သွေးစက်များ ကျဆင်းသွားသည်နှင့်အမျှ အစီရင်ဗဟိုချက်မှ မှိန်ပျပျ စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဖန့်ချန်ကို လွှမ်းခြုံသွားတော့သည်။
ဖန့်ချန်၏ ခန္ဓာကိုယ်သည် ထိုစိမ်းဖန့်ဖန့် အလင်းတန်း၏ ပင့်တင်မှုကြောင့် ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး လေထဲတွင် ဝဲပျံနေလေသည်။
၎င်းမှာ ထိုစဉ်က ကြာနီနတ်မိမယ် အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုခဲ့စဉ်က မြင်ကွင်းနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
သူသည် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုထဲတွင် ရောက်ရှိနေသကဲ့သို့ ခံစားရပြီး ခန္ဓာကိုယ်မှာလည်း ပေါ့ပါးသွားသည်။
စိမ်းဖန့်ဖန့် အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာပြီး အေးမြသော ခံစားမှုကို ဆောင်ကြဉ်းလာပေးသည်။
"သူတို့က ဘယ်ကို သွားနေတာလဲ..."
ထိုစိမ်းဖန့်ဖန့် အလင်းတန်းများသည် သူ၏ သွေးကြောများထဲသို့ တိုးဝင်ကာ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးများနှင့် အဆက်မပြတ် ပေါင်းစပ်နေကြောင်း ဖန့်ချန် သတိထားမိလိုက်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ ထူးထူးခြားခြား ချောမွေ့နေပြီး မည်သည့် မအီမသာဖြစ်မှုမျှ မရှိပေ။
သို့သော်...
ဖန့်ချန်၏ သွေးများအားလုံး စိမ်းဖန့်ဖန့် အလင်းရောင်များ တောက်ပလာချိန်တွင် သူ၏ စိတ်ဝိညာဉ် ပေါ်သို့ ပြင်းထန်လှသော ဖိအားများမှာ တစ်ထပ်ပြီးတစ်ထပ် ကျရောက်လာတော့သည်။
တောင်တန်းကြီးများ တစ်လုံးပြီးတစ်လုံး ဆင့်ကာပုံထားသကဲ့သို့ သူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် ဖိနှိပ်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင်သာ သာမန်ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင် စိတ်ဝိညာဉ်က လုံလောက်အောင် မတောင့်တင်းပါက တခဏချင်းမှာပင် ကြေမွသွားနိုင်ပေသည်။
ဖန့်ချန်မှာမူ စိတ်ဝိညာဉ် အနည်းငယ် လေးလံသွားသည်ဟု ခံစားရရုံမှလွဲ၍ ထွေထွေထူးထူး အခက်အခဲ မရှိပေ။
"အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုဖို့ သော့ချက်က စိတ်ဝိညာဉ်မှာ ရှိနေတာလား"
ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး အသေးစိတ် စတင်အကဲခတ်တော့သည်။
ဖိအားများက ဆက်လက်တိုးလာနေဆဲ ဖြစ်သည်။
သို့သော် ထိုဖိအားမှာ သူ၏ စိတ်ဝိညာဉ်အတွက်မူ တစ်စုံတစ်ယောက်က ပုခုံးပေါ် လက်ကလေး တင်ထားသကဲ့သို့သာ ရှိပြီး အောက်သို့ ဖိချခံရသည့် အာရုံပင် မရသေးပေ။
ခဏအကြာတွင် ဖန့်ချန်သည် သိသိသာသာ ပြင်းထန်လာသော ဖိအားကို ခံစားလိုက်ရသည်။
ကလေးငယ်တစ်ဦးကို ကျောပိုးထားရသကဲ့သို့ လေးလံလာခြင်း ဖြစ်သည်။
ပြင်ပတွင်မူ မရေမတွက်နိုင်သော အကြည့်များမှာ ဖန့်ချန်၏ ပဋိညာဉ်ပြုနေသည့် အခြေအနေကို အသေးစိတ် စောင့်ကြည့်နေကြသည်။
"ဟုန်ညီမလေး... အရင်က မင်းဟာ ဘေးဒုက္ခဖြတ်ကျော် ကျင့်ကြံသူ အဆင့်မှာပဲ ရှိသေးပေမဲ့ တစ်လအတွင်းမှာ ပဋိညာဉ် အောင်မြင်ခဲ့တယ်။ ဒီရလဒ်က ကျွယ်မင်နန်းတော်မှာ ဘယ်အဆင့်မှာ ရှိလဲ မင်းသိလား"
စီနီယာအစ်မကြီးက ရုတ်တရက် အသာအယာ ရယ်မောရင်း မေးလိုက်သည်။
ကြာနီနတ်မိမယ်မှာ ခဏမျှ မှင်သက်သွားပြီးနောက် ခေါင်းကို အသာခါယမ်းလိုက်သည်။
"မသိပါဘူး"
"မင်းရဲ့ ရလဒ်က အလယ်အလတ်တန်းစား အထက်မှာ ရှိတယ်။ အမာခံတပည့် အတော်များများဟာ အဆင့် ၁ မသေမျိုး ရောက်မှ အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုနိုင်ခဲ့ကြတာ။ သူတို့ ကုန်ဆုံးခဲ့တဲ့ အချိန်ကလည်း မင်းနဲ့ သိပ်မကွာဘူး"
ဟု စီနီယာအစ်မကြီးက ဆိုသည်။
အဝေးမှ ကျိရှန့်မှာ ထိုစကားကို ကြားသောအခါ အမူအရာမှာ ထူးဆန်းသွားသည်။
သူသည်လည်း အဆင့် ၁ မသေမျိုး အဆင့်တွင်မှ ပဋိညာဉ်ပြုနိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၅ ရက်ခန့် ကြာမြင့်ခဲ့သည်။
အသေးစိတ် တွက်ချက်ကြည့်လျှင် သူ၏ ပါရမီမှာ ကြာနီနတ်မိမယ်လောက် မကောင်းဟု ဆိုရမည်။
၎င်းမှာ ကျင့်ကြံခြင်း ပါရမီကို ဆိုလိုခြင်း မဟုတ်ပေ။
ပဋိညာဉ်ပြုသည့် အချိန် တိုတောင်းလေလေ အစီရင်ဗဟိုချက်နှင့် တစ်သားတည်း ဖြစ်ရန် ပို၍ လွယ်ကူလေဖြစ်ပြီး အစီရင်မသေမျိုးအတတ်များကို အစွမ်းကုန် အသုံးချနိုင်လေ ဖြစ်သည်။
"စီနီယာအစ်မကြီးရဲ့ ပါရမီက အကောင်းဆုံးပါပဲ။ အရင်က ပဋိညာဉ်ပြုတုန်းကလည်း အဆင့် ၁ မသေမျိုးပဲ မဟုတ်လား ခုနစ်ရက်တောင် မပြည့်ဘူးလေ"
စီနီယာအစ်မ သုံး က ရုတ်တရက် ရယ်မော၍ ဆိုလာသည်။
"ဒီနှစ်ပေါင်းများစွာအတွင်း ကျွယ်မင်နန်းတော်က ထွက်ပေါ်ခဲ့သမျှ အမာခံတပည့်တွေထဲမှာ ဒီစံချိန်ကို ဘယ်သူမှ မချိုးနိုင်သေးဘူး"
"သိပ်ပြီးတော့ မနာလို မဖြစ်ပါနဲ့ဦး"
စီနီယာအစ်မကြီးက သူမကို တစ်ချက်ကြည့်ကာ ပြုံး၍ ဆိုသည်။
စီနီယာအစ်မ သုံး ကလည်း လိုက်ဖက်ညီစွာ ပြုံးလိုက်သည်။
"မနာလိုမဖြစ်လို့မှ မရတာ၊ ကျမက အစ်မကြီးထက် သုံးရက်တောင် ပိုကြာသွားတာကိုး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သုံးရက်ဆိုတဲ့ ကွာခြားချက်က ပြန်ပြီး မဖြည့်ဆည်းနိုင်စရာ မရှိပါဘူး... မဟုတ်ဘူးလား"
သူမ၏ နောက်ကွယ်တွင် ရပ်နေကြသော အမာခံတပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ဖြစ်ပေါ်နေကြသည်။
သူတို့ အားကိုးနေသည့် ပုဂ္ဂိုလ်မှာ ထိုနယ်ပယ်တွင် ပါရမီအရ စီနီယာအစ်မကြီးနှင့် သိပ်ပြီး မကွာခြားလှပေ။
စီနီယာအစ်မ သုံး သာ အားစိုက်ပြီး လိုက်မည်ဆိုလျှင် နောင်တွင် အမာခံတပည့်များ၏ ဦးသျှောင်နေရာကို ရရှိရန် အခွင့်အရေး အများကြီး ရှိနေသည်။
အကယ်၍ ထိုနေ့ ရောက်လာလျှင် သူတို့ကဲ့သို့ နောက်လိုက်များမှာလည်း ရရှိလာမည့် အကျိုးအမြတ်များကို ဝေမျှခံစားကြရမည် မဟုတ်ပါလား။
စီနီယာအစ်မကြီးက သူမကို ဂရုမစိုက်တော့ဘဲ ကြာနီနတ်မိမယ်ဘက်သို့ လှည့်၍ ပြုံးကာ မေးလိုက်သည်။
"ဟုန်ညီမလေး... ဖန့်မောင်လေး ပဋိညာဉ် အောင်မြင်နိုင်မယ့် အခွင့်အရေးက ကြီးတယ်လို့ မင်းထင်လား"
"ဖန့်မိတ်ဆွေရဲ့ ပါရမီနဲ့ဆိုရင်တော့ အခွင့်အရေး ရှိနိုင်ပါတယ်"
ကြာနီနတ်မိမယ်က အချိန်အနည်းငယ် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
အရင်က နဂါးနက် သင်္ဘောပေါ်တွင် စီနီယာအစ်မကြီး ကျင့်ကြံမှုအဆင့်ကို နှိမ့်ထားစဉ်ကပင် ဖန့်ချန်ကို မယှဉ်နိုင်ခဲ့ပေ။
အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုခြင်းမှာ တိုက်ခိုက်ခြင်းနှင့် သိပ်မသက်ဆိုင်သော်လည်း ဖန့်ချန်၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု သူမ အမြဲ ခံစားနေရသည်။
ရှေးဟောင်းမသေမျိုးများ၏ ခြုံခိုတိုက်ခိုက်မှုမှ သူတို့နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းမှာပင် သက်သေတစ်ခု ဖြစ်သည်။
ထို့ကြောင့် ဖန့်ချန် အောင်မြင်ရန် အခွင့်အရေးမှာ မသေးလှဟု သူမ ထင်မြင်နေမိသည်။
"အနည်းဆုံးတော့ သူက ပထမဆုံးလှိုင်းကို ကျော်ဖြတ်နိုင်သွားပြီ"
စီနီယာအစ်မကြီးက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ ဆိုသည်။
"လူတော်တော်များများဟာ ပထမဆုံးလှိုင်း၊ ဒါမှမဟုတ် ပဋိညာဉ်ပြုစ စက္ကန့် ၁၀ လောက်မှာတင် ရှုံးနိမ့်သွားတတ်ကြတာ။ ပထမလှိုင်းကို ကျော်ဖြတ်နိုင်ရင်တော့ ရှေ့ဆက်ဖို့ အခွင့်အရေးက မှိန်ဖျော့မနေတော့ပါဘူး"
ကျန်းချန်သည်လည်း ဤလျှို့ဝှက်ချက်ကို သိထားသူ ဖြစ်သည်။
ဖန့်ချန် ပထမလှိုင်းကို ကျော်ဖြတ်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် မှိန်သွားတော့သည်။
"မဖြစ်နိုင်ပါဘူး... အစီရင်ဗဟိုချက်က အဲဒီလောက် ပဋိညာဉ်ပြုဖို့ မလွယ်ပါဘူး။ သူက အောက်ပိုင်းနယ်မြေခြောက်ခုက လာတဲ့သူပဲ၊ ငါကတော့ ကျွယ်မင်ကြယ်မှာ မွေးဖွားလာသူ။ ဒီအချက်တစ်ချက်တည်းနဲ့တင် သူက အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုနိုင်စရာ အကြောင်းမရှိဘူး"
ကျန်းချန်သည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ပြီး စိတ်ကို ပြန်လျော့ကာ ဖန့်ချန် ရှုံးနိမ့်မည့် မြင်ကွင်းကို အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်သည်။
ထိုအချိန်ကျလျှင် တစ်ဖက်လူကို မည်သို့သော စကားများဖြင့် နှစ်သိမ့် ရမည်ကိုပင် သူ စဉ်းစားထားပြီးသား ဖြစ်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ဖန့်ချန် မသိသော်လည်း အများဆုံး တစ်နာရီခန့်သာ ရှိလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
စိတ်ဝိညာဉ်ပေါ်မှ ဖိအားမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပုံရပြီး ထပ်တိုးမလာတော့ပေ။
"ဒီဖိအားက တစ်နေရာမှာ ခဏလောက် ငြိမ်နေလိမ့်မယ်။ ငါ ခံနိုင်ရည်ရှိတာကို မြင်ရင် ဖိအားအသစ်တွေ ထပ်တိုးလာလိမ့်မယ်။ ဒီအချိန်လေးအတွင်းမှာတင် ဖိအားတွေက အကြိမ်ပေါင်း ဆယ်ဂဏန်းလောက် ငါ့အပေါ် တစ်ထပ်ပြီးတစ်ထပ် ကျရောက်ခဲ့ပြီးပြီ"
"ဒါပေမဲ့ ဒီတစ်ခါတော့ အကြာကြီး ရှိနေပြီ၊ ဖိအားအသစ်တွေ ထွက်မလာတော့ဘူး။ အခြေအနေက တန့်နေတာလား "
ထိုသို့ တွေးလိုက်မိစဉ်မှာပင်...
စိမ်းဖန့်ဖန့် အလင်းတန်းများအားလုံး သူ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ပြန်လည်ဝင်ရောက်သွားပြီး စိမ်းလဲ့လဲ့ အစီရင်ဗဟိုချက်သည်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြောင်း ဖန့်ချန် သတိပြုလိုက်မိသည်။
သွေးများမှတစ်ဆင့် အေးမြသော ခံစားမှုမှာ ခြေလက်အင်္ဂါ အနှံ့အပြားသို့ စီးဆင်းသွားတော့သည်။
ဖန့်ချန်သည် ကွင်းပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်လည် ဆင်းသက်လိုက်သည်။
သူ၏ ဦးနှောက်ထဲတွင် သံသယတစ်ခု ပေါ်လာသည်။
အောင်မြင်သွားတာလား
ဒါက ပဋိညာဉ် အောင်မြင်သွားတာလား
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။
လူတိုင်း၏ အမူအရာမှာ ထိုအချိန်တွင်ပင် ရပ်တန့်သွားသကဲ့သို့ ရှိနေသည်။
ရှုံးနိမ့်သွားတာလား
ဒါလည်း ဖြစ်နိုင်တာပဲ။
လူအများအပြားမှာ နားလည်သွားသည့် အမူအရာများ ပြသလာကြသည်။
အစီရင်ဗဟိုချက်နှင့် ပဋိညာဉ်ပြုရာတွင် ရှုံးနိမ့်ခြင်းမှာ သဘာဝကျလှသည်။
ကျွယ်မင်နန်းတော်တွင် နှစ်စဉ် စစ်ဆေးခံသည့် ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိသော်လည်း အခုထိ အမာခံတပည့်မှာ တစ်ထောင်ကျော်သာ ရှိသေးသည်။
အမာခံတပည့် နေရာဆိုသည်မှာ အလွယ်တကူ ရနိုင်သည့် အရာမှ မဟုတ်ဘဲ။
"ဖန့်မိတ်ဆွေ... တစ်ခါရှုံးတာ ဘာမှမဟုတ်ပါဘူး။ ခင်ဗျားရဲ့ ပါရမီနဲ့ ဆိုရင် ဂုဏ်ထူးရမှတ် ၅,၀၀၀ ဆိုတာ မကြာခင်မှာ ပြန်စုနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ငယ်ပါသေးတယ်၊ အခွင့်အရေးတွေက အများကြီး စောင့်နေတာပါ"
ကျန်းချန်က မစောင့်နိုင်တော့ဘဲ သူ၏ စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ထားသော စကားများကို ထုတ်ပြောလိုက်သည်။
ထိုစကားကို ပြောလိုက်ရသောအခါ သူ၏ ရင်ထဲတွင် အလွန်ပင် နေသာထိုင်သာ ရှိသွားပြီး အငြိုးအတေးများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီကောင်က လူယုတ်မာ စကားတွေ ပြောနေပြန်ပြီလား"
လင်းယွမ်၏ မျက်နှာမှာ မဲမှောင်သွားသည်။
သူတို့သည်လည်း စီနီယာအစ်မကြီးတို့၏ စကားကို ကြားလိုက်ရသည်။
စီနီယာအစ်မကြီးပင်လျှင် ခုနစ်ရက်ကြာမှ ပဋိညာဉ် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ယခု ဖန့်ချန်မှာ တစ်နာရီခန့်သာ ကြာသေးသည်။
ဤသို့ဆိုလျှင် ပဋိညာဉ် ရှုံးနိမ့်သွားသည်ဟု ယူဆခြင်းမှာလည်း မှားမည်မဟုတ်ပေ။
သို့သော် သူတို့ သတိမထားမိသည်မှာ စီနီယာအစ်မကြီးနှင့် အခြားသူများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲနေခြင်း ဖြစ်သည်။
တိုက်ပွဲတစ်ရာမသေမျိုးပင်လျှင် ဖန့်ချန်ကို အလွန်လေးနက်သော အမူအရာဖြင့် စူးစိုက်ကြည့်နေသည်။
သူသည် စစ်ဆေးမှုကို နှစ်ကြိမ်တိုင်တိုင် လျှောက်ထားခဲ့ဖူးသဖြင့် ပဋိညာဉ် ရှုံးနိမ့်ခြင်းဆိုသည်မှာ မည်သို့ရှိကြောင်း ကောင်းစွာ သိထားသည်။
ပဋိညာဉ် ရှုံးနိမ့်ပါက အစီရင်ဗဟိုချက်မှာ လုံးဝ ကြေမွပျက်စီးကာ ပျောက်ကွယ်သွားရမည် ဖြစ်သည်။
အခုလို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားရမည် မဟုတ်ပေ။
ဒါပေမဲ့...
ဒါက အချိန်တိုလွန်းနေတာ မဟုတ်လား
တစ်စုံတစ်ယောက်က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အစီရင်ဗဟိုချက်နဲ့ ပဋိညာဉ်ပြုနိုင်တာ တကယ်ပဲ ဖြစ်နိုင်လို့လား အကယ်၍သာ တကယ်ဆိုရင် သူ့ရဲ့ ပါရမီက...
တိုက်ပွဲတစ်ရာမသေမျိုးမှာ ဆက်ပြီး မတွေးရဲတော့ပေ၊ မိမိဘာသာ များများစားစား တွေးမိနေခြင်းသာ ဖြစ်လိမ့်မည်ဟုလည်း ယူဆနေမိသည်။
"ကျန်းချန်... မင်းရဲ့ ခွေးပါးစပ်ကို ပိတ်ထားစမ်း"
ရုတ်တရက် လူရိပ်တစ်ခု လေထုကို ခွဲကာ ရောက်ရှိလာပြီး ကျန်းချန်ကို ငေါက်ငမ်းလိုက်သည်။
သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပြင်းထန်လှပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားမှာ ကျန်းချန်ပေါ်သို့ ကျရောက်သွားရာ ကျန်းချန်မှာ ချက်ချင်းပင် အသက်ရှူကျပ်သွားတော့သည်။
စီနီယာ အကြီးအကဲ ကျန်း
လူအတော်များများမှာ မှင်သက်သွားကြသည်။
ထိုပုဂ္ဂိုလ်သည်လည်း တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်လား။
***