ချွေချုံယီ ကလည်း ထပ်လောင်း၍ တင်ပြလာသည်။ "အရှင်... ဗိုလ်ချုပ်ရှာ မထွက်ခွာခင်တုန်းက ချန်ဆန်းရှီက ရန်ငြိုးထားပြီး အကြောင်းပြချက်တစ်ခုခု ရှာလိမ့်မယ်လို့ တကယ်ပဲ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူက ဗိုလ်ချုပ်ဖန်ကိုတောင် သူ့အစား တခြားတစ်ယောက်ကိုပဲ လွှတ်ဖို့ အကြံပြုခဲ့ပါသေးတယ်"
"တော်တော့"
အိမ်ရှေ့စံက စကားဖြတ်ပြောလိုက်သည်။ "ဒီကိစ္စကို ငါ သိတယ်"
"အရှင်"
ဝတ်စုံနက်ကိုယ်တော်က ဆိုသည်။ "ကျွန်တော်မျိုးရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အနက်ရောင်သံချပ်ကာစစ်သည်တော်တွေကလည်း နောက်ပိုင်းမှာ ဇီဝေတောင်ကို သွားဖို့ စီစဉ်ခံရပါလိမ့်မယ်။ အဲ့ဒီ အနက်ရောင်သံချပ်ကာစစ်သည်တော် သုံးထောင်ထဲမှာ စစ်နတ်ဘုရား ဒါမှမဟုတ် နက်နဲပုံရိပ်အဆင့် တစ်ယောက်မှ မပါပေမဲ့ သူတို့ကလျှော့တွက်လို့မရတဲ့ အင်အားစုတစ်ခုပါပဲ"
...
အိမ်ရှေ့စံသည် လက်တစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ထားရင်း "ယောင်အို... သူ့ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ ဖြစ်နိုင်ခြေ ရှိမလား" ဟု မေးလိုက်သည်။
"ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး"
ဝတ်စုံနက်ကိုယ်တော်က ခွဲခြမ်းစိတ်ဖြာပြသည်။ "ဒီလူက ဧကရာဇ်ကိုယ်တိုင် မြေတောင်မြှောက်ပေးထားတာ ဖြစ်သလို ယန်လျန် ရဲ့ သားကလည်း သူ့လက်အောက်မှာ အမြဲရှိနေတာ။ ဒါ့အပြင် ဆွန်ဒူရှန်နဲ့လည်း ပတ်သက်မှု ရှိနေသေးတယ်။ ဒါပေမဲ့ တကယ်လို့ ဆွဲဆောင်လို့ရမယ်ဆိုရင်တော့ အစွမ်းကုန် ကြိုးစားကြည့်သင့်တာပေါ့။ မရရင်တောင်မှ ဒီလို အရည်အချင်းရှိတဲ့သူကို ရန်သူမလုပ်သင့်ပါဘူး။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ အောင်မြင်သွားရင် သူဟာ အလိုအလျောက် အရှင်မင်းကြီးရဲ့ လက်အောက်ခံ ဖြစ်လာမှာပါပဲ"
"ခမည်းတော်"
ချောင်ဖန်က အသနားခံသည်။ "ချန်ဆန်းရှီ က..."
"မင်းက အိမ်ရှေ့စံရဲ့ သားပဲ၊ သူက ဘာလုပ်ရဲမှာလဲ"
အိမ်ရှေ့စံက သက်ပြင်းချလိုက်ရင်း "တော်ပြီ... ချွေချုံယီ၊ မင်းနဲ့ ချောင်
ဖန်က နောက်ပိုင်းကိစ္စတွေမှာ အတူတူ လှုပ်ရှားကြပါ။ ကျန်းလိုင်ဇီ ရဲ့ ကိစ္စတွေကို ကိုင်တွယ်တာလည်း ပါဝင်တယ်။ မှတ်ထားရမှာက ရန်ငြိုးဖွဲ့တာထက် ရန်ငြိုးပြေတာက ပိုကောင်းတယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ဘာပြဿနာမှ မရှာကြနဲ့ဦး" ဟု မှာကြားလိုက်သည်။
ခွန်လွန်တောင်။
"အရှင်မင်းကြီး"
မိန်းမစိုးချုပ် ဟွမ်ဟုန် က တိုက်ပွဲအစီရင်ခံစာကို ဆက်သလိုက်သည်။ "ဂုဏ်ယူပါတယ် အရှင်... တကယ်ကို ဂုဏ်ယူစရာ သတင်းပါပဲ"
"ဟဲ... သုံးထောင်က တစ်သိန်းကို နိုင်လိုက်တာလား"
အစီရင်ခံစာကို ကိုယ်တိုင် ဖတ်ရှုပြီးနောက် လုံချင်ဧကရာဇ်၏ မျက်နှာတွင် အံ့ဩဝမ်းသာရုံတင်မကဘဲ သတိထား စောင့်ကြည့်သည့် အမူအရာလည်း ပါဝင်နေသည်။ "ဟွမ်ဟုန်... ပြောစမ်းပါဦး၊ ဆွန်ဒူရှန်သာဆိုရင် ဒါမျိုး လုပ်နိုင်မယ်လို့ မင်း ထင်သလား"
"မလုပ်နိုင်လောက်ဘူးလို့ ထင်ပါတယ်"
ဟွမ်ဟုန်က ခေါင်းငုံ့ကာ လျှောက်တင်သည်။ "အဲ့ဒါက လူတစ်သိန်းရှိတဲ့ တပ်မတော်ကြီးပါ။ ပိုပြီး အရေးကြီးတာက ဗိုလ်ချုပ်ချန် လက်အောက်က လူသုံးထောင်ဟာ စုစည်းထားတာ နှစ်လတောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲကြီးမှာ သူတို့ဘက်က အထိအခိုက်က သုံးရာကနေ ငါးရာလောက်ပဲ ရှိတာပါ"
"ဒါဆို သူက ဆွန်ဒူရှန်ထက်တောင် ပိုတော်တယ်လို့ ဆိုလိုတာလား"
အဖိုးအို ဧကရာဇ်၏ နှုတ်ခမ်းဖျားတွင် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ငါ့ရဲ့ ကျယ်ပြောလှတဲ့ တိုင်းပြည်ကြီးမှာ တကယ်ပဲ ပါရမီရှင်တွေ ပေါများနေတာပဲ"
"ကျွန်တော်မျိုးရဲ့ အမြင်အရတော့ ဒါဟာ ကောင်းကင်ဘုံကျမ်းကြောင့် ဖြစ်ဖို့ များပါတယ်"
ဟွမ်ဟုန်က ဖြည်းညှင်းစွာ ဆိုသည်။ "အဲ့ဒီထဲမှာ ပါတဲ့ စစ်ဗျူဟာတွေကို သူတို့ ခင်းကျင်းတဲ့အခါ မြို့တော်မှာ စမ်းသပ်တုန်းကနဲ့ မတူတဲ့ အာနိသင်တွေ ထွက်လာတာပါ။ ဪ... ကျွန်တော်မျိုး စကားများသွားပါပြီ"
လုံချင်ဧကရာဇ်က နှာမှုတ်လိုက်ရင်း "ငါ သိသားပဲ... ဖန်ချင်းယွမ် တို့ အဖွဲ့ တစ်ခုခုကို ဖုံးကွယ်ထားကြတာပဲ။ ထားလိုက်ပါတော့... ငါက စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူ မဟုတ်ပါဘူး။ ဒါရှန် မင်းဆက်အတွက် အကျိုးရှိသရွေ့ သူတို့အားလုံးဟာ ကောင်းမှုရှင်တွေပါပဲ" ဟု ဆိုသည်။
"ဘာပဲဖြစ်ဖြစ် ပြည်နယ် သုံးခုကို ပြန်သိမ်းနိုင်တာနဲ့ ဘုရားကျောင်းကို ပြန်လည် ပြုပြင်နိုင်တာဟာ အကြီးအကျယ် ဂုဏ်ပြုရမယ့် ကိစ္စပဲ။"
"ဟွမ်ဟုန်... ဘိသိက်ခံပွဲ အမိန့်တော်ကို ပြင်ဆင်ဖို့ ဝတ်ပြုရေးဌာနကို အမိန့်ပေးလိုက်။"
"ယဉ်ကျေးမှုဌာနကလည်း စတင် ပြင်ဆင်ရမယ်။"
"ဇီဝေတောင်က ဘိသိက်ခံပွဲ အခမ်းအနားမှာ မြို့တော်က အရပ်ဘက် စစ်ဘက် အရာရှိတွေရော၊ အခုတိုက်ပွဲက သူရဲကောင်းတွေရော အားလုံး ထိုက်ဟူ ခရိုင်မှာ လာရောက် စောင့်ဆိုင်းရမယ်။"
"ငါ ကိုယ်တိုင်လည်း အရှေ့တောင်ဘက်ကို ကြွရောက်မယ်"
ထိုက်ဟူ ခရိုင်။
ဒီနေရာဟာ မင်းဆက် သုံးဆက်ရဲ့ မြို့တော်ဟောင်း ဖြစ်ခဲ့ဖူးပြီး အရှေ့ဘက်နယ်မြေမှာ အစည်ကားဆုံး ခရိုင်မြို့ကြီးလည်း ဖြစ်သည်။ လင်ကျိုးက ရှုပ်ထွေးမှုတွေဟာ ဟူလောင်တောင်ကြား တစ်ဝိုက်မှာပဲ စုနေခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ တခြားဒေသက ပြည်သူတွေဟာ တိုက်ရိုက် ထိခိုက်မှု မရှိခဲ့ကြပေ။
ဒါပေမဲ့ တိုက်ရိုက် မထိခိုက်တာပဲ ရှိတာပါ။
အရှေ့ဘက်နယ်မြေ ပြည်နယ် သုံးခုလုံးဟာ မကြာသေးခင် နှစ်တွေက အထွက်နှုန်း မကောင်းခဲ့ကြသလို စစ်ပွဲကြီး ဖြစ်ပွားခဲ့ခြင်း၊ နန်ရွှီ တပ်မတော်ကြီးက အတင်းအဓမ္မ ရိက္ခာစုဆောင်းခြင်းတွေကြောင့် ပြည်သူတွေရဲ့ ရိက္ခာ အများစုဟာ လအနည်းငယ်အတွင်းမှာတင် ကုန်ခမ်းသွားခဲ့ရသည်။
အခုက နွေဦးရာသီ ဖြစ်နေတာမို့ တစ်နှစ်ပတ်လုံးမှာ အခက်ခဲဆုံး အချိန်လည်း ဖြစ်သည်။ နေရာအနှံ့မှာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံတွေ့နေရပြီး ဒီအတိုင်း ဆက်သွားရင်တော့ လူတွေ ငတ်သေကုန်ကြတော့မှာ ဖြစ်သည်။
ချန်ဆန်းရှီက အစောပိုင်းတုန်းကလိုပဲ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျင့်ပျက် အရာရှိတွေနဲ့ ဂိုဏ်းဝင်တွေကို ကွပ်မျက်ပြီး ရိက္ခာတိုက်တွေကို ဖွင့်ကာ ပြည်သူတွေကို ဝေပေးဖို့ စီစဉ်ခဲ့သည်။ ဒါပေမဲ့ အထက်လူကြီးတွေက ဒီလူတွေဟာ ဒါရှန် ဆီမှာ လက်နက်ချထားသူတွေ ဖြစ်ပြီး ဒေသတည်ငြိမ်ရေးအတွက် သူတို့ကို အားကိုးရမှာမို့လို့ "အပြစ်မဲ့" တဲ့သူတွေကို အလောတကြီး မသတ်သင့်ဘူးလို့ ဆိုကာ ငြင်းပယ်ခဲ့ကြသည်။
စစ်ရိက္ခာ အနည်းငယ်ကို ခွဲဝေပေးဖို့ တောင်းဆိုတာကိုတောင် စစ်သေနာပတိချုပ်မုန်က ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။ တပ်ဖွဲ့ရဲ့ ထောက်ပံ့မှုဟာ အမြဲတမ်း ပိုလျှံနေရမှာ ဖြစ်ပြီး အရပ်သားတွေ သေချင်သေပါစေ စစ်သည်တွေတော့ မငတ်စေရဘူးလို့ သူက ဆိုသည်။
တခြား ပြည်နယ်တွေကနေ ရိက္ခာ လွှဲပြောင်းဖို့ဆိုတာကလည်း...
ပိုပြီးတော့တောင် မဖြစ်နိုင်ပေ။
ချန်ဆန်းရှီမှာ အဲ့ဒီလောက်အထိ အာဏာလည်း မရှိသလို အရည်အချင်းလည်း မရှိသေးပေ။
ဒါပေမဲ့။
နေ့စဉ်နဲ့အမျှ သူ့ဆီကို လာရောက် တိုင်တန်းတဲ့သူတွေ ဒါမှမဟုတ် အစားအသောက် လာတောင်းတဲ့သူတွေ ရှိနေသည်။
အကျင့်ပျက် အရာရှိတွေကို မသတ်နိုင်တဲ့အခါမှာတော့ ချန်ဆန်းရှီ လုပ်နိုင်တာက သူ့ရဲ့ ကိုယ်ပိုင်ငွေတွေကို သုံးပြီး ရိက္ခာတွေ ဝယ်ကာ သူ့အိမ်ရှေ့မှာ နေ့တိုင်း ဆန်ပြုတ်ကျွေးဖို့ပဲ ဖြစ်သည်။ နေ့တိုင်း မနက် ၅ နာရီကနေ ၇ နာရီလောက်အထိ သူ့အိမ်ရှေ့မှာ လူတန်းကြီး ရှည်လျားနေလေ့ ရှိသည်။
သူ့အတွက်တော့ အခုချိန်မှာ ငွေကြေးက လုံလောက်နေပါပြီ။
သိုင်းပညာ အဆင့် တက်လာတာနဲ့အမျှ လိုအပ်တဲ့ အရင်းအမြစ်တွေဟာ ငွေနဲ့ ဝယ်လို့ရတဲ့ အရာတွေ မဟုတ်တော့တာကြောင့် သူ တတ်နိုင်သလောက် ကူညီပေးနေခြင်း ဖြစ်သည်။
ဖန်ချင်းယွမ် ကလည်း ငွေကြေး ထည့်ဝင်သလို ဝမ်ကျိီကလည်း ပါဝင်သည်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ဒါကို တိတ်တဆိတ်ပဲ လုပ်ဖို့ မှာကြားကြသည်။ အကြီးအကျယ် လုပ်လိုက်ရင် နန်းတွင်းအပေါ် ထိခိုက်နိုင်သလို ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခရောက်နိုင်တယ်လို့ သူတို့က သတိပေးကြသည်။
ဒါကြောင့် ချန်ဆန်းရှီက ဒီကိစ္စကို သူ့လက်အောက်ငယ်သားတွေကိုပဲ လွှဲပေးထားလိုက်သည်။
"အိမ်က စာလာတယ်"
ရက်အနည်းငယ်အကြာမှာတော့ နေရာအနှံ့က စာတွေ ရောက်ရှိလာသည်။
မြင်းတပ်သားတွေက စာတွေကို တစ်အိမ်တက်ဆင်း လိုက်ပို့ပေးနေကြသည်။
စစ်ပွဲပြီးသွားပြီဖြစ်လို့ ဆက်သွယ်ရေး လမ်းကြောင်းတွေလည်း ပြန်ပွင့်သွားပြီ မဟုတ်ပါလား။
စစ်သည် အများစုဟာ သူတို့ မိသားစုတွေနဲ့ ပြန်လည် ဆက်သွယ်နိုင်ခဲ့ကြသော်လည်း အချိန်တော့ အတော်ပေးခဲ့ရသည်။
ဘုရင်ခံအိမ်တော်ကနေ ဟိုင်တုန်ချင်နဲ့ ပို့လိုက်တဲ့ ချန်ဆန်းရှီရဲ့ စာကတော့ အများကြီး ပိုမြန်သည်။
သူသည် လှံရှည်ကို ချလိုက်ပြီး စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။
စာထဲမှာတော့ အိမ်မှာ အားလုံး အဆင်ပြေကြောင်းနဲ့ စိတ်မပူဖို့၊ မသိလိုက်ဘဲ လဝက်လောက် ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ ချန်ဒူဟယ် လေးတောင် စကားတွေ စတင် ပေါက်ကရ ပြောနေပြီဖြစ်ကြောင်း၊ နောက်ထပ် လဝက်လောက်ဆိုရင် စကားစပြောနိုင်တော့မှာ ဖြစ်ကြောင်း ရေးထားသည်။
ဆွန်ပုချီက အတွင်းအားသန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီဖြစ်သလို ဆွန်လီ ကလည်း ဟွာကျန်း အဆင့်ကို ရောက်သွားပြီ ဖြစ်သည်။
စသည်ဖြင့်... စသည်ဖြင့်...
အခြေခံအားဖြင့်တော့ မိသားစုကြားက သာမန် စကားစမြည်တွေသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အားလုံး ဘေးကင်းနေတာက အကောင်းဆုံး မဟုတ်ပါလား။
"ခရမ်းရောင်ချီတွေ ထပ်ကုန်ပြန်ပြီ"
ချန်ဆန်းရှီက ဝိညာဉ်ပုတီးစေ့ကို ကိုင်ထားရင်း အတွင်းထဲက ခရမ်းရောင်ချီတွေကို စစ်ဆေးလိုက်သည်။
ဒီခရမ်းရောင်ချီတွေကတော့ တကယ်ကို မခံတာပဲ။
***