"ကျွန်တော်မျိုး မှတ်သားထားလိုက်ပါပြီ"
ဘုရားကျောင်းအစေခံက "နောက်သုံးရက်နေရင် ဒီကို တစ်ခေါက် ပြန်လာခဲ့ပေးပါ၊ အဲ့ဒီအခါကျရင် လူတစ်ယောက်က ခင်ဗျားနဲ့ ဆွေးနွေးပါလိမ့်မယ်"
ချန်ဆန်းရှီက နှာခေါင်းရှုံ့ကာ အထင်သေးသည့်အမူအရာဖြင့်လှည့်ထွက်သွားပြီး လူမြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
...
ဇီဝေတောင်။
အနက်ရောင်သံချပ်ကာစစ်သည်တော် သုံးထောင်နှင့် ဟူပန် တပ်မတော် မှ ထုတ်နှုတ်ထားသော စစ်သည် သုံးထောင်တို့သည် တောင်ခြေတွင် စုရုံးရောက်ရှိနေကြသည်။
အမိန့်ရရှိပြီးနောက်။
သူတို့သည် တောင်ပေါ်ရှိ လူသူများကို စတင် ရှင်းလင်းကြတော့သည်။
တကယ်တော့ သူတို့ဟာ အထွေထွေအလုပ်ကြမ်းတွေကိုပဲ လုပ်နေကြရခြင်း ဖြစ်သည်။
အစောပိုင်းကတည်းက ရောက်ရှိနေတဲ့ ဝတ်ပြုရေးဌာနက အရာရှိအချို့ရဲ့ ညွှန်ကြားမှုအောက်မှာ တောင်ပေါ်က ပစ္စည်းကိရိယာတွေကို အကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေကြရသည်။
ဇီဝေတောင်ဟာ ပေပေါင်းရာချီ မြင့်မားသော်လည်း တောင်ထိပ်သို့ တက်နိုင်သည့် လှေကားထစ် လမ်းကြောင်းပေါင်း တစ်ဒါဇင်ကျော် ရှိနေသည်။ ထို့ပြင် တောင်ပေါ်တွင်လည်း နန်းတော်အဆောက်အအုံများ တန်းစီလျက်ရှိရာ ၎င်းတို့၏ ခမ်းနားမှုမှာ နိုင်ငံအသီးသီးရှိ မြို့တော် နန်းတော်ကြီးများပြီးလျှင် ဒုတိယအလိုက်နိုင်ဆုံး ဖြစ်သည်။
ဤအဆောက်အအုံများကို တည်ဆောက်ရန်အတွက်ပင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရသလို ငွေကြေး၊ ပစ္စည်းနှင့် လူအင်အား အမြောက်အမြား အသုံးပြုခဲ့ရသည်ဟု ဆိုကြသည်။
ထို့ကြောင့်။
ဇီဝေတောင်သည် ချင်နိုင်ငံလက်ထဲသို့ ရောက်ရှိသွားခဲ့စဉ်ကပင် မည်သူကမျှ ဖျက်ဆီးပစ်ရန် မဝံ့ရဲခဲ့ကြပေ။ ဒါရှန် ပြည်သူတို့၏ ဘုရားကျောင်းကိုပင် ဖြိုဖျက်ခြင်းမပြုဘဲ ပိတ်ရုံသာ ပိတ်ထားခဲ့ကြခြင်း ဖြစ်သည်။ ၎င်း၏ ဘေးတွင်မှ ပိုမိုခမ်းနားသော ဘုရားကျောင်းသစ်တစ်ခုကို တည်ဆောက်ကာ သူတို့၏ "သဘောထားကြီးမှု" နှင့် အာဏာစက်ကို ပြသခဲ့ကြသည်။
ဒါကတော့ တရားဝင် ပြောဆိုချက်တွေသာ ဖြစ်သည်။
ချန်ဆန်းရှီ၏ အမြင်အရတော့။
ချင်နိုင်ငံသည်လည်း ဘိုးဘေးချောင်ရှဲ့ ထားရစ်ခဲ့သော ပစ္စည်းများကို ရှာဖွေနေခြင်း ဖြစ်နိုင်ပြီး တစ်ခုခု လွဲချော်သွားမည်ကို စိုးရိမ်သဖြင့် ဘုရားကျောင်းဟောင်းကို ချန်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
နှစ်ပေါင်း တစ်ရာကျော်ကြာအောင် လူအများအပြား ရှာဖွေခဲ့ကြသော်လည်း ဘာမှ ရှာမတွေ့ခဲ့ကြပေ။
သူ၏ စိတ်ထဲတွင်လည်း မျှော်လင့်ချက် သိပ်မရှိလှသော်လည်း...
"ဝုန်း.."
ချန်ဆန်းရှီ တစ်ယောက်တည်း ရေရွတ်နေစဉ်မှာပင် သူ၏ ရင်ဘတ်ထဲရှိ ဝိညာဉ်ပုတီးစေ့သည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ရုတ်တရက် တုန်ခါလာခဲ့သည်။
"ဒီပစ္စည်းက ငါနဲ့ ရေစက်ရှိနေတာပဲ"
သူသည် လူသတိမထားမိစေရန် လူသူကင်းဝေးသည့် နေရာတစ်ခုသို့ သွားလိုက်သည်။
ဒီ ဝိညာဉ်ပုတီးစေ့ က တကယ်ပဲ ရတနာကို ရှာပေးနိုင်တာလား။
ကြည့်ရတာ တကယ့်ကို ရေစက်ရှိနေပုံရသည်။
သို့သော် ချန်ဆန်းရှီသည် အလွန်အမင်း စိတ်လှုပ်ရှားခြင်း မရှိပေ။
ရလျှင်လည်း ကံ၊ မရလျှင်လည်း ကံဟုသာ သူ သဘောထားသည်။
ပထမဆုံး သူသည် စမ်းသပ်ကြည့်ရမည် ဖြစ်ပြီး တကယ်လို့ ရနိုင်မယ့် အခွင့်အရေး ရှိလာမည်ဆိုလျှင်တော့ သေချာပေါက် ကောင်းမွန်လှပေသည်။
ဝိညာဉ်ပုတီးစေ့ ထံမှ လာသော ခံစားချက်အရ ထိုအရာသည် အရှေ့တောင်ဘက် အရပ်တွင် ရှိနေကြောင်း သူ ဆုံးဖြတ်လိုက်သည်။
သူသည် မိမိ၏ ရာထူးအရှိန်အဝါကို အသုံးချကာ ထိုနေရာသို့ အမြန် သွားလိုက်သည်။
ရောက်ရှိသွားသည့် နေရာမှာ နက်ရှိုင်းသော ရေကန်ကြီးတစ်ခု ဖြစ်သည်။
နေ့ခင်းဘက်တွင် သွားလာရန် မသင့်လျော်ပေ။
ချန်ဆန်းရှီသည် ညမိုးချုပ်သည်အထိ လူမသိအောင် စောင့်ဆိုင်းနေခဲ့ပြီးနောက် ရုပ်ဖျက်ကာ ရေထဲသို့ ခုန်ဆင်းလိုက်သည်။ ဝေဝါးသော ခံစားချက်တစ်ခု၏ လမ်းညွှန်မှုဖြင့် သူသည် ရေအောက် အနက်ပိုင်းသို့ ကူးခတ်သွားခဲ့သည်။ ဘယ်လောက်ကြာအောင် ကူးခဲ့မိသည်မသိ၊ ကျဉ်းမြောင်းသော အပေါက်တစ်ခုကို တိုးဝင်ပြီးနောက် ရုတ်တရက် ကျယ်ပြောပြီး ရှုပ်ထွေးလှသော မြေအောက်လိုဏ်ဂူကြီးတစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။
လွန်ခဲ့သော ရာစုနှစ်အတွင်း ဤနေရာကို မည်သူမျှ ရှာမတွေ့ခဲ့ခြင်းမှာ မဆန်းတော့ပေ၊ ၎င်းသည် အလွန်ပင် လျှို့ဝှက်လွန်းလှသည်။
သာမန်လူတစ်ယောက်အနေဖြင့်။
ရေအောက်တွင် ရှာဖွေရန် စဉ်းစားမိလျှင်ပင် ကန်အောက်ခြေရှိ ရှုပ်ထွေးလှသော ကျောက်တုံးပုံများကြားမှ မှန်ကန်သော အဝင်ပေါက်ကို ရှာတွေ့ရန် မလွယ်ကူသလို၊ လမ်းတိုလမ်းကြားများပြားလှသော ရေအောက်လိုဏ်ဂူထဲတွင် မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ဤနေရာကို ပြင်ပလူများ လုံးဝ ရှာမတွေ့နိုင်ပေ။
မျိုးဆက်အဆက်ဆက်က ဧကရာဇ်များသာလျှင် ဤသဲလွန်စများကို သိရှိထားကြခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့်လည်း အခွင့်အရေး ရသည်နှင့် လုံချင်ဧကရာဇ်သည် ဇီဝေတောင်ကို ပြန်သိမ်းရန် အလွန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။ သို့သော် အတွင်းထဲတွင် ဘာတွေ ရှိနေမည်လဲဆိုတာကိုတော့ မသိရသေးပေ။
ဝိညာဉ်ပုတီးစေ့ ထံမှ ခံစားချက်မှာ ဆက်လက် ရှိနေဆဲ ဖြစ်သည်။
ချန်ဆန်းရှီသည် သူ၏ ခါးမှ ဟယ်မြောင်ဓားကို ဆွဲထုတ်လိုက်ကာ သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။
ပုရွက်ဆိတ်တွင်းကဲ့သို့ ရှုပ်ထွေးလှသော လိုဏ်ဂူများကြားတွင် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ရှေ့တွင် ကျောက်တံခါးကြီးတစ်ခုကို မြင်လိုက်ရသည်။
သူသည် ကျောက်ခဲအချို့ကို ကောက်ယူကာ ထောင်ချောက်များ ရှိမရှိ စစ်ဆေးရန် ကျောက်တံခါးဆီသို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် အရှိန်အဝါကြည့်ရှု့ခြင်းဖြင့် အကြိမ်ကြိမ် အကဲခတ်ပြီးမှသာ ဓားကို အသင့်ပြင်လျက် တံခါးဆီသို့ သတိထား ချဉ်းကပ်လိုက်သည်။
လှုပ်တောင်မလှုပ်ပေ။
ဤကျောက်တံခါးသည် လူတစ်ရပ်ထက် အနည်းငယ်သာ မြင့်မားပြီး ကြည့်ရသည်မှာ သိပ်မလေးလံသလို ထင်ရသော်လည်း မည်သို့ပင် ကြိုးစားစေကာမူ လုံးဝ မလှုပ်ရှားပေ။ အထူးစီမံချက် သို့မဟုတ် ကန့်သတ်ချက် တစ်ခုခု ရှိနေရမည်။
သူသည် ခြေလှမ်း တစ်ရာခန့် နောက်ဆုတ်လိုက်ပြီး ကျောက်တုံးကြီး တစ်တုံးကို မကာ သူ၏ အတွင်းအားနှင့် ခန္ဓာကိုယ် ခွန်အားကို ပေါင်းစပ်၍ ကျောက်တံခါးဆီသို့ တိုက်ရိုက် ပစ်ပေါက်လိုက်သည်။ သာမန် အခြေအနေမျိုးတွင် သံတံခါးတစ်ခုပင်လျှင် ဤဒဏ်ကြောင့် ပုံပျက်သွားနိုင်ပေသည်။
ဤတစ်ကြိမ်တွင်မူ။
သူ၏ အရှိန်အဝါကြည့်ရှု့ခြင်းဖြင့် ကြည့်လိုက်သောအခါ ကျောက်တံခါးပေါ်တွင် ပါးလွှာသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
"မသေမျိုး အတတ်ပညာ"
ချန်ဆန်းရှီသည် မှန်ကန်သော နေရာကို ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ပိုမို သေချာသွားခဲ့သည်။
သူသည် တွန့်ဆုတ်မနေဘဲ ဓားချီမန္တန်ကို ချက်ချင်း အသုံးပြုလိုက်သည်။
"ဒုန်း.."
သို့သော် ရလဒ်မှာ အတူတူပင်။
ချန်ဆန်းရှီ မည်သည့်နည်းလမ်းကို သုံးစေကာမူ အနီရောင်အလင်းတန်းက အမြဲတမ်း ပိတ်ဆို့ထားပြီး ကျောက်တံခါးမှာ မြဲမြံစွာ ရှိနေဆဲ ဖြစ်သည်။ အင်အားသုံး၍ ဖွင့်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ကို လက်လှမ်းရသကဲ့သို့ ခက်ခဲလှပေသည်။
ကြည့်ရသည်မှာ။
သူ တစ်ယောက်တည်းနှင့်တော့ ဖြစ်နိုင်ခြေ မရှိပေ။
မသေမျိုးရှာဖွေရေးမျှော်စင် နဲ့ ညှိနှိုင်းရမလား။
မဖြစ်သေးပေ။
မသေမျိုးရှာဖွေရေးမျှော်စင် ထက်။
ချန်ဆန်းရှီသည် သူ၏ စီနီယာအစ်ကိုကြီးကို ပို၍ ယုံကြည်သည်။
ဓားချီမန္တန်၊ မသေမျိုးရှာဖွေရေးမျှော်စင် စသည်တို့နှင့် သူသည် နင်ရှန်တို့အဖွဲ့နှင့် အရောင်းအဝယ် လုပ်နိုင်စွမ်း ရှိနေခြင်းမှာ သူ၏ နောက်ကွယ်တွင် ဆရာ နှစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။ ဆွန်ဒူရှန်ရဲ့ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်သာ မရှိရင် သူ့ကို ဘယ်သူမှ ဂရုစိုက်ကြမှာ မဟုတ်ပေ။
အရင်တုန်းကတော့။
အကြောင်းအရာ အများအပြားကို သူ ဝေမျှခြင်း မပြုခဲ့ပေ။
စီနီယာအစ်ကိုကြီး ပြောခဲ့သလိုပင်၊ လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေနဲ့ လျှောက်ရမယ့် လမ်းစဉ်တွေ ရှိကြသည် မဟုတ်ပါလား။
မပြောပြနိုင်လို့ မဟုတ်ဘဲ ပြောပြဖို့ မလိုအပ်လို့သာ ဖြစ်သည်။
ကျော်လွှားလို့ မရတဲ့ အခက်အခဲနဲ့ ကြုံရတဲ့ အခါမှသာ လိုအပ်ခြင်း ဖြစ်သည်။
ဤသို့ တွေးတောရင်း။
ချန်ဆန်းရှီသည် လာခဲ့သည့် လမ်းအတိုင်း ပြန်လာခဲ့ပြီး ထိုညမှာပင် ဖန်ချင်းယွမ် နေထိုင်ရာသို့ သွားရောက်ခဲ့သည်။ မသေမျိုးရှာဖွေရေးမျှော်စင် က မိန်းမစိုးပေးခဲ့သည့် သတင်းများနှင့် သူ၏ ရှာဖွေတွေ့ရှိမှုများကို အကျဉ်းချုပ် ပြောပြလိုက်သည်။
"အင်း..."
ဖန်ချင်းယွမ်သည် လဲလျောင်းနေရာမှ ထလာခဲ့သည်။ သူသည် အတွင်းခံအင်္ကျီကိုသာ ဝတ်ဆင်ထားပြီး သူ၏ ဖြူဖျော့နေသော မျက်နှာမှာ ဖယောင်းတိုင်အလင်းအောက်တွင် ပို၍ပင် ဖြူဖွေးနေတော့သည်။
"ပုလွေကြောင့်လား"
ဟူလောင်တောင်ကြား တိုက်ပွဲပြီးကတည်းက စီနီယာအစ်ကိုကြီးသည် ဖျားနာနေပြီး အနားယူနေရသည်ကို ချန်ဆန်းရှီ သတိပြုမိလိုက်သည်။
"မဟုတ်ပါဘူး"
ဖန်ချင်းယွမ်က အသာအယာ ခေါင်းခါပြသည်။ "ပုလွေက ငါ့ရဲ့ အသက်သွေးကို ကုန်ခမ်းစေတာ မှန်ပေမဲ့ ငါ့ရဲ့ ဖျားနာမှုကတော့ ကြာပြီ၊ အဲ့ဒါနဲ့ မဆိုင်ပါဘူး။ ဆက်ပြောပါဦး ညီငယ်"
ချန်ဆန်းရှီက "... အဲ့ဒါကတော့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အကြမ်းဖျင်းပါပဲ" ဟု အဆုံးသတ်လိုက်သည်။
"မှန်တယ်"
ဖန်ချင်းယွမ်က အံ့ဩခြင်း မရှိပေ။ "လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက အရှင်မင်းကြီးက ငါတို့ဆရာ့ကို ပြည်နယ် သုံးခုကို တိုက်ခိုက်ဖို့ ခိုင်းခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက စစ်ပွဲတွေ ဖြစ်နေတာ နှစ်တော်တော်ကြာပြီမို့ ဆရာက စစ်အင်အားကို မကုန်ခမ်းစေချင်လို့ အကြောင်းပြချက် တစ်ခုခုပေးပြီး ပုန်းနေခဲ့တာ။
"ဧကရာဇ်က ဒီလောက်အထိ လိုချင်နေတာကို ကြည့်ရင် ဇီဝေတောင်မှာ တစ်ခုခု ရှိနေမယ်လို့ ငါတို့ သံယယ ရှိခဲ့ကြတာ။"
"မထင်မှတ်ဘဲ ညီငယ်က ကံကောင်းထောက်မစွာနဲ့ ဒါကို ရှာတွေ့သွားတာပဲ။"
"မင်း ပြောပုံအရဆိုရင် အဲ့ဒီမှာ ထူးခြားတဲ့ မန္တန်ပညာနဲ့မှ ဖွင့်လို့ရမယ့် ကန့်သတ်ချက် တစ်ခု ရှိနေရမယ်။ တံခါးပွင့်သွားရင်တောင် အတွင်းထဲမှာ အန္တရာယ်တွေ ရှိနေနိုင်သေးတယ်။ ဝမ်းနည်းစရာ ကောင်းတာကတော့... မင်းရဲ့ အစ်ကိုကြီးက မင်းကို တကယ်ပဲ မကူညီနိုင်တာပါပဲ"
***