ကျွယ်မင်ကြယ်ပေါ်ရှိ ဂုဏ်ထူးရမှတ်နန်းဆောင်အတွင်း၌ ဖန့်ချန်သည် ဂုဏ်ထူးရမှတ် ၅,၀၀၀ ကို ထုတ်ယူရရှိခဲ့သည်။
၎င်းအနက် ၃,၀၀၀ မှာ စီနီယာအစ်မကြီးက ပေးအပ်ခြင်းဖြစ်ပြီး ကျန် ၂,၀၀၀ မှာ ကျွယ်မင်နန်းတော်က ချီးမြှင့်ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင် အကြီးအကဲများကောင်စီက ထိုမျှများပြားသော ဂုဏ်ထူးရမှတ်ကို အလွယ်တကူ သဘောတူခွင့်ပြုပေးလိုက်ခြင်းမှာ စီနီယာအစ်မကြီးနှင့် ပတ်သက်နေသလို၊ ကျွယ်မင်နန်းတော်၏ ရိတ်သိမ်းရရှိမှုနှင့်လည်း သက်ဆိုင်ပေလိမ့်မည်။
ရှေးဟောင်းမသေမျိုးစာရင်းဝင်ခွင့် တစ်စောင်။
ဝိညာဉ်ရတနာစာရင်းတွင် အဆင့် ၂၇၃ ချိတ်ထားသည့် ရှေးဟောင်းယုံသရဲလှေ တစ်စင်း။
ထိုပစ္စည်းနှစ်မျိုးစလုံး၏ တန်ဖိုးမှာ ဂုဏ်ထူးရမှတ် ၂,၀၀၀ ထက် များစွာသာလွန်နေပေသည်။
"ဖန့်မိတ်ဆွေ..."
ရှေ့နားမှ လူပုံရိပ်အချို့ လျှောက်လာကြရာ ဦးဆောင်လာသူမှာ ယုထျန်းကော် ဖြစ်ပြီး သူနှင့်အတူ ကြေးညိုရောင်ကျောက်စိမ်းပြားများ ခါးတွင်ချိတ်ဆွဲထားသည့် အပြင်စည်းကျင့်ကြံသူ အချို့လည်း ပါလာကြသည်။
"ယုမိတ်ဆွေ... ခင်ဗျားလည်း ကျွယ်မင်ကြယ်ကို ရောက်နေတာလား ဂုဏ်ယူပါတယ်ဗျာ"
ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
အပြင်စည်းကျင့်ကြံသူများအတွက်မူ ကျွယ်မင်ကြယ်သို့ လာရောက်ခွင့်ရခြင်းမှာ အာဏာဗဟိုချက်သို့ ဝင်ရောက်နိုင်ခြင်းနှင့် တူညီပေသည်။
ထိုနေရာတွင် အခွင့်အလမ်းများစွာ ရှိနေပြီး အမာခံတပည့် ဖြစ်မလာလျှင်ပင် နောင်တစ်ချိန်တွင် အဆင့် ၂ သို့မဟုတ် အဆင့် ၃ မသေမျိုးအဖြစ် ရာထူးတိုးရန် အခွင့်အရေး အလွန်ကောင်းမွန်လှသည်။
ယုထျန်းကော်သည် ဖန့်မောင်ချန်ကို မြင်လိုက်ရသဖြင့် အလွန်ဝမ်းသာသွားသည်။
ဘေးမှ လူအချို့မှာလည်း ဖန့်မောင်ချန်နှင့် ခင်မင်ရင်းနှီးမှု ရှိကြသူများ ဖြစ်ကြရာ ဟင်းလင်ပြင်ထဲတွင် နှစ်ပေါင်းများစွာ အတူတကွ ခရီးသွားခဲ့ဖူးသူများ ဖြစ်ကြပေသည်။
စကားစမြည်ပြောရင်းမှ ယုထျန်းကော်မှာ အမာခံတပည့်တစ်ဦး၏ မျက်စိကျခြင်းကို ခံခဲ့ရကြောင်း သိလိုက်ရသည်။
ဘေးမှ လူများမှာလည်း ထိုနည်းတူပင် ဖြစ်ကြပြီး ယခုအခါ ထိုအမာခံတပည့်၏ နယ်မြေစူးစမ်းရေးအဖွဲ့ဝင်များ ဖြစ်နေကြပြီ ဖြစ်သည်။
"သတ်ဖြတ်သူကျား စူးစမ်းရေးအဖွဲ့လား အရင်က ကြားဖူးသလိုပဲ၊ အဲဒီအမာခံတပည့်က အဆင့် ၃ မသေမျိုးလား ဝါရင့်ပညာရှင်တစ်ယောက်ပဲ"
ဖန့်မောင်ချန်က ပြုံး၍ ဆိုသည်။
"ဟုန်အမာခံတပည့်ရဲ့ စူးစမ်းရေးအဖွဲ့ကကော ဖွဲ့စည်းပြီးပြီလား ဘာအမည်ပေးထားလဲ နောက်ပိုင်း ဟင်းလင်ပြင်ထဲမှာ တွေ့ရင် နှုတ်ဆက်လို့ရအောင်လို့ပါ"
ယုထျန်းကော်က မေးသည်။
သူ့ဘေးမှ လူများ၏ မျက်ဝန်းထဲတွင် အားကျရိပ်များ ပေါ်လာကြသည်။
ထို ဟုန် အမာခံတပည့်မှာ မည်သူဖြစ်ကြောင်း သူတို့ သိကြသော်လည်း သူမသည် ပထမဆုံးအကြိမ် စူးစမ်းရေးထွက်ရုံမျှဖြင့် ဝူရှန့်ငရဲ တွင် ကောင်းကင်ဘုံကပေးသော အခွင့်အရေးကြီးကို ရရှိကာ အမာခံတပည့်ရာထူးကို တန်းတက်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
"ဟုန်အမာခံတပည့်ရဲ့ စူးစမ်းရေးအဖွဲ့က အပြည့်အစုံ မဖွဲ့ရသေးဘူး၊ နာမည်လည်း အတည်မပြုရသေးဘူး။ ဒါပေမဲ့ ကိုးနယ်မြေ စူးစမ်းရေးအဖွဲ့ ဆိုတဲ့ နာမည်ကိုပဲ ဆက်သုံးဖို့ များပါတယ်"
ဖန့်မောင်လေးက ပြန်ဖြေသည်။
"ကိုးနယ်မြေ... ကောင်းတာပေါ့၊ နာမည်ကြားရုံနဲ့တင် ရည်မှန်းချက်ကို သိနိုင်တယ်"
ယုထျန်းကော်က ဆက်ပြောသည်
"ငါတို့ ကျွယ်မင်ကြယ်မှာ မိတ်ဆွေအချို့နဲ့ သိကျွမ်းခဲ့တယ်။ နောင်မှာ ကျွယ်မင်ယင်လောကမှာ တာဝန်ကျရင်ဖြစ်ဖြစ်၊ တစ်ခါတလေ ယင်မိစ္ဆာတွေကို သွားရောက်နှိမ်နင်းရရင်ဖြစ်ဖြစ် မိတ်ဆွေများလေ လမ်းစများလေပဲ မဟုတ်လား။ အခု လက်ရှိမှာ လက်ဖက်ရည်ပွဲတော်တစ်ခု ရှိနေတယ်၊ ဖန့်မိတ်ဆွေလည်း ငါတို့နဲ့အတူ လိုက်ကြည့်ပါလား"
"ကြားရသလောက်တော့ အဲဒီပွဲကို ကျင်းပတဲ့ ကျင့်ကြံသူက ဒီနေရာမှာ ကျင့်ကြံနေတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ ဒီအကြောင်းတွေကို အများကြီး သိထားတယ်တဲ့"
"ရွှေရောင်တံဆိပ်ပြား ရထားတဲ့ စီနီယာအချို့လည်း ပါတယ်လို့ ကြားတယ်၊ သူတို့က အမာခံတပည့်တွေ မဟုတ်ကြပေမဲ့ သိတဲ့သူတွေ များတယ်လေ။ သူတို့နဲ့ သိကျွမ်းထားရင် ငါတို့ရဲ့ နောက်ပိုင်းလမ်းခရီးအတွက် အထောက်အကူ ဖြစ်စေမှာပါ"
တစ်ဦးက ဝင်၍ ထောက်ခံစကား ဆိုသည်။
ယုထျန်းကော်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရိပ်များ ရှိနေသည်ကို ဖန့်ချန် မြင်လိုက်ရသည်။
သူကိုယ်တိုင်လည်း စီနီယာအစ်မကြီးထံမှ အကြောင်းကြားစာကို စောင့်ဆိုင်းနေရသဖြင့် အားလပ်နေသောကြောင့် သူတို့နှင့်အတူ လိုက်သွားရန် သဘောတူလိုက်သည်။
သူသည် စီနီယာအစ်မကြီးနှင့် ပြောဆိုထားပြီး ဖြစ်သည်။
ဂုဏ်ထူးရမှတ်များကို ထုတ်ယူပြီးပါက အမာခံတပည့် စစ်ဆေးမှုအတွက် လျှောက်ထားမည် ဖြစ်သည်။
သို့သော် ထိိုကိစ္စမှာ ပြင်ဆင်ရန် အချိန်အနည်းငယ် လိုအပ်ပေသည်။
မကြာမီတွင် အားလုံးမှာ ဝိညာဉ်စွမ်းအား ကြွယ်ဝလှသော မသေမျိုးတောင်တစ်ခုသို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်တွင်လည်း ဖိတ်ကြားချက်အရ လာရောက်ကြသော ကျင့်ကြံသူများစွာကို တွေ့ရသည်။
သူတို့၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံအားဖြင့် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အထက်တွင် ရှိကြသည်။
မသေမျိုးအဖြစ် တက်လှမ်းပြီးသူများ ( ပါသလို၊ အဆင့် ၁ မသေမျိုးများ၊ အဆင့် ၂ နှင့် အဆင့် ၃ မသေမျိုးအချို့ကိုလည်း တွေ့ရသည်။
မသေမျိုးတောင်ထဲသို့ ဝင်လိုက်သည်နှင့် အလွန်စည်ကားလှသော လက်ဖက်ရည်ပွဲတော်ကို မြင်လိုက်ရသည်။
ကျင့်ကြံသူ အမြောက်အမြားသည် ဟိုဟိုဒီဒီ သွားလာနေကြပြီး ရင်းနှီးသူများနှင့် စကားပြောဆိုနေကြသလို၊ စားပွဲပေါ်ရှိ မသေမျိုးသစ်သီးများကိုလည်း မြည်းစမ်းနေကြသည်။
ယုထျန်းကော်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ မသေမျိုးအဆင့်သို့ တက်လှမ်းခါစ ကျင့်ကြံသူတစ်စုကို တွေ့သဖြင့် ပြုံးရွှင်စွာဖြင့် သွားရောက်နှုတ်ဆက်လေသည်။
သူသည် ထိုအထဲမှ တစ်ဦးနှင့် အတော်လေး ရင်းနှီးပုံရပြီး အားတက်သရော စကားပြောနေကြသည်။
"ဟွမ်မိတ်ဆွေ... ကျုပ် မိတ်ဆက်ပေးပါရစေ၊ ဒီပုဂ္ဂိုလ်ကတော့ ဖန့်ချန် ပါ။ ခင်ဗျား ကြားဖူးမှာပါနော်"
ယုထျန်းကော်က ပြုံး၍ မိတ်ဆက်ပေးသည်။
ဖန့်ချန်
ကျင့်ကြံသူတစ်စုမှာ ခေတ္တမျှ စဉ်းစားလိုက်ကြရာ ဤအမည်မှာ အလွန်ရင်းနှီးနေသည်ဟု ခံစားရသည်။
ခဏအကြာတွင်မူ အကြောင်းရင်းကို သတိရသွားကြသည်။
ဝူရှန့်ငရဲတွင် စူးစမ်းရေးအဖွဲ့ဝင်အားလုံး အမာခံတပည့်ရာထူးသို့ တန်းတက်သွားသည့် ကိစ္စက လူများစွာကို စိတ်လှုပ်ရှားသွားစေခဲ့ဖူးသည်။
ထို့အပြင် ထိုစူးစမ်းရေးအဖွဲ့ခေါင်းဆောင်မှာ ဝူရှန့်ငရဲတွင် နတ်ဆေးပင်များစွာကို ရှာတွေ့ခဲ့ပြီး မသေမျိုးကျောက်တုံးများနှင့် ဂုဏ်ထူးရမှတ်များစွာ လဲလှယ်ခဲ့ခြင်းကလည်း လူများစွာကို မနာလိုဖြစ်စေခဲ့သည်။
ထိုစူးစမ်းရေးအဖွဲ့မှာ ကံကောင်းလွန်းလှသည်ဟုသာ လူတိုင်းက မှတ်ချက်ပြုကြသည်။
"ဪ... ဖန့်မိတ်ဆွေကိုး၊ နာမည်ကြားနေရတာ ကြာပါပြီ၊ အခုမှပဲ တွေ့ဖူးတော့တယ်"
ဟွမ်ဆန်းကျင်းက အားတက်သရော ကြိုဆိုသည်။
ကျန်သူများကလည်း ထိုနည်းတူပင်။
ဖန့်ချန်၏ ကြွယ်ဝမှုမှာ သူတို့ထက် များစွာသာလွန်နေမှန်း သိလိုက်ရပြီးနောက် သူတို့သည် တန်းတူရည်တူ သဘောထားမျိုးဖြင့် မဆက်ဆံရဲတော့ပေ။
တစ်ဖက်လူက အနည်းငယ်မျှ လက်တို့လိုက်ရုံဖြင့် သူတို့အတွက် စိတ်ကူးမယဉ်ရဲသော ပမာဏကို ရရှိနိုင်သည် မဟုတ်ပါလား။
စကားအနည်းငယ် ပြောပြီးနောက် ဟွမ်ဆန်းကျင်းက ရုတ်တရက် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဖန့်မိတ်ဆွေ... ဒီတစ်ခေါက်ရော နတ်ဆေးပင်တွေ လဲလှယ်ခဲ့သေးလား "
"ဟုတ်သားပဲ..."
ယုထျန်းကော်တို့လည်း စိတ်လှုပ်ရှားသွားကြသည်။
သူတို့ ထိုနေရာသို့ ရောက်စကပင် ဖန့်ချန်၏ သတင်းကို ကြားခဲ့ရခြင်း ဖြစ်သည်။
ထိုမျှများပြားသော မသေမျိုးကျောက်တုံးများနှင့် ဂုဏ်ထူးရမှတ်များအရ နတ်ဆေးပင်ကို လဲလှယ်ပြီးလောက်ပြီဟု ယူဆရသည်။
"နတ်ဆေးပင် လဲပြီးပါပြီ၊ လူသားမသေမျိုးလမ်းစဉ် ကို ရွေးချယ်လိုက်ပါတယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"ဖန့်မိတ်ဆွေက အဆင့် ၁ မသေမျိုးအဖြစ် တက်လှမ်းသွားပြီပေါ့ ဂုဏ်ယူပါတယ်ဗျာ"
ယုထျန်းကော်၏ မျက်နှာတွင် အံ့သြရိပ်များ ပေါ်လာသော်လည်း မျက်ဝန်းနက်ရှိုင်းသော နေရာတွင် အားငယ်စိတ် အနည်းငယ် ဖြတ်ပြေးသွားသည်။
ယခင်က သူ၏ ကျင့်ကြံမှုမှာ ဖန့်ချန်နှင့် မရှေးမနှောင်းပင် ဖြစ်ပြီး ဖန့်ချန်ထက်ပင် အနည်းငယ် မြင့်နေခဲ့သေးသည်။
သို့သော် ယခုအခါတွင်မူ သူသည် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်မှာပင် ရှိနေသေးသော်လည်း တစ်ဖက်လူမှာ အဆင့် ၁ မသေမျိုး ဖြစ်သွားလေပြီ။
ထိုခြေလှမ်းတစ်လှမ်းမှာ အားလုံးကို အဝေးကြီးသို့ ချန်ထားခဲ့လေပြီ။
ဟွမ်ဆန်းကျင်းတို့၏ အမူအရာမှာလည်း ပို၍ ရိုသေကိုင်းညွတ်သွားကြသည်။
သို့သော် လူသားမသေမျိုးလမ်းစဉ်ဟု ကြားလိုက်ရသောအခါ စကားစကို ရပ်သွားကြပြန်သည်။
အကြောင်းမှာ ကျွယ်မင်နန်းတော်တွင် ရှိသမျှသော မသေမျိုးလမ်းစဉ်များစွာအနက် လူသားမသေမျိုးလမ်းစဉ်မှာ တိုက်ခိုက်ရေးစွမ်းအား အနည်းဆုံးနှင့် ကာကွယ်ရေးစွမ်းအား အနိမ့်ဆုံးဟု ယူဆရသောကြောင့်ပင်။
တစ်ခုတည်းသော အားသာချက်မှာ ၎င်း၏ နတ်ဆေးပင်ကို ရရှိရန် လွယ်ကူခြင်းသာ ဖြစ်သည်။
သို့သော် သူတို့သည် ထိုသံသယကို အပြင်သို့ ထုတ်မပြောကြပေ။
အကြောင်းမဲ့ လူတစ်ဦးကို သွားရောက် စိတ်အနှောင့်အယှက် မဖြစ်စေလိုကြသဖြင့်။
သူတို့တစ်စုမှာ လူစုငယ်လေးတစ်ခုအဖြစ် ဖွဲ့လိုက်ကြပြီး ထိုပွဲတော်တွင် ကျင့်ကြံခြင်းဆိုင်ရာ အမြင်များ၊ ကျွယ်မင်ကြယ်ပေါ်ရှိ စိတ်ဝင်စားဖွယ်ရာများကို ပြောဆိုနေကြသည်။
ဟွမ်ဆန်းကျင်းက ကျွယ်မင်ယင်လောက၏ အခြေအနေအချို့ကိုလည်း ရံဖန်ရံခါ ထည့်သွင်းပြောဆိုတတ်သည်။
သူသည် ကျွယ်မင်ယင်လောကတွင် နှစ်ပေါင်း ရာနှင့်ချီ၍ နေထိုင်ခဲ့ဖူးသဖြင့် အတော်လေး သိရှိထားပုံရသည်။
စကားပြောနေရင်းမှ ဖန့်ချန်သည် အဆင့် ၃ မသေမျိုး တစ်စု ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
ကျိထျန်းကျွင်းသည်လည်း ထိုအထဲတွင် ပါဝင်ပြီး လူများနှင့် ပြုံးရွှင်စွာ စကားပြောနေသည်။
တစ်စုံတစ်ယောက်က စိုက်ကြည့်နေသည်ကို သတိပြုမိသဖြင့် သူသည် ဖန့်ချန်တို့ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း မျိုးဆက်သစ် လူငယ်တစ်စုသာ ဖြစ်သဖြင့် သိပ်ပြီး အရေးတယူ မလုပ်ဘဲ အကြည့်လွှဲသွားသည်။
"ကျန်းချန်မိတ်ဆွေ လာပြီ တို့တွေ မြန်မြန်သွားကြိုရအောင်"
ဟု တစ်ဦးက အော်လိုက်သည်။
ချက်ချင်းပင် ပွဲတော်တွင် ရောက်ရှိနေသူ အမြောက်အမြားမှာ ကျန်းချန်ကို ကြိုဆိုရန် သွားကြတော့သည်။
ထိုသူမှာ အဆင့် ၄ မသေမျိုး ဖြစ်ရုံသာမက အကြီးအကဲများကောင်စီမှ အကြီးအကဲတစ်ဦးနှင့်လည်း အမျိုးတော်စပ်သူ ဖြစ်သည်ဟု သတင်းကြီးသည်။
သူသည် အပြင်စည်းကျင့်ကြံသူ ဖြစ်သော်လည်း အမာခံတပည့်များကြားတွင်ပင် မျက်နှာပွင့်သူ ဖြစ်ပြီး ကျွယ်မင်နန်းတော်တွင် အတော်လေး နာမည်ကျော်ကြားသူ ဖြစ်သည်။
"တို့လည်း သွားကြိုရအောင်၊ ကျန်းချန်စီနီယာနဲ့ သိကျွမ်းထားရင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်"
ဟွမ်ဆန်းကျင်းက စကားတစ်ခွန်း ချန်ထားခဲ့ပြီးနောက် လူအုပ်ထဲသို့ တိုးဝင်သွားတော့သည်။
"ကျန်းမိတ်ဆွေ... ဒီနေ့ ခင်ဗျား အားအားယားယား လာမယ်လို့ မထင်ထားဘူး၊ ကျုပ်ရဲ့ ဒီနေရာလေးတောင် ခင်ဗျားကြောင့် တောက်ပသွားသလိုပဲဗျာ "
လက်ဖက်ရည်ပွဲတော်ကို ကျင်းပသည့် အဆင့် ၄ မသေမျိုးက ပြုံးရွှင်စွာဖြင့် ကြိုဆိုလေသည်။
"အဘိုးကြီးလီ... ခင်ဗျားကလည်း အားနာစရာတွေ ပြောနေပြန်ပြီ။ ကျုပ်က အားနေတာနဲ့ ဒီမှာ လက်ဖက်ရည်ပွဲရှိတယ် ကြားလို့ လာလည်တာပါ၊ အသစ်တက်လာတဲ့ ညီငယ်၊ ညီမငယ်တွေနဲ့လည်း မျက်မှန်းတန်းမိအောင်လို့ပေါ့"
ကျန်းချန်က ပြုံးလျက် ဆိုလိုက်သည်။
***