ကျန်းချန်မှာ မှင်သက်အံ့ဩသွားပြီး သူ၏ ဘိုးဘေးဖြစ်သူက ဘာကြောင့် ရုတ်တရက် ပေါ်လာသနည်း၊ ပြီးနောက် သူ့ကို ဘာကြောင့် ရုတ်တရက် ဆူပူကြိမ်းမောင်းရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေရသည်။
စီနီယာ အကြီးအကဲ ကျန်းမှာ ဘာမှမပြောဘဲ ဟင်းလင်းပြင်ကို ဖြတ်၍ ကျန်းချန်၏ ပါးကို ရိုက်ချက်အချို့ ဆင့်ကာ ကျွေးလိုက်တော့သည်။
"ဘိုးဘေး... ကျနော်..."
ကျန်းချန်မှာ အလွန်ပင် မခံမရပ်နိုင်ဖြစ်ကာ ဝမ်းနည်းသွားရသည်။
"မင်းတို့တွေက ဘာရပ်ကြည့်နေကြတာလဲ သူ ပဋိညာဉ် အောင်မြင်၊ မအောင်မြင်ကို မြန်မြန် စစ်ဆေးကြစမ်း။ ရှုံးနိမ့်တာက ဒီလိုမြင်ကွင်းမျိုး မဟုတ်ဘူး"
စီနီယာ အကြီးအကဲ ကျန်းက အကြီးအကဲ ချန်နှင့် စီနီယာအစ်မကြီးတို့ကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
အကယ်၍ ထိုသူနှစ်ဦးသာ ရုတ်တရက် ကြောင်အသွားခြင်း မရှိပါက၊ ပြီးနောက် သူ၏ သားမြေးဖြစ်သူကလည်း ရိုင်းရိုင်းစိုင်းစိုင်း စကားများ မပြောခဲ့ပါက သူသည်လည်း ယခုအချိန်တွင် လူလုံးထွက်ပြမည် မဟုတ်ပေ။
သို့သော် အဓိက အကြောင်းရင်းမှာ ယနေ့ ပြုလုပ်သော အမာခံတပည့် စစ်ဆေးမှုပင် ဖြစ်သည်။
အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် ရှေ့မှ ပုဂ္ဂိုလ်နှင့် အစီရင်ဗဟိုချက်တို့၏ လိုက်ဖက်ညီမှုမှာ သူ ထင်ထားသည်ထက် များစွာ သာလွန်နေပေလိမ့်မည်။
အကြီးအကဲ ချန်သည်လည်း အခြေအနေကို ရိပ်မိသွားပြီး ဖန့်ချန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာကာ လက်ဖဝါးဖြင့် ဖန့်ချန်၏ နဖူးအလယ် ကို အသာအယာ ရိုက်နှိပ်လိုက်သည်။
စီနီယာအစ်မကြီးသည်လည်း တုံ့ပြန်မှု ရှိလာပြီး ဖန့်ချန်၏ ရှေ့သို့ ရောက်လာကာ လေးနက်သော အမူအရာဖြင့် စောင့်ကြည့်နေတော့သည်။
လူအပေါင်းမှာ စီနီယာ အကြီးအကဲ ကျန်း၏ စကားကို ကြားသောအခါ ကြောင်အသွားကြရသည်။
ပဋိညာဉ် ရှုံးနိမ့်ခြင်းက ဒီလိုမြင်ကွင်းမျိုး မဟုတ်ဘူးလား
ဒါဆိုရင်... ပဋိညာဉ် အောင်မြင်သွားတာလား
သူတို့သည် ခုနက ကျန်းချန် ပါးရိုက်ခံလိုက်ရသည်ကို ပြန်လည် မြင်ယောင်လာကြပြီး မျက်နှာအမူအရာများမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေတော့သည်။
လီစီသည် မသိစိတ်ဖြင့် ကျန်းချန်နှင့် အနည်းငယ် အကွာအဝေးတစ်ခုသို့ ခွာလိုက်ပြီး ထိတ်လန့်တုန်လှုပ်သော အမူအရာ ဖြစ်သွားသည်။
ကျိရှန့်၏ ဘေးမှ ကျိထျန်းကျွင်းမှာမူ အံ့အားသင့်သွားသည့် ပုံစံရှိသည်။
စိတ်ပျက်အားငယ်နေကြသော လင်းယွမ်တို့ တစ်သိုက်မှာမူ ယခုအခါ စိတ်ဓာတ်များ ပြန်လည် နိုးကြားလာကြပြီ ဖြစ်သည်။
နန်မင်ရုယွဲ့၊ လီရှမ်းဇီ နှင့် စီနီယာအစ်မ သုံး တို့မှာမူ တစ်ယောက်စီတွင် မတူညီသော အတွေးကိုယ်စီဖြင့် အမူအရာ အသီးသီး ဖြစ်နေကြသည်။
ဖန့်ချန်သည် ရှောင်တိမ်းလိုသော စိတ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး အကြီးအကဲ ချန်၏ လက်ဖဝါးကို သူ၏ မျက်ခုံးဗဟိုပေါ်သို့ အကျခံလိုက်သည်။
ထိုသို့ အသာအယာ ရိုက်နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် စိမ်းဖန့်ဖန့် အစီရင်ဗဟိုချက်တစ်ခုမှာ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာတော့သည်။
၎င်းမှာ အစိုင်အခဲ မဟုတ်တော့ဘဲ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဝေဝါးနေပြီး အလင်းပြကွက် တစ်ခုနှင့် တူလှသည်။
"ဟူး..."
လူတိုင်းမှာ အသက်ရှူသံပြင်းပြင်းဖြင့် အံ့ဩသွားကြရသည်။
ဒါက ပဋိညာဉ် အောင်မြင်သွားတာ အသေအချာပဲ
ကျန်းချန်မှာ ခြေထောက်များ ပျော့ခွေသွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ယုထျန်းကော်၊ နန်မင်ရှောက်ကျဲ တို့မှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားကြသည်။
မယုံနိုင်စရာပဲ
ဖန့်ချန်က တကယ်ပဲ ပဋိညာဉ် အောင်မြင်သွားခဲ့ပြီ။
မျက်စိတစ်မှိတ်အတွင်းမှာတင် အမာခံတပည့် အဆင့်အတန်းကို ခုန်တက်လှမ်းသွားနိုင်ခဲ့ပြီလား။
"တစ်နာရီကျော်ပဲ ကြာတယ်လား... ကျွယ်မင်နန်းတော်ရဲ့ အရင်က သမိုင်းမှာ ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး..."
စီနီယာ အကြီးအကဲ ကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
အကြီးအကဲ ချန်၏ မျက်ဝန်းများမှာလည်း တောက်ပနေတော့သည်။
စီနီယာအစ်မကြီး၏ မျက်နှာမှာမူ ပို၍ပင် လေးနက်သွားသည်။
တစ်နာရီဆိုသည်မှာ သူမ၏ ခုနစ်ရက်ကြာမြင့်ခဲ့သော ပဋိညာဉ်ထက် များစွာ ပို၍ မြန်ဆန်လွန်းလှသည်။
ဘာကြောင့် ဒီလောက်အထိ ကွာခြားချက် ကြီးမားနေရတာလဲ
"ဖန့်မောင်လေး... မင်းရဲ့ ဒီမျက်လုံးနှစ်လုံးက ဘယ်တုန်းက ကွယ်သွားတာလဲ "
စီနီယာအစ်မကြီးက ရုတ်တရက် မေးလိုက်သည်။
လူတိုင်းမှာ ဖန့်ချန်ကို ဝိုင်းကြည့်လိုက်ကြသည်။
စီနီယာအစ်မကြီး သတိပေးလိုက်မှပင်... သို့ဆိုလျှင် ထိုသူတွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေပြီး မျက်စိကွယ်ခြင်းမှာ ထူးခြားသော နိမိတ်ပုံစံတစ်ခု ဖြစ်နေမလား။
ဒါကလည်း ဖြစ်နိုင်ခြေ ရှိသည်။
အချို့သော ထူးခြားသည့် ခန္ဓာကိုယ်များမှာ ပြင်ပတွင် ထူးဆန်းသော ပုံစံများအဖြစ် ပေါ်လွင်တတ်ကြသည်။
ဥပမာအားဖြင့် မွေးလာကတည်းက ခေါင်းတစ်လုံး ပိုနေခြင်း၊ ခြေထောက်နှစ်ချောင်း လျော့နေခြင်း၊ သို့မဟုတ် ကျား၊ မ နှစ်မျိုးလုံး ပါလာခြင်း စသည်တို့ ဖြစ်သည်။
၎င်းတို့မှာ ထူးခြားသော ခန္ဓာကိုယ်များ၏ ပြင်ပလက္ခဏာများ ဖြစ်ပြီး မှန်ကန်သော လမ်းစဉ်ကို ရှာဖွေနိုင်ပါက ကျင့်ကြံခြင်းအပိုင်းတွင် သာမန်ထက် ထူးကဲသော ပါရမီများကို ပြသတတ်ကြသည်။
သို့သော်... မွေးကတည်းက မျက်စိကွယ်သူများမှာ အလွန်ပင် ပေါများလှသဖြင့် ယခင်က မည်သူမျှ ထူးခြားသော ခန္ဓာကိုယ်ဟု မတွေးမိခဲ့ကြပေ။
ဖန့်ချန်၏ ဦးနှောက်ထဲတွင် ထိုနေ့က မြင်ကွင်းများ ပေါ်လာပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်သည်။
"ဒီမျက်လုံးတွေက... ငယ်ငယ်ကတည်းက ကွယ်နေခဲ့တာပါ"
သူသည် မျက်လုံးကို ဖွင့်လိုက်ရာ မီးခိုးဖြူရောင် မျက်စိသူငယ်အိမ်မှာ တစ်ဖက်လူကို အေးစက်မှိုင်းညို့သော ခံစားချက်မျိုး ပေးစွမ်းနေတော့သည်။
"ကြည့်ရတာ မင်းမှာ ငါတို့တွေ တစ်ခါမှ မမြင်ဖူးသေးတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တစ်ခု ရှိနေပုံရတယ်၊ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက သာမန်ထက် ထူးခြားနေတာလား "
စီနီယာအစ်မကြီးက မေးသည်။
"ဟုတ်ပါတယ်၊ နည်းနည်းတော့ ပိုပြီး အားကောင်းပါတယ်"
ဖန့်ချန်က ဖြေလိုက်သည်။
လူတိုင်းမှာ နားလည်သွားသည့် အမူအရာ ဖြစ်သွားကြသည်။
သို့သော် မည်မျှပင် ထူးခြားသော ခန္ဓာကိုယ် ဖြစ်ပါစေ၊ တစ်နာရီကျော်ရုံဖြင့် ပဋိညာဉ် အောင်မြင်သွားခြင်းမှာ အထူးသဖြင့် ရောက်ရှိနေသော အမာခံတပည့်များအတွက် လက်ခံရန် ခက်ခဲနေဆဲ ဖြစ်သည်။
"မင်းရဲ့ ခန္ဓာကိုယ်က ကျင့်ကြံခြင်းအပိုင်းမှာ အားဖြည့်မှု သိပ်မရှိရင်တောင်မှ မသေမျိုးလှေအစီရင် အပိုင်းမှာတော့ အလွန်ကြီးမားတဲ့ အထောက်အကူ ဖြစ်လိမ့်မယ်"
စီနီယာအစ်မကြီး၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
ရှေ့မှ ဖန့်မောင်လေးသည် ဝမ်ချုံစန်း၏ လူဖြစ်သဖြင့် အခြားသူများနှင့် ပတ်သက်မိလိမ့်မည် မဟုတ်ပေ။
ကျွယ်မင်နန်းတော်အတွင်းတွင် သူသည် သူမအတွက် အကောင်းဆုံး လက်ရုံးတစ်ခု ဖြစ်လာပေလိမ့်မည်။
"ဒီနေ့ သတင်းကို ဗိုက်ထဲမှာပဲ ထည့်ထားကြစမ်း၊ အားလုံး သေသေချာချာ ကြားတယ် မဟုတ်လား "
စီနီယာ အကြီးအကဲ ကျန်း၏ အကြည့်မှာ ရောက်ရှိနေသူအားလုံးကို ဝေ့ကြည့်လိုက်သည်။
အမာခံတပည့်များရော၊ အပြင်စည်းကျင့်ကြံသူများပါ အားလုံး ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ထိုသတင်းမှာ မည်မျှပင် ဖုံးကွယ်ထားပါစေ၊ အလွန်ဆုံး နှစ်အနည်းငယ်သာ ဖုံးထားနိုင်မည်ကို သူတို့ သိကြသည်။
နှစ်အနည်းငယ် ကြာလျှင် အခြားသော အင်အားစုများလည်း သိသွားကြမည်ဖြစ်ပြီး၊ နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် အထက်ပိုင်းနယ်မြေသုံးခုရှိ ကျန်ရှိသော နယ်မြေနှစ်ခုကပါ သိသွားကြမည် ဖြစ်သည်။
"မင်းအတွက် နဂါးနက် သင်္ဘောကို တည်ဆောက်ဖို့ ငါ လူလွှတ်လိုက်မယ်၊ အချိန် ခြောက်လလောက် ကြာလိမ့်မယ်။ ဒီခြောက်လအတွင်းမှာ မင်း ကျွယ်မင်နန်းတော်မှာပဲ နေပါ၊ ဘယ်မှ မသွားနဲ့"
"ငါမှတ်မိသလောက်ဆိုရင် မင်းအရင်က ခွင့်ပြုချက်မရှိဘဲ ယင်လောက ကို သွားလို့ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့တယ် မဟုတ်လား တကယ်လို့ ဒီတစ်ခါ ယင်လောကကို သွားချင်ရင် ကျွယ်မင်ယင်လောက အတွင်းမှာပဲ သွားပါ၊ အပြင်ဘက်ကို မထွက်နဲ့"
အကြီးအကဲ ချန်က ဤသို့ပြောပြီးနောက် ခေါင်းခါယမ်းလိုက်ပြန်သည်။
"အကောင်းဆုံးကတော့ အခုလောလောဆယ် ယင်လောကကို မသွားသေးတာ အကောင်းဆုံးပဲ၊ မင်းရဲ့ နဂါးနက်သင်္ဘော ရတဲ့အထိ စောင့်ပါ။ အဲဒီအချိန်ကျရင် ကျွယ်မင်နန်းတော်မှာ မင်းကျင့်ကြံဖို့ လိုအပ်တဲ့ အမွေအနှစ် တစ်ခု ရှိသေးတယ်"
"ဟုတ်ကဲ့ပါ"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
အကြီးအကဲ ချန် ပြောနေသော အမွေအနှစ်မှာ ယင်မသေမျိုး လမ်းစဉ် ဖြစ်နိုင်ကြောင်း သူ သိလိုက်သည်။
သို့သော်... သူသည် ယခုအခါ ငရဲမင်း တစ်ပါး ဖြစ်နေပြီဖြစ်ရာ ထိုအချိန်ကျလျှင် ထိုအပိုင်းတွင် လူမိသွားမလားဆိုသည်ကို သူ မသိပေ။
အမာခံတပည့် အတော်များများမှာ ဖန့်ချန်ကို လာရောက်ဂုဏ်ပြုကြပြီး အမည်များ အပြန်အလှန် မိတ်ဆက်ကြကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။
နန်မင်ရုယွဲ့မှာ ဖန့်ချန်ကို စကားအချို့ ထပ်ပြောချင်ပုံရသော်လည်း စီနီယာအစ်မကြီးက စိတ်မရှည်စွာ လက်ကာပြပြီး မောင်းထုတ်လိုက်သဖြင့် ထွက်သွားရသည်။
စီနီယာအစ်မ သုံး မှာလည်း အခြေအနေကို မြင်သောအခါ အရှက်ကွဲမခံတော့ဘဲ ရှေ့သို့ မတက်တော့ပေ။
လီစီမှာလည်း အကြိမ်ပေါင်းများစွာ ရှေ့တိုးပြီး စကားပြောရန် ကြိုးစားသော်လည်း စီနီယာအစ်မကြီး ရှိနေသဖြင့် မဝံ့မရဲ ဖြစ်ကာ နောက်ဆုံးတွင် နံပါတ် လေး နောက်သို့ မကျေမချမ်းဖြင့် လိုက်ပါသွားရတော့သည်။
ကျန်းချန်မှာမူ ဘယ်ကတည်းက ထွက်သွားသည်မသိ၊ ထိုနေရာတွင် ဆက်၍ မနေလိုတော့ပေ။
"မင်း ငါ့ရဲ့ ကျင့်ကြံရာအရပ် ကို လိုက်မလား၊ ဒါမှမဟုတ် ဟုန်ညီမလေးရဲ့ နေရာကိုပဲ ပြန်မလား "
စီနီယာအစ်မကြီးက ဖန့်ချန်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။
"ကြာနီနတ်မိမယ် ရဲ့ နေရာကိုပဲ ပြန်ပါ့မယ်"
ဖန့်ချန်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ကျွယ်မင်ကြယ်ပေါ်မှာတော့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး"
စီနီယာအစ်မကြီးက အသာအယာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားတော့သည်။
"မှတ်ထားဦး... နဂါးနက်သင်္ဘော အဆင်သင့်ဖြစ်ရင် ငါလူလွှတ်ပြီး အကြောင်းကြားလိုက်မယ်၊ လျှောက်မသွားနဲ့ဦး"
အကြီးအကဲ ချန်ကလည်း ဖန့်ချန်ကို မှာကြားပြီးနောက် ထွက်ခွာသွားသည်။
"ဖန့်မိတ်ဆွေ... ဂုဏ်ယူပါတယ်။ ကျမတို့ အခု တန်းပြန်ကြမလား "
ကြာနီနတ်မိမယ်က ဖန့်ချန်ကို ပြုံး၍ မေးလိုက်သည်။
လင်းယွမ်တို့ သုံးယောက်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
ခေါင်းဆောင်ကရော၊ အသင်းဖော်ကရော နှစ်ယောက်လုံး အမာခံတပည့်တွေ ဖြစ်သွားပြီဆိုတော့ သူတို့ သုံးယောက်ရဲ့ နောက်ခံက ကျွယ်မင်ကြယ်ပေါ်မှာ ဘယ်လောက်တောင် တောင့်တင်းသွားပြီလဲ။
"ကျုပ် အရင်ဆုံး ဂုဏ်ထူးဆောင်နန်းတော် ကို တစ်ချက်သွားချင်သေးတယ်"
ဖန့်ချန်က ဆိုသည်။
"ဆေးလုံးတွေ သွားလဲမလို့လား၊ ဒါမှမဟုတ် မှော်လက်နက်တွေလား "
ကြာနီနတ်မိမယ်က စပ်စုသည့် သဘောဖြင့် မေးလိုက်သည်။
"အဆင့်ထွတ်ထိပ် ဝိညာဉ်ကျောက်တုံး အချို့ သွားလဲမလို့ပါ"
ဖန့်ချန် ပြောလိုက်သည်နှင့် လူတိုင်း၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။
ကြာနီနတ်မိမယ်မှာ အကြာကြီး နှုတ်ဆိတ်နေပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။
"ဂုဏ်ထူးရမှတ်ဆိုတာ ရဖို့ တကယ်ခက်တာပါ... ဒါမျိုးတွေအတွက်တော့ အလဟဿ မဖြုန်းတီးပါနဲ့ဦး၊ အတိုင်းအတာတစ်ခုတော့ ထိန်းထားသင့်တယ်နော်"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."
လင်းယွမ်တို့လည်း လိုက်၍ ထောက်ခံကြသည်။
"စိတ်ချပါ၊ ကျြပ် အများကြီး မဖြုန်းပါဘူး"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဂုဏ်ထူးဆောင်နန်းတော်ဘက်သို့ ပျံသန်းထွက်ခွာသွားတော့သည်။
ကျန်ရှိနေသူများမှာ သူ၏ ကျောပြင်ကို ကြည့်ရင်း လေးနက်သော အမူအရာများဖြင့် စဉ်းစားခန်း ဝင်နေကြတော့သည်။
သူတို့၏ အမြင်တွင်မူ ဖန့်ချန်မှာ မပြန်နိုင်သော လမ်းကို လျှောက်လှမ်းနေသည့် လောင်းကစားသမား တစ်ဦးကို ကြည့်နေရသကဲ့သို့ပင်။
သာမန်ကျင့်ကြံသူများ၏ အမြင်တွင်မူ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးများဖြင့် ကစားခြင်း မှာ အလုပ်မရှိ အလုပ်ရှာခြင်းသာ ဖြစ်ပေတော့သည်။
***