ရောက်ရှိလာသော အဆင့် ၆ မသေမျိုး ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ အသက်ရှူပင် မှားသွားကြတော့သည်။
"တိုက်ပွဲတစ်ရာမသေမျိုး ပါလား"
"သူ ဖြစ်နေတာပဲ..."
"ငါ မမွေးခင်ကတည်းက သူက နာမည်ကြီးနေတာ ကြာပြီ"
"စီနီယာအစ်ကို လီစီရဲ့ မျက်နှာက တကယ်ကို ကြီးမားလှပေတယ် "
ရောက်လာသူမှာ အခြားသူမဟုတ်၊ ရှဲ့အာမန်၏ နတ်တံဆိပ်တော် စူးစမ်းရေးအဖွဲ့မှ ထိပ်တန်းတိုက်ခိုက်ရေးသမား တိုက်ပွဲတစ်ရာမသေမျိုး ပင်ဖြစ်သည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်ပင် ခိုင်မာကျစ်လျစ်လှပြီး ကျွယ်မင်နန်းတော်ရှိ အဆင့် ၆ မသေမျိုးများထဲတွင် တစ်မူထူးခြားသူ ဖြစ်သည်။
အမာခံတပည့် စစ်ဆေးမှုကို အကြိမ်အနည်းငယ် လျှောက်ထားခဲ့သော်လည်း ရှုံးနိမ့်ခဲ့သဖြင့် အစီရင်ဗဟိုချက် နှင့် ပဋိညာဉ် မပြုနိုင်ခဲ့ပေ။
သို့သော် သူသည် ရှေးဟောင်းမသေမျိုး အဆင့်သို့ မတက်လှမ်းနိုင်ဟု မည်သူမျှ မထင်ကြပေ။
ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်သာ ရရှိပါက တိုက်ပွဲတစ်ရာမသေမျိုး သည် ရှေးဟောင်းမသေမျိုးအဆင့်သို့ အေးအေးဆေးဆေး တက်လှမ်းနိုင်သူ ဖြစ်သည်။
ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် လက်ဗလာဖြင့်ပင် အစီရင်မသေမျိုးအတတ် ကို အခုမှ စတင်နားလည်ကာစ လီရှမ်းဇီ ကဲ့သို့သော အမာခံတပည့်မျိုးနှင့် တန်းတူ တိုက်ခိုက်နိုင်စွမ်း ရှိသည်။
အမာခံတပည့် မဟုတ်သော်လည်း အမာခံတပည့်ထက် သာလွန်သူ ဖြစ်ပေသည်။
၎င်းအပြင် တိုက်ပွဲတစ်ရာ မသေမျိုး ၏ နောက်ကွယ်တွင် စီနီယာအစ်မကြီး ရှဲ့အာမန် ရှိနေသေးသည်။
ထိုနေရာတွင် ရှိနေသော ကျင့်ကြံသူများထဲတွင် ကျင့်ကြံမှု အမြင့်ဆုံးမှာ ကျန်းချန် နှင့် လီစီ တို့နှင့် အဆင့်တူ အဆင့် ၄ မသေမျိုးများသာ ရှိကြသည်။
သူတို့အားလုံးမှာ အလျင်အမြန်ပင် ရှေ့သို့တက်၍ ဂါရဝပြုကြတော့သည်။
"ကျုပ်တို့...တိုက်ပွဲတစ်ရာမသေမျိုး ကို ဂါရဝပြုပါတယ်ဗျာ"
"အခမ်းအနားတွေ လုပ်မနေကြနဲ့တော့"
တိုက်ပွဲတစ်ရာမသေမျိုး က အေးဆေးစွာ ခေါင်းညိတ်ပြသည်။
လီစီမှာ စိတ်လှုပ်ရှား ဝမ်းသာသွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အသံတိုးတိုးဖြင့် ဆိုသည်။
"တိုက်ပွဲတစ်ရာမသေမျိုး က ကျုပ်ရဲ့ လက်ဖက်ရည်ပွဲကို တက်ရောက်ပေးလိမ့်မယ်လို့ မထင်ထားမိပါဘူး။ ကျုပ်သာ ကြိုသိရင် ကိုယ်တိုင်လာကြိုမှာပါ။ အရှင်အနေနဲ့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ဗျာ"
"လီစီရဲ့ မျက်နှာက ဒီတစ်ခါတော့ တကယ်ကို ကြီးတာပဲ။ ဒီသတင်းသာ ပျံ့သွားရင် နောင်မှာ အဆင့် ၄ မသေမျိုးတွေထဲမှာ ဘယ်သူက သူ့ကို ယှဉ်ရဲတော့မှာလဲ"
"စီနီယာအစ်မကြီးနဲ့ စတုတ္ထစီနီယာအစ်ကိုတို့က အခုတလော ရင်းနှီးနေကြလို့ စီနီယာအစ်မကြီးက တိုက်ပွဲတစ်ရာမသေမျိုးကို လွှတ်ပြီး လီစီကို မျက်နှာပွင့်အောင် လုပ်ပေးတာလား မသိဘူး"
"မဖြစ်နိုင်ပါဘူး... စီနီယာအစ်မကြီးတို့က ဒီလိုကိစ္စမျိုးကို ဘယ်ဂရုစိုက်မှာလဲ။ တိုက်ပွဲတစ်ရာမသေမျိုးနဲ့ လီစီနဲ့က တစ်ဦးချင်း ခင်မင်မှု ရှိနေလို့ သီးသန့်လာတာ ဖြစ်မှာပါ"
"စီနီယာအစ်ကို လီစီကလည်း အမြော်အမြင်ရှိပါတယ်။ နှစ်ပေါင်းများစွာ လက်ဖက်ရည်ပွဲတွေ ကျင်းပလာခဲ့တာကြောင့် ကျွယ်မင်ကြယ်ပေါ်မှာ သူ့နာမည်က ဟိုးဟိုးကျော်နေပြီလေ"
လူအများက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
လီစီမှာ မျက်နှာပေါ်မှ အပြုံးကို မထိန်းနိုင်တော့ဘဲ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တိုက်ပွဲတစ်ရာမသေမျိုး က မျက်မှောင်ကြုတ်လိုက်သည်ကို မြင်လိုက်ရသည်။
"လက်ဖက်ရည်ပွဲ ငါက ဒီပွဲကို လာတာမဟုတ်ဘူး"
"ဗျာ..."
လီစီမှာ မှင်သက်သွားပြီး မသိစိတ်ဖြင့် မေးလိုက်မိသည်။
"ဒါဆိုရင် ဘာကိစ္စနဲ့..."
တိုက်ပွဲတစ်ရာမသေမျိုးက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အကြည့်က ဖန့်ချန်ပေါ်တွင် ရပ်တန့်သွားကာ မျက်ဝန်းထဲတွင် အပြုံးရိပ် အနည်းငယ် ပေါ်လာသည်။
"စီနီယာအစ်မကြီးက မင်းကို လာခေါ်ခိုင်းလိုက်လို့"
ဝေါခနဲ
မရေမတွက်နိုင်သော အကြည့်များမှာ ဖန့်ချန်ပေါ်သို့ ကျရောက်သွားကြသည်။
ထိုအကြည့်များထဲတွင် မယုံကြည်နိုင်မှု၊ တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
လီစီ၏ အကြည့်များမှာ ဝေဝါးသွားတော့သည်။
ကျန်းချန်၏ မျက်နှာမှာလည်း အကြိမ်ကြိမ် ပြောင်းလဲနေသည်။
ယုထျန်းကော်နှင့် နန်မင်ရှောက်ကျဲ တို့မှာလည်း သူတို့နည်းတူပင် စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားကြသည်။
စီနီယာအစ်မကြီးက တိုက်ပွဲတစ်ရာမသေမျိုးကို အထူးတလည် လွှတ်ပြီး ဖန့်ချန်ကို လာခေါ်ခိုင်းသည်လား။
ရှေ့မှ ပုဂ္ဂိုလ်မှာ တိုက်ပွဲတစ်ရာမသေမျိုး အစစ်အမှန်သာ မဟုတ်လျှင် အခြားတစ်နေရာတွင် တစ်စုံတစ်ယောက်က ထိုသို့ပြောလာပါက သူတို့ သေလျှင်ပင် ယုံကြလိမ့်မည် မဟုတ်ပေ။
စီနီယာအစ်မကြီးမှာ မည်မျှ မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်သနည်း၊ အသစ်တက်လာကာစ အဆင့် ၁ မသေမျိုးလေး တစ်ဦးကို ဘာကြောင့် အလေးထားနေရသနည်း သူကသာ အမာခံတပည့် ဖြစ်နေလျှင် တစ်မျိုး၊ အခုတော့ သာမန် အမာခံတပည့်များပင် စီနီယာအစ်မကြီးနှင့် ရင်းနှီးခွင့်ရရန် အခွင့်အရေး မရှိသလောက်ပင်...
"နေဦး... သူက စီနီယာအစ်မကြီးကို သွားစော်ကားမိတာများလား"
တစ်စုံတစ်ယောက်က အတွေးပေါက်သွားသည်။
သို့သော် တိုက်ပွဲတစ်ရာ မသေမျိုး ကို အသေအချာ ကြည့်လိုက်သောအခါ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် မရှိသဖြင့် ထိုသို့လည်း မဖြစ်နိုင်ပေ။
"စီနီယာ... ဒုက္ခပေးမိပါပြီ"
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုသည်။
"အင်း..."
ပိုင်ကျန့်ရှန်းကျွင်းက အသာအယာ ခေါင်းညိတ်ပြပြီး ဖန့်ချန်ကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုစဉ် ကျန်းချန်က မနေနိုင်တော့ဘဲ မေးလိုက်သည်
"အရှင်... စီနီယာအစ်မကြီးက ဖန့်ချန်ကို ဘာကိစ္စနဲ့ ရှာတာပါလဲဗျာ"
"ဘာကိစ္စလဲ ဟုတ်လား မင်းနဲ့..."
တိုက်ပွဲတစ်ရာ မသေမျိုး က စကားပြောရန် ပြင်လိုက်သော်လည်း သူ၏မျက်ဝန်းများမှာ ခဏမျှ ဝေ့ဝဲသွားကာ ရှေ့မှ အခြေအနေမှာ တစ်ခုခု မဟုတ်မှန်း ရိပ်မိသွားပုံရသည်။
ကျန်းချန်သည် ယခင်က ဖန့်ချန်အပေါ် ပြုမူခဲ့သည်များကို သတိရသွားပြီးနောက် သူက အခြေအနေကို နားလည်သွားကာ လှောင်ပြုံးလေးဖြင့် ဆိုသည်။
"ဘာမှတော့ မဟုတ်ပါဘူး၊ ဖန့်ချန် လျှောက်ထားခဲ့တဲ့ အမာခံတပည့် စစ်ဆေးမှုကိစ္စ အဆင်သင့် ဖြစ်နေပြီလေ။ အကြီးအကဲများကောင်စီကလည်း အမိန့်ထုတ်ပြန်လိုက်ပြီ၊ အစီရင်ဗဟိုချက် တစ်ခုကို အသုံးပြုခွင့် ပေးလိုက်ပြီပေါ့။ ဒါကြောင့် စစ်ဆေးမှုပြုလုပ်မယ့် နေရာကို သူ့ကို ခေါ်သွားဖို့ လာတာပဲ။ စီနီယာအစ်မကြီးကလည်း အဲဒီမှာ စောင့်နေတယ်"
"..."
"..."
ပတ်ဝန်းကျင် တစ်ခုလုံးမှာ သေလောက်အောင် တိတ်ဆိတ်သွားတော့သည်။
နန်မင်ရှောက်ကျဲပင်လျှင် သူ၏နှလုံးခုန်သံ ခေတ္တရပ်တန့်သွားသလို ခံစားလိုက်ရသည်။
သူတို့ နားကြားမမှားဘူး မဟုတ်လား
အမာခံတပည့် စစ်ဆေးမှု
ကျွယ်မင်ကျင့်ကြံသူ ဖြစ်လာတာ နှစ်ပေါင်း တစ်ရာတောင် မပြည့်သေးတဲ့ အဆင့် ၁ မသေမျိုး တစ်ယောက်က အမာခံတပည့် စစ်ဆေးမှုကို ခံယူမယ် ဟုတ်လား။
ကျန်းချန်ကဲ့သို့သော နောက်ခံမျိုးရှိသည့်သူပင်လျှင် အဆင့် ၃ မသေမျိုးအထိ အချိန်ကုန်ခံခဲ့သော်လည်း လုံလောက်သော ဂုဏ်ထူးရမှတ် မစုဆောင်းနိုင်သေးပေ။
ဒီလူက ဘာမို့လို့လဲ
သူတို့သည် မသိစိတ်ဖြင့် ထိုကိစ္စကို မယုံကြည်နိုင်ကြသော်လည်း စကားပြောသူမှာ တိုက်ပွဲတစ်ရာမသေမျိုး ဖြစ်နေသဖြင့် သူသည် ထိုသို့သော ကိစ္စမျိုးကို လိမ်ညာပြောဆိုလိမ့်မည် မဟုတ်ပေ။
"မဖြစ်နိုင်တာ..."
ကျန်းချန်က အတင်းအကြပ် ပြုံးလိုက်ရင်း
"တစ်ခုခု မှားနေတာလား မသိဘူး၊ သူ့ရဲ့ ဂုဏ်ထူးရမှတ်က အမာခံတပည့် စစ်ဆေးမှုကို လျှောက်ထားဖို့ လုံလောက်လို့လား တကယ်လို့ မှားနေတယ်ဆိုရင်တော့ သေသေချာချာ စစ်ဆေးသင့်ပါတယ်၊ မဟုတ်ရင် ဒီကိစ္စသာ တကယ်ဖြစ်လာရင် တခြား ကျွယ်မင်ကျင့်ကြံသူတွေ ဘယ်လိုတွေးမလဲ။ အရာအားလုံးက မျှတမှုအပေါ်မှာပဲ အခြေခံသင့်တာ မဟုတ်လား"
"ကျန်းစီနီယာ ပြောတာ မှန်ပါတယ်"
"ကျုပ် ကျွယ်မင်နန်းတော်မှာ နေလာတာ နှစ်ပေါင်း နှစ်ထောင့်လေးရာကျော်ပြီ၊ အခုထိ စစ်ဆေးမှု လျှောက်ထားဖို့ ဂုဏ်ထူးရမှတ် မစုမိသေးဘူး။ သူကသာ တခြားအဆက်အသွယ်တွေနဲ့ ဒီအခွင့်အရေးကို ရခဲ့တာဆိုရင် ကျုပ်တို့လိုလူတွေအတွက် မတရားလွန်းရာ ကျပါတယ်"
ကန့်ကွက်သံများစွာ ထွက်ပေါ်လာသော်လည်း တိုက်ပွဲတစ်ရာ မသေမျိုးက များများစားစား ရှင်းမပြဘဲ အေးဆေးစွာသာ ဆိုသည်။
"ဒီအတွက်တော့ စိတ်အေးအေးထားကြပါ၊ သူက ဂုဏ်ထူးရမှတ် လုံလောက်လို့သာ စစ်ဆေးမှု လျှောက်ထားခွင့် ရတာပါ။ ကျွယ်မင်နန်းတော်ရဲ့ စည်းမျဉ်းတွေက နှစ်ပေါင်းများစွာကတည်းက တည်ရှိလာတာ၊ အခုထိတော့ ဘယ်သူမှ လျှောက်ပြီး မဖျက်ဆီးရဲသေးဘူး။ ကျန်းချန်ရဲ့ နောက်ကွယ်မှာ စီနီယာ အကြီးအကဲ ကျန်း ရှိနေတာပဲ၊ သူ စစ်ဆေးမှု လျှောက်ထားဖူးတာ မင်းတို့ တွေ့ဖူးလို့လား "
ကျန်းချန်၏ မျက်နှာပေါ်တွင် အတင်းအကြပ်ပြုံးထားသည့် အမူအရာသာ ရှိနေတော့သည်။
"ဂုဏ်ထူးရမှတ် ၅,၀၀၀ ဆိုတာ အဲဒီလောက် လွယ်လွယ်နဲ့ စုလို့ရတာမှ မဟုတ်တာ"
"တကယ်တော့ မလွယ်ပါဘူး။ ဒီတစ်ခေါက် ဖန့်ချန်က စီနီယာအစ်မကြီးနောက်ကို လိုက်ရင်း အန္တရာယ်နှစ်ကြိမ် ဆက်တိုက် ရင်ဆိုင်ခဲ့ရသလို၊ အောင်မြင်မှုကြီး တစ်ခုကိုလည်း ရယူပေးနိုင်ခဲ့တယ်။ ဒါကြောင့် စီနီယာအစ်မကြီးက သူ့ကို သီးသန့် ဂုဏ်ထူးရမှတ် ၃,၀၀၀ ပေးခဲ့ပြီး အကြီးအကဲများကောင်စီကလည်း ၂,၀၀၀ ပေးခဲ့တယ် "
တိုက်ပွဲတစ်ရာမသေမျိုး က လှောင်ပြုံးဖြင့် ဆိုသည်
"မင်းတို့ ပေါင်းကြည့်လိုက်လေ၊ အားလုံး ၅,၀၀၀ တိတိ မဟုတ်ဘူးလား "
၃,၀၀၀ နှင့် ၂,၀၀၀ ပေါင်းခြင်းမှာ အလွန်ရိုးရှင်းသော အတွက်အချက် ဖြစ်သည်။
ဦးနှောက်သုံးစရာပင် မလိုပေ။
လူတိုင်းမှာ ဖန့်ချန်တွင် ဂုဏ်ထူးရမှတ် လုံလောက်နေပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် အားကျစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
ကျန်းချန်မှာ စကားစ ဆွံ့အသွားပြီး အကြာကြီး နှုတ်ဆိတ်နေမိသည်။
တိုက်ပွဲတစ်ရာ မသေမျိုးက ထိုအခြေအနေကို မြင်သောအခါ အသာအယာ ရယ်မောလိုက်ပြီး ဖန့်ချန်ကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။
"ကျန်းမိတ်ဆွေ... ဒီတစ်ခါတော့ ခင်ဗျားကြောင့် ကျုပ်တော့ ဒုက္ခရောက်တော့မှာပဲ"
လီစီက သက်ပြင်းအသာချလိုက်သည်။
အမာခံတပည့်အသစ် တစ်ယောက်ကို စော်ကားမိတာက ကိစ္စမရှိသော်လည်း၊ အကယ်၍ ထိုအမာခံတပည့်ကို စီနီယာအစ်မကြီးကပါ အလေးထားနေလျှင်တော့ ပြဿနာက အလွန်ကြီးမားသွားပြီ ဖြစ်သည်။
သူ့နောက်ကွယ်မှ စတုတ္ထစီနီယာအစ်ကိုသည်လည်း မသေမျိုးအစီရင်အတတ်ကို အသုံးပြုနိုင်သော်လည်း ထိုစီနီယာအစ်မကြီးနှင့် ယှဉ်လိုက်လျှင်တော့ မဖြည့်ဆည်းနိုင်သော ကွာခြားချက်ကြီး ရှိနေဆဲ ဖြစ်သည်။
"စစ်ဆေးမှု လျှောက်ထားနိုင်ရုံနဲ့ ဘာဖြစ်မှာလဲစစ်ဆေးမှုမှာ ကျရှုံးတဲ့သူတွေလည်း အများကြီးပဲ မဟုတ်လား။ တိုက်ပွဲတစ်ရာမသေမျိုး တောင် နှစ်ကြိမ်တောင် ကျရှုံးခဲ့တာပဲ"
ကျန်းချန်က ရုတ်တရက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း
"သူ ဒီနေ့ စစ်ဆေးမှု လုပ်မယ်ဆိုမှတော့ ငါတို့တွေလည်း သွားကြည့်ကြတာပေါ့။ တကယ်လို့ သူသာ စစ်ဆေးမှု အောင်မြင်သွားရင်တော့ ငါတို့တွေက သူ့ကို ပထမဆုံး ဂုဏ်ပြုပေးမယ့်သူတွေ ဖြစ်တာပေါ့"
အားလုံးက ချက်ချင်းပင် သဘောတူလိုက်ကြသည်။
ယနေ့ တစ်စုံတစ်ယောက်က အမာခံတပည့် စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ရာ ထိုလက်ဖက်ရည်ပွဲမှာလည်း အရေးမပါတော့ပေ။
စစ်ဆေးမှုပြုလုပ်မည့် နေရာသို့ သွားရောက်ကြည့်ရှုရန်သာ ပို၍ အရေးကြီးနေတော့သည်။
***