"ဒီလက်ဖက်ရည်ပွဲတော်ကို ဦးစီးကျင်းပတဲ့ ကျင့်ကြံသူရဲ့အမည်က လီစီ တဲ့၊ စတုတ္ထစီနီယာအစ်ကိုရဲ့ စူးစမ်းရေးအဖွဲ့ဝင်တစ်ယောက်လို့ သိရတယ်၊ သူကိုယ်တိုင်လည်း အဆင့် ၄ မသေမျိုးပဲ"
ယုထျန်းကော်က ဖန့်ချန်၏ဘေးနားတွင် အသံတိုးတိုးဖြင့် မိတ်ဆက်ပေးလေသည်။
သူတို့ကဲ့သို့သော အပြင်စည်းကျင့်ကြံသူများသည် ကွယ်ရာတွင် ရှဲ့အာမန်တို့အဖွဲ့ကို စီနီယာအစ်ကို၊ စီနီယာအစ်မဟု ရံဖန်ရံခါ ခေါ်ဝေါ်လေ့ရှိကြသော်လည်း လူရှေ့သူရှေ့တွင်မူ ထိုသို့ခေါ်ရန် မဝံ့ရဲကြပေ။
အကြောင်းမှာ ရာထူးအဆင့်အတန်း ကျော်လွန်ရာရောက်မည်ကို စိုးရိမ်သောကြောင့်ပင်။
"ဒါကြောင့်လည်း ဒီနေ့ လူတွေအများကြီး လာကြတာကိုး"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ထိုကဲ့သို့သော နောက်ခံမျိုးမရှိလျှင် ကျန်းချန်နှင့် ကျိထျန်းကျွင်းတို့ကဲ့သို့သော ပုဂ္ဂိုလ်များ လာရောက်လိမ့်မည်မဟုတ်ပေ။
သို့သော် ဖန့်ချန်သည် တစ်ခုကို စပ်စုချင်နေမိသည်။
ယခုရောက်နေသော ကျိထျန်းကျွင်း၏ ခန္ဓာကိုယ်မှာ သူ၏မူလကိုယ်စစ်စစ်လား သို့မဟုတ် ကိုယ်ပွား လားဟူ၍ ဖြစ်သည်။
"ကျန်းမိတ်ဆွေ... ခင်ဗျားက ဟုန်အမာခံတပည့်အသစ်ရဲ့ စူးစမ်းရေးအဖွဲ့ထဲ ဝင်လိုက်တယ်လို့ ကြားတယ်၊ သူမက စူးစမ်းရေးထွက်ဖို့ မပြင်ဆင်သေးဘူးလား "
လီစီက သိလိုစိတ်ဖြင့် မေးလိုက်သည်။
ရောက်ရှိနေသူအားလုံး၏ မျက်ဝန်းများမှာ တောက်ပသွားကြသည်။
ထို ဟုန် အမာခံတပည့်အပေါ် အားလုံးက စိတ်ဝင်တစားရှိနေကြပြီး သူမသည် ပထမဆုံးအကြိမ် စူးစမ်းရေးထွက်ရုံမျှဖြင့် အမာခံတပည့် အမှန်တကယ် ဖြစ်သွားသည်လားဆိုသည်ကို သိလိုနေကြသည်။
ကျန်းချန်၏ တောက်ပသော အပြုံးမှာ အနည်းငယ် မှိန်ဖျော့သွားပြီးနောက် ပေါ့ပေါ့ပါးပါးပင် ပြန်လည်ရယ်မောကာ ဆိုသည်။
"အကြောင်းအမျိုးမျိုးကြောင့် ကျုပ် အဲဒီအဖွဲ့ထဲမှာ မရှိတော့ပါဘူး၊ အခုတော့ ကျုပ်က လွတ်လပ်တဲ့သူတစ်ယောက်ပါပဲ"
"လွတ်လပ်တဲ့သူ ဟုတ်လား ဒါဆိုရင်တော့ အတော်ပဲဗျာ၊ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် စတုတ္ထစီနီယာအစ်ကိုက ခင်ဗျားအကြောင်း ပြောနေသေးတယ်၊ ခင်ဗျားသာ သူ့အဖွဲ့ထဲ ဝင်လာမယ်ဆိုရင် အလွန်ကောင်းမှာပဲတဲ့"
လီစီ၏ မျက်လုံးများ တောက်ပသွားသည်။
လူအုပ်ကြီး၏ ဝန်းရံမှုအောက်တွင် နှစ်ဦးသားမှာ အားတက်သရော စကားပြောရင်း အတွင်းဘက်သို့ လျှောက်သွားကြသည်။
စကားအနည်းငယ် ပြောပြီးနောက် ကျန်းချန်၏ အကြည့်မှာ လူပုံရိပ်တစ်ခုပေါ်သို့ ရုတ်တရက် ကျရောက်သွားသဖြင့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားတော့သည်။
"ကျန်းမိတ်ဆွေ... ဘာဖြစ်လို့လဲ"
လီစီက ပြုံးလျက် မေးသည်
"ငါတို့တွေ အတွင်းမှာ သွားထိုင်ရအောင်၊ ဒီတစ်ခေါက်တော့ သေသေချာချာ စကားပြောရမယ်၊ နောင်မှာ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာနိုင်တာပဲလေ"
ကျန်းချန်က အသာအယာ ခေါင်းညိတ်ပြသည်
"ကျုပ် လာခဲ့တာလည်း အဲဒီရည်ရွယ်ချက်ကြောင့်ပါပဲ၊ ဒါပေမဲ့ စတုတ္ထစီနီယာအစ်ကိုက ဘယ်လိုတွေးမလဲဆိုတာ မသေချာလို့။ အခု ခင်ဗျား ဒီလိုပြောတော့မှပဲ စိတ်အေးသွားရတယ်။ ဒါပေမဲ့..."
သူသည် ဖန့်ချန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်ကာ
"ခင်ဗျားရဲ့ လက်ဖက်ရည်ပွဲက ဘယ်လိုဖြစ်လို့ အဆင့်မရှိတဲ့ လူတန်းစားတွေကိုပါ ဖိတ်ထားရတာလဲ "
အဆင့်မရှိတဲ့ လူတန်းစား
အားလုံးမှာ မှင်သက်သွားကြသည်။
ယနေ့ ထိုလက်ဖက်ရည်ပွဲသို့ တက်ရောက်ခွင့်ရသူတိုင်းမှာ အနည်းနှင့်အများ နောက်ခံရှိကြသူများချည်း ဖြစ်သည်။
ထို့အပြင် အားလုံးမှာ ကျွယ်မင်ကျင့်ကြံသူများ ဖြစ်ကြပြီး ကျွယ်မင်ကြယ်သို့ ရောက်ရှိလာနိုင်ခြင်းကပင် ပါရမီနှင့် အဆက်အသွယ် ကောင်းမွန်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
အဆင့်မရှိသော လူတန်းစားဟူ၍ မည်သည့်နေရာတွင် ရှိနေသနည်း။
လူအချို့သည် ကျန်းချန်၏ အကြည့်နောက်သို့ လိုက်၍ ကြည့်လိုက်ကြသည်။
"ယုမိတ်ဆွေနဲ့ ဖန့်မိတ်ဆွေတို့လား "
ဟွမ်ဆန်းကျင်းသည် လူအုပ်ကြားမှ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
"ကျန်းမိတ်ဆွေ... ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ"
လီစီ၏ အကြည့်မှာ ယုထျန်းကော်တို့အဖွဲ့ပေါ်တွင် တစ်ပတ်လည်သွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ပြုံး၍ မေးလိုက်သည်။
"ဒီနေ့ လက်ဖက်ရည်ပွဲကို လာတဲ့ ကျင့်ကြံသူတွေဟာ အနည်းဆုံးတော့ ကျွယ်မင်နန်းတော်မှာ နှစ်ပေါင်း ရာနဲ့ချီပြီး နေခဲ့ကြသူတွေ မဟုတ်လား "
ကျန်းချန်က အေးဆေးစွာ ဆိုသည်
"နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ဟာ ကျွယ်မင်နန်းတော်အပေါ် အပြည့်အဝ နားလည်ဖို့ လုံလောက်တယ်၊ ကျင့်ကြံခြင်းဆိုင်ရာ အမြင်တွေလည်း ပိုမိုနက်ရှိုင်းလာပြီး နောင်တစ်ချိန်မှာ အမာခံတပည့် ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ ရှိကြသူတွေချည်းပဲ..."
အားလုံးက မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ယနေ့ ရောက်ရှိနေသူတိုင်း၏ စိတ်ထဲတွင် အမာခံတပည့် ဖြစ်လာရန် ရည်မှန်းချက် ရှိကြသည်။
အမာခံတပည့် ဖြစ်လာမှသာ လူအများအပေါ် လွှမ်းမိုးနိုင်သူ ဖြစ်လာမည်ဖြစ်ပြီး လူသားလောက ကိုးနယ်မြေ၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ ဖြစ်လာမည် မဟုတ်ပါလား။
များစွာသော အခမ်းအနားကြီးများကိုလည်း အမာခံတပည့်များသာ တက်ရောက်ခွင့်ရှိပြီး အပြင်စည်းကျင့်ကြံသူများမှာ နားထောင်ခွင့်ပင် မရှိကြပေ။
အမာခံတပည့် မဖြစ်သရွေ့ ဇာတ်ပို့သာ ဖြစ်နေမည်ဖြစ်ပြီး အမာခံတပည့် ဖြစ်လာမှသာ ထိုနေရာ၏ ဇာတ်လိုက် ဖြစ်လာပေလိမ့်မည်။
"ဒါပေမဲ့ ကျုပ် သိရသလောက်တော့... ဒီကျင့်ကြံသူရဲ့ စစ်ဆေးမှုရလဒ်က ကြေးညို အဆင့်ပဲ ရှိရုံတင်မကဘူး၊ ကျွယ်မင်နန်းတော်ထဲကို ရောက်လာတာ နှစ်ပေါင်း တစ်ရာတောင် မပြည့်သေးဘူး။ သူလည်း ဒီနေရာမှာ ရှိနေတာက... နည်းနည်းတော့ မဟန်ဘူး မထင်ဘူးလား "
ကျန်းချန်က ဖန့်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။
ယုထျန်းကော်တို့အဖွဲ့မှာ အစက ထိတ်လန့်နေခဲ့ကြသော်လည်း ကျန်းချန် လက်ညှိုးထိုးပြလိုက်သူမှာ ဖန့်ချန်ဖြစ်ကြောင်း မြင်လိုက်ရသောအခါမှ အံ့သြမှင်သက်သွားကြတော့သည်။
"ဖန့်မိတ်ဆွေ... ခင်ဗျား ဘယ်တုန်းက ဒီကျန်းစီနီယာကို သွားစော်ကားမိလိုက်တာလဲ "
ယုထျန်းကော်က တိုးတိုးလေး လှမ်းမေးသည်။
လူအုပ်ကြားထဲတွင်မူ ဟွမ်ဆန်းကျင်းမှာ ခေါင်းကို ငုံ့ထားလိုက်မိသည်။
ခုနက ဖန့်ချန်တို့နှင့် အတူမရပ်နေခဲ့မိသည်မှာ ကံကောင်းသည်ဟု သူ တွေးနေမိသည်။
မဟုတ်လျှင် သူပါ ကျန်းချန်၏ ငြိုးတေးခြင်းကို ခံရပေလိမ့်မည်။
အကဲခတ်တတ်သူတိုင်းက ကျန်းချန်နှင့် ဖန့်ချန်ကြားတွင် ရန်ငြိုးရှိနေကြောင်း သိမြင်လိုက်ကြသည်။
ထိုရန်ငြိုးမှာလည်း သေးသေးမွှားမွှား မဟုတ်ဘဲ လူပုံအလယ်တွင် ကျန်းချန်က ဒေါသတကြီး လှောင်ပြောင်စော်ကားရသည်အထိ ကြီးမားပုံရသည်။
"လီစီနီယာ... ဒီဖန့်မိတ်ဆွေက အမာခံတပည့်အသစ် ဟုန် ခေါ်လာတဲ့သူလို့ ထင်ပါတယ်"
တစ်ဦးက လီစီကို တိုးတိုးလေး ပြောပြသည်။
လီစီသည် ဖန့်ချန်၏ နောက်ခံကို နားလည်သွားသောအခါ ပေါ့ပါးသော အပြုံးဖြင့်
"ကျုပ်ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ ဒီလူကို ဘယ်သူက ဖိတ်ခေါ်လာသလဲဆိုတာ ကျုပ်လည်း မသိဘူး။ ခင်ဗျားတို့ထဲက ဘယ်သူက သူ့ကို ဖိတ်လာတာလဲ ရှိရင် ထွက်ဝန်ခံကြစမ်း"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မည်သူမျှ ထွက်မဝန်ခံရဲကြပေ။
ဟွမ်ဆန်းကျင်းလည်း နှုတ်ဆိတ်နေမိသည်။
အမှန်စင်စစ် သူဖိတ်ခဲ့သည်မှာ ယုထျန်းကော်သာ ဖြစ်ပြီး ဖန့်ချန်နှင့် မသက်ဆိုင်ပေ။
ယုထျန်းကော်မှာ မျက်နှာပျက်သွားပြီးနောက် သက်ပြင်းချကာ လက်အုပ်ချီ၍ ဆိုသည်။
"ကျုပ်... ကျုပ် ဖိတ်ခေါ်လာတာပါ..."
"မင်းလား မင်းက ဘယ်သူလဲ ဪ... ငွေဖြူရောင်တံဆိပ်ပြားပိုင်ရှင်ကိုး၊ ပါရမီတော့ နည်းနည်း ရှိသားပဲ"
လီစီက လှောင်ပြုံး ပြုံးလိုက်သည်။
သူ၏ခါးတွင်မူ ရွှေရောင်တံဆိပ်ပြားတစ်ခု ချိတ်ဆွဲထားရာ သူ၏ စစ်ဆေးမှုရလဒ်မှာ မည်မျှ ထူးချွန်ခဲ့ကြောင်း သိသာလှသည်။
ယခုကဲ့သို့ အဆင့် ၄ မသေမျိုး ဖြစ်လာခြင်းမှာလည်း မဆန်းပေ။
"ဒီနေ့ လက်ဖက်ရည်ပွဲက ရည်မှန်းချက်တူသူတွေကိုပဲ ဖိတ်ထားတာ။ မင်းတို့က ကျုပ်တို့နဲ့ လမ်းစဉ်မတူဘူးဆိုရင်တော့... ထွက်သွားပေးကြပါ"
လီစီက လက်ကာပြလိုက်သည်။
ယုထျန်းကော်တို့အဖွဲ့မှာ မျက်နှာပူထူသွားကြပြီး လူအများ၏ အကြည့်အောက်တွင် ဖိအားကြီးစွာ ခံစားနေကြရသည်။
ယနေ့ သူတို့သည် လူကြီးလူကောင်းများနှင့် သိကျွမ်းခွင့် မရသည့်အပြင်... လူကြီးလူကောင်း အများအပြားကိုပါ စော်ကားမိသလို ဖြစ်သွားလေပြီ။
အနည်းဆုံးတော့ ထို လီစီ နှင့် နောင်တွင် မည်သည့်ပတ်သက်မှုမျှ ရှိတော့မည် မဟုတ်ပေ။
လီစီ တို့၏ အာဏာကြောင့် ကျန်ရှိသော အပြင်စည်းကျင့်ကြံသူများကလည်း သူတို့ကို ဝိုင်းပယ်ကြပေလိမ့်မည်။
ဤသို့ တွေးမိသောအခါ အချို့မှာ လာမိသည်ကို နောင်တရနေကြသလို၊ ဖန့်ချန်ကိုလည်း မကျေမနပ် ကြည့်လိုက်ကြသည်။
မည်သူ့ကိုမှ မစော်ကားဘဲ အဆင့် ၄ မသေမျိုး၊ ၎င်းအပြင် နောက်ခံအင်အားရှိသော အဆင့် ၄ မသေမျိုးကိုမှ သွား၍ စော်ကားမိရသည်လားဟု တွေးနေကြသည်။
"ယုမိတ်ဆွေ... ဒီနေရာမှာ ငါတို့ကို သိပ်ပြီး မကြိုဆိုကြဘူး ထင်တယ်"
ဖန့်ချန်က ပြုံးလျက် ဆိုသည်
"ငါတို့တစ်စုပဲ သီးသန့်ဆုံကြတာ ပိုကောင်းပါလိမ့်မယ်။ လူအုပ်ကြီးနဲ့ စုဝေးနေတာဟာ လူစုလူဝေးလုပ်ဖို့ကလွဲရင် အနှစ်သာရရှိတဲ့ တာအိုတရားတွေလည်း ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး"
"ကောင်းပြီလေ"
ယုထျန်းကော်က စဉ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
နှစ်ဦးသားမှာ လှည့်ထွက်သွားကြသည်။
ယုထျန်းကော်၏ ဘေးမှလူများမှာလည်း အံကြိတ်ကာ နောက်မှ လိုက်သွားရတော့သည်။
သူတို့အားလုံးမှာ သတ်ဖြတ်သူကျား စူးစမ်းရေးအဖွဲ့ဝင်များ ဖြစ်ကြသဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားများ မဟုတ်ပါလား။
"နေဦး"
လီစီက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ သူတို့နှစ်ဦး၏ရှေ့တွင် မသေမျိုးစွမ်းအားအတားအဆီး တစ်ခု ပေါ်လာပြီး လမ်းကို ပိတ်လိုက်တော့သည်။
"မင်းက... ငါ့ရဲ့ လက်ဖက်ရည်ပွဲကို လူစုလူဝေးလုပ်ဖို့ သက်သက်ပဲလို့ ပြောလိုက်တာလား "
လီစီ က ဖန့်ချန်ကို စိုက်ကြည့်ကာ သူ၏အပြုံးမှာ ပို၍ပင် တောက်ပလာသည်။
စတင်ရန်စခဲ့သော ကျန်းချန်မှာမူ ယခုအခါ ပွဲကြည့်ပရိသတ်အဖြစ် ဘေးတွင်ရပ်၍ ဘာစကားမျှမပြောဘဲ လှောင်ပြုံးဖြင့် ကြည့်နေတော့သည်။
"ဖန့်မိတ်ဆွေ... သူ့နဲ့ ရန်ငြိုးထပ်မတိုးပါနဲ့တော့၊ စကားကောင်းလေး နှစ်ခွန်းလောက် ပြောပြီးမှ ထွက်သွားကြရအောင်"
ယုထျန်းကော်က စိုးရိမ်တကြီးဖြင့် လှမ်းပြောသည်။
သူသည် ယခင်က မည်မျှပင် မာန်တက်ခဲ့ဖူးသော်လည်း ကျွယ်မင်နန်းတော်သို့ ရောက်ပြီးနောက်တွင်မူ ထိုမာန်မာနများမှာ တဖြည်းဖြည်းချင်း ချိုးနှိမ်ခံလိုက်ရပြီ ဖြစ်သည်။
ထိုနေရာသည် အလွန်ကောင်းမွန်သော နေရာဖြစ်ပြီး သူ၏ အားနည်းချက်များကို သိမြင်လာစေကာ ယခင်က မာနများကို စွန့်လွှတ်၍ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။
"မဟုတ်လို့လား ကျုပ် မှားသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာမှ မရှိရင်တော့... ကျုပ် သွားခွင့်ပြုပါဦး"
ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
သူ၏ ထိုအမူအရာမှာ လီစီ ကို ပို၍ပင် အရှက်ရစေကာ လီစီ၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ပင် တောက်ပလာတော့သည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လူပုံရိပ်အချို့မှာ အလျင်အမြန် ရောက်ရှိလာကြသည်။
ဦးဆောင်လာသူမှာ တောင်းပန်စကား ဆိုရင်း လက်အုပ်ချီလိုက်သည်။
"လီစီနီယာ... ကျုပ် နောက်ကျသွားပါတယ်"
ထိုသူမှာ နန်မင်ရှောက်ကျဲ ပင် ဖြစ်သည်။
***