မဟာလော့ဧကရာဇ်၏ အမိန့်ဖြင့် မဟာလော့နိုင်ငံသည် စစ်ပွဲအတွက် ဆက်လက်ပြင်ဆင်နေတော့သည်။
မူလက သူတို့တွင် စစ်သည်အင်အား ၅ သန်းခန့် ရှိသော်လည်း တိုက်ပွဲကြီးအတွင်း ၂ သန်းခန့် ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း မကြာမီမှာပင် စစ်သည်အင်အားကို ၆ သန်းအထိ အလျင်အမြန် တိုးမြှင့်လိုက်ပြန်သည်။
လူအများအပြားမှာ တပ်ဖွဲ့ထဲသို့ အတင်းအဓမ္မ စုဆောင်းခံလိုက်ကြရသည်။ အကယ်၍ ငြင်းဆန်ပါက မိသားစုဝင်များပါ ဒုက္ခရောက်မည် ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားအတော်များများမှာ မိသားစုကို ငဲ့ကွက်ပြီး မတတ်သာဘဲ အသက်ရှင်နှုန်း နည်းပါးလှသည့် စစ်မြေပြင်လမ်းထက်သို့ ခြေစုံပစ်ဝင်ခဲ့ကြရသည်။
အသည်းနှလုံးကွဲကြေရသည့် ဖြစ်ရပ်ဆိုးများမှာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတော့သည်။
စုန့်ယွီဖေး တစ်ခါပြန်ရောက်လာပြီး “အရှင်မင်းကြီး... စစ်ကို ဆက်မတိုက်ပါနဲ့တော့။ အရှင်မင်းကြီးက နိုင်ငံသုံးနိုင်ငံကို သိမ်းပိုက်ခဲ့ပြီးပြီပဲ၊ လောကကြီးမှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ဆင်းရဲဒုက္ခတွေက များလှပြီ။ အခု လုပ်သင့်တာက ပြည်သူတွေကို နှစ်သိမ့်ပေးပြီး သူတို့ အသက်ရှင်ရပ်တည်နိုင်ဖို့ မူဝါဒတွေ ချမှတ်ပေးရမှာပါ”
“နတ်မိမယ် ယွီဖေး.. ကျုပ် အခုလုပ်နေတာကလည်း ပြည်သူတွေကို အသက်ရှင်ဖို့ လမ်းစရှာပေးနေတာပဲ”
မဟာလော့ဧကရာဇ်က တည်ငြိမ်အေးစက်စွာဖြင့်- “ငါတို့ မဟာလော့မှာ လူဦးရေအားလုံးကို ကျွေးမွေးဖို့ ရိက္ခာ မလုံလောက်ဘူး။ ဒါကြောင့် စစ်ကို ဆက်တိုက်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ ငတ်ပြတ်ပြီး သေမယ့်ရက်ကို ထိုင်စောင့်နေမယ့်အစား အစွမ်းကုန် တိုက်ခိုက်တာကမှ ပိုကောင်းဦးမယ်”
စုန့်ယွီဖေးက မေးလိုက်သည်။ “အရှင်မင်းကြီး... ဘယ်အချိန်အထိ စစ်တိုက်ဖို့ ရည်ရွယ်ထားတာလဲ”
မဟာလော့ဧကရာဇ်က - “ကျုပ် ပြောပြီးသားလေ။ တစ်နိုင်ငံလုံးကို ကျွေးမွေးဖို့ ရိက္ခာ အလုံအလောက်ရတဲ့အထိပဲ”
“ဒါပေမဲ့ ရိက္ခာက လူပေါင်း ၁၅ သန်းစာလောက် လိုနေတာလေ၊ ဒါက များလွန်းတယ်။ ဒီရိက္ခာအကွာအဟကို ဖြည့်ဆည်းဖို့ဆိုရင် အနည်းဆုံး နိုင်ငံကြီး သုံးနိုင်ငံ ဒါမှမဟုတ် မင်းဆက်တစ်ခုလုံးကို သိမ်းပိုက်မှ ရလိမ့်မယ်”
“ဒါဆိုရင်လည်း ဆက်တိုက်ရမှာပေါ့”
မဟာလော့ဧကရာဇ်မှာ ကျယ်လောင်စွာြဖင့်- “နယ်မြေနဲ့ ရိက္ခာ အလုံအလောက် သိမ်းပိုက်နိုင်တဲ့အထိ ဒါမှမဟုတ် လူပေါင်း ၁၅ သန်း သေသွားတဲ့အထိ စစ်တိုက်မယ်။ အဲဒီအခါကျမှ ကျုပ် တပ်ဖွဲ့ကို ပြန်ရုပ်သိမ်းမယ်”
စုန့်ယွီဖေးမှာ တစ်ကိုယ်လုံး စိမ့်တက်သွားတော့သည်။
သူတို့ တာအိုဂိုဏ်းက ရွေးချယ်ခဲ့တဲ့ ဧကရာဇ်က ဤမျှအထိ ရက်စက်ကြမ်းကြုတ်ပြီး အသိတရားကင်းမဲ့တဲ့ စကားမျိုး ပြောလိမ့်မယ်လို့ သူမ မထင်ခဲ့မိပေ။
ဤမဟာလော့ဧကရာဇ်သည် ပြောင်းလဲသွားခဲ့လေပြီ၊ လူမဆန်အောင် ရက်စက်သောသူတစ်ယောက် ဖြစ်လာခဲ့လေပြီ ဖြစ်သည်။
စုန့်ယွီဖေးက ထပ်မံတိုက်တွန်းပြန်သည်။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ရပ်တန့်လိုက်ပါ။ ဒါက ပညာရှိမင်းတစ်ပါး လုပ်ဆောင်ရမယ့် အပြုအမူ မဟုတ်ပါဘူး”
မဟာလော့ဧကရာဇ်က ရုတ်တရက် ဒေါသထွက်သွားပြီး “ဘာလို့ မင်းက ကျုပ်ကို ရပ်ဖို့ပဲ ခဏခဏ ပြောနေရတာလဲ။ ကျုပ်လုပ်သမျှ အရာအားလုံးက မဟာလော့အတွက်၊ မင်းတို့ တာအိုဂိုဏ်းအတွက် မဟုတ်ဘူးလား”
“အရှင်မင်းကြီးရဲ့ စေတနာက ကောင်းပေမဲ့ လုပ်ရပ်က မှားနေပါတယ်၊ ရက်စက်လွန်းနေတယ်။ အရှင်မင်းကြီးကို မင်းဆိုးမင်းမိုက်လို့ပဲ သမိုင်းမှာ တွင်ကျန်ရစ်ပါလိမ့်မယ်...”
“လုပ်ရပ်က မှားနေတယ် ဟုတ်လား”
မဟာလော့ဧကရာဇ်က မထီမဲ့မြင် ပြုံးလိုက်ရင်း မဟာရှနိုင်ငံရှိရာဘက်သို့ လက်ညှိုးညွှန်ကာ- “မဟာရှနိုင်ငံကို ကြည့်လိုက်စမ်း။ သူတို့ နယ်မြေတွေကို ဓားနဲ့ လှံကို သုံးပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တာ မဟုတ်ဘူးလား။ ဘာကွာခြားလို့လဲ”
“သူက ကျုပ်ထက် စစ်ပွဲတွေ ပိုနည်းနည်းပဲ တိုက်ခဲ့လို့လား။ ကျုပ်ထက် လူတွေ နည်းနည်းပဲ သတ်ခဲ့လို့လား”
“ပြီးတော့ မဟာရှဧကရာဇ်ကို ကြည့်ဦး။ တစ်ချိန်က မိုက်မဲတဲ့ အာဏာရှင်လို့ အပြောခံခဲ့ရပေမဲ့ အခုတော့ အကောင်းမြင်ခံနေရပြီ မဟုတ်လား။ အခု မဟာရှနိုင်ငံမှာ သူ့ကို ဘယ်သူက မိုက်မဲတဲ့ ဧကရာဇ်လို့ ခေါ်နေသေးလို့လဲ”
“ဒါက...” စုန့်ယွီဖေးမှာ ပါးစပ်ဟလိုက်သော်လည်း ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
“ဒါကြောင့် ကျုပ် အခု အားလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ ကိုယ်ကျင့်တရားနဲ့ ကရုဏာတရားဆိုတာ အလကားပဲ၊ အရေးမကြီးဘူး။ ဘယ်လိုနည်းလမ်းနဲ့ လုပ်တယ်ဆိုတာက အရေးမပါဘူး။ နောက်ဆုံးမှာ အောင်မြင်သွားရင် မင်းရဲ့ အောက်သိုးသိုး အနံ့တောင် မွှေးနေလိမ့်မယ်။ လူတွေဆိုတာ အဲဒီလောက် လက်တွေ့ကျကြတာ”
စုန့်ယွီဖေးမှာ ဆွံ့အလျက် စကားလုံးများ ပျောက်ရှနေတော့သည်။
“ဒါကြောင့် နတ်မိမယ်... ကျုပ်ကို ဆက်ပြီး နားမချပါနဲ့တော့။ ကျုပ် နားထောင်မှာ မဟုတ်ဘူး”
မဟာလော့ဧကရာဇ်က လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးစက်စွာ ဆိုလိုက်သည်။ “အကယ်၍ နတ်မိမယ်က သတ်ဖြတ်မှုတွေနဲ့ အသေအပျောက်တွေကို လျှော့ချချင်တယ်ဆိုရင် မင်းတို့ဂိုဏ်းက သိုင်းပညာရှင်တွေကို ဆက်ပြီး လွှတ်ပေးပါ။ တစ်နေ့မှာ ကျုပ်က မြေပြင်အားလုံးကို စည်းလုံးစေပြီး တိုင်းပြည်တည်ငြိမ်သွားတဲ့အခါ ကရုဏာတရားနဲ့ အုပ်ချုပ်ပြီး ပြည်သူတွေကို နားနားနေနေ နေခွင့်ပေးမယ်။ အဲဒီအချိန်ကျရင် သာမန်ပြည်သူတွေက ကျုပ်ကို ကျေးဇူးတင်ပြီး ချီးမွမ်းကြလိမ့်မယ်”
တပ်ဖွဲ့များကို ပြန်လည်ဖွဲ့စည်းပြီးနောက် မဟာလော့ဧကရာဇ်သည် စစ်ပွဲကို ဆက်လက် ဆင်နွှဲတော့သည်။ အသေအပျောက် လျှော့ချရန်အတွက် တာအိုဂိုဏ်းသည်လည်း သိုင်းပညာရှင်များကို ကူညီရန် စေလွှတ်ခဲ့ရလေတော့သည်။ ပြည်သူများမှာမူ မကျေနပ်မှုများ ပြည့်နှက်နေပြီး ဆင်းရဲဒုက္ခများကြားတွင် ရှင်သန်နေကြရသည်။
ယောင်ယောင်မှာ သစ်သီးများကို စားနေရင်း ဤအကြောင်းကို ဆွေးနွေးနေသည်။
“ငတုံးဧကရာဇ်လေး... ရှင် သိလား။ မဟာလော့က တစ်ဖန် လှုပ်ရှားလာပြန်ပြီ။ နိုင်ငံသုံးနိုင်ငံကို သိမ်းပိုက်ပြီး မကြာခင်မှာပဲ စစ်သည် ၆ သန်းအထိ တိုးမြှင့်ပြီး နောက်ထပ် စစ်ပွဲတစ်ခုကို စတင်လိုက်ပြန်ပြီ။ အခုဆို သာမန်ပြည်သူ ၅ သန်းကျော် သေဆုံးသွားပြီလို့ ပြောနေကြတယ်။ နောက်ထပ် ဘယ်လောက်တောင် သေဦးမလဲ မသိဘူး”
လင်းပိုင်ဖန်က သက်ပြင်းချလိုက်ရင်း “ရက်စက်လွန်းတာပဲ”
“ဟုတ်တယ်၊ ကျွန်မတို့ မိစ္ဆာဂိုဏ်းထက်တောင် ပိုရက်စက်သေးတယ်”
ယောင်ယောင်မှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် “ကျွန်မတို့က မိစ္ဆာဂိုဏ်းက ဆိုပေမဲ့ သာမန်ပြည်သူတွေကိုတော့ ဒုက္ခမပေးဘူး။ သူတို့ကတော့ သာမန်ပြည်သူတွေအပေါ်မှာပဲ ဓားမိုးရဲကြတယ်။ ဒါက လူနတ်မရှောင် သောင်းကျန်းတဲ့ လုပ်ရပ်ပဲ။ အခုတော့ လူတိုင်းက မဟာလော့ဧကရာဇ်ကို အာဏာရှင်လို့ ခေါ်နေကြပြီ”
“အသနားစရာ အကောင်းဆုံးကတော့ တာအိုဂိုဏ်းပဲ။ မဟာလော့ရဲ့ လှေပေါ် တက်မိသွားတော့ မတတ်သာဘဲ လိုက်ပါနေရတယ်။ အခုဆို တာအိုဂိုဏ်းရဲ့ ဂုဏ်သတင်းက ပြည်သူတွေကြားမှာတင် မကဘူး၊ သိုင်းလောကမှာပါ အဆိုးဆုံးကို ထိုးဆင်းသွားပြီ။ ပြောရရင်တော့ 'ကြက်ခိုးဖို့ ကြိုးစားရင်း ဆန်အိတ်ပါ ပျောက်' တဲ့ ကိန်းပဲ၊ ဟိဟိ...”
“သူတို့ သနားစရာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အရေးမကြီးဘူး။ နှင်းတောင်ပြိုတဲ့အခါ ဘယ်နှင်းပွင့်မှ မသန့်စင်တော့ဘူး။ တာအိုဂိုဏ်းက မဟာလော့ဧကရာဇ်ရဲ့ အသုံးချတာ ခံရတာ မှန်ပေမဲ့၊ တကယ်တမ်းတော့ တာအိုဂိုဏ်းသာ နောက်ကွယ်က မပံ့ပိုးရင် မဟာလော့ဧကရာဇ်က ဒီလောက်အထိ ရဲတင်းရဲပါ့မလား”
လင်းပိုင်ဖန်မှာ စိတ်ခံစားချက် အပြည့်ဖြင့် ရေရွတ်လိုက်သည်။
“အသွင်ပြောင်းသွားပြီးတဲ့နောက် မဟာလော့ဧကရာဇ်က တော်တော်လေး တိုးတက်လာပြီပဲ။ တာအိုဂိုဏ်းတစ်ခုလုံးကိုတောင် အသုံးချနိုင်နေပြီ”
“တကယ်ကို ကောင်းကောင်း လုပ်ဆောင်သွားတာပဲ။ ကျွန်မကတော့ ဒီအတိုင်း အေးအေးဆေးဆေး ထိုင်ကြည့်နေတော့မယ်”
ယောင်ယောင်၏ မျက်လုံးလေးများက ဝေ့ဝဲသွားပြီး- “ငတုံးဧကရာဇ်လေး... ဒီအခွင့်အရေးကို သုံးပြီး တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပိုကျဆင်းအောင် သတင်းတွေ လွှင့်လိုက်ရမလား”
“မလုပ်တာ အကောင်းဆုံးပဲ” လင်းပိုင်ဖန်က တားလိုက်သည်။
“ဘာလို့လဲ” ယောင်ယောင်က နားမလည်နိုင်ဘဲ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့က ဂုဏ်သိက္ခာကို အရမ်းငဲ့နေရင် ဂိုဏ်းကို ကယ်ဖို့အတွက် အခု ဧကရာဇ်ကို ဖြုတ်ချပြီး အသစ်လဲလိုက်နိုင်တယ်။ ဒါကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိုးနှက်မယ့်အစား သူတို့ကို ပိုပြီး မြှောက်ပင့်ပေးရမယ်။ လမ်းမှားပေါ်မှာ ပြန်လှည့်မရတဲ့အထိ ရောက်သွားအောင် တွန်းပို့ရမယ်”
လင်းပိုင်ဖန်က ရယ်မောလျက်- “အခြေအနေတွေက လက်လွန်သွားတဲ့အခါမှာ ငါတို့ ဘာမှ လုပ်စရာ မလိုဘဲနဲ့တောင် တခြားတစ်ယောက်ယောက်က ဒီအမှိုက်တွေကို လာရှင်းပေးလိမ့်မယ်၊ ဟားဟား...”
ယောင်ယောင်က လက်မထောင်ပြရင်း “ရှင် ပြောတာ မှန်တယ်။ ရှင်ကတော့ တကယ်ကို လူဆိုးကြီးပဲ၊ အရမ်းကို ကောက်ကျစ်တာပဲ”
လင်းပိုင်ဖန်: “...”
လင်းပိုင်ဖန်နှင့် စကားပြောပြီးနောက် ယောင်ယောင်သည် စိတ်လှုပ်ရှားစွာဖြင့် ဤကိစ္စကို ကိုင်တွယ်ရန် ထွက်သွားတော့သည်။
ခဏအကြာတွင် ယဉ်ကျေးမှုဝန်ကြီး လီလင်းဖူ ရောက်လာသည်။
သူက စာမေးပွဲစစ်ဆေးထားသော စာရွက်စာတမ်းများကို ကိုင်ဆောင်လာပြီး- “အရှင်မင်းကြီး... တော်ဝင်စာမေးပွဲရဲ့ ရေးဖြေရလဒ်တွေ ထွက်လာပါပြီ။ ဒါက နန်းတွင်းညီလာခံ စာမေးပွဲကို ဖြေဆိုခွင့်ရသူ ၃၀၀ ရဲ့ စာရင်းနဲ့ သူတို့ရဲ့ အဖြေလွှာတွေပါ၊ အရှင်မင်းကြီး စစ်ဆေးပေးပါဦး”
လင်းပိုင်ဖန်က ခေါင်းငြိမ့်ပြကာ “ကောင်းပြီ”
သူသည် အဖြေလွှာများကို ကျကျနန လှန်လှောကြည့်လိုက်သည်။ နန်းတွင်းညီလာခံ စာမေးပွဲအထိ တက်လှမ်းနိုင်သူ အများစုမှာ ထူးချွန်ကျောင်းသားများ ဖြစ်ကြပြီး ၅၀ ခန့်မှာ အဆင့်မြင့်ကျောင်းသားများ ဖြစ်ကြသည်။
လင်းပိုင်ဖန်၏ အမြင်တွင် အဆင့်မြင့်ကျောင်းသားနှင့် ထူးချွန်ကျောင်းသားကြား ကွာဟချက်မှာ သိပ်မကြီးမားပေ။ အကယ်၍ ယနေ့ခေတ်နှင့် နှိုင်းယှဉ်ရလျှင် ထိပ်တန်းတက္ကသိုလ်ကြီးများမှ ပါရဂူဘွဲ့ရများကဲ့သို့ပင် ဖြစ်သည်။ ဉာဏ်ရည်ပိုင်းတွင် ပြဿနာမရှိဘဲ သူခိုင်းသမျှကို လုပ်ဆောင်နိုင်လျှင် လုံလောက်ပြီဖြစ်သည်။
လင်းပိုင်ဖန်က စာရင်းကို အမြန်ကြည့်လိုက်ပြီး လူပေါင်း ၁၀၀ ကို ရွေးချယ်လိုက်သည်။ “ဒီလူတွေဆို ရပြီ။ သူတို့ နန်းတွင်းထဲ ရောက်လာတဲ့အခါ သူတို့ရဲ့ အရည်အချင်းကို ငါကိုယ်တော်ကိုယ်တိုင် စစ်ဆေးမယ်”
“မှန်လှပါ အရှင်မင်းကြီး” လီလင်းဖူက အမိန့်ကို နာခံလိုက်သည်။
“ပြီးတော့.. နောက်တစ်ခုရှိသေးတယ်။ ဆရာအဆင့်သတ်မှတ်ချက် စနစ်ကို ကျင့်သုံးတာ တစ်နှစ်ရှိပြီ။ အခုဆိုရင် တခြားသူတွေ အတုယူနိုင်အောင် စံပြဆရာ အချို့ကို ရာထူးတိုးပေးသင့်ပြီ။ မောင်မင်းမှာ ရွေးချယ်ထားတဲ့သူ ရှိလား”
လင်းပိုင်ဖန်သည် ပညာရေးကို အခြေခံအုတ်မြစ်အဖြစ် ယူဆထားသဖြင့် ဆရာအဆင့်သတ်မှတ်ချက် စနစ်ကို အလွန်အလေးထားသည်။ ဤစနစ် အောင်မြင်လျှင် မဟာရှနိုင်ငံအတွက် လူတော်လူကောင်းများ ဘယ်တော့မှ ရှားပါးမည် မဟုတ်တော့ပေ။
လီလင်းဖူက ပြင်ဆင်ထားပုံရပြီး စာအုပ်အသေးတစ်အုပ်ကို တင်ပြလိုက်သည်။ “အရှင်မင်းကြီး... ဒါတွေက ယဉ်ကျေးမှုဝန်ကြီးဌာနက သေချာစိစစ်ပြီး ရွေးချယ်ထားတဲ့ ဆရာလောင်းတွေပါ။ သူတို့က ပညာရပ်ပိုင်း၊ သင်ကြားမှုပိုင်းနဲ့ ကိုယ်ကျင့်တရားပိုင်းမှာ ထူးချွန်ကြပြီး အားလုံးရဲ့ ချီးကျူးမှုကို ရရှိထားသူတွေပါ။ သူတို့ကို ပထမဆုံးအသုတ် စံပြဆရာတွေအဖြစ် သတ်မှတ်နိုင်ပါတယ်”
လင်းပိုင်ဖန်က “ဒီစာရင်းကို ငါကိုယ်တော် ခေတ္တ သိမ်းထားလိုက်မယ်။ ထပ်ပြီး စုံစမ်းစစ်ဆေးဖို့ လူထပ်လွှတ်ရဦးမယ်”
“မှန်လှပါ အရှင်မင်းကြီး”
***