“သူက ကျမရဲ့ အဖွဲ့ဝင်ပဲ”
ကြာနီနတ်မိမယ်က ထိုအမာခံတပည့်ကို ကြည့်လိုက်ရာ သူမ၏ အကြည့်များမှာ အေးစက်လှသည်
“စီနီယာအစ်မကြီး သေခါနီးမှာ ဒီစကားကို တကယ်ပြောသွားခဲ့တာ၊ သူက ပြန်ပြောပြတာပဲရှိတာ၊ ဘာပြဿနာရှိလို့လဲ ”
“စီနီယာအစ်မကြီး သေဆုံးရတဲ့ ကိစ္စမှာ ဘက်ပေါင်းစုံက ပြဿနာတွေ ရှိနေတာ အမှန်ပဲ။ ဒီကိစ္စ ပတ်သက်ဆက်နွှယ်မှုက ငါတို့ ထင်ထားတာထက် ပိုပြီး ကျယ်ပြန့်နိုင်တယ်။ အကြီးအကဲများကောင်စီ ဘက်ကလည်း... ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စစ်ဆေးဖို့ လိုလိမ့်မယ်”
ဒုတိယစီနီယာအစ်ကိုက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
နန်မင်ရုယွဲ့နှင့် လီရှမ်းဇီတို့ကလည်း ထောက်ခံစကား ဆိုကြရာ ခုနက ဖန့်ချန်ကို ဒေါသတကြီး အော်ဟစ်ခဲ့သည့် အမာခံတပည့်မှာ မျက်နှာပျက်သွားပြီး ဆက်လက်၍ စကားမပြောတော့ပေ။
“အကြီးအကဲများကောင်စီကတော့ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးဖို့ လိုအပ်တယ်”
အကြီးအကဲချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး
“လောလောဆယ်တော့ သိထားတဲ့ သဲလွန်စတွေကို အောက်ခြေအဆင့်အထိ အကြောင်းကြားလိုက်မယ်။ လူလွှတ်ပြီး ရုလိုင်ဘုရားကျောင်းနဲ့ အဆိပ်ငါးပါးဂိုဏ်းဆီကို သွားခိုင်းလိုက်ပါ”
“ယင်လောကငယ် ဘက်ကိုလည်း လူလွှတ်သင့်တယ်၊ စီနီယာအစ်မကြီးရဲ့ ဝိညာဉ်ကို ရှာတွေ့နိုင်မလားဆိုတာ ကြည့်ရမယ်”
ဟု တစ်ဦးက အကြံပြုသည်။
အကြီးအကဲချန်က ထိုသူကို တစ်ချက်ကြည့်လိုက်ကာ
“လူလွှတ်ရမှာပေါ့၊ သွားမယ့်သူဟာ ကျွယ်မင်ကျင့်ကြံသူ ဖြစ်ရမယ်၊ ကျင့်ကြံမှုကလည်း အဆင့် ၁ မသေမျိုးထက် မကျော်ရဘူး။ ဒီကိစ္စကို ငါကိုယ်တိုင် စီစဉ်မယ်”
“ဒါဆို အခု... ကျွယ်မင်ကြယ်တာရာကို ပြန်ကြမလား စီနီယာအစ်မကြီးရဲ့ ရုပ်အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးသင့်နေပြီ”
တတိယစီနီယာအစ်မက ပြုံး၍ ဆိုသည်
“သေသွားတာတောင် လူတွေကို တစ်နေကုန် လာကြည့်ခိုင်းနေတာက မကောင်းဘူးလေ၊ ဒါက မသင့်တော်ဘူး”
“တတိယစီနီယာအစ်မ... ရှင့်ရဲ့ သဘောထားက ဘယ်လိုဖြစ်နေတာလဲ ”
“စီနီယာအစ်မကြီး သေသွားတာကို ရှင်က ဝမ်းသာနေသလိုပဲနော် ”
“ဂိုဏ်းတူညီအစ်ကို မောင်နှမ သံယောဇဉ် နည်းနည်းလေးမှ မရှိဘူး”
နံပါတ် ၇ စီနီယာအစ်မက စတင်ပြောဆိုလိုက်ရာ စီနီယာအစ်မကြီး၏ နောက်လိုက် အမာခံတပည့်များကလည်း တတိယစီနီယာအစ်မကို ဝိုင်းဝန်း ပြစ်တင်ကြတော့သည်။
သို့သော် တတိယစီနီယာအစ်မကမူ လုံးဝ ဂရုမစိုက်ပေ။
သူမ ကိုယ်တိုင် ပြန်ပြောစရာပင် မလိုဘဲ သူမ၏ နောက်လိုက်များက ပြန်လည် တုံ့ပြန်အော်ဟစ်ပေးနေကြပြီ ဖြစ်သည်။
အခြေအနေမှာ အနည်းငယ် ရှုပ်ထွေးလာသည်ကို မြင်သောအခါ အကြီးအကဲချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့မှာ ဒီလောက် အားယားနေရင်လည်း ဒီကိစ္စရဲ့ နောက်ဆက်တွဲတွေကို သေချာ ကိုင်တွယ်ကြစမ်း၊ ဒီမှာတင် ကိုယ့်လူအချင်းချင်း ရန်ဖြစ်မနေကြနဲ့၊ ပြန်ကြမယ် ”
စကားဆုံးသည်နှင့် အကြီးအကဲချန်သည် သူ၏ နဂါးနက်လှေကို ထုတ်ဖော်ကာ ဦးစွာ ထွက်ခွာသွားတော့သည်။
ကျန်ရှိသော အကြီးအကဲများသည်လည်း လင်းကွေ့ကြယ်တာရာမှ ရှေးဟောင်းမသေမျိုးများကို နှုတ်ဆက်ကာ အသီးသီး ထွက်ခွာသွားကြသည်။
“အားလုံးပဲ... ကျနော်တို့လည်း ခွင့်ပြုပါဦး”
လင်းကွေ့ကြယ်တာရာမှ ရှေးဟောင်းမသေမျိုး သုံးဦးမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လျင်မြန်စွာပင် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။
သူတို့သည် ထိုရှုပ်ထွေးသော ကိစ္စထဲတွင် ပါဝင်ပတ်သက်လိုစိတ် မရှိကြပေ။
နဂါးနက်လှေပေါ်တွင် အမာခံတပည့်များသာ ကျန်ရစ်ခဲ့ပြီး သူတို့၏ အကြည့်များမှာ ထိုရေခဲခေါင်းတလားပေါ်တွင် ရှိနေကြသည်။
“စီနီယာအစ်မကြီးရဲ့ ရေခဲခေါင်းတလားကို ညီမလေးဟုန် ဆီမှာပဲ ထားဖို့ဆိုတာ ငါတို့လည်း စိတ်မချဘူး၊ ငါ့ရဲ့ နဂါးနက်လှေနဲ့ပဲ အတူတူ သယ်သွားလိုက်မယ်”
ဟု တတိယစီနီယာအစ်မက ခပ်ပြုံးပြုံး ဆိုသည်။
“မင်းဆီမှာ ထားရင် ပိုတောင် စိတ်မချသေးတယ်၊ ငါပဲ စောင့်ရှောက်ပြီး သယ်သွားပေးမယ်။ အမာခံတပည့်ခေါင်းဆောင် အောက်နယ်မြေမှာ သေဆုံးရတာတင် လှောင်စရာ ကောင်းနေပြီ၊ လမ်းမှာ ပြဿနာ တစ်ခုခု ထပ်ဖြစ်ရင် ငါတို့ ကျွယ်မင်နန်းတော်ရဲ့ မျက်နှာ ဘယ်မှာ သွားထားရမလဲ ”
ဟု နံပါတ် ၄ က ကန့်ကွက်သည်။
“စီနီယာအစ်မကြီးမှာ ကြိုပြောခဲ့တဲ့ စကားရှိပါတယ်၊ သူမရဲ့ ရုပ်အလောင်းကို ကျမပဲ သယ်ဆောင်သွားရမယ်လို့။ ဒါကြောင့် စီနီယာ အစ်ကို၊ အစ်မတို့ ပင်ပန်းမခံပါနဲ့တော့။ ကျမ ကျွယ်မင်ကြယ်တာရာကို ပြန်ဖို့ ပြင်ပါတော့မယ်၊ စီနီယာတို့လည်း ပြန်ကြပါတော့ရှင်”
ဟု ကြာနီနတ်မိမယ်က တည်ငြိမ်စွာ ဆိုသည်။
နန်မင်ရုယွဲ့က ထိုအခြေအနေကို မြင်သောအခါ ပြုံးလိုက်ပြီး အားလုံးကို ဆိုသည်။
“ဒါဟာ စီနီယာအစ်မကြီး ချန်ရစ်ခဲ့တဲ့ နောက်ဆုံးစကား ဖြစ်နေတော့လည်း ငါတို့ အဲဒီအတိုင်းပဲ လိုက်နာရမှာပေါ့။ စီနီယာအစ်မကြီးရဲ့ ဝိညာဉ်သာ သိခဲ့ရင် ငါတို့ကို စိတ်ဆိုးနေမှာ မဟုတ်ပါဘူး”
“ဝိညာဉ်က သိရမယ် စီနီယာအစ်မကြီးက အရင်ကတည်းက ယင်မသေမျိုးလမ်းစဉ်ကို အထင်အမြင်သေးခဲ့တာ၊ ဒီလမ်းစဉ်မှာ ဘာမှ ကြိုးစားအားထုတ်ခဲ့တာ မဟုတ်ဘူး။ အခု ယင်လောကကို ရောက်သွားခဲ့ရင်တောင် ကျင့်ကြံမှု ဘာမှ ကျန်မှာမဟုတ်ဘူး။ ငါတို့က ဘာလို့ သူမရဲ့ မျက်နှာကို ဆက်ကြည့်နေရဦးမှာလဲ သူမ စီနီယာအစ်မကြီး လုပ်ခဲ့တာလည်း နှစ်တွေ အတော်ကြာခဲ့ပြီ၊ တော်လောက်ပါပြီ”
တတိယစီနီယာအစ်မက အေးစက်စွာ နှာခေါင်းရှုံ့လျက် အားလုံးကို ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် ကြာနီနတ်မိမယ်ကို ပြုံးစစဖြင့် ကြည့်သည်။
“ဒါဆိုရင်လည်း မင်းအပြန်လမ်းမှာ သေချာ သတိထားဦးပေါ့၊ တကယ်လို့ စီနီယာအစ်မကြီးကို ပျောက်သွားအောင် လုပ်မိရင်တော့ မင်းလည်း အမာခံတပည့်တစ်ယောက်အနေနဲ့ အပြစ်ပေးခံရလိမ့်မယ်”
စကားဆုံးသည်နှင့် သူမသည် သူမ၏ နဂါးနက်လှေပေါ်သို့ ပြန်တက်ကာ နယ်မြေရှာဖွေရေး အဖွဲ့နှင့်အတူ ဟင်းလင်ပြင်ပြာကြီးထဲသို့ ပျောက်ကွယ်သွားတော့သည်။
ကျန်ရှိသော အမာခံတပည့်များလည်း တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။
နန်မင်ရုယွဲ့သည်လည်း မထွက်ခွာမီ ကြာနီနတ်မိမယ်ကို လမ်းမှာ သတိထားရန် မှာကြားပြီး ဘာမှ ထပ်မပြောဘဲ ထွက်သွားခဲ့သည်။
အားလုံး ထွက်သွားပြီးနောက်မှ ကြာနီနတ်မိမယ်က ဖန့်ချန်ကို ကြည့်ကာ
“ဖန့်မိတ်ဆွေ... လမ်းမှာ တစ်ခုခု ထူးခြားတာ ဖြစ်လာနိုင်မလား ”
“ပြောရခက်တယ်၊ ဒီအချိန်မှာတောင် ထပ်ပြီး လှုပ်ရှားရဲတယ် ဆိုရင်တော့ စီနီယာအစ်မကြီး သေဆုံးမှုနဲ့ မကင်းဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ စီနီယာအစ်မကြီး တကယ် သေ၊ မသေ ဆိုတာကို အတည်ပြုဖို့က ဒီကြားထဲမှာပဲ အခွင့်အရေး ရှိတာ။ ကျွယ်မင်ကြယ်တာရာကို ရောက်သွားပြီဆိုရင်တော့ အဲဒီအခွင့်အရေးက မရေမရာ ဖြစ်သွားပြီ”
ဟု ဖန့်ချန်က ဆိုသည်။
ကြာနီနတ်မိမယ်က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ကိုယ်တွင်းမှ မသေမျိုးစွမ်းအား များကို နဂါးနက်လှေအတွင်းသို့ ထည့်သွင်းလိုက်သည်။
နဂါးနက်လှေသည် စွမ်းအားများ ရရှိသည်နှင့် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဟင်းလင်ပြင်ပြာကြီးထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
ပထမ လအနည်းငယ် ခရီးစဉ်မှာ အဆင်ပြေချောမွေ့ခဲ့ပြီး လမ်းတွင် မည်သည့် အတားအဆီးမှ မရှိခဲ့ပေ။
တစ်ခါတစ်ရံ တခြားအဖွဲ့အစည်းများ၏ နဂါးနက်လှေများနှင့် တွေ့ဆုံရသော်လည်း သူတို့သည် ကျွယ်မင်နဂါးနက်လှေကို မြင်သည်နှင့် လမ်းဖယ်ပေးကြပြီး အနားမကပ်ရဲကြပေ။
ကျွယ်မင်နန်းတော် အမာခံတပည့် ဆိုသည့် ဂုဏ်ပုဒ်မှာ စိတ်ဝိညာဥ်နယ်မြေ အတွင်း၌ အဆင့်အတန်း အမြင့်မားဆုံးထဲတွင် ပါဝင်ပေသည်။
“ဟုန်မိတ်ဆွေ... ကျွယ်မင်ယင်လောကမှာတုန်းက ကြားဖူးတာကတော့ အမာခံတပည့်တွေဟာ ယင်မသေမျိုးလမ်းစဉ်ကို ကြိုတင် ကျင့်ကြံခွင့် ရှိတယ်ဆိုပဲ၊ အဲဒီလမ်းစဉ်အကြောင်း ဘယ်လောက် သိထားလဲ ”
ဟု ဖန့်ချန်က အမှတ်မထင် မေးလိုက်သည်။
“ယင်မသေမျိုး လမ်းစဉ်ဆိုတာ ဝိညာဉ်ကို ကျင့်ကြံတာပဲ”
ကြာနီနတ်မိမယ်က တွေးတောရင်း ဆိုသည်
“ကျမ အမာခံတပည့် ဖြစ်လာပြီးတဲ့နောက် ရှင် ပျောက်ကွယ်နေတဲ့ နှစ်တွေအတွင်းမှာ ကျွယ်မင်နန်းတော်က ကျမကို ယင်မသေမျိုး လမ်းစဉ် ကျင့်ကြံနည်းတွေ တကယ်ပဲ သင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက ကျင့်ကြံချိန် အများကြီး ယူရသလို၊ လူသားလောကက ကျင့်ကြံမှုကိုလည်း နှောင့်နှေးစေနိုင်တယ်။ ကျမက အဆင့် ၁ မသေမျိုးအဖြစ် အမြန်ဆုံး တက်လှမ်းချင်တာကြောင့် ယင်မသေမျိုး လမ်းစဉ်ကို တကယ်တမ်း မကျင့်ကြံရသေးဘူး”
သူမက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ
“ဒီကျင့်စဉ်ကို အမာခံတပည့် မဟုတ်သူတွေကို ခိုးသင်ပေးလို့ မရဘူး၊ ဖန့်မိတ်ဆွေ နားလည်ပေးပါဦး”
“ရပါတယ်၊ ကျုပ်က သိချင်ရုံ သက်သက်ပါ”
ဟု ဖန့်ချန်က အေးဆေးစွာ ပြုံး၍ ဆိုသည်။
“စီနီယာအစ်မကြီးကလည်း ယင်မသေမျိုး လမ်းစဉ်ကို သိပ်ပြီး ဂရုမစိုက်ခဲ့ပုံရတယ်”
ကြာနီနတ်မိမယ်က ရေခဲခေါင်းတလားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဒီစီနီယာအစ်မကြီးရဲ့ နည်းလမ်းတွေက တကယ်ကို ထူးခြားဆန်းပြားလွန်းလှသည်။
ထိုအကြီးအကဲတွေတောင် သူမ ဟန်ဆောင်သေနေတာကို မရိပ်မိကြပေ။
“ကျုပ်သိသလောက် ယင်မသေမျိုး လမ်းစဉ်က အားနည်းချက်အချို့ကို ဖြည့်ဆည်းပေးနိုင်တယ်။ တကယ်လို့ မတော်တဆ သေဆုံးခဲ့ရင်တောင် ကျင့်ကြံမှုတွေ အကုန်မဆုံးရှုံးဘဲ တခြားပုံစံတစ်ခုနဲ့ ဆက်လက် အသက်ရှင်နိုင်တာမျိုးပေါ့။ ပြီးတော့... ယင်လောက ယင်သက်တမ်း တွေကို ယင်မသေမျိုးတွေက တိုက်ရိုက် စုပ်ယူနိုင်တယ်၊ ဒါကြောင့် သူတို့ရဲ့ သက်တမ်းက အလွန် ရှည်လျားတာပဲ”
ကြာနီနတ်မိမယ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး
“ကျမ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ကျွယ်မင်နန်းတော်ရဲ့ အရင်က အားကောင်းခဲ့တဲ့ ပညာရှင်ကြီးတွေဟာ အခု လူသားလောကမှာ သေဆုံးသွားပြီ ဆိုပေမဲ့ သူတို့ဟာ ယင်လောကမှာတော့ ဆက်လက် အသက်ရှင်နေဦးမှာပဲ၊ လူကိုယ်တိုင် ထွက်မလာကြတာပဲ ဖြစ်လိမ့်မယ်”
ဖန့်ချန် ဘာမှ ပြန်မပြောမိပေ။
ကျွယ်မင်နန်းတော်တွင် ယင်မသေမျိုး လမ်းစဉ် ရှိသည်ကို သိကတည်းက သူ ထိုအချက်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။
ကျွယ်မင်နန်းတော်၏ အစစ်အမှန် အင်အားမှာ ကျွယ်မင်ယင်လောက အတွင်း၌ ရှိနေနိုင်ချေ အလွန်ကြီးမားသည်။
နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် ယင်မသေမျိုး အရေအတွက်မှာ မည်မျှအထိ များပြား ထိတ်လန့်စရာ ကောင်းနေမည်နည်း သူတို့တွင် ယင်မိစ္ဆာမျှော်စင် ကဲ့သို့သော အရာမျိုးပင် ရှိနေသေးသည်။
ယင်မိစ္ဆာတွေကို သန့်စင်ပြီး စင်ကြယ်သော ယင်သက်တမ်းများ ရယူခြင်းသည် ယင်မသေမျိုး အမြောက်အမြားကို မွေးမြူထားနိုင်ရန် လုံလောက်ပေသည်။
ကျွယ်မင်နန်းတော် တင်မကဘဲ အထက်နယ်မြေ သုံးခုက ထိပ်တန်း အင်အားစုအားလုံးသည် ထိုအတိုင်းပင် လုပ်ဆောင်နေကြလိမ့်မည်ဟု ခန့်မှန်းရသည်။
ဖူထူလောက ရဲ့ ရေအိုင်က သူထင်ထားတာထက် အများကြီး ပိုပြီး နက်ရှိုင်းလှသည်။
ထိုသို့ ဖြစ်နေခြင်းကြောင့်ပင် ငရဲမင်းအမိန့်တော် ကို ပိုင်ဆိုင်ထားသည့် သူသည် ဖူထူလောကအတွင်း၌ အတိုင်းအတာတစ်ခုအထိ အသာစီး ရထားသကဲ့သို့ ဖြစ်နေပေသည်။
“မဟန်တော့ဘူး၊ ဒီနေရာက ကြယ်မြေပုံ ထဲမှာ မှတ်သားထားတာနဲ့ မတူတော့ဘူး ”
ကြာနီနတ်မိမယ်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ အလန့်တကြား ပြောလိုက်သည်။
***