တစ်ဖက်တွင်မူ... မဟာရှနိုင်ငံ နန်းတော်အတွင်း၌ ယောင်ယောင်မှာမူ တခိခိ ရယ်မော၍ မဆုံးနိုင်အောင် ဖြစ်နေတော့သည်။
“ဒီမိန်းကလေးမိုကတော့ တကယ့်ကို အစွမ်းထက်တာပဲ။ မဟာလော့ရဲ့ အရာရှိတွေကို သတ်ဖြတ်ခဲ့ရုံတင် မကဘူး၊ တာအိုဂိုဏ်းက ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးကိုပါ မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာအထိ အရူးလုပ်ပြီး လမ်းမှားအောင် ခေါ်သွားနိုင်ခဲ့တယ်။ အခုတော့ တာအိုဂိုဏ်းနဲ့ မဟာလော့က တစ်လောကလုံးရဲ့ လှောင်ပြောင်စရာလို ဖြစ်နေပြီ”
လင်းပိုင်ဖန်က ခေါင်းကို အသာယမ်းလိုက်ရင်း - “နာကျင်မှုဆီက ရတဲ့ သင်ခန်းစာပဲလေ” ဟု ဆိုလိုက်သည်။
ယခင်က မိုယုယန်သည် လုပ်ကြံသတ်ဖြတ်ရာတွင် အင်အားကိုသာ အားကိုးခဲ့သော်လည်း ယခုအခါ သူမသည် ပရိယာယ်များကိုပါ အသုံးပြုတတ်လာပြီ ဖြစ်သည်။ ကောင်းကင်အဆင့်တစ်ဝက် ခွန်အားရှိပြီး ပရိယာယ်ပါ ကြွယ်ဝသော သိုင်းပညာရှင်တစ်ဦးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်အစစ်နှင့် တိုက်ရိုက်မရင်ဆိုင်ရသရွေ့ သူမသည် တိုင်းပြည်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။
'ကံကောင်းတာက သူမက ကိုယ်ဖော့သိုင်းကောင်းကောင်းကို သင်ယူနိုင်ခဲ့တာပဲ။ ငါ သူမကို လေ့ကျင့်ပေးခဲ့ရတာ အလဟဿ မဖြစ်တော့ဘူး'
'သူမသာ အဆင့်တက်လာရင် နန်းတော်ထဲကို ခေါ်ထားလိုက်ရုံပဲ...'
'အဟမ်း…'
'ဒါကတော့... သူမကို မဟာရှနန်းတွင်းမှာ တိုင်းပြည်အတွက် အမှုထမ်းခိုင်းဖို့ပါ'
“ငတုံး ဧကရာဇ်လေး... သူမ နောက်ထပ် ဘယ်ကို သွားမယ်လို့ ထင်သလဲ” ယောင်ယောင်မှာ ခေါင်းလေးစောင်းကာ မေးလိုက်သည်။
“စစ်မြေပြင်ကို ဖြစ်ရမယ်”
လင်းပိုင်ဖန်က ခဏမျှ စဉ်းစားပြီးနောက် - “သူမမောင်ရဲ့ သေဆုံးမှုက မဟာလော့ဧကရာဇ်ရဲ့ စီစဉ်မှုကြောင့် ဖြစ်ပေမဲ့ တကယ်တမ်း သတ်ခဲ့တာကတော့ မဟာလော့ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေပဲ။ အခုလောလောဆယ်မှာ သူမက မဟာလော့ဧကရာဇ်ကို မသတ်နိုင်သေးတော့ သူတို့ဆီမှာပဲ အရင်ဆုံး ဒေါသဖြေရလိမ့်မယ်။ မဟာလော့ဟာ မကြာခင်မှာ အရှက်တကွဲ စစ်ရှုံးတော့မှာ သေချာတယ်” ဟု ဆိုလိုက်သည်။
ယောင်ယောင်က ခေါင်းညိတ်လိုက်ရင်း - “ခန့်မှန်းတာ တော်တယ်... ရော့၊ ဒါ ရှင့်အတွက် ငှက်ပျောသီး” ဟု ဆိုကာ ငှက်ပျောသီးတစ်လုံးကို အခွံနွှာ၍ ကမ်းပေးလိုက်သည်။
လင်းပိုင်ဖန်က ငှက်ပျောသီးကို လှမ်းယူလိုက်ပြီး ခဏအကြာတွင် - “ငါ စပျစ်သီးပဲ စားချင်တယ်” ဟု ပြောလိုက်သည်။
လင်းပိုင်ဖန် ခန့်မှန်းခဲ့သည့်အတိုင်းပင် မိုယုယန်သည် မြို့ကြီးသုံးမြို့ရှိ အရာရှိများကို သတ်ဖြတ်ပြီးနောက် အရာရှိများကို ဆက်မသတ်တော့ဘဲ မိုင်ပေါင်းထောင်ချီဝေးသော စစ်မြေပြင်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
“အခုချိန်မှာ သူတို့က ငါ့ကို မြို့တွေထဲမှာ အရာရှိတွေကို သတ်နေတုန်းပဲလို့ ထင်နေကြမှာ။ စစ်မြေပြင်ကို ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ဘူး။ အခုက တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ”
မိုယုယန်က သူမ၏ ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ပြတ်သားသော မျက်လုံးများဖြင့် - “မောင်လေး... မင်းအတွက် အတိုးကိုအရင် ပြန်ယူပေးမယ်။ အဲဒီ ဧကရာဇ်ရဲ့ ခေါင်းကိုလည်း တစ်နေ့မှာ မင်းအတွက် ယဇ်ပူဇော်ဖို့ အစ်မ ယူလာခဲ့မယ်” ဟု ရေရွတ်လိုက်သည်။
ထို့နောက် သူမသည် မှောင်မိုက်သော ညအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ ညဉ့်ဦးယံမှာ တိတ်ဆိတ်နေသော်လည်း စစ်စခန်းအတွင်း၌မူ မီးရောင်များ လင်းထိန်နေဆဲပင် ဖြစ်လေ၏။
မိုယုယန် ပြန်လည်ပေါ်လာသည့်အခါ သူမသည် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ရွှံ့ညိုရောင်များ လိမ်းကျံထားသဖြင့် သာမန်စစ်သည် တစ်ဦးနှင့်သာ တူနေတော့သည်။ သူမသည် ရန်သူကို အမြန်ဆုံး သတ်ဖြတ်နိုင်ရန်အတွက် ဤသို့ အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။
တာအိုဂိုဏ်းရဲ့ သိုင်းပညာရှင်ကြီး ရောက်မလာခင်မှာ မဟာလော့ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေကို တတ်နိုင်သမျှ များများသတ်ပစ်ရန် သူမ ဆုံးဖြတ်ထားသည်။
သူမသည် စစ်သူကြီး၏ တဲရှေ့သို့ အတားအဆီးမရှိ ရောက်ရှိသွားသည်။ တဲရှေ့ရှိ စစ်သည်နှစ်ဦးက သူမကို တားဆီးကာ - “မင်းက ဘယ်သူလဲ၊ စစ်သူကြီးကို ဘာကိစ္စနဲ့ လာတွေ့တာလဲ” ဟု မေးလိုက်သည်။
မိုယုယန်က ရုတ်တရက် လှုပ်ရှားလိုက်ပြီး ထိုစစ်သည်နှစ်ဦး၏ အာရုံကြောပိတ်မှတ်များကို ထိုးနှက်လိုက်ရာ သူတို့မှာ မလှုပ်နိုင်၊ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ သူမသည် သူတို့၏ မျက်နှာများကို ဖုံးကွယ်နိုင်ရန် စစ်ဦးထုပ်များကိုပါ ငိုက်ချပေးခဲ့ပြီးနောက် တဲအတွင်းသို့ ရဲဝံ့စွာ ဝင်သွားလေတော့သည်။
တဲအတွင်း၌ မဟာလော့၏ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော စစ်သူကြီးဝမ်မှာ ချပ်ဝတ်တန်ဆာကို ချွတ်၍ အနားယူရန် ပြင်ဆင်နေသည်။ သူသည် စိမ်းသက်သော စစ်သည်တစ်ဦး ဝင်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားပြီး - “မင်းက ဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။
မိုယုယန်က ဘာမှပြန်မပြောဘဲ ‘ကောင်းကင်ဘုံသတ် ဓားထုတ်သိုင်း’ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
ဓားတစ်ချက်တည်းနှင့်ပင် ထိုသူ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။ ထို့နောက် သူမသည် အေးဆေးစွာပင် အပြင်သို့ ထွက်လာပြီး နောက်ထပ် စစ်သူကြီးတစ်ဦး၏ တဲသို့ ဦးတည်သွားပြန်သည်။
ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် သုံးဦးကို ဆက်တိုက် သတ်ဖြတ်ပြီးနောက် သူမသည် မိုင် ၆၀၀ ခန့် ဝေးကွာသော အခြားစစ်စခန်းတစ်ခုသို့ ချက်ချင်း ခရီးနှင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ‘တိမ်တိုက်ထဲက နဂါးပျံ’ သိုင်းကို တတ်မြောက်ထားသဖြင့် မိုးမလင်းမီမှာပင် ရောက်ရှိသွားခဲ့သည်။ ထိုနေရာတွင်လည်း ယခင်အတိုင်းပင် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် သုံးဦးကို ထပ်မံ သတ်ဖြတ်ခဲ့ပြန်သည်။
နောက်ဆုံးတွင် သူမသည် တတိယမြောက် မဟာလော့ စစ်စခန်းသို့ ရောက်ရှိသွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူမသည် ပုန်းအောင်းမနေတော့ဘဲ တပ်ဖွဲ့အတွင်းသို့ တိုက်ရိုက် တိုးဝင်ကာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များကိုသာ ပစ်မှတ်ထား သတ်ဖြတ်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူမသည် ထောင်သောင်းချီသော စစ်သည်များကို ဖြတ်ကျော်ကာ မဟာလော့ စစ်သူကြီးတစ်ဦး၏ ရှေ့သို့ ရောက်သွားသည်။
“ဒီနေ့ မင်းတို့အားလုံး ငါ့မောင်ရဲ့ အသက်အတွက် ပြန်ပေးဆပ်ရမယ်”
စစ်သူကြီးမှာ ဒေါသထွက်သွားပြီး - “မင်းက မိစ္ဆာမ မိုယုယန်ပဲ။ ဒီလောက်ထိ သတ္တိကောင်းလှချည်လား။ ဒီနေ့တော့ မင်းအသက်ကို ငါ ယူရမယ်”
မိုယုယန်က ‘ကောင်းကင်ဘုံသတ် ဓားထုတ်သိုင်း’ ကို ထုတ်သုံးလိုက်ရာ ထိုလူနှင့် မြင်းမှာ တစ်ပိုင်းစီ ပြတ်ထွတ်သွားတော့သည်။ ကျန်ရှိနေသော ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များမှာ ထိတ်လန့်သွားကြပြီး စစ်မြေပြင်မှ ထွက်ပြေးကြတော့သည်။ သို့သော် မိုယုယန်၏ အရှိန်ကို သူတို့ မည်သို့မှ မမီနိုင်ကြချေ။ သူမက တစ်ယောက်ချင်းစီ လိုက်လံ သတ်ဖြတ်လိုက်ပြီးနောက် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
ဦးဆောင်မည့် သိုင်းပညာရှင်များ မရှိတော့သဖြင့် မဟာလော့တပ်ဖွဲ့မှာ အရှက်တကွဲ စစ်ရှုံးသွားရလေတော့သည်။
ဤသတင်းများမှာ မဟာလော့ နန်းတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး မဟာလော့ ဧကရာဇ်မှာ ဒေါသကြောင့် ဟိန်းဟောက်နေတော့သည်။ “ဒီမိစ္ဆာမက တစ်ရက်တည်းနဲ့ မိုင်ပေါင်းတစ်ထောင်ကျော် ခရီးနှင်ပြီး ငါ့ရဲ့ စစ်သူကြီး ၁၀ ယောက်ကို သတ်သွားတယ်ပေါ့။ တကယ့်ကို မုန်းစရာကောင်းလိုက်တာ”
မဟာလော့ ဧကရာဇ်မှာ ရင်ဘတ်ထဲမှ သွေးထွက်မတတ်ပင် ခံစားနေရသည်။ ထိုသူတို့မှာ သာမန်စစ်သည်များ မဟုတ်ဘဲ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ မဟုတ်ပါလား။ သူ့လက်အောက်တွင် ၂၀ ခန့်သာ ရှိရာ အခုတော့ ထက်ဝက်မှာ သေဆုံးသွားရပြီ ဖြစ်သည်။
ယခုအခါ မဟာလော့ ဧကရာဇ်သည် လင်းပိုင်ဖန်ထက် မိုယုယန်ကို ပို၍ပင် မုန်းတီးနေတော့သည်။
“နတ်မိမယ် ယွီဖေး၊ တာအိုဆရာကြီး ယွီရှ... ဒီရာဇဝတ်သားကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖမ်းပေးဖို့ ကျုပ် တောင်းဆိုပါတယ်။ ဘယ်လို တန်ဖိုးပဲ ပေးရပါစေ ကျုပ် ပေးဆပ်ဖို့ အသင့်ပါပဲ” ဟု မဟာလော့ ဧကရာဇ်က အံကြိတ်ကာ ပြောလိုက်သည်။
စုန့်ယွီဖေးနှင့် တာအိုအဖိုးကြီးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရင်း - “ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်” ဟု သက်ပြင်းချကာ ပြန်ပြောလိုက်ရုံသာ ရှိတော့သည်။
စစ်သူကြီးများ သေဆုံးကုန်သဖြင့် မဟာလော့ တပ်ဖွဲ့မှာ ဆုတ်ခွာသွားရပြီး မဟာလော့ ဧကရာဇ်မှာလည်း သူ၏ အစီအစဉ်များ အလဟဿ ဖြစ်သွားသည့်အတွက် ဒေါသတကြီး ဖြစ်နေရသည်။ အပြင်လောကမှ လူများကမူ ဤသတင်းကို ကြည့်ပြီး လှောင်ပြောင်နေကြတော့သည်။
“ဟားဟား... မဟာလော့က နိုင်ငံသုံးခုကို သိမ်းချင်နေတာ၊ အခုတော့ မိန်းမတစ်ယောက်တည်းကြောင့် စစ်ရှုံးသွားရပြီ”
“မိန်းကလေးမိုကတော့ တကယ့်ကို သူရဲကောင်းပဲ”
လူတိုင်းက မိုယုယန်၏ နောက်ထပ် လှုပ်ရှားမှုကို စောင့်ကြည့်နေကြသည်။ မဟာလော့ကလည်း သူမကို ဖမ်းဆီးရန် မြို့တိုင်းတွင် ကျော့ကွင်းများ၊ ထောင်ချောက်များ ဆင်ထားကြသည်။ သို့သော် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော မိုယုယန်မှာမူ မဟာလော့အတွင်း၌ မရှိတော့ဘဲ ကျားဖြူတောင်တန်းရှိ သူမ ဒဏ်ရာကုသခဲ့ဖူးသော ဂူအတွင်းသို့ တိတ်တဆိတ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
မပြောင်းလဲသေးသော ဂူလေးကို ကြည့်ရင်း သူမက တိုးညှင်းစွာ ခေါ်လိုက်သည် -
“စီနီယာ... စီနီယာ...”
***