ယန်မောက်ရှင်းက "ဒါက ချင်မင်းသားပါ၊ ဒါကတော့ ချီမင်းသားပါ" ဟု မိတ်ဆက်ပေးသည်။
ချင်မင်းသားနှင့် ချီမင်းသားဆိုသည်မှာ စတုတ္ထမြောက်မင်းသားနှင့် အဋ္ဌမမြောက်မင်းသားတို့ကို ဆိုလိုခြင်း ဖြစ်သည်။
"..."
ချန်ဆန်းရှီ အနည်းငယ် အံ့အားသင့်သွားရသည်။
ဒါက ဘယ်လိုဖြစ်တာလဲ။ ရှောင်လို့ကိုမလွတ်နိုင်တော့ဘူးလား။
ဒါ့အပြင် တစ်ခုခုတော့ မှားနေသလိုပဲ။
ယန်အဖွဲ့ဆိုတာ ဧကရာဇ်ရဲ့ လက်ယုံတော်တွေ မဟုတ်ပါလား။
သူ ခန့်မှန်းကြည့်နိုင်သည်။ ဒီလိုအခြေအနေမျိုးမှာ ယန်မောက်ရှင်းက ဘာလို့ အိမ်ရှေ့စံ ရာထူးလုပွဲထဲ ပါဝင်ပတ်သက်ရဲရတာလဲ။ ဒါဟာ ဧကရာဇ်ရဲ့ အမျက်တော်ရှနိုင်တဲ့ အကြီးမားဆုံး တားမြစ်ချက်ကို ချိုးဖောက်နေတာ မဟုတ်ဘူးလား။
ဒါတင်မကသေးပေ။
ယန်ချန်ချင်း ပြောပြချက်အရ သူ၏အဖိုး ယန်လျန်သည် အသက်ကြီးပြီဖြစ်၍ မရောက်လာသေးကြောင်း သိရသည်။
နန်းတော်အတွင်းက အစောင့်အကြပ်တွေရဲ့ အနေအထားကို ကြည့်ရတာလည်း တစ်ခုခုကို လျှို့ဝှက်လုပ်ဆောင်နေသလိုပင်။
ယန်မောက်ရှင်းက သူ့အဖေကွယ်ရာမှာ မင်းသားတွေနဲ့ တိတ်တဆိတ် ဆက်သွယ်နေတာလား။
တကယ့်ကို ရှုပ်ထွေးလှပေသည်။
သားအဖချင်း၊ ဘုရင်နဲ့ အမတ်ချင်းကြားမှာ အားလုံးက ဉာဏ်ကစားနေကြခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် စားပွဲတွင်။
ယန်မောက်ရှင်းနှင့် တခြားလူများသည် သူ့ကို တစ်ဆင့်စကားဖြင့် သွယ်ဝိုက်ပြီး သိမ်းသွင်းရန်သာ ကြိုးစားကြပြီး ပွင့်ပွင့်လင်းလင်း ခိုင်းစေတာမျိုး မရှိသဖြင့် ဤစားပွဲမှာ ဝေဝါးစွာဖြင့်ပင် ပြီးဆုံးသွားခဲ့သည်။
မင်းသားနှစ်ပါးထံမှလည်း ဝိညာဉ်စွမ်းအား သို့မဟုတ် ခရမ်းရောင်ချီကဲ့သို့ ထူးခြားမှုမျိုး မတွေ့ရဘဲ သာမန်သိုင်းပညာရှင်များသာ ဖြစ်ကြသည်။
"ငါ့ရဲ့ စီနီယာအစ်ကိုဆီကို ပြောင်းနေမှ ဖြစ်မယ်"
ချန်ဆန်းရှီ ဆုံးဖြတ်လိုက်သည်။ "ဒါမှ ဒီလူတွေ ငါ့ဆီကို ခဏခဏ လာမနှောင့်ယှက်တော့မှာ။ ပြီးတော့ စီနီယာအစ်ကို့ရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးလို့ရမယ်။ ဟုတ်သားပဲ၊ ဒီနေ့ တောင်စောင့်နတ်ဘုရားကျောင်းကို သွားရဦးမယ်"
သူသည် ရုပ်ဖျက်လိုက်ပြီး ကျန်းလိုင်ဇီအသွင်ကို ထပ်မံယူကာ လူစည်ကားသော နံနက်ခင်းအချိန်ကို အခွင့်ကောင်းယူ၍ တောင်စောင့်နတ်ဘုရားကျောင်းသို့ ရောက်ရှိလာသည်။ ထို့နောက် ဘုရားကျောင်းအစေခံ၏ ကော်လာကို ဆွဲကာ အထက်စီးမှ မေးမြန်းလိုက်သည်။
"ဟေ့ကောင်။ ဒီသူရဲကောင်းကြီး တောင်းထားတာ ရပြီလား၊ မရသေးဘူးလား"
"သူရဲကောင်းကြီး။ လူတစ်ယောက်က ခင်ဗျားကို စောင့်နေပါတယ်"
ဘုရားကျောင်းအစေခံက ရိုသေစွာ ဆိုသည်။ "ဘေးက နန်းဆောင်ငယ်လေးထဲမှာပါ"
"ခင်ဗျားက သူရဲကောင်း ကျန်းလိုင်ဇီ ဖြစ်ရမယ်"
သာမန်အရပ်သားဝတ်စုံကို ဝတ်ဆင်ထားသော ချောင်ဖန် ပေါ်လာသည်။
သူ၏ဘေးတွင် ယွမ်ရှောင်ကျိီနှင့် တခြားလူများလည်း ပါလာကြသည်။
"မှန်တယ်"
ချန်ဆန်းရှီက မျက်မှောင်ကြုတ်ကာ တစ်ဖက်လူကို အကဲခတ်လိုက်သည်။ "လူငယ်။ မင်းက ဘယ်သူလဲ။ ဒီသူရဲကောင်းကြီး အလိုရှိတာကို အမြန်ထုတ်ပေးစမ်း"
"သူရဲကောင်း ကျန်းလိုင်"
ချောင်ဖန်က သူ၏ရင်ဘတ်ထဲမှ ကြွေပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ "ဒီဆေးကို မသေမျိုး ဆေးလုံးတစ်ဝက်လို့တောင် သတ်မှတ်လို့ရပါတယ်။ ကျွန်တော့်အဖေဆီမှာတောင် ဒါတစ်လုံးပဲ ရှိတာပါ။ ဒါကကျွန်တော်တို့ရဲ့ စေတနာအစစ်အမှန်ပါ၊ လက်ခံပေးပါ သူရဲကောင်းကြီး"
"မင်းအဖေက လူအခြေအနေ သိသားပဲ"
ချန်ဆန်းရှီက အားမနာတမ်းပင် အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ သူတို့ကို ကြည့်ရင်း "နောက်ထပ် ဘာရှိသေးလဲ" ဟု မေးလိုက်သည်။
"နောက်ထပ်..."
ယွမ်ရှောင်ကျိီနှင့် လင်ရွှီကျိီတို့ အချင်းချင်း ကြည့်လိုက်ကြရင်း ဤလူမှာ အတော်လေး လောဘကြီးသည်ဟု တွေးမိကြသည်။
သူသည် ဝန်လေးစွာဖြင့်ပင် သူ၏ရင်ဘတ်ထဲမှ အမွှေးတိုင်အိုးလေးတစ်လုံးကို ထုတ်လိုက်သည်။ "သူရဲကောင်း ကျန်းလိုင်။ ဒါကတောင်စောင့်နတ်
ဘုရားကျောင်းကနေ လေးလကြာအောင် စုဆောင်းထားတဲ့ ခရမ်းရောင်ချီတွေပါ။ ကျွန်တော်တို့ အမွှေးတိုင် နတ်ဘုရားဂိုဏ်း မှာလည်း အလွန်အမင်း လိုအပ်နေလို့ ဒီထက်ပိုပြီးတော့ မပေးနိုင်တော့ပါဘူး။ ဒါပေမဲ့ အလုပ်ပြီးသွားပြီဆိုရင်တော့ သူရဲကောင်းအတွက် လုံလောက်အောင် သေချာပေါက် စီစဉ်ပေးပါ့မယ်"
"ဒါပဲလား"
ချန်ဆန်းရှီက မကျေနပ်သည့် အမူအရာ ပြလိုက်သည်။
"ခင်ဗျား..."
ယွမ်ရှောင်ကျိီနှင့် တခြားလူများက တစ်ခုခု ပြန်ပြောချင်သော်လည်း။
ချောင်ဖန်က တားမြစ်လိုက်သည်။ "သူရဲကောင်း ကျန်းလိုင်။ တခြားဘာတွေ အလိုရှိသေးလဲသာ ပြောပါ။ ကျွန်တော်တို့ တတ်နိုင်တာဆိုရင် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်"
"မင်းတို့တွေ..."
ချန်ဆန်းရှီက သူတို့ကို သေချာကြည့်ရင်း ဆိုသည်။ "မကြာသေးခင်က ဇီဝေတောင်ပေါ်မှာ တစ်ခုခုကို ရှာနေကြတယ် မဟုတ်လား"
လုံချင်ဧကရာဇ်က ဇီဝေတောင်ပေါ်က တစ်ခုခုကို လိုချင်နေတာဖြစ်သဖြင့် အိမ်ရှေ့စံကလည်း ဒါကို သိနေမှာဖြစ်ပြီး သူလည်း ရှာဖို့ ကြိုးစားနေမှာ သေချာသည်။
ဘိုးဘေးချောင်ရှဲ့ ထားရစ်ခဲ့တဲ့ လျှို့ဝှက်အခန်းမှာ ထူးခြားတဲ့ ကန့်သတ်ချက်တွေ ရှိနေသလို ချောင် မိသားစုဝင် တစ်ယောက်ယောက်ကမှ ဖွင့်လို့ရနိုင်ခြေ ရှိတာကြောင့် သူတို့ကို ဘာလို့ အသုံးမချရမှာလဲ။
ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ခွန်အားနဲ့တော့ အဲ့ဒီလျှို့ဝှက်အခန်းကို ဖွင့်နိုင်မှာ မဟုတ်ပေ။
ဒါကြောင့် ချောင် မိသားစုဖြစ်စေ၊ မသေမျိုးရှာဖွေရေးမျှော်စင် ဖြစ်စေ ရနိုင်တဲ့ အကူအညီမှန်သမျှကို အသုံးချတာက အကောင်းဆုံးပင် ဖြစ်သည်။
"သူရဲကောင်းကြီးက ဒါကိုတောင် သိနေတာလား"
ချောင်ဖန် အနည်းငယ် အံ့အားသင့်သွားသည်။
ဒီ ကျန်းလိုင် ဆိုတဲ့သူက တကယ့်ကို ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ပညာရှင်တစ်ယောက် ဖြစ်ရမယ်၊ သူ့မျက်စိကို ဘာမှ ဖုံးကွယ်လို့ မရသလို သူ ပြောလိုက်တဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ကိုလည်း နားလည်ပြီး အနည်းငယ် အခက်တွေ့သွားဟန်ဖြင့် "ဘိုးဘေးကြီး ချောင်ရှဲ့ ထားရစ်ခဲ့တဲ့ အမွေအနှစ်တွေကို ခွဲဝေယူချင်တာလား။ ဒါကတော့ မသင့်တော်ဘူး ထင်တယ်" ဟု ဆိုသည်။
"နှမြောလိုက်တာ၊ စေတနာလည်း မရှိဘူး"
ချန်ဆန်းရှီက အမွှေးတိုင်အိုးကို ယူကာ ထွက်ခွာဖို့ ပြင်လိုက်သည်။
"ခဏစောင့်ပါဦး။ ဘေးကို ခဏလောက် ဖယ်ပြီး စကားပြောရအောင်"
ချောင်ဖန်က သွားကြိတ်ကာ "ဒီကိစ္စကို ကျွန်တော့်အဖေဆီ တင်ပြပါ့မယ်၊ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့... အဲ့ဒီမတိုင်ခင် သူရဲကောင်းကြီး ကူညီပေးစေချင်တဲ့ တခြားကိစ္စတစ်ခု ရှိပါသေးတယ်"
ချန်ဆန်းရှီက သူ့ကို တစ်ချက်ကြည့်ကာ "ပြောကြည့်လေ" ဟု ဆိုသည်။
"သူရဲကောင်းကြီး။ ကျွန်တော့်အတွက် လူတစ်ယောက်ကို သတ်ပေးပါ"
ချောင်ဖန်က အသံကို နှိမ့်လိုက်သည်။ "တကယ်လို့ ခင်ဗျားက ဒီလူယုတ်မာကို သတ်ပေးနိုင်ရင် ကျွန်တော့်အဖေက သဘောမတူဘူးဆိုရင်တောင် ဘိုးဘေးကြီးရဲ့ အမွေအနှစ်တွေကို ရှာတွေ့တဲ့အခါ ခင်ဗျားကို ခွဲဝေပေးနိုင်မယ့် နည်းလမ်းကို ကျွန်တော် ရှာပါ့မယ်"
"အိုး"
ချန်ဆန်းရှီက မေးလိုက်သည်။ "ဘယ်သူလဲ"
"ချန်ဆန်းရှီ"
ချောင်ဖန်က တစ်လုံးချင်း သေချာပြောလိုက်သည်။ "ဒီလူဟာ ကောက်ကျစ်ပြီး ရက်စက်တယ်၊ တကယ့်ကို ယုတ်မာညစ်ပတ်တဲ့သူပဲ။ သူ့ကိုသာ မဖယ်ရှားနိုင်ရင် ကျွန်တော် ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲလိမ့်မယ်"
"ပေါက်ကရတွေ"
ချန်ဆန်းရှီက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဒီလူက ဆွန်ဒူရှန်ရဲ့ တပည့်ဆိုတာ မင်း မသိဘူးလား။ ဒီသူရဲကောင်းကြီးကို ပြဿနာထဲ ဆွဲထည့်ချင်နေတာလား"
"သူရဲကောင်းကြီး။ ဆွန်ဒူရှန်ပျောက်ကွယ်နေတာ ကြာပါပြီ၊ သူ ထိုက်ဟူ ပြည်နယ်မှာ ပေါ်လာနိုင်မှာ မဟုတ်ပါဘူး"
ချောင်ဖန်က အသည်းအသန် ဖျောင်းဖျသည်။ "အရေးအခင်းတွေ ဖြစ်လာတဲ့အခါ ဇီဝေတောင်ဟာ သေချာပေါက် ရှုပ်ထွေးနေမှာပါ။ ခင်ဗျား လုပ်ရမှာက အဲ့ဒီလို ရှုပ်ထွေးနေတဲ့ကြားမှာ အလစ်အငိုက် တိုက်ခိုက်ဖို့ပါပဲ။ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ဆွန်ဒူရှန်က နောက်ပိုင်းမှာ စုံစမ်းချင်ရင်တောင် ဘယ်ကနေ စရမှန်း သိမှာ မဟုတ်ပါဘူး"
"အဲ့ဒီလိုလား..."
ချန်ဆန်းရှီက အခက်တွေ့နေသည့် ပုံစံ ဟန်ဆောင်လိုက်သည်။ "မင်းရဲ့ စကားတွေက ခိုင်လုံမှု ဘာမှ မရှိဘူး၊ ငါက ဘာလို့ မင်းကို ယုံရမှာလဲ"
"ကောင်းပြီ"
ချောင်ဖန်သည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံစံဖြင့် သူ၏ရင်ဘတ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်လိုက်သည်။ "ဒီပစ္စည်းဟာကျွန်တော့်အဖေက အသက်ဘေးက ကာကွယ်ဖို့အတွက် မကြာသေးခင်ကမှ ပေးထားတာပါ။ ဒါပေမဲ့ ဒါကို သုံးဖို့ဆိုရင် အမွှေးတိုင် နတ်ဘုရားဂိုဏ်း ရဲ့ ကျင့်စဉ်ကို ကျင့်ကြံထားဖို့ လိုအပ်ပါတယ်။ ကျွန်တော့်အတွက်တော့ အခုလောလောဆယ် အသုံးမဝင်သေးလို့ ဒါကို သူရဲကောင်း ကျန်းလိုင် ဆီမှာ ခေတ္တ အပ်နှံထားပါ့မယ်။
"အလုပ်ပြီးသွားရင်တော့ ကျွန်တော့်ရဲ့ ကတိအတိုင်း ဘိုးဘေးကြီးရဲ့ အမွေအနှစ်တွေကို ခွဲဝေပေးပါ့မယ်၊ အဲ့ဒီအခါကျမှ ဒီပစ္စည်းကို ကျွန်တော့်ဆီ ပြန်ပေးပါ"
"အင်း။ ဒါမှ စကားပြောရတာ တန်တာပေါ့"
ချန်ဆန်းရှီက ကျောက်စိမ်းဆွဲပြားကို ပွတ်သပ်ရင်း ဆိုသည်။ "အခြေအနေက အဲ့ဒီလိုဆိုရင်တော့ မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူပါတယ်။ ချန်ဆန်းရှီရဲ့ ခေါင်းကိုမင်းဆီ ငါ ယူလာပေးမယ်"
***