လေခွင်းမြို့နှင့် မော့မိသားစုတို့၏ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပြီး ကျင်းကျုံးယွဲ့၊ ဇိုအန်နှင့် ယွင်ကျုံးဟဲ့တို့ လေခွင်းမြို့သို့ ပြန်ရောက်လာကြသည်။
ယခုတစ်ခေါက် ဆွေးနွေးပွဲတွင် ယွင်ကျုံးဟဲ့ ရင်းနှီးသော စကားလုံးတစ်လုံးကို ထပ်ကြားလိုက်ရပြန်သည်။ ရတနာမြေပုံ ဆိုသည့်စကားလုံးပင်။
ယွင်ကျုံးဟဲ့ မေးလိုက်၏။ “သခင်မ... ဒီရတနာမြေပုံ ဆိုတာ ဘာလဲ။”
ရတနာမြေပုံသည် ကျင်းမိသားစု၏ မျိုးရိုးစဉ်ဆက် အမွေတစ်ခု ဖြစ်ပုံရသည်။ ယွင်ဝမ်ရွှယ်နှင့် လောင်းကစားစဉ်ကလည်း ဤမြေပုံကို လောင်းကြေးထပ်ခိုင်းခဲ့ဖူးသည်။ မော့မိသားစုကလည်း ဤမြေပုံကို အပိုသဘောမျိုး တောင်းဆိုခဲ့သည်။
ကျင်းကျုံးယွဲ့သည် အင်္ကျီလက်ကြားမှ သေတ္တာငယ်လေးကို ထုတ်ယူလိုက်ပြီး စာရွက်တစ်ရွက်ကို ယွင်ကျုံးဟဲ့အား ပေးလိုက်၏။
ယွင်ကျုံးဟဲ့ ဖွင့်ကြည့်လိုက်သည်။ ‘ဟမ်... ဒါ ဘာမြေပုံလဲ။ ကြက်ခြစ်ထားသလိုပဲ။’
ယွင်ကျုံးဟဲ့အပေါ် ဒါဗင်ချီ ပူးကပ်နေလျှင်တောင် ဤမြေပုံ၏ အဓိပ္ပာယ်ကို နားလည်မည် မဟုတ်ပေ။ မြေပုံလည်း မဟုတ်၊ စာလည်း မဟုတ်၊ ကလေးတစ်ယောက် လျှောက်ခြစ်ထားသကဲ့သို့ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီမြေပုံက ဘယ်က ရတာလဲ။”
ဇိုအန်က ဝင်ပြောလိုက်၏။ “သခင်ကြီး အောက်ထျန်း... တာရှန်အင်ပါယာ အကြောင်း ကြားဖူးလား။”
တာရှန်အင်ပါယာ ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က အင်ပါယာကြီးတစ်ခု ဖြစ်သည်။
ပိုင်ရှင်မဲ့ နယ်မြေတစ်ခုလုံး အပါအဝင် တောင်ပိုင်းကျိုးနှင့် တာယင်အင်ပါယာ၏ နယ်မြေအချို့ကိုပါ ပိုင်စိုးခဲ့ဖူးသည်။
အထူးသဖြင့် နုဧကရာဇ် လက်ထက်တွင် အလွန် အင်အားကြီးခဲ့သည်။ သို့ပေမည့် စစ်လိုလားသူတိုင်း ပျက်စီးတတ်စမြဲ ဖြစ်၏။
နုဧကရာဇ် နတ်ရွာစံပြီးနောက် သားဖြစ်သူ လက်ထက်တွင် ၁၃ နှစ်သာ ခံပြီး ပျက်စီးသွားခဲ့သည်။
နုဧကရာဇ်သည် အလွန် ရည်မှန်းချက်ကြီးသူဖြစ်ပြီး သေဆုံးပြီးနောက်တွင်လည်း စံစားချင်သောကြောင့် ပြည်သူအများအပြားကို အသုံးပြုကာ ကြီးကျယ်ခမ်းနားသော မြေအောက်သင်္ချိုင်းတော်ကို တည်ဆောက် ခဲ့၏။
သင်္ချိုင်းတော်ထဲတွင် မြစ်များ၊ ပင်လယ်များ၊ စစ်သည်များနှင့် နန်းတော်များ ပါရှိသည်ဟု ဆိုကြသည်။
ဇိုအန်က ဆက်ပြော၏။ “ဒီမြေပုံက နုဧကရာဇ်ရဲ့ သင်္ချိုင်းတော် တည်နေရာကို ပြထားတယ်လို့ ပြောကြတယ်။”
ယွင်ကျုံးဟဲ့ အံ့သြသွားသည်။ ‘ဒီလို ကြက်ခြစ်ထားတဲ့ ပုံကလား။’
ကျင်းကျုံးယွဲ့က ပြောလိုက်၏။ “ဒီမြေပုံက ကျင်းမိသားစုမှာ ရှိနေတာ နှစ်ရာချီနေပြီ။ ဒါပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ တကယ်တော့ ပိုင်ရှင်မဲ့နယ်မြေက လူတွေအားလုံး သင်္ချိုင်းတော် ရှာပုံတော်ကို လက်လျှော့ထားကြပြီ။”
အမှန်ဖြစ်သည်။ လူတိုင်းက ဤမြေပုံကို ရှိတာပဲ ကောင်းပါတယ် ဟူသော သဘောမျိုးသာ သတ်မှတ်ထားကြပုံ ရသည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သခင်မ... ကျုပ်တို့ စာချုပ်အရ စစ်သည် သုံးထောင် လျှော့ချပြီး လက်နက်တွေ ပေးရမယ်။ အပြန်အလှန်အနေနဲ့ စပါးတင်းရေ တစ်သိန်း ရမယ်။”
စစ်သည် သုံးထောင် တန်ဖိုးက ကြီးမားသည်လား၊ စပါး တစ်သိန်း တန်ဖိုးက ကြီးမားသည်လား။
သေချာပေါက် စစ်သည် သုံးထောင်က အဆတစ်ရာမက ပိုတန်ဖိုးရှိသည်။ စစ်သည်တစ်ယောက်၏ သံချပ်ကာ၊ ဓား၊ လေးမြားများသည် ငွေရှိရုံဖြင့် ဝယ်၍ ရသောပစ္စည်းများ မဟုတ်ပေ။
သို့ပေမည့် မတတ်နိုင်ပေ။ မော့မိသားစုကို ကျင်းထဲ တွန်းချရန်အတွက် ဤအရာများကို စတေးရပေမည်။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “လျှော့ချလိုက်ပါ။ စီမံကိန်းက ဒီအဆင့်ထိ ရောက်နေပြီ။ နှမြောနေလို့ မဖြစ်ဘူး။ ရှင်ဆွဲထားတဲ့ မဟာဗျူဟာကို ကျွန်မ ယုံကြည်တယ်။”
စစ်သည် သုံးထောင် လျှော့ချရမည် ဆိုသည်မှာ ကျင်းကျုံးယွဲ့အတွက် ရင်ကွဲပက်လက် ဖြစ်ရသော ကိစ္စဖြစ်၏။
ကျင်းကျုံးယွဲ့က ပြောလိုက်သည်။ “အောက်ထျန်း... ရှင် ပင်ပန်းနေပြီ။ သွားနားလိုက်ပါအုံး။”
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “သခင်မ... ဒီမြေပုံကို ကျုပ်ဆီ ပေးထားလို့ ရမလား။ အားတဲ့အချိန် လေ့လာကြည့်ချင်လို့ပါ။”
ဤတောင်းဆိုမှုသည် ရိုင်းပြရာ ကျနိုင်သည်။ မျိုးရိုးစဉ်ဆက် ရတနာကို တောင်းယူခြင်း ဖြစ်သောကြောင့်ပင်။
သို့ပေမည့် ကျင်းကျုံးယွဲ့က စကားတစ်ခွန်းမှ မဆိုဘဲ မြေပုံနှင့် သေတ္တာကိုပါ ပေးလိုက်သည်။ သူမ အမြင်တွင် လူတော်လူကောင်းက မြေပုံထက် ပိုတန်ဖိုးရှိသည်။
......
ယွင်ကျုံးဟဲ့ သူ့အခန်းသို့ ပြန်ရောက်လာ၏။
“သခင်လေး... ပြန်ရောက်ပြီလား။” ရွှီအန်းထင် (ညီမ) က အင်္ကျီများ ကူလဲပေးပြီး ခြေဆေးရေ ယူလာပေးသည်။
လွန်ခဲ့သော နှစ်လခန့်က ကျင်းကျုံးယွဲ့သည် ရွှီအန်းထင်ကို ယွင်ကျုံးဟဲ့၏ ကိုယ်လုပ်တော်အဖြစ် ပေးအပ်ခဲ့၏။
ရွှီအန်းထင် (ညီမ)က ပြောလိုက်သည်။ “သခင်လေး... အစ်ကိုကြီးက ပြောတယ်။ အားရင် အိမ်လာပြီး ထမင်းစားပါအုံးတဲ့။”
လက်ရှိတွင် လေခွင်းမြို့ရှိ စားသောက်ဆိုင်များ အားလုံး ပိတ်ထားပြီ ဖြစ်၏။
အန်းထင် တည်းခိုခန်းလည်း ပိတ်ထားရသည်။ သို့ပေမည့် ယွင်ကျုံးဟဲ့၏ မျက်နှာကြောင့် သူတို့မောင်နှမ ထမင်းမငတ်သေးပေ။
ယွင်ကျုံးဟဲ့က အစေခံ၏ အစ်ကိုအိမ်သို့ ထမင်းသွားစားလျှင် မသင့်တော်ပေ။ သို့ပေမည့် ကိုယ်လုပ်တော်၏ အစ်ကိုအိမ်သို့ သွားလျှင်မူ သဘာဝကျသည်။ ထို့ကြောင့် ရွှီအန်းထင်ကို ကိုယ်လုပ်တော်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့က သဘောတူလိုက်သည်။ “ကောင်းပြီ။ ခဏနေ သွားကြတာပေါ့။”
ရွှီအန်းထင် တစ်စုံတစ်ခု ပြောချင်နေပုံ ရသော်လည်း မပြောဖြစ်ခဲ့ချေ။
နာရီဝက်ခန့် အကြာတွင် ယွင်ကျုံးဟဲ့နှင့် ရွှီအန်းထင်တို့ မြင်းလှည်းဖြင့် ထွက်ခွာလာကြသည်။ လမ်းတွင် လန်ပိကပါ ထမင်းလိုက်စားမည်ဟု ဆိုကာ လိုက်ပါလာခဲ့သည်။
ထိုညက တကယ်ပင် ထမင်းစားရုံ သက်သက်သာ ဖြစ်ခဲ့၏။
မြို့စားအိမ်တော်သို့ ပြန်ရောက်ချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ဇိမ်ခံအဆောင်သို့ မပြန်ဘဲ သူ၏ စမ်းသပ်ခန်းသို့ သွားရောက်အိပ်စက်ခဲ့သည်။
ထိုစဉ် ကုတင်အောက်မှ ဖုန်းရှင်းမြဲ့၏ အသံ ထွက်ပေါ်လာသည်။ အသံသည် အလွန်တိုးသော်လည်း ကောက်ရိုးပြွန်မှတစ်ဆင့် ယွင်ကျုံးဟဲ့ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာ၏။
“ယန်ဖြန်ရှန် ရောက်လာပြီ။”
ထိုအရာက ပထမဆုံး သတင်းစကား ဖြစ်သည်။
ယန်ဖြန်ရှန် ဆိုသူမှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ နံပါတ်တစ် သစ္စာဖောက်ဖြစ်၏။ သူ့ကြောင့် ပိုင်ရှင်မဲ့နယ်မြေရှိ ဟေးလုံထိုင်၏ ကွန်ရက်တစ်ခုလုံး ပျက်စီးခဲ့ရ၏။
ယခု ယန်ဖြန်ရှန် ရောက်လာပြီ ဆိုသည်မှာ တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်ယန္တရား စတင် လည်ပတ်နေပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ဖုန်းရှင်းမြဲ့က ဆက်ပြောလိုက်၏။ “တောင်ပိုင်းကျိုး ဧကရာဇ်က အမိန့်ထုတ်ပြီး မြောက်ပိုင်း စစ်ဌာနချုပ်ကို ဖွင့်လှစ်လိုက်ပြီ။ ဌာနချုပ်က ကျင်းကျိုးမြို့မှာ ရှိတယ်။”
ဤသည်မှာ အင်ပါယာကြီးနှစ်ခု၏ စစ်ပွဲသည် ပိုင်ရှင်မဲ့နယ်မြေတွင် စတင်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ဖုန်းရှင်းမြဲ့က တတိယသတင်းကို ပေးလိုက်၏။ “ယွင်ကျုံးဟဲ့... ယန်ဖြန်ရှန် ရောက်လာရင် လောက်ချန်းနဲ့ ဆက်သွယ်မှာ သေချာတယ်။ မင်းအနေနဲ့ လောက်ချန်းကို ရှာတွေ့အောင် လုပ်ရမယ်။”
လောက်ချန်း - လေခွင်းမြို့ရှိ တောင်ပိုင်းကျိုးအင်ပါယာ၏ ထိပ်တန်း သူလျှိုတစ်ဦးဖြစ်သည်။ ယွင်ကျုံးဟဲ့ ရှာဖွေနေသည်မှာ ကြာပြီ ဖြစ်သော်လည်း အရိပ်အယောင်မှ မတွေ့ရသေးချေ။
လောက်ချန်းက မည်သူ ဖြစ်နိုင်သနည်း။ လေခွင်းမြို့ဝန် ဝမ်တောက်ဖူလား၊ ဆရာကြီး ဇိုအန်လား၊ လန်ပိလား၊ ချူကျောင်းရန်လား သူမသိပေ။
ဖုန်းရှင်းမြဲ့က ဆက်ပြောသည်။ “ကလေး... မင်းရဲ့ မိဘတွေအတွက် နာမည်ပြန်ဖော်ပေးပြီးပြီ။ သူတို့ကလည်း သူလျှိုတွေပဲ။ ဒါပေမဲ့ မွေးစားမိဘတွေပါ။ မင်းရဲ့ ဇာစ်မြစ်ကိုတော့ ရှာမတွေ့သေးဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ် တောင်ပိုင်းကျိုးမှာ ဝတုတ်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူ့အရိုးတွေက ကျုပ်နဲ့ တစ်ပုံစံတည်းပဲ။ သူက ဘယ်သူလဲ။”
ဖုန်းရှင်းမြဲ့က ဖြေလိုက်သည်။ “ကျုပ်တို့ မမှားဘူးဆိုရင် သူက တောင်ပိုင်းကျိုးအင်ပါယာ အာဏာရှင် အောက်ရှင်းရဲ့ သားပဲ။”
အောက်ရှင်းဆိုသည်မှာ သာမန် အာဏာရှင် မဟုတ်ပေ။
ယွင်ကျုံးဟဲ့က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ “ဒါဆို အောက်ရှင်းက ကျုပ်အဖေများလား။”
“စုံစမ်းရအုံးမယ်။”
ဖုန်းရှင်းမြဲ့ ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “ကလေး.. မင်းကို ပြောစရာ တစ်ခု ရှိတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာလဲ။”
ဖုန်းရှင်းမြဲ့က သက်ပြင်းချကာ ပြောလိုက်၏။ “ရွှီအန်းထင် ကိုယ်ဝန် ရှိနေပြီ။”
***