“ဒီလောက်အစောကြီး ပြန်ရောက်လာတာလား”
တိတ်ဆိတ်နေသော ဂူအတွင်း၌ မေးခွန်းထုတ်သံ စွက်နေသည့် ထူးခြားနက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုရင်းနှီးနေသော အသံကို ကြားလိုက်ရမှ မိုယုယန်သည် သက်ပြင်းချနိုင်တော့ပြီး တစ်ကိုယ်လုံးရှိ အကြောအခြင်များ လျော့ကျသွားတော့သည်။ ပြင်ပလောကတွင်မူ သူမသည် ကလဲ့စားချေရန်အတွက် အမြဲတစေ တိုက်ခိုက် သတ်ဖြတ်နေရသလို၊ တာအိုဂိုဏ်း သိုင်းပညာရှင်ကြီး၏ လိုက်လံဖမ်းဆီးမှုကိုလည်း ရှောင်တိမ်းနေရသဖြင့် စိတ်ကို အစဉ်အမြဲ တင်းထားခဲ့ရပြီး စက္ကန့်ပိုင်းမျှပင် အနားမပေးဝံ့ခဲ့ချေ။
ဤနေရာသို့ ရောက်ရှိပြီး စီနီယာကြီး၏ အသံကို ကြားရတော့မှသာ သူမ စိတ်အေးလက်အေး နားဝံ့တော့သည်။ တာအိုဂိုဏ်း၏ သိုင်းပညာရှင်ကြီးသာ ဤနေရာအထိ လိုက်လာခဲ့လျှင်ပင် သူမကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ဟု သူမ ခံစားနေရသည်။ ဤခံစားချက်မှာ သူမအတွက် အလွန်ဆန်းကြယ်ပြီး နှစ်လိုဖွယ်ကောင်းလှရာ လွန်ခဲ့သော အနှစ် ၃၀ အတွင်း တစ်ခါမျှ မကြုံဖူးခဲ့သော ခံစားချက်မျိုး ဖြစ်လေသည်။
ဤခံစားချက်ကို... ‘လုံခြုံမှု’ ဟု ခေါ်ဆိုရမည် ထင်ပါ၏။
“စီနီယာ...”
မိုယုယန်က “ဒီတစ်ခေါက် မဟာလော့ကို သွားပြီး သူတို့ရဲ့ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၀ ယောက်၊ အရာရှိ ၆၀၀ ကျော်နဲ့ ပတ်သက်ဆက်နွှယ်သူပေါင်း သောင်းချီကို သတ်ဖြတ်ခဲ့ပါတယ်။ ကျွန်မရဲ့ ရန်ကြွေးအချို့ကို ဆပ်နိုင်ခဲ့ပြီလို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် မဟာလော့နဲ့ တာအိုဂိုဏ်းကတော့ တကယ့်ကို ဒေါသထွက်နေကြပြီ။ အခုဆိုရင် သူတို့ ကျွန်မကို ဖမ်းဖို့ ထောက်ချောက်တွေ အနှံ့အပြား ဆင်ထားကြမှာ သေချာတယ်” ဟု ရှင်းပြလိုက်သည်။
“ဒါကြောင့် အန္တရာယ်ကြားထဲမှာ တစ်ဇွတ်ထိုး လက်စားချေဖို့ ကြိုးစားနေတာထက် ခဏလောက် အနားယူတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ အာရုံစိုက်မှု လျော့သွားတဲ့အချိန်ကျမှ ကျွန်မဘက်က အလစ်အငိုက် ပြန်တိုက်ခိုက်မယ်။ အဲဒါကြောင့် သိုင်းပညာ ပြန်လေ့ကျင့်ရင်း အခွင့်အရေးကို စောင့်ဖို့ ပြန်လာခဲ့တာပါ”
ပုန်းကွယ်နေသော လင်းပိုင်ဖန်မှာ ခေါင်းကို ခါယမ်းရင်း သက်ပြင်းချလိုက်မိသည်။ ဤမိုယုယန်သည် ယခင်ကထက် ပို၍ တည်ငြိမ်ရင့်ကျက်လာပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိလာပြီ မဟုတ်ပါလား။
ယခင်ကဆိုလျှင် သူမသည် စိတ်လိုက်မာန်ပါ လုပ်ကြံသတ်ဖြတ်တတ်သဖြင့် အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုမူ သူမသည် ဦးနှောက်ကို အသုံးချတတ်လာပြီ ဖြစ်သည်။ ရန်သူတက်လျှင် ဆုတ်၊ ရန်သူဆုတ်လျှင် လိုက်၊ ဝိုင်းပတ်ကာ တိုက်ခိုက်ခြင်းနှင့် ပရိယာယ်အမျိုးမျိုးကို ကျွမ်းကျင်စွာ အသုံးချတတ်နေပြီ ဖြစ်သည်။
ဤမိန်းကလေးမှာ ထက်မြက်ရုံတင်မကဘဲ ပါရမီလည်း ထူးချွန်ပြီး သိုင်းပညာ၌လည်း အစွမ်းထက်လှပေသည်။ ထိုသို့သော ဦးနှောက်၊ ခွန်အားနှင့် ကလဲ့စားချေလိုစိတ်တို့ ပေါင်းစပ်လိုက်လျှင် မဟာလော့နိုင်ငံသာ ပျက်စီးမသွားပါက ကောင်းကင်ဘုံ၏ နိယာမပင် လွဲချော်သွားပေလိမ့်တော့မည် ဖြစ်ချေ၏။
'ငါတော့ တကယ့်ကို အစွမ်းထက်လွန်းတဲ့ ဇာတ်ကောင်တစ်ယောက်ကို မွေးမြူမိပြီ ထင်တယ်' ဟု လင်းပိုင်ဖန်က စိတ်လှုပ်ရှားစွာ တွေးလိုက်မိသည်။
“ဒါနဲ့... ဒီရက်ပိုင်းမှာ သတ်ဖြတ်ရတာတွေ များလွန်းလို့ တော်တော်လေး ပင်ပန်းနေပြီ။ ရက်အနည်းငယ်လောက် အနားယူချင်ပါတယ်” ဟု မိုယုယန်က ထပ်ပြောလိုက်သည်။
“ကောင်းပြီလေ... ကောင်းကောင်း အနားယူသင့်တာပေါ့။ ဘာပဲလုပ်လုပ် တင်းတိမ်ရောင့်ရဲမှု ရှိရသလို ကိုယ့်ကိုကိုယ်အတွက်လည်း ဟာကွက်လေးတွေ ချန်ထားရမယ်။ ဒီမှာပဲ စိတ်အေးလက်အေး အနားယူပါ။ တာအိုဂိုဏ်းရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် ကိုယ်တိုင် ရောက်လာရင်တောင် မင်း ဘာမှ ကြောက်စရာမလိုဘူး”
သူ၏ လေသံမှာ အလွန်ပင် ယုံကြည်ချက် အပြည့်ရှိနေသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ” မိုယုယန်က ဦးညွှတ်လိုက်သည်။ ရုတ်တရက် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုများက သူမထံသို့ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာသဖြင့် ကျောက်ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ရင်း ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
မိုယုယန်မှာ အန္တရာယ်များမှ လွတ်မြောက်ပြီး အေးဆေးစွာ အနားယူနေသော်လည်း ပြင်ပလောကတွင်မူ လူအများက စိတ်ပျက်နေကြတော့သည်။
အကြောင်းမှာ လူအများက မိုယုယန်၏ လှုပ်ရှားမှုနှင့် မဟာလော့အရာရှိများကို ဆက်လက် သတ်ဖြတ်မည့် သတင်းကို စောင့်စားနေကြသော်လည်း မိုယုယန်မှာမူ လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ မည်သည့်နေရာမှ ရှာမတွေ့တော့သောကြောင့်ပင် ဖြစ်သည်။ အင်အားစုများစွာကို အသုံးပြု၍ လူပေါင်းများစွာဖြင့် ရှာဖွေစေသော်လည်း သူမ၏ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။
“ရက်အတော်ကြာပြီပဲ၊ သူရဲကောင်းမိုက ဘာလို့ ဘာမှ မလုပ်တော့တာလဲ။ တာအိုဂိုဏ်းကို ကြောက်သွားလို့များလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်သာ ကြောက်ရင် မဟာလော့ရဲ့ အရာရှိတွေကို အကုန်ပြောင်သလောက်ရှိအောင် လိုက်သတ်နေမှာ မဟုတ်ဘူး။ မိန်းမတွေ ရက်စက်ပြီဆိုရင် ငါတို့ ယောက်ျားတွေတောင် မလိုက်နိုင်ဘူးကွ”
“တာအိုဂိုဏ်းက လူတွေ လက်ချက်နဲ့ သေသွားတာများလား”
“အဲဒါက ပိုတောင် မဖြစ်နိုင်သေးတယ်။ သူရဲကောင်းမိုရဲ့ လုပ်ရပ်တွေက တာအိုဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲလေ။ တကယ်သာ သူတို့ ဖမ်းမိရင် ဒါမှမဟုတ် သတ်နိုင်ခဲ့ရင် တစ်ကမ္ဘာလုံး သိအောင် ကြေညာမှာ သေချာတယ်”
“ဒါဆို သူရဲကောင်းမိုက ဘယ်ကိုများ ပျောက်သွားတာလဲ”
မိုယုယန်မှာ ထပ်မံ၍ ပြဿနာရှာခြင်း မရှိတော့သော်လည်း မဟာလော့နိုင်ငံအတွင်း၌မူ ပိုမို ရုန်းရင်းဆန်ခတ် ဖြစ်လာတော့သည်။ ဒေသအသီးသီးမှ သာမန်ပြည်သူများမှာ မဟာလော့၏ ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်တော့ဘဲ တော်လှန်ပုန်ကန်လာကြသည်။ ထိုတော်လှန်ရေး လှိုင်းလုံးကြီးမှာ တစ်နိုင်ငံလုံးသို့ တောမီးပမာ လျင်မြန်စွာ ကူးစက်သွားတော့သည်။
မဟာလော့ ဧကရာဇ်မှာ နှိမ်နင်းလိုသော်လည်း မည်သည့်နည်းလမ်းမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဒေသခံ အရာရှိများနှင့် စစ်သူကြီး အများအပြားမှာ အသတ်ခံလိုက်ရသဖြင့် ဒေသများကို ထိန်းချုပ်နိုင်စွမ်းမှာ အလွန်ပင် အားနည်းနေပြီး ဧကရာဇ်မှာ ဆန္ဒရှိသော်လည်း အင်အားမရှိတော့ချေ။ ဧကရာဇ်က အရာရှိသစ်များကို ခန့်အပ်ရန် ကြံစည်သော်လည်း မည်သူကမျှ ထိုအမိန့်ကို လက်မခံဝံ့ကြပေ။ အကြောင်းမှာ မိုယုယန်က အမှောင်ထဲတွင် ရှိနေဆဲ ဖြစ်သောကြောင့်ပင် ဖြစ်လေ၏။
ထိုရူးသွပ်နေသော မိန်းမမှာ အရာရှိများကို သတ်ဖြတ်ရသည်ကို အလွန်နှစ်သက်ရာ သူမ မည်သည့်အချိန်တွင် ပြန်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ အကယ်၍ သိုင်းပညာအဆင့်အတန်း မြင့်မားသူ မဟုတ်ပါက သူမ၏ လက်အောက်မှ လွတ်မြောက်ရန် မလွယ်ကူချေ။ ထို့ပြင် မဟာလော့အရာရှိ အများအပြားမှာ မိုယုယန်၏ အမဲလိုက်ခြင်းကို ရှောင်ရှားရန်အတွက် ရာထူးမှ ကိုယ်တိုင် နုတ်ထွက်သွားကြပြန်သည်။ ဤသည်မှာ မဟာလော့ ဧကရာဇ်ကို ဒေါသထွက်လွန်းစေသည့် အချက်ပင် ဖြစ်သည်။
မဟာလော့၏ အခြေအနေကို ကြည့်ပြီး လင်းပိုင်ဖန်မှာ ရယ်မော၍ မဆုံးနိုင်အောင်ပင် ဖြစ်နေတော့သည်။
‘ငါကိုယ်တိုင်တောင် လက်မလှုပ်ရသေးဘူး၊ ငါလေ့ကျင့်ပေးထားတဲ့ လက်အောက်ငယ်သားက မင်းတို့ကို အလဲထိုးနေပြီ။ ဒီမဟာလော့ဧကရာဇ်ကတော့ တကယ့်ကို အသုံးမကျတာပဲ’
“စီနီယာ... ဒီနေ့ ကြည့်ရတာ တစ်ခုခုကို သဘောကျနေပုံပဲနော်” ဟု မိုယုယန်က စူးစမ်းစွာ မေးလိုက်သည်။
စီနီယာကြီး၏ မျက်နှာကို မမြင်ရသလို အသံအစစ်ကို မကြားရသော်လည်း သူ၏ လေသံထဲမှ ပျော်ရွှင်မှုကို သူမ ခံစားမိသည်။
“ပျော်တာပေါ့... မင်း မဟာလော့မှာ ဘာတွေဖြစ်နေလဲ သိလား”
မိုယုယန်က အံ့အားသင့်သွားပြီး “မဟာလော့မှာ ဘာတွေဖြစ်နေလို့လဲ” ဟု မေးလိုက်သည်။
“အခုချိန်မှာ မဟာလော့က တကယ့်ကို ပရမ်းပတာ ဖြစ်နေပြီ။ မင်း ထွက်လာခဲ့ပြီးကတည်းကပေါ့...” လင်းပိုင်ဖန်က သူသိထားသမျှကို ပြန်ပြောပြလိုက်သည်။
နားထောင်ပြီးနောက် မိုယုယန်၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး “ဒါက သူတို့ ရသင့်ရထိုက်တဲ့ အကျိုးဆက်ပဲ” ဟု ဆိုလိုက်သည်။
“ဒီပုန်ကန်သူတွေကို ဘယ်သူက ဦးဆောင်နေတာလဲ မင်းသိလား။ သူတို့ဟာ လူတစ်ယောက်ကြောင့် စိတ်ဓာတ်တက်ကြွလာပြီး တော်လှန်ဖို့ မျှော်လင့်ချက် ရလာခဲ့ကြတာ။ အဲဒီနောက်မှာတော့ မဟာလော့ရဲ့ ဖိနှိပ်မှုကို ဆန့်ကျင်ဖို့ သူတို့ဘာသာ စုစည်းလာခဲ့ကြတာပဲ”
“ဘယ်သူက ဒီလောက်တောင် စွမ်းဆောင်နိုင်ရတာလဲ” ဟု မိုယုယန်က မေးလိုက်သည်။
“အဲဒီလူက မင်းပဲပေါ့” ဟု လင်းပိုင်ဖန်က ပြန်ပြောလိုက်သည်။
“ကျွန်မလား...” မိုယုယန်မှာ ကြောင်အသွားလေသည်။
“ဟုတ်တယ်လေ၊ မင်းက သူတို့ကို စိတ်ဓာတ်ခွန်အား ပေးခဲ့တဲ့သူပဲ။ မင်းက သူတို့ရဲ့ စိတ်ဝိညာဉ် ခေါင်းဆောင်ပဲ။ မင်းသာ အပြင်ထွက်ပြီး တစ်ချက်လောက် ဟန့်လိုက်ရုံနဲ့ လူအများကြီးက ဝိုင်းဝန်း ထောက်ခံကြမှာ သေချာတယ်။ ဧကရီတစ်ပါး ဖြစ်လာဖို့တောင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဟားဟား...” ဟု သူက စနောက်သော လေသံဖြင့် ဆိုလိုက်သည်။
“စီနီယာကလည်း ကျွန်မကို မနောက်ပါနဲ့။ ကျွန်မမှာ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး” ဟု မိုယုယန်က ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ သို့သော် စိတ်ဝိညာဉ် ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရခြင်းမှာ သူမအတွက် များစွာ ကျေနပ်စရာ ကောင်းလှသည်။
မိုယုယန်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “စီနီယာ... ကျွန်မ သိုင်းပညာကို လေ့ကျင့်နေတာ ရက်အနည်းငယ် ရှိပြီဖြစ်လို့ သံသယရှိတဲ့ အချက်လေးတွေ ရှိပါတယ်။ အဲဒါကြောင့် စီနီယာဆီကနေ လမ်းညွှန်မှု တောင်းခံချင်ပါတယ်”
လင်းပိုင်ဖန်က စိတ်ကြည်လင်နေသဖြင့် “မေးပါ... ငါက တပည့်တွေကို သင်ကြားတဲ့နေရာမှာ တကယ့်ကို ဆရာကြီးပဲ” ဟု ဆိုလိုက်သည်။
“စီနီယာမှာ တပည့်တွေ ရှိတယ်ဟုတ်လား။ သူတို့က ဘယ်သူတွေလဲ၊ တော်တော်လေး အစွမ်းထက်ကြလား” ဟု မိုယုယန်က ဤဆန်းကြယ်လှသော စီနီယာကြီး၏ အကြောင်းကို သိလိုသဖြင့် ဟန်မပျက် မေးလိုက်သည်။
“မဆိုးပါဘူး”
ထိုအသံက ထပ်မံထွက်ပေါ်လာပြန်သည်။ “ငါ့ဘဝမှာ တပည့် နှစ်ယောက်ပဲ ရှိတယ်။ ပထမတစ်ယောက်ကတော့ အခုဆိုရင် ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်နေပြီ။ ဒုတိယတစ်ယောက်ကတော့ အဲဒီအဆင့် မရောက်သေးပေမဲ့ အတော်လေးကို နီးစပ်နေပြီလို့ ပြောလို့ရတယ်”
မိုယုယန်မှာ အံ့သြလွန်းသဖြင့် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားခဲ့ရသည်။
ကိုယ်တိုင်က ကောင်းကင်အဆင့် သိုင်းပညာရှင် ဖြစ်နေလျှင်ပင် အခြား ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးကို လေ့ကျင့်ပေးရန်မှာ မလွယ်ကူလှသည်ကို လူတိုင်းသိကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆင့် သိုင်းပညာရှင်တိုင်းသည် ကိုယ်ပိုင်လမ်းစဉ်ကို ကိုယ်တိုင် ရှာဖွေရသောကြောင့် ဖြစ်သည်။ သင်၏ လမ်းစဉ်သည် သင့်တပည့်နှင့် ကိုက်ညီချင်မှ ကိုက်ညီပေလိမ့်မည် ဖြစ်သည်။
သို့သော် ယခု စီနီယာကြီးမှာမူ ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ဦးကို လေ့ကျင့်ပေးခဲ့ပြီး ဖြစ်သလို ဒုတိယတစ်ဦးမှာလည်း ထိုအဆင့်သို့ ရောက်ရန် နီးစပ်နေပြီ မဟုတ်ပါလား။
ဒါဆိုလျှင် စီနီယာကြီးကိုယ်တိုင်က မည်သည့်အဆင့်အထိ ရောက်နေပြီနည်း။
ထိပ်သီး သိုင်းပညာရှင်ကြီး ၁၀ ဦးအနက်မှပင် အနည်းငယ်သော သူများသာ ဤကဲ့သို့ စွမ်းဆောင်နိုင်ပေလိမ့်မည် ဖြစ်သည်။ သူမသည် အမှောင်ထဲမှ ဤဆန်းကြယ်သော စီနီယာကြီး၏ အစွမ်းကို အမြဲတမ်း အထင်ကြီးခဲ့သော်လည်း အမှန်တကယ်တွင်မူ သူမ ထင်ထားသည်ထက် များစွာ ပို၍ အစွမ်းထက်နေသည်ကို ယခုမှ သိလိုက်ရတော့သည်။
***