“စီနီယာ... စီနီယာ့ရဲ့ တပည့်နှစ်ယောက်က ဘယ်သူတွေလဲဟင်၊ ကျွန်မကို ပြောပြလို့ ရမလား” မိုယုယန်က သိချင်စိတ်ကို အသာအယာ ဖုံးဖိရင်း နားစွင့်ကာ မေးလိုက်သည်။ ထိုတပည့်နှစ်ယောက်၏ အထောက်အထားကို သိရသည်နှင့် စီနီယာကြီး၏ အမှတ်သညာကိုပါ သူမ ခန့်မှန်းနိုင်မည် မဟုတ်ပါလား။
“မင်း ကောင်းကင်အဆင့် ရောက်တဲ့အခါကျရင် ငါပြောပြမယ်”
မိုယုယန် : “...”
“မိုယုယန်... မင်းက တကယ့်ကို ပါရမီထူးတဲ့သူပဲ။ ငါ့ရဲ့ တတိယမြောက် တပည့်အဖြစ် ခံယူဖို့ စိတ်ဝင်စားလား။ ငါ့နောက်လိုက်ပြီး ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ သင်ယူမယ်ဆိုရင် ငါးနှစ်အတွင်း မင်းကို ကောင်းကင်အဆင့် ရောက်စေရမယ်လို့ ငါအာမခံတယ်”
မည်သည့် သိုင်းပညာရှင်မဆို ဤကဲ့သို့သော ကမ်းလှမ်းမှုကို ရရှိလျှင် ရင်ခုန်စိတ်လှုပ်ရှားသွားကြမည်သာ ဖြစ်သည်။
အကြောင်းမှာ ဤလောကကြီးတွင် ကောင်းကင်အဆင့် သိုင်းပညာရှင်ဟူသည် လက်ချိုးရေတွက်၍ ရနိုင်သည် မဟုတ်ပါလား။ ကောင်းကင်အဆင့် သိုင်းပညာရှင်တိုင်းမှာ လူအများ၏ ရိုသေလေးစားမှုကို ခံရသည့် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြရာ ထိုကဲ့သို့သော အဆင့်အတန်းမျိုးကို မည်သူက မရယူလိုဘဲ ရှိပါအံ့နည်း။
သို့သော် တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် မိုယုယန်၏ ပါးစပ်မှ “ကျွန်မ... ငြင်းပယ်ပါရစေ” ဟု လွှတ်ခနဲ ထွက်သွားတော့သည်။
“ဘာလို့လဲ” ဟု နားမလည်နိုင်သော လေသံဖြင့် မေးခွန်းထွက်ပေါ်လာခဲ့သည်။
မိုယုယန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်း လေသံဖြင့် ဦးညွှတ်ကာ “စီနီယာ့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမဲ့ ကျွန်မဘဝမှာ ဘယ်သူ့ကိုမှ ဆရာအဖြစ် မတင်ခဲ့ဖူးသလို ကိုယ်ပိုင်လမ်းစဉ်ကိုပဲ ကိုယ်တိုင် ရှာဖွေချင်လို့ပါ” ဟု ပြောလိုက်သည်။
ထို့နောက် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ “စီနီယာ... ကျွန်မက စီနီယာ့တပည့် မဟုတ်တော့ဘူးဆိုရင် စီနီယာက ကျွန်မကို သိုင်းပညာ ဆက်သင်မပေးတော့ဘူးလားဟင်” ဟု မေးလိုက်ပြန်သည်။
“အဲလိုတော့လည်း မဟုတ်ပါဘူး။ မင်းက ငါ့တပည့် မဟုတ်ပေမဲ့ ငါ့အတွက် အလုပ်အကျွေး ပြုနေတဲ့သူပဲလေ၊ ဒါကြောင့် ငါ မင်းကို ဆက်ပြီး သင်ပေးမှာပါ”
မိုယုယန်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး “ကျေးဇူးတင်ပါတယ် စီနီယာ” ဟု ဆိုလိုက်သည်။
ထို့နောက်တွင် မိုယုယန်မှာ စီနီယာထံမှ သိုင်းပညာများကို စတင်သင်ယူလေတော့သည်။ စီနီယာကြီးမှာ တကယ့်ကို ဗဟုသုတ ကြွယ်ဝလှသည်ကို သူမ တွေ့ရှိလိုက်ရလေသည်။ သူမ မည်သည့်မေးခွန်းကိုမဆို သူက ပြေပြစ်စွာနှင့် ထိမိလှစွာ ဖြေကြားပေးနိုင်သဖြင့် သူမ၏ အမြင်များကို ပိုမို ပွင့်လင်းစေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမ၏ သိုင်းပညာများမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူမ၏ စိတ်ထဲတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်။ ‘သူက ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကိုတောင် လေ့ကျင့်ပေးနိုင်တာ အံ့သြစရာ မရှိပါဘူးလေ’ ဟု သူမ တွေးမိလိုက်သည်။
နေ့ရက်များမှာ အေးအေးလူလူပင် ကုန်ဆုံးသွားခဲ့သည်။ မိုယုယန်မှာ ဤကဲ့သို့သော နေ့ရက်များမှာ မဆိုးလှကြောင်း ရုတ်တရက် သတိပြုမိလာသည်။ ပြင်ပလောက၏ ရုန်းရင်းဆန်ခတ်မှုများနှင့် လှည့်စားမှုများကို ရင်ဆိုင်နေရန် မလိုဘဲ သိုင်းပညာကိုသာ အာရုံစိုက် လေ့ကျင့်နေရသဖြင့် နေ့စဉ် တိုးတက်မှု အနည်းငယ်စီသာ ရှိနေပြီး ရိုးရှင်းသော်လည်း စိတ်ကျေနပ်စရာ ကောင်းလှပေသည်။
ကလဲ့စားချေပြီးသွားလျှင် အေးချမ်းသော တောရွာလေးတစ်ရွာတွင် အခြေချ နေထိုင်ရသည်မှာလည်း ကောင်းမွန်ပေလိမ့်မည် ဖြစ်သည်။ ထိုအခါတွင် အတူတူ နေထိုင်မည့်သူ ရှိလျှင် ပို၍ ကောင်းမည်မှာ သေချာပေသည်။ မည်သို့ပင်ဆိုစေကာမူ မိန်းမသားတစ်ဦးဖြစ်၍ ခိုနားရာ တစ်ခုခုတော့ ရှိသင့်သည် မဟုတ်ပါလော။
ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ စီနီယာကြီးကို မတွေးဘဲ မနေနိုင်တော့ချေ။ သူ၏ မျက်နှာကို မမြင်ဖူးသလို သူက ဘယ်သူလဲဆိုသည်ကိုပင် မသိရသော်လည်း သူသည် သူမ အန္တရာယ်ကြုံနေချိန်တွင် ကယ်တင်ပေးခဲ့သလို သိုင်းပညာကိုလည်း သင်ကြားပေးခဲ့ပြီး ကလဲ့စားချေရန်အတွက် မျှော်လင့်ချက်များကို ပေးခဲ့သူ ဖြစ်သည်။
သူ၏ ပုံရိပ်မှာ သူမ၏ နှလုံးသားထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။ အခက်အခဲ ကြုံနေရသည့် အလှလေးကို သူရဲကောင်းက ကယ်တင်သည်ဟူသော ပုံပြင်မှာ ရိုးအသေနေပြီဟု ဆိုနိုင်သော်လည်း တကယ့်ကို ထိရောက်လှပေသည်။
‘ဒီစီနီယာနဲ့သာ ထာဝရ အတူတူ ရှိနေရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ’
ထိုသို့ တွေးမိလိုက်သည်နှင့် သူမ၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားပြီး “စီနီယာ...” ဟု မသိမသာ ခေါ်လိုက်မိသည်။
“ဘာဖြစ်လို့လဲ၊ မင်း နားမလည်တဲ့ ပြဿနာတစ်ခုခု ထပ်ကြုံနေလို့လား” ဟု ရင်းနှီးနေသော အသံက ထွက်ပေါ်လာသည်။
“ကျွန်မ နည်းနည်း ပျင်းနေလို့ စီနီယာနဲ့ စကားစမြည် ပြောရင်း အချိန်ဖြုန်းချင်လို့ပါ။ စီနီယာ အချိန်ရမလားဟင်” ဟု မိုယုယန်က စမ်းတဝါးဝါး မေးလိုက်သည်။
လင်းပိုင်ဖန်မှာလည်း အခန့်သင့် စိတ်ကြည်လင်နေသဖြင့် “ဘာအကြောင်း ပြောချင်လို့လဲ” ဟု မေးလိုက်သည်။
“စီနီယာက သိုင်းပညာမှာ ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း သိထားပြီး ကောင်းကင်အဆင့် တပည့်ကိုတောင် လေ့ကျင့်ပေးထားတာဆိုတော့ အသက်က မငယ်တော့ဘူး ထင်တယ်နော်။ ကျွန်မ တကယ်ပဲ သိချင်လို့ပါ၊ စီနီယာ့အသက်က ဒီနှစ်ဆိုရင် ဘယ်လောက်ရှိပြီလဲဟင်... စီနီယာ ပြောပြနိုင်မလား”
“ယောက်ျားတစ်ယောက်ကို အသက်အကြောင်း မမေးနဲ့။ ယောက်ျားတစ်ယောက်ဟာ သေတဲ့အထိ လူငယ်ပဲ”
မိုယုယန်မှာ ကြောင်အသွားပြီးမှ တခိခိ ရယ်မောလိုက်တော့သည်။ စီနီယာကြီးထံမှ ဤကဲ့သို့ နောက်ပြောင်သော အဖြေမျိုး ရလိမ့်မည်ဟု သူမ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။ ဤသည်မှာ သူမကို လုံးဝ အလစ်အငိုက် မိသွားစေခဲ့သည်။ စီနီယာကြီးက တော်တော်လေး နောက်တတ်တာပဲ။ ဤကဲ့သို့သော လူမျိုးနှင့် အတူနေရလျှင် ဘယ်တော့မှ ပျင်းရလိမ့်မည် မဟုတ်ပေ။
သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် လွင့်မျောနေတော့သည်။ စီနီယာကြီး၏ အသက်က အနည်းငယ် ကြီးနေလျှင်ပင် ပြဿနာ မရှိနိုင်ဟု သူမ ထင်မိသည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ အသက် ၁၅၀ ကျော်အထိ အသက်ရှည်ရှည် နေထိုင်နိုင်ကြရာ နှစ်အနည်းငယ် ကွာခြားနေခြင်းမှာ ဘာမှ အရေးမကြီးလှပေ။
“စီနီယာ... စီနီယာမှာ ဇနီးနဲ့ သားသမီးတွေ ရှိလားဟင်” ဟု မိုယုယန်က ထပ်မံ မေးမြန်းလိုက်သည်။
“ငါက အကြိမ်ပေါင်းများစွာတောင် လက်ထပ်ပြီးပြီလေ” ဟု အသံတစ်သံ ပြန်ထွက်လာသည်။
မိုယုယန်၏ မျက်နှာလေးမှာ အနည်းငယ် ညှိုးငယ်သွားတော့သည်။ မှန်ပေသည်၊ စီနီယာကြီးမှာ အသက်အရွယ် တစ်ခု ရောက်နေပြီဖြစ်ရာ အိမ်ထောင်ကျပြီး သားသမီး ရှိနေမည်မှာ အံ့သြစရာ မဟုတ်ချေ။ ဖြစ်နိုင်သည်မှာ သူသည် မြစ်များပင် ရနေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း အသက်အရွယ်မှာ ပြဿနာ မဟုတ်ဟု သူမ ခံစားလိုက်ရပြန်သည်။ ခွန်အားကြီးသော ယောက်ျားတစ်ယောက်မှာ ဇနီးမယား အများအပြား ရှိနေခြင်းမှာ ထုံးစံပင် မဟုတ်ပါလား။ စီနီယာကြီးကဲ့သို့ ထူးချွန်သော လူတစ်ယောက်အတွက် ဇနီး အနည်းငယ် ရှိနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ သူမ အခု မေးချင်နေသည်မှာ ‘စီနီယာ... နောက်ထပ် တစ်ယောက်လောက် ထပ်ယူဖို့ရော စိတ်ဝင်စားလား’ ဆိုသည်ကိုသာ ဖြစ်သည်။
“ကလေးတွေကတော့ ငါ့မှာ မရှိသေးဘူး” ဟု အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
မိုယုယန်မှာ အံ့အားသင့်သွားပြီး “စီနီယာက... ဘာလို့ ကလေး မရှိသေးတာလဲဟင်”
“ဘာလို့လဲဆိုတော့ ငါ့ဇနီးတွေက ငယ်သေးသလို ငါတို့ လက်ထပ်ထားတာလည်း သုံးနှစ်တောင် မပြည့်သေးလို့လေ၊ ဘယ်လိုလုပ် ကလေး ရနိုင်ဦးမှာလဲ”
“ဇနီးတွေက ငယ်သေးတယ်... လက်ထပ်တာလည်း သုံးနှစ်မပြည့်သေးဘူး ဟုတ်လား”
မိုယုယန်မှာ အံ့သြတုန်လှုပ်သွားပြီး “စီနီယာ... ဒီလောကမှာ မိန်းမအများစုက ကောင်းကြပေမဲ့ အနှစ်သာရကင်းမဲ့ပြီး ဖြတ်လမ်းလိုက်ချင်တဲ့ မိန်းမတွေလည်း အများကြီး ရှိတာပဲ။ ဒါကြောင့် စီနီယာ့ရဲ့ ဇနီးတွေက စီနီယာ့ရဲ့ အရှိန်အဝါကို မက်မောလို့ ဖြစ်နိုင်တယ်၊ သူတို့ရဲ့ အကြံအစည်တွေထဲ မကျရောက်အောင် စီနီယာ သတိထားပါ” ဟု လေးလေးနက်နက် ပြောလိုက်သည်။
“မင်း မှားသွားပြီ။ တကယ်တော့ သူတို့က အရေခွံသက်သက်ကို ကြည့်တဲ့သူတွေပဲ၊ ငါ့ရဲ့ ရုပ်ရည်ကိုပဲ မက်မောနေကြတာ။ အခုချိန်ထိ သူတို့က ငါ့ရဲ့ သိုင်းပညာ အစွမ်းကိုတောင် မသိကြသေးဘူး” ဟု ဂုဏ်ယူသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ဪ... အဲဒီလိုကိုး” ဟု မိုယုယန်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ယခုအခါတွင်မူ စီနီယာကြီးမှာ သူ၏ အစွမ်းကို ဖုံးကွယ်ထားပြီး လောကကြီးကို ကစားနေသည့် ထိပ်သီးပုဂ္ဂိုလ်တစ်ဦးအဖြစ် သူမ စိတ်ကူးယဉ်နေမိပြီ ဖြစ်သည်။ ထို့ပြင် သူ၏ အသက်အရွယ်ကြောင့်ပင် ဖြစ်စေဦးတော့ သူသည် ချောမောခန့်ညားနေမည်မှာ သေချာလှသည်၊ သို့မဟုတ်လျှင် ငယ်ရွယ်သော မိန်းကလေးများစွာကို မည်သို့ ဆွဲဆောင်နိုင်ပါအံ့နည်း။
ထိုသို့ တွေးမိသည်နှင့် မိုယုယန်၏ စိတ်ထဲတွင် လျှို့ဝှက်သော ပျော်ရွှင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ကိုယ်နှစ်သက်သောသူက ရုပ်ရည်ချောမောနေခြင်းမှာ တကယ့်ကို ပျော်စရာ ကောင်းလှသည်။ စီနီယာကြီးမှာ ကလေးမရှိသေးဘူးဆိုတော့ သူမကပဲ သူ၏ကလေးကို မွေးပေးရမည်လား။ ထိုသို့ တွေးမိလိုက်သည်နှင့် သူမ၏ ပါးပြင်လေးများ နီမြန်းလာခဲ့ပြန်သည်။
“စီနီယာ့မှာ ဘာဝါသနာတွေ ရှိလဲဟင်၊ အားလပ်ချိန်ဆိုရင် ဘာလုပ်ရတာကို အကြိုက်ဆုံးလဲ” မိုယုယန်က ဆံနွယ်လေးများကို အသာအယာ သပ်တင်ရင်း ဘုံတူ ဝါသနာများ ရှာဖွေနိုင်ရန်အတွက် အနည်းငယ် ရှက်ကိုးရှက်ကန်း မေးလိုက်သည်။
“ငါ့ရဲ့ ဝါသနာတွေကတော့ အစုံပဲ...”
ဤသို့ဖြင့် မေးခွန်းနှင့် အဖြေများမှာ အမွှေးတိုင်တစ်ဝက်စာခန့် ကြာသည်အထိ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ နောက်ဆုံးတွင် မိုယုယန်မှာ သူမ၏ စရိုက်အစစ်ကို ထုတ်ပြလိုက်ပြီး သူမ ကြာမြင့်စွာ ဝှက်ထားခဲ့သော မေးခွန်းကို မေးလိုက်တော့သည်။ “စီနီယာ... ဘယ်လို မိန်းကလေးမျိုးကို အကြိုက်ဆုံးလဲဟင်။ ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးမျိုးလား၊ ဒါမှမဟုတ် လောကအနှံ့ လှည့်လည်သွားလာနေတဲ့ ရဲရင့်တဲ့ သိုင်းသူရဲကောင်း မိန်းကလေးမျိုးလား”
စီနီယာကြီး မည်သည့်မိန်းကလေးမျိုးကို နှစ်သက်သည်ကို သိရသည်နှင့် သူမက ထိုဘက်သို့ တိတ်တဆိတ် ပြောင်းလဲသွားပြီး သူ၏ အချစ်ကို ရယူရန် ကြိုးစားမည် မဟုတ်ပါလား။
“ဒါကတော့...” အသံက တုံ့ဆိုင်းနေသည်။
တစ်ဖက်လူက ချက်ချင်း အဖြေမပေးသည်ကို တွေ့ရသဖြင့် စီနီယာကြီးမှာ ထိုအမျိုးအစားနှစ်ခုလုံးကို မကြိုက်တာ ဖြစ်နိုင်သည်ဟု မိုယုယန်က တွေးလိုက်ပြီး ထပ်မံ မေးမြန်းလိုက်သည်။ “ဒါဆိုရင် စီနီယာက ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးတွေကို ကြိုက်တာလား၊ ဒါမှမဟုတ် မင်းသမီးလေးတွေ ဒါမှမဟုတ် သူတော်စင်မလေးတွေလို မြင့်မြတ်ပြီး စင်ကြယ်တဲ့ မိန်းကလေးမျိုးကို ကြိုက်တာလား”
“ဒါကလည်း...” အသံက ဆက်လက် တုံ့ဆိုင်းနေဆဲပင် ဖြစ်သည်။
မိုယုယန် နားလည်သွားလေသည်။ စီနီယာကြီးမှာ ထိုအမျိုးအစားများကိုလည်း မနှစ်သက်ပေ။
“စီနီယာက တက်ကြွလန်းဆန်းပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးမျိုးကို ကြိုက်တာလား၊ ဒါမှမဟုတ် အိမ်မှုကိစ္စ ကျွမ်းကျင်ပြီး အလုပ်ကြိုးစားတဲ့ အမျိုးသမီးမျိုးကို ကြိုက်တာလား”
“ဒါကတော့...”
ပတ်ချာလည်အောင် မေးနေသော်လည်း မည်သည့်အဖြေမှ ရရှိမလာခဲ့ပေ။ မိုယုယန်မှာ တကယ့်ကို စိတ်ပျက်အားလျော့နေပြီ ဖြစ်သည်။
‘စီနီယာရယ်... ကျွန်မက စီနီယာ ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲဆိုတာ သိချင်ရုံလေးပါ၊ အဲဒီမေးခွန်းက တကယ်ပဲ အဲဒီလောက်အထိ ဖြေရခက်နေလို့လားဟင်’
ထိုအချိန်တွင်ပင် စီနီယာကြီး၏ နောက်ကျနေသော အဖြေက ရောက်ရှိလာတော့သည်။
“အင်း... ငါက ရွေးချယ်ရတာတွေမှာ တော်တော်လေး ခက်ခဲတတ်တယ်၊ အဲဒါကြောင့် အကုန်လုံးကိုပဲ ယူလို့ မရဘူးလား..”