ထိုစဉ်မှာပင် အပြင်ဘက်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
“ယဉ်ကျေးမှုဝန်ကြီး မင်းကြီးလီလင်းဖူ ကြွရောက်လာပါပြီ”
လူတိုင်းမှာ အံ့အားသင့်သွားကြသည်။
“ဝန်ကြီးလီ ရောက်လာတာလား”
အားလုံးက တံခါးဝသို့ လှမ်းကြည့်လိုက်ကြရာ အမတ်ဝတ်စုံ အပြည့်အစုံဖြင့် လီလင်းဖူသည် လူအုပ်ကို ဦးဆောင်ကာ ကျောင်းထဲသို့ လျှောက်လှမ်းဝင်လာသည်ကို မြင်လိုက်ရသည်။ ကျောက်ကယ်ကို မြင်သည်နှင့် လီလင်းဖူ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ပြုံးရွှင်စွာဖြင့် ချဉ်းကပ်လာကာ နှုတ်ဆက်လိုက်သည့ -
“စံပြဆရာ ကျောက်... ကျွန်ုပ် ဂုဏ်ပြုဖို့ လာတာပါ။ မဟာရှနိုင်ငံရဲ့ ပထမဆုံးအသုတ် စံပြဆရာတစ်ဦး ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဟားဟား...”
ကျောက်ကယ်မှာ အလွန်ပင် အားနာသွားပြီး “ဝန်ကြီးလီ... ဒီလိုကိစ္စလေးအတွက်နဲ့ ဘာလို့ အပင်ပန်းခံပြီး ကိုယ်တိုင်ကြွလာရတာလဲခင်ဗျာ”
အမှန်စင်စစ် သူသည် စံပြဆရာ ဖြစ်လာခဲ့သော်လည်း ယဉ်ကျေးမှုဝန်ကြီးနှင့်ယှဉ်လျှင် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ ဝန်ကြီးကိုယ်တိုင် လာရောက်ဂုဏ်ပြုခြင်းမှာ သူ့အတွက် အလွန်ကြီးမားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်သည်။
လီလင်းဖူမှာ မကျေနပ်သလို ဟန်ဆောင်ကာ “ဒါက ဘယ်မှာ ကိစ္စအသေးအမွှား ဖြစ်ရမှာလဲ။ ပညာရေးမှာ အသေးအမွှားဆိုတာ မရှိဘူး၊ ပညာရေးဟာ တိုင်းပြည်ရဲ့ အုတ်မြစ်ပဲ။ ဆရာကျောက်ကယ်က မဟာရှနိုင်ငံရဲ့ ပထမဆုံးအသုတ် စံပြဆရာတစ်ဦးအနေနဲ့ သမိုင်းမှာ လမ်းပြကြယ်တစ်ပွင့်ပဲ၊ ဒါကြောင့် ကျွန်ုပ်အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားရတာပေါ့”
အမှန်တော့ ထိုသို့မဟုတ်ပေ။
အရှင်မင်းကြီးက အလေးထားခြင်းသာ ဖြစ်သည်။
အရှင်မင်းကြီးက အလေးထားလျှင် သူကဲ့သို့သော လက်အောက်ခံအမတ်မှာ သာ၍ပင် အလေးထားရပေမည် ဖြစ်သည်။
သို့သော် ကျောက်ကယ်မှာ ထိုအချက်ကို မသိရှာပေ။
သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး “ကျွန်တော့်ကို အခုလို အလေးထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝန်ကြီးလီ။ ကျွန်တော်... ကျွန်တော် ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး”
သူ ဘေးဘီကို အနည်းငယ် ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ လူအားလုံးက အားကျမနာလိုသည့် အကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
လက်ရှိခေတ်၏ ပထမရသော စာဆိုတော်ကြီးပင်လျှင် ဤမျှသော ဂုဏ်ပြုခံရခြင်းမျိုးကို မရရှိဖူးခဲ့ချေ။ ကျောက်ကယ်မှာ ပျော်လွန်းသဖြင့် မေ့လဲမတတ်ပင် ဖြစ်နေတော့သည်။
“ယူခဲ့ကြစမ်း” လီလင်းဖူက အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် လူနှစ်ဦးသည် ကောင်းကင်ပြာရောင် ဝတ်စုံတစ်ထည်နှင့် အနက်ရောင် အရာရှိဦးထုပ်တစ်လုံးကို ယူဆောင်လာကြသည်။
“ဝန်ကြီးလီ... ဒါတွေက ဘာတွေလဲ” ကျောက်ကယ်မှာ နားမလည်နိုင်စွာ မေးလိုက်သည်။
လီလင်းဖူက ပြုံးလျက် “ဆရာကျောက်... ဒါက နန်းတော်ကနေ အထူးစီစဉ်ပေးထားတဲ့ စံပြဆရာ ဝတ်စုံနဲ့ ဦးထုပ်ပဲ။ ဒါဟာ ပုံမှန် အရာရှိဝတ်စုံတွေနဲ့ အဆင့်အတန်း တူညီတယ်”
ကျောက်ကယ်မှာ အလွန်အံ့အားသင့်သွားကာ “ဗျာ... ဒါမျိုးတောင် ရှိတာလား”
“ကဲ... အမြန်ဝတ်ကြည့်စမ်းပါဦး၊ စံပြဆရာတစ်ယောက်ရဲ့ အရှိန်အဝါကို မြင်ချင်လှပြီ”
“ဟုတ်ကဲ့... ခဏလေး စောင့်ပေးပါဦး”
ကျောက်ကယ် ဝတ်စုံလဲပြီး ပြန်ထွက်လာသောအခါ တစ်ကိုယ်လုံး အသွင်ပြောင်းသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ သူသည် တက်ကြွလန်းဆန်းနေပြီး အနည်းဆုံး အသက် ၁၀ နှစ်ခန့် ပိုငယ်သွားပုံရသည်။
အပြင်ဘက်မှ ခိုးကြည့်နေကြသော အဒေါ်ကြီးတချို့မှာ ကျောက်ကယ်၏ ခန့်ညားသော အသွင်ကို မြင်သောအခါ အားကျမနာလိုစိတ်ဖြင့် မျက်လုံးများပင် စိမ်းသွားကြတော့သည်။
လီလင်းဖူက ကျေနပ်စွာ ခေါင်းညိတ်ပြီး “ကောင်းတယ်... တကယ်ကောင်းတယ်။ ဒီဝတ်စုံကို ဝတ်လိုက်တော့မှ ပိုပြီးတော့ ဟန်ကျသွားတယ်။ အခုမှ တကယ့် စံပြဆရာနဲ့ တူတော့တယ်၊ ဟားဟား...”
ကျောက်ကယ်ကလည်း အူကြောင်ကြောင်ဖြင့် လိုက်ရယ်နေမိသည်။
ဤအခိုက်အတန့်သည် သူ ဘဝ၏ အမြင့်ဆုံး အောင်မြင်မှုဟု သူ ခံစားနေရသည်။
ထို့နောက် လီလင်းဖူက နောက်ထပ်ကိစ္စတစ်ခုကို ရှင်းပြသည်။ ၎င်းမှာ နောက်ထပ် သုံးရက်အကြာတွင် အရှင်မင်းကြီးကို ဖူးမြော်ရန် နန်းတော်သို့ ဝင်ရမည်ဟူသောအချက် ဖြစ်သည်။
“ကျွန်တော်... ကျွန်တော် အရှင်မင်းကြီးကို ဖူးမြော်ခွင့်ရမှာလား” ကျောက်ကယ်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။
“ဒါပေါ့”
လီလင်းဖူက ပြုံးလျက် “ပထမဆုံးအသုတ် စံပြဆရာတွေအနေနဲ့ အရှင်မင်းကြီးက ကိုယ်တိုင် တွေ့ဆုံချင်နေသလို ဆုတံဆိပ်ချီးမြှင့်ပွဲကိုလည်း ပြုလုပ်ပေးဖို့ စီစဉ်ထားတယ်”
“အရှင်မင်းကြီးရဲ့ ကျေးဇူးတော်က ကြီးမားလှပါတယ်။ အခုလို ချီးမြှင့်တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်” ကျောက်ကယ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားလုံးများပင် ထစ်ငေါ့နေတော့သည်။
အပြန်အလှန် နှုတ်ဆက်စကားအချို့ ပြောကြားပြီးနောက် လီလင်းဖူ ထွက်ခွာသွားသည်။
သို့သော် ကျောက်ကယ်၏ ဂုဏ်ကျက်သရေရှိမည့် အချိန်များမှာ အစပျိုးရုံသာ ရှိပါသေးသည်။
သုံးရက်အကြာတွင် တစ်နိုင်ငံလုံးမှ စံပြဆရာများသည် မြို့တော်သို့ စုရုံးရောက်ရှိလာကြသည်။ ၎င်းတို့သည် အရည်အသွေးမြင့် စံပြဆရာ ဝတ်စုံများကို ဝတ်ဆင်ကာ စိတ်လှုပ်ရှားစွာဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
လင်းပိုင်ဖန်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် သူကိုယ်တိုင် ရွေးချယ်ထားသော ဆရာများကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး -
“စံပြဆရာတို့... ထကြပါ။ သင်တို့ဟာ ပညာရေးလောကအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး တပည့်တွေကို မနားမနေ သင်ကြားပေးခဲ့ကြတယ်။ သင်တို့ဟာ ဆရာကောင်းတစ်ဦးရဲ့ စံနမူနာကို တကယ်ပဲ ပြသနိုင်ခဲ့ကြပါတယ်”
“အရှင်မင်းကြီးက ချီးမွမ်းလွန်းလှပါတယ်။ ကျွန်တော်မျိုးတို့ ဒီလိုချီးမွမ်းမှုမျိုးကို မခံယူရဲပါဘူး” ဟု စံပြဆရာများကလည်း နှိမ့်ချစွာ လျှောက်တင်လိုက်ကြသည်။
လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းခါယမ်းကာ “သင်တို့က အရမ်းကို နှိမ့်ချလွန်းနေပြီ။ ငါကိုယ်တော်က သင်တို့နဲ့ ထိုက်တန်တယ်လို့ ဆိုရင် ထိုက်တန်တာပဲ”
ထိုစဉ်မှာပင် မိန်းမစိုး လျူက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ဆုတံဆိပ် ချီးမြှင့်ခြင်း အခမ်းအနား စတင်ပါပြီ”
လင်းပိုင်ဖန်သည်လည်း နဂါးပလ္လင်ပေါ်မှ ဆင်းသက်လာခဲ့ပြီး မိန်းမစိုးများက သူ၏နောက်မှ လိုက်ပါလာကြသည်။
၎င်းတို့၏ လက်ထဲတွင် ဆုတံဆိပ်နှင့် ခါးချိတ်တံဆိပ်ပြားများ တင်ထားသည့် လင်ဗန်းများကို ကိုင်ဆောင်ထားကြသည်။ ဆုတံဆိပ်ပေါ်တွင် “丙” (တတိယအဆင့်) ဟူသော စာလုံးကို ရေးထိုးထားပြီး ၎င်းမှာ အဆင့် (ဂ) ရှိသော စံပြဆရာကို ကိုယ်စားပြုသည်။ ခါးချိတ်တံဆိပ်ပြားပေါ်တွင်မူ ထိုစာလုံးအပြင် ၎င်းတို့၏ အမည်များကိုလည်း ရေးထိုးထားသည်။
လင်းပိုင်ဖန်သည် ကျောက်ကယ်အနားသို့ ပထမဆုံး ချဉ်းကပ်သွားပြီး ပြုံးလျက် -
“ကျောက်ကယ်... မောင်မင်းကို ငါကိုယ်တော် သိတာကြာပြီ။ မောင်မင်းဟာ စာသင်ပြရတာကို ဝါသနာပါတဲ့ ဆရာကောင်းတစ်ယောက်ပဲ၊ တပည့်တွေကလည်း မောင်မင်းကို သဘောကျကြတယ်။ ပြီးတော့ မောင်မင်းရဲ့ သင်ခန်းစာ ပြင်ဆင်မှုတွေကလည်း အတော်လေး အသေးစိတ်တယ်၊ ငါကိုယ်တော် အဲဒါကို သဘောကျတယ်”
အရှင်မင်းကြီးက သူ့အကြောင်းကို ဤမျှအသေးစိတ် သိနေသည့်အတွက် ကျောက်ကယ်မှာ ဝမ်းသာလွန်းသဖြင့် မေ့လဲမတတ်ပင် ဖြစ်သွားသည်။
“အခုလို ချီးမြှင့်တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ”
“ကိုယ်လုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင် လုပ်တာဟာ တကယ်ကို ချီးကျူးစရာပဲ”
လင်းပိုင်ဖန်က ပြုံးလျက် ဆုတံဆိပ်ကို ယူကာ ကျောက်ကယ်၏ ဘယ်ဘက်လက်မောင်းတွင် တပ်ဆင်ပေးလိုက်သည်။ ထို့နောက် ခါးချိတ်တံဆိပ်ပြားကိုလည်း ကိုယ်တိုင် လက်ကမ်းပေးလိုက်သည်။
“ကျေးဇူးတော်... ကျေးဇူးတော် အနန္တပါ အရှင်မင်းကြီး”
ထို့နောက် လင်းပိုင်ဖန်သည် ဒုတိယမြောက် စံပြဆရာထံသို့ ဆက်သွားသည်။ သူသည် အလားတူ အားပေးစကားများ ပြောကြားကာ ဆုတံဆိပ်များကို ကိုယ်တိုင်တပ်ဆင်ပေးပြီး တံဆိပ်ပြားများကို ပေးအပ်ခဲ့သည်။
စံပြဆရာအားလုံးမှာ မျက်ရည်ဝဲကာ စိတ်နှလုံးအတွင်းထိ ထိခိုက်လှုပ်ရှားသွားကြသည်။ ဘဝတွင် ဤမျှ ဂုဏ်ယူစရာကောင်းသော အချိန်မျိုး နောက်ထပ် ရှိမည်မဟုတ်တော့ပေ။
အားလုံးပြီးစီးသွားသောအခါ လင်းပိုင်ဖန်သည် နဂါးပလ္လင်ပေါ်သို့ ပြန်တက်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ငါကိုယ်တော် သိရသလောက်တော့ စံပြဆရာ အများစုဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေက လာကြပြီး ဘဝမှာ ပင်ပန်းဆင်းရဲခဲ့ကြတယ်။ ဒါပေမဲ့ စံပြဆရာ တစ်ယောက်အနေနဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာရှိရမယ်။ ဒါကြောင့် စံပြဆရာ တစ်ဦးချင်းစီကို အိမ်တစ်လုံးနဲ့ ငွေတေးတစ်ထောင်စီ ဆုချီးမြှင့်လိုက်တယ်”
စံပြဆရာအားလုံးမှာ မှင်သက်သွားကြတော့သည်။
စံပြဆရာဖြစ်ရုံတင်မကဘဲ အိမ်နှင့် ငွေပါ ရရှိမည်ဟု မည်သူက ထင်ထားမည်နည်း။ ၎င်းမှာ အရှိန်အဟုန်ဖြင့် ဘဝတက်လမ်းကို ရရှိလိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။
၎င်းတို့၏ စိတ်လှုပ်ရှားမှုအားလုံးကို စကားတစ်ခွန်းတည်းဖြင့်သာ ဖော်ပြနိုင်တော့သည်။
“အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အထူပဲ ကျေးဇူးတင်ရှိပါတယ်”
လင်းပိုင်ဖန်က ပြုံးလျက် -
“စံပြဆရာအားလုံးပဲ… မိမိတို့ရဲ့ မူလရည်မှန်းချက်ကို မမေ့ဘဲ လူငယ်တွေကို ပညာသင်ကြားပေးတဲ့အလုပ်မှာ ဆက်လက် ကြိုးပမ်းကြလိမ့်မယ်လို့ ငါကိုယ်တော် မျှော်လင့်ပါတယ်။ နောက်တစ်ကြိမ် ဆုချီးမြှင့်ပွဲမှာလည်း သင်တို့အားလုံးကို ပြန်တွေ့ချင်ပါသေးတယ်”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို မမေ့ဘဲ အစွမ်းကုန် ကြိုးစားပါ့မယ်”
ထို့နောက် လင်းပိုင်ဖန်သည် ၎င်းတို့အား မြင်းစီးစေလျက် မြို့ထဲ၌ လှည့်လည်စေပြီး ပြည်သူများအား ကြည့်ရှုစေခဲ့သည်။
ဤသို့ ဂုဏ်ပြုမှုမျိုးသည် အလွန်ထူးခြားကြောင်းကို သင်တို့ နားလည်ထားရပေမည်။ ပုံမှန်အားဖြင့် တော်ဝင်စာမေးပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသော စာဆိုတော်ကြီးများသာ ဤကဲ့သို့သော ဂုဏ်ပြုမှုကို ရရှိလေ့ရှိသည်။ ယခုအခါတွင်မူ စံပြဆရာများ ဖြစ်လာခြင်းဖြင့် ၎င်းတို့သည်လည်း ဤအခွင့်အရေးကို ခံစားရရှိပြီ ဖြစ်လေသည်။
“မေမေ... သူတို့ဝတ်ထားတဲ့ ဝတ်စုံတွေက သိပ်လှတာပဲ” ဟု ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးက ရိုးသားစွာ ပြောလိုက်သည်။
“စာကို ကြိုးစားသင်မှပေါ့ သားရဲ့၊ ဒါမှ တစ်နေ့ကျရင် သားလည်း အဲဒီလိုဝတ်စုံမျိုး ဝတ်နိုင်မှာ” ဟု မိခင်ဖြစ်သူက အခွင့်ကောင်းယူကာ ဆုံးမလိုက်သည်။
“ဟုတ်ကဲ့” ကလေးငယ်က ခေါင်းကို အားပါပါ ညိတ်လိုက်ပြီး သူ၏ ရင်ထဲတွင် ကြီးမားသော အိပ်မက်တစ်ခုက ကိန်းအောင်းသွားတော့သည်။
ထို့နောက် လင်းပိုင်ဖန်သည် အတော်ဆုံး စံပြဆရာ ၁၀ ဦးကို တစ်ကမ္ဘာလုံး သိစေရန် ကြေညာပေးခဲ့သည်။
၎င်းတို့ အဘယ်ကြောင့် စံပြဆရာ ဖြစ်လာရသနည်းနှင့် ဖြစ်လာပြီးနောက် ဘာတွေရရှိသနည်းဆိုသည်ကို လူတိုင်းသိအောင် လုပ်ဆောင်ခဲ့သည်။
ယင်း၏ အကျိုးသက်ရောက်မှုမှာ အံ့မခန်းပင်…။
စာသင်သားအများအပြားမှာ အရာရှိမဖြစ်နိုင်ရင်တောင်မှ စံပြဆရာ ဖြစ်လာခြင်းကလည်း အားကိုးထိုက်သော လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် စံပြဆရာ ဖြစ်ရန်မှာ ဗဟုသုတ အလွန်အမင်း ကြွယ်ဝနေစရာ မလိုဘဲ ကိုယ်ကျင့်တရား ကောင်းမွန်ကာ တပည့်များကို ကောင်းမွန်စွာ သင်ကြားပေးနိုင်လျှင် လုံလောက်သောကြောင့် ဖြစ်သည်။ ထိုအရည်အချင်းရှိသူ မည်သူမဆို စံပြဆရာ ဖြစ်လာရန် အခွင့်အရေး ရှိနေပြီ ဖြစ်သည်။
***