယ်။ နင်အန်းနယ်စားရဲ့သား ဖြစ်နေတဲ့ ကာလသားရောဂါကို ကုပေးပြီး မျိုးရိုးစဉ်ဆက်ရတနာ ရှန့်ကျင်း ကျုံးယွမ်ည ပန်းချီကားကို လက်ဆောင်ရခဲ့တာ။”
“ရှန့်ကျင်း ကျုံးယွမ်ည...” မော့သခင်မ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
ထိုပန်းချီကား၏ တန်ဖိုးကို သူမ ကောင်းစွာ သိသည်။ ပန်းချီသူတော်စင်၏ လက်ရာဖြစ်ပြီး တန်ဖိုးဖြတ်မရပေ။
မော့သခင်မက ထပ်မေးလိုက်၏။ “အဲဒီပန်းချီကား ဖြစ်ရင်တောင် တစ်သန်းမတန်ဘူး။ အများဆုံး နှစ်သိန်းကျော်ပဲ ရမယ်။ ရှင် ဘယ်လိုလုပ်ပြီး တစ်သန်းရအောင် လုပ်တာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သိပ်လွယ်တာပေါ့။ ဒီပန်းချီကားက အလွှာတွေ အများကြီး ရှိတယ်။ တစ်လွှာချင်း ခွာထုတ်ပြီး ပြန်ဘောင်သွင်းလိုက်ရင် ပန်းချီကားကောင်း အများကြီး ရလာရော။ အဲဒါတွေကို ပြန်ရောင်းလိုက်တော့ တစ်သန်းရတာပေါ့။”
မော့သခင်မ အံ့အားသင့်သွားပြီး ဘေးမှ အမျိုးသမီးကို လှမ်းကြည့်လိုက်၏။
ထိုအမျိုးသမီးက ခေါင်းညိတ်ပြသည်။ “အဲဒီလို နည်းပညာမျိုး ရှိတယ်။ အနည်းဆုံး သုံးလွှာကနေ ခြောက်လွှာ၊ ခုနစ်လွှာလောက်အထိ ခွာလို့ရတယ်။ ဒါပေမဲ့ လက်ရာ အရမ်းသေသပ်ဖို့ လိုတယ်။ နည်းနည်းလွဲတာနဲ့ ပျက်စီးသွားရော။”
မော့သခင်မက ဆက်မေးလိုက်၏။ “လေခွင်းမြို့ စပါးကျီ မီးလောင်တယ်ဆိုတာ အစစ်လား၊ အတုလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အတု... စပါးတွေကို စောစောစီးစီး ရွှေ့ထားပြီးပြီ။”
မော့သခင်မက ထပ်မေးလိုက်၏။ “ဒါဆို ရိက္ခာ ဘယ်လောက် ကျန်သေးလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “နှစ်လစာလောက်တော့ ကျန်သေးတယ်။”
မော့သခင်မက မေးလိုက်၏။ “ရှင်က ဟေးလုံထိုင်က သူလျှိုလား။”
ယွင်ကျုံးဟဲ့က ခေါင်းခါယမ်းလိုက်သည်။ “မဟုတ်ဘူး။”
မော့သခင်မက သိလိုစိတ်ဖြင့် မေးလိုက်၏။ “ဒါဆို ဒီတစ်ခေါက် ရှင်လာတဲ့ ရည်ရွယ်ချက်က ဘာလဲ။”
ယွင်ကျုံးဟဲ့က အိမ်မက်ယောင်နေသည့် လေသံဖြင့် ဖြေလိုက်သည်။ “ပိုင်ယင်ဆားကွင်းကို ပေးအပ်ပြီး အသက်ဘေးက လွတ်အောင် လုပ်မလို့။ မော့မိသားစုက လက်မခံရင် ထန်ထိုင်မိသားစုဆီ သွားမယ်။”
မော့သခင်မက အံ့အားသင့်သွား၏။ “တကယ် ပေးမှာလား၊ တခြား လှည့်ကွက် ရှိသေးလား။”
“တကယ် ပေးမှာ...”
မော့သခင်မက မယုံကြည်သည့် လေသံဖြင့် ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး။ ပိုင်ယင်ဆားကွင်းက တစ်နှစ်ကို ဝင်ငွေ ငါးသိန်းရှိတယ်။ လေခွင်းမြို့ ဝင်ငွေရဲ့ တစ်ဝက်ပဲ။ ရှင်တို့ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် နတ်ဆေးတစ်မျိုး ဖော်စပ်ထားတယ်။ နာမည်က ပင်နီဆီလင် တဲ့။ ကာလသားရောဂါနဲ့ အဆုတ်ရောဂါကို ပျောက်စေတယ်။ အဲဒါကို ရောင်းလိုက်ရင် ဝယ်မယ့်လူ တိုးဝှေ့နေမှာ။ တစ်ပုလင်းကို ငွေငါးရာနဲ့ တစ်နှစ်ကို ပုလင်းတစ်ထောင် ရောင်းရုံနဲ့တင် လုံလောက်ပြီ။”
မော့သခင်မက အံ့အားသင့်သွားသည်။ “ရှင် နင်အန်း နယ်စားရဲ့သားနဲ့ ကျင်းဝူပြန်းကို ကုပေးတာ အဲဒီဆေးနဲ့လား။”
“ဟုတ်တယ်။” ယွင်ကျုံးဟဲ့ ဖြေလိုက်ပြီး ခန္ဓာကိုယ်ကို တွန့်လိမ်နေ၏။
ဘေးမှ အမျိုးသမီးက တံတွေးမြိုချလိုက်သည်။ “ရေချိုးသန့်စင်ပြီးတော့မှ ဒီကောင်လေးက ဒီလောက် ချောမှန်း သိတော့တယ်။ မေးစရာ ကုန်ပြီဆိုရင် သူ့ကို ကစားလိုက်တော့မယ်နော်။”
မော့သခင်မက ပြောလိုက်၏။ “သဘောပဲ။”
“ဒါဆို မညှာတော့ဘူး။” ထိုအမျိုးသမီးက ရယ်မောလိုက်ပြီး ယွင်ကျုံးဟဲ့ထံသို့ လျှောက်သွားသည်။
......
အချိန်မည်မျှ ကြာသွားသည်မသိချေ။ ယွင်ကျုံးဟဲ့ ပြန်လည် နိုးထလာချိန်မှာတော့ ခေါင်းကွဲလုမတတ် ကိုက်ခဲနေသည်။ ခေါင်းကိုက်ရုံသာမက နာကျင်ကိုက်ခဲနေ၏။
ရှီးယွီမြို့ သခင်လေး မော့ချိုသည် သူ့ရှေ့တွင် ထိုင်နေသည်။
“နေကောင်းလား သခင်ကြီး ယွင်အောက်ထျန်း...” မော့ချိုက အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သခင်လေး မော့ချို... ပိုင်ယင်ဆားကွင်း လူသတ်ပွဲနဲ့ အဆိပ်သင့်တဲ့ ကိစ္စတွေက ခင်ဗျားရဲ့ လက်ချက်တွေချည်းပဲလား။”
မော့ချိုက ဝန်ခံလိုက်၏။ “ဟုတ်တာပေါ့။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “သစ်ရွက်ကြွေနယ်မြေကို လိုချင်ရုံသက်သက်နဲ့ လုပ်တာလား။”
မော့ချိုက ပြန်ပြောလိုက်၏။ “ဘာများ မှားလို့လဲ။ သစ်ရွက်ကြွေနယ်မြေက တစ်နှစ်ကို စပါး ပေါင်သန်းချီ ထွက်တာလေ။ မော့မိသားစုရဲ့ အသက်သွေးကြောပဲ။ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်သိသလောက်တော့ မဟာမိတ်အဖွဲ့က ဝေစုခွဲမရလို့ အချင်းချင်း ငြင်းခုန်နေကြတယ်ဆို။ ဒီပွဲမှာ မော့မိသားစု ရတာ သိပ်မများဘူး မဟုတ်လား။”
မော့ချိုက ပြောလိုက်၏။ “သခင်ကြီးယွင်... လေခွင်းမြို့မှာ နေ့တိုင်း လူတွေ ငတ်သေနေတယ်။ ထွက်ပြေးနေကြတယ်။ အချိန်ဖြုန်းမနေဘဲ လိုရင်းကို ပြောကြရအောင်။”
ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “သခင်လေး မော့ချို... လေခွင်းမြို့ ပျက်စီးသွားရင် အမြတ်ထွက်မှာက မဟာမိတ်အဖွဲ့နဲ့ ချိုရွှေမြို့ပဲ။ ချိုရွှေမြို့က နယ်မြေလေးပုံတစ်ပုံကို ရသွားရင် အင်အားကြီးလာပြီး မော့မိသားစုရဲ့ စကားကို နားထောင်ပါတော့မလား။”
မော့ချို သက်ပြင်းချလိုက်၏။ “လိုရင်းကို ပြောပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပိုင်ယင်ဆားကွင်း လူသတ်ပွဲက ခင်ဗျားစီစဉ်တာဆိုတော့ အမှန်တရားကို ခင်ဗျား သိတာပေါ့။ အဆိပ်ခတ်တာ ဘယ်သူလဲ၊ ဆားတွင်းပြိုအောင် လုပ်တာ ဘယ်သူလဲဆိုတာ ခင်ဗျားသိတယ်။ ခင်ဗျားသာ ဆန္ဒရှိရင် လေခွင်းမြို့ကို ကယ်တင်နိုင်တယ် မဟုတ်လား။”
မော့ချိုက ခေါင်းညိတ်လိုက်၏။ “ကယ်နိုင်တာပေါ့။ ဘာလို့ ကယ်ရမှာလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “အကျိုးစီးပွားကြောင့်လေ။ လေခွင်းမြို့ ပျက်စီးတာက ခင်ဗျားအတွက် ပိုအကျိုးရှိရင် ပျက်စီးပါစေ။ လေခွင်းမြို့ ဆက်ရှိနေတာက ခင်ဗျားအတွက် ပိုအကျိုးရှိရင် ဆက်ရှိပါစေပေါ့။”
မော့ချိုက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ဒါဆို ခင်ဗျားတို့ဘက်က ဘာပေးမှာလဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ပိုင်ယင်ဆားကွင်း။”
မော့ချို မျက်လုံးများ ကျဉ်းမြောင်းသွား၏။
ကန့်လန့်ကာ နောက်ကွယ်တွင် ထိုင်နေသော မော့ခေါင်းဆောင်၏ နှုတ်ခမ်းထောင့်များလည်း လှုပ်ရှားသွားသည်။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒီကိစ္စကို စီစဉ်ဖို့ မော့မိသားစုက အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ထားရတာ။ ခင်ဗျားတို့မှာ စပါးရှိပေမဲ့ ငွေလိုနေတယ်မလား။ ပိုင်ယင်ဆားကွင်းက တစ်နှစ်ကို ဝင်ငွေ ငါးသိန်းရှိတယ်။ အဲဒါသာ ရရင် မော့မိသားစုက ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်သွားမှာပဲ။”
မော့ချို တိတ်ဆိတ်နေသည်။
ယွင်ကျုံးဟဲ့ ဆက်ပြော၏။ “အခု မဟာမိတ်အဖွဲ့ ကုန်သည်တွေက ပိုင်ယင်ဆားကွင်းနဲ့ လန်ထျန်ဆားကွင်းကို လိုချင်နေကြတယ်။ ယွင်ဝမ်ရွှယ်ရဲ့ နောက်ကွယ်မှာ ဒုတိယအကြီးဆုံး နင်မိသားစု ရှိတယ်။ သူတို့ ဝေစုခွဲပြီးသွားရင် အရာအားလုံး နောက်ကျသွားပြီ။
ဒါကြောင့် လေခွင်းမြို့အနေနဲ့ ပိုင်ယင်ဆားကွင်းကို မော့မိသားစုဆီ နှစ်ငါးဆယ် ငှားရမ်းပါမယ်။ အပြန်အလှန်အနေနဲ့ မော့မိသားစုက အဆိပ်သင့်မှုနဲ့ လူသတ်ပွဲကိစ္စ အမှန်တရားကို ဖော်ထုတ်ပေးပြီး လေခွင်းမြို့အပေါ် ပိတ်ဆို့ထားတာတွေကို ဖယ်ရှားပေးရမယ်။ ဒါဆို နှစ်ဖက်လုံး အကျိုးရှိတယ်။
နောက်ထပ် တောင်းဆိုစရာ တစ်ခု ရှိသေးတယ်။ ကျုပ်တို့ဆီမှာ ရိက္ခာ ပြတ်တော့မယ်။ မော့မိသားစုက စပါးတင်းရေ တစ်သိန်း ကူညီပေးပါ။”
မော့ချို ခေါင်းညိတ်လိုက်သည်။ “ခင်ဗျားရဲ့ သဘောထားကို သိပြီ။ ဒီမှာ ရက်အနည်းငယ်လောက် နေခဲ့ပါ။ သုံးရက်အတွင်း အကြောင်းပြန်မယ်။”
ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။ “ကောင်းပြီ။ ဒါပေမဲ့ မြန်မြန်လုပ်ပါ။ မဟာမိတ်အဖွဲ့က အချိန်မရွေး ဝေစုခွဲပြီးသွားနိုင်တယ်။”
“ဒီကိစ္စ တစ်ခုလုံးကို ကျုပ်တို့ စီစဉ်တာ၊ ဘယ်သူက အဆုံးသတ်နိုင်မှာလဲ။” မော့ချိုက အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် မော့သားအဖသည် ပြင်းထန်စွာ ငြင်းခုန်ကြတော့၏။
မော့ခေါင်းဆောင်က ဤအခွင့်အရေးသည် ရာစုနှစ်တစ်ခုအတွင်း တစ်ကြိမ်သာ ရနိုင်သည်ဟု ယူဆသည်။
မော့ချိုကမူ ဤသို့လုပ်ဆောင်ပါက အခြားနယ်စားများကို ရန်စသလို ဖြစ်ပြီး ထန်ထိုင်မိသားစုနှင့် ဆက်ဆံရေး ပျက်ပြားနိုင်သည်ဟု ယူဆသည်။ ယွင်ကျုံးဟဲ့၏ သွေးခွဲမှုကို စိုးရိမ်နေ၏။
မော့ခေါင်းဆောင်က သားဖြစ်သူကို ဆူပူကြိမ်းမောင်းလိုက်သည်။ “ဒီအခွင့်အရေး လက်လွှတ်လိုက်ရင် နောင် ဘယ်လိုလုပ် ငွေရတော့မလဲ။ ငွေမရှိရင် ဘယ်လိုလုပ် အင်အားကြီးမလဲ။ ပြီးတော့ ဒီဆားကွင်းကို မော့မိသားစု မယူရင် ထန်ထိုင်မိသားစုဆီ ရောက်သွားမှာ။
ဒီကိစ္စကို ကျုပ်တို့ စီစဉ်တာ။ တခြားလူတွေက ဟင်းရည်သောက်ရုံပဲ ရှိတာ၊ အသားတုံး လိုချင်ရအောင် သူတို့က ဘာကောင်တွေမို့လို့လဲ။ ချိုရွှေမြို့၊ ချိုမိသားစုက ကျုပ်တို့ရဲ့ ခွေးပဲ။ သူတို့သာ နယ်မြေသုံးခု ရသွားရင် အင်အားကြီးလာပြီး ကျုပ်တို့စကား နားထောင်ပါအုံးမလား။
အကျိုးအမြတ် သေးငယ်ရင် သည်းခံနိုင်ပေမဲ့ ကြီးမားတဲ့ အကျိုးအမြတ် ရှေ့ရောက်နေမှတော့ ကြောက်ရွံ့နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့ မော့အိမ်တော်တွင် သုံးရက် နေထိုင်ခဲ့၏။ မည်သူမှ လာရောက်ခြင်း မရှိချေ။
သုံးရက် ကြာပြီးနောက် မော့ချိုသည် ယွင်ကျုံးဟဲ့ကို ထပ်မံ တွေ့ဆုံကာ ပြောလိုက်သည်။ “မော့မိသားစု အနေနဲ့ အမှန်တရားကို ဖော်ထုတ်ပေးဖို့ ဆန္ဒရှိသလို စပါးတင်းရေ တစ်သိန်း ကူညီဖို့လည်း ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ပိုင်ယင်ဆားကွင်း တစ်ခုတည်းနဲ့ မလုံလောက်ဘူး။”
ယွင်ကျုံးဟဲ့ တုန်လှုပ်သွားသည်။ သူက တုန်ယင်နေသည့် လေသံဖြင့် မေးလိုက်၏။ “ဒါဆို... မော့မိသားစုက ဘာလိုချင်သေးတာလဲ။”
မော့ချိုက ပြောလိုက်၏။ “နံပါတ်တစ်... သစ်ရွက်ကြွေနယ်မြေ ၁,၃၀၀ စတုရန်းကီလိုမီတာကို မော့မိသားစုဆီ အပြီးအပိုင် ပေးအပ်ရမယ်။ နောင် ဘယ်တော့မှ ပြန်မတောင်းရဘူး။ နံပါတ်နှစ်... ပိုင်ယင်ဆားကွင်းကို နှစ်ငါးဆယ် ငှားတာ မဟုတ်ဘဲ အပြီးအပိုင် ပေးအပ်ရမယ်။
နံပါတ်သုံး... လေခွင်းမြို့က ဒီလောက်များတဲ့ တပ်ဖွဲ့ကို မွေးထားနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် စစ်သည် ငါးထောင် လျှော့ချပြီး အဲဒီ ငါးထောင်စာ သံချပ်ကာနဲ့ လက်နက်တွေကို မော့မိသားစုဆီ ပေးအပ်ရမယ်။”
အနိုင်ကျင့်လွန်းအားကြီးသည်။ ယွင်ကျုံးဟဲ့ ဒေါသတကြီး ခုန်ထလိုက်သည်။ မျက်နှာတစ်ခုလုံး နီရဲနေပြီး မျက်လုံးများမှ မီးထွက်မတတ် ဖြစ်နေသည်။
မော့မိသားစု၏ လောဘသည် ခန့်မှန်းထားသည်ထက် များစွာ ပိုနေသည်။ လေခွင်းမြို့ကို တစ်စစီ ဆွဲဖြဲပစ်မည့် သဘောပင်။
မော့ချို ပြုံးလိုက်၏။ “သခင်လေးယွင်... ကျုပ်တို့ဘက်က ပေးဆပ်ရတာလည်း ကြီးမားပါတယ်။ မဟာမိတ်အဖွဲ့ ကုန်သည်တွေကို ရန်စရမယ်။ ယွင်ဝမ်ရွှယ်ကို ရန်စရမယ်။ ချိုရွှေမြို့ကို ရန်စရမယ်။ ခင်ဗျားတို့ရဲ့ အပြစ်တွေကို ဆေးကြောပေးလိုက်ရင် မော့မိသားစုက လူတိုင်းရဲ့ ပစ်မှတ် ဖြစ်သွားမှာ။”
ယွင်ကျုံးဟဲ့က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ သိပ်လောဘကြီးလွန်းတယ်။ ကျုပ်သာ သဘောတူလိုက်ရင် ကျင်းမိသားစုက သေတာနဲ့ မထူးတော့ဘူး။”
မော့ချိုက ပြုံးကာ ပြောလိုက်၏။ “သေတာနဲ့ မထူးဘူး ဆိုတာက ရှင်နေသေးတာပဲလေ။ သေသွားတာထက် စာရင်တော့ ပိုကောင်းတာပေါ့။”
ယွင်ကျုံးဟဲ့က တိုးညင်းစွာ ပြောလိုက်သည်။ “ဒီအချက်တွေက လွန်လွန်းတယ်။ ကျုပ် ဆုံးဖြတ်လို့ မရဘူး။ သခင်မဆီ ပြန်တင်ပြရမယ်။”
မော့ချိုက အေးစက်စက်ပြုံးကာ ပြောလိုက်၏။ “ကောင်းပြီ။ ဒါပေမဲ့ မှတ်ထားပါ၊ ခင်ဗျားတို့မှာ အချိန် သိပ်မရှိတော့ဘူး။”
ယွင်ကျုံးဟဲ့ လေခွင်းမြို့သို့ ပြန်ရောက်ပြီး ကျင်းကျုံးယွဲ့အား တင်ပြလိုက်သည်။
ကျင်းကျုံးယွဲ့သည် ရှေ့မှ စားပွဲခုံကို ဓားဖြင့်ပိုင်းချလိုက်တော့၏။ သို့ပေမည့် မော့မိသားစုကို အကြောင်း မပြန်ခဲ့ပေ။
သစ်ရွက်ကြွေနယ်မြေက စပါးကျီ၊ ပိုင်ယင်ဆားကွင်းက ငွေတိုက်၊ ထိုအရာများကို လိုချင်ရုံမက စစ်လက်နက်တွေကိုပါ လိုချင်သေးသည်လား။
ရက်အနည်းငယ် ကြာချိန်မှာတော့ လေခွင်းမြို့မှ ပြည်သူများ ပိုမို ထွက်ပြေးကြသည်။ မြို့ထဲတွင် ရိက္ခာပြတ်လပ်မှု ပိုဆိုးလာသည်။
နောက်ဆုံးတွင် ကျင်းကျုံးယွဲ့ ဖိအားကို မခံနိုင်တော့ဘဲ မော့မိသားစုနှင့် လျှို့ဝှက် ဆွေးနွေးရတော့၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “စစ်သည် ငါးထောင် လျှော့ချဖို့ မဖြစ်နိုင်ဘူး။ အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ တစ်ထောင်ပဲ လျှော့မယ်။ လက်နက် တစ်ထောင်ပဲ ပေးနိုင်မယ်။ သစ်ရွက်ကြွေနယ်မြေကို အပြီးအပိုင်ပေးဖို့ စာချုပ်မချုပ်နိုင်ဘူး။ ဒါပေမဲ့... နောက်ထပ် နှစ်ငါးဆယ် ထပ်ငှားမယ်။ ပိုင်ယင်ဆားကွင်း ကိုလည်း အပြီးအပိုင် မပေးနိုင်ဘူး။ နှစ်ငါးဆယ် ငှားမယ်။”
နှစ်ဖက်စလုံး အပြင်းအထန် ဆွေးနွေးကြမှာ သုံးရက် သုံးည ကြာမြင့်၏။
နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားသည်။
မော့မိသားစုက အမှန်တရားကို ဖော်ထုတ်ပေးပြီး လေခွင်းမြို့ကို ပိတ်ဆို့ထားမှုများ ဖယ်ရှားပေးမည်။ စပါးတင်းရေ တစ်သိန်း ထောက်ပံ့မည်။
အပြန်အလှန်အားဖြင့် ကျင်းမိသားစုသည် သစ်ရွက်ကြွေနယ်မြေကို အပြီးအပိုင် ပေးအပ်ရမည်။ ပိုင်ယင် ဆားကွင်းကို နှစ်ငါးဆယ် အခမဲ့ ငှားရမ်းရမည်။ လေခွင်းမြို့ စစ်သည် သုံးထောင် လျှော့ချပြီး လက်နက် သုံးထောင်ကို အခမဲ့ ပေးအပ်ရမှာဖြစ်၏။
လျှို့ဝှက်စာချုပ် ချုပ်ဆိုကြသည်။
ကြားလူအဖြစ် ပါဝင်သူမှာ ကျောင်းအုပ်ကြီး ကျူ့ထျန်းဖန် ဖြစ်သည်။ သူနှင့် မော့မိသားစု ဆက်ဆံရေးက အတော်လေး ရင်းနှီးပုံရ၏။
......................
မတ်လ နှစ်ဆယ့်ကိုးရက်
ကျင်းကျုံးယွဲ့သည် ဂုဏ်သိက္ခာမဲ့သော စာချုပ်ပေါ်တွင် လက်မှတ်ထိုးပြီး တံဆိပ်တုံး ထုလိုက်သည်။
တံဆိပ်တုံး ထုလိုက်သည်နှင့် သူမ မျက်ရည်များ ကျဆင်းလာသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် အရှက်ရဆုံး စာချုပ်ဖြစ်၏။
သစ်ရွက်ကြွေနယ်မြေကို ဆုံးရှုံးရုံသာမက နှစ်ရာချီ ပိုင်ဆိုင်ခဲ့သော ဆားကွင်းနှင့် စစ်သည် သုံးထောင်ကိုပါ လက်လွှတ်လိုက်ရသည်။
ကျူ့ထျန်းဖန်၏ မျက်လုံးများ မှေးစင်းသွားပြီး မော့ခေါင်းဆောင်က အောင်နိုင်သူအပြုံး ပြုံးလိုက်၏။
‘ဒီနေ့ကစပြီး မော့မိသားစု ကောင်းကင်သို့ ပျံတက်တော့မယ်။ ကျင်းမိသားစုက လုံးဝ ပြီးဆုံးသွားပြီ။ မိန်းမတစ်ယောက်က မြို့စားလုပ်တော့ ဒီလိုဖြစ်တာပေါ့။ ကျင်းကျုံးယွဲ့က ကြည့်ရတာ ထက်မြက်သလို ရှိပေမဲ့ တကယ်တမ်းကျတော့ အသုံးမကျတဲ့ သူ့အဘိုးထက်တောင် ဆိုးနေသေးတယ်။’
မော့ခေါင်းဆောင်က ပြောလိုက်သည်။ “မော့မိသားစုက ကတိအတိုင်း အမှန်တရားကို ဖော်ထုတ်ပေးမယ်။ နောက်ပြီး ရိက္ခာတင်းရေ တစ်သိန်း ပို့ပေးမယ်။”
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ရှင်တို့ ကတိတည်ပြီးတာနဲ့ ကျင်းမိသားစုကလည်း စာချုပ်အတိုင်း ဆားကွင်းနဲ့ နယ်မြေကို လွှဲပေးမယ်။ စစ်သည် သုံးထောင် လျှော့ချပြီး လက်နက်တွေ ပေးအပ်မယ်။”
ထို့နောက် သုံးဦးသားသည် စာချုပ်များကို သေတ္တာထဲ ထည့်ကာ တံဆိပ်ခတ်လိုက်ကြသည်။
တရားဝင် လွှဲပြောင်းမည့်နေ့ကျမှ တံဆိပ်ခွာပြီး စာချုပ်ကို ထုတ်မည် ဖြစ်၏။
ယွင်ကျုံးဟဲ့ မျက်နှာထားက အသုဘအိမ် ရောက်နေသကဲ့သို့ ဖြစ်နေသော်လည်း စိတ်ထဲတွင်မူ ဟားတိုက် ရယ်မောနေသည်။
‘မော့မိသားစု... မော့ချို... နောက်တစ်လှည့် သွေးအန်ပြီး သေရမှာက ခင်ဗျားတို့ပဲ။ ဟား ဟား ဟား ဟား...’
***