[ သင့်ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်စွမ်းအင်များ အလွန်သိပ်သည်းနေသဖြင့် ခန္ဓာကိုယ်၏ ချီစွမ်းအင်စုပ်ယူနှုန်း သိသိသာသာ မြင့်တက်လာပါသည်။ သင်၏ အသက်ရှူကျင့်စဉ် အမြန်နှုန်း ၁၅ % မြင့်တက်သွားသည် ]
[ သင်သည် ကြာနီသီးတစ်လုံးကို စားသုံးထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ကျင့်စဉ်တိုးတက်မှုနှုန်း ၁၀ % မြင့်တက်သွားသည် ]
[ လက်ရှိ ကျင့်ကြံနေသော အသက်ရှူကျင့်စဉ် - နေမင်းစကြာ ယန်ကျင့်စဉ် ]
[ သင်သည် နေမင်းစကြာ ယန်ကျင့်စဉ် ကို ကျင့်ကြံဖူးသော အတွေ့အကြုံရှိသဖြင့် စတင်တရားထိုင်ပြီး မကြာမီမှာပင် စိတ်ငြိမ်သည့် အခြေအနေထဲသို့ လျင်မြန်စွာ ရောက်ရှိသွားကာ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူနေသည် ]
[ တစ်ချိန်တည်းမှာပင် သင့်ဝမ်းဗိုက်အတွင်း၌ အမည်မသိ မီးတောက်တစ်ခု စတင်ပေါ်ပေါက်လာပြီး ပြင်းထန်သော ပူလောင်မှုနှင့်အတူ ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ ပြန့်နှံ့သွားကာ နာကျင်မှုကို ခံစားရသည် ]
[ သို့သော် ကြာနီသီး၏ ဆေးစွမ်းက ချက်ချင်းအာနိသင်ပြလာသည် ။ ပူလောင်သော အပြင်ပန်းအောက်တွင် အေးမြသော အနှစ်သာရရှိနေသဖြင့် သင့်ခန္ဓာကိုယ်ကို အေးမြသွားစေကာ ပူလောင်သော ခံစားချက်ကို ထိန်းချုပ်ပေးထားလိုက်သည် ]
[ ထို့နောက် သင်သည် စိတ်ကို တည်ငြိမ်စွာထားပြီး ဂြိုဟ်နက္ခတ်များ၏ လည်ပတ်မှု၊ နေဗဟိုပြုစနစ် နှင့် နျူကလီးယား ပေါင်းစပ်ခြင်း စသည့် အခြေခံမူများကို အသုံးချကာ နေမင်းစကြာ ယန်ကျင့်စဉ် ကို ဆင်ခြင်သုံးသပ်နေသည်။ သင်၏ သိမြင်နားလည်မှုက တဖြည်းဖြည်း မြင့်တက်လာနေသည်...]
[ တစ်နှစ်နှင့် ခြောက်လကြာပြီးနောက် ခန္ဓာကိုယ်တွင်းရှိ ချီဓာတ်များမှာ အလွန်ပူလောင်လာပြီး မွေးခင်းစ သားလောင်းများကဲ့သို့ အရူးအမူး လှုပ်ရှားလာကြသည် ]
[ နေမင်းစကြာ ယန်ကျင့်စဉ် အပေါ် သင်၏ သိမြင်နားလည်မှု ပိုမိုနက်ရှိုင်းလာပြီး တတိယအဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည် ]
[ ဤကျင့်စဉ်ကို ကာလရှည်ကြာ ကျင့်ကြံနေသဖြင့် သင်၏ ကျွမ်းကျင်မှုမှာ သိသိသာသာ မြင့်တက်လာပြီး ကျင့်စဉ်တိုးတက်မှုနှုန်း ၅ %မြင့်တက်သွားသည် ]
[ ကျန်ရှိသော စေတနာတန်ဖိုး - ၄၁၀ ]
' အဆင့်၃ ရောက်ဖို့ အမှတ် ၅၀ ပဲ ကုန်တာဆိုတော့ နေမင်းစကြာ ယန်ကျင့်စဉ်ကို အဆင့် ၅ အထွတ်အထိပ် အထိရောက်အောင် မြှင့်နိုင်မယ်ထင်တယ်..'
ဂူချန်သည် ရှေ့ရှိ အလင်းမျက်နှာပြင်ကို ကြည့်ရင်း စေတနာတန်ဖိုး လောက်၊ မလောက် တွက်ချက်နေ၏ ။ အကယ်၍ အမှတ်ကလေး နည်းနည်းလေး လိုသွားလျှင် သူ၏ အရာရာကို အတိအကျဖြစ်ချင်သည့် စိတ် က ဒုက္ခပေးပေလိမ့်မည် ။
တစ်ချိန်တည်းမှာပင် ဂူချန်သည် နောက်ထပ် ကြာနီသီးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြန်သည် ။
[ နေမင်းစကြာ ယန်ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေသည်...]
[ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သင်သည် ဤအသက်ရှူကျင့်စဉ်၏ လုပ်ငန်းစဉ်တစ်ခုချင်းစီကို အလွတ်ရနေပြီး အဆင့်တိုင်းကို ရှင်းလင်းစွာ မှတ်မိနေသည် ]
[ အဆက်မပြတ် လေ့ကျင့်မှုကြောင့် သင့်ခန္ဓာကိုယ်တွင်းရှိ ယန်ချီများမှာ ပိုမိုပူလောင်လာသော်လည်း သင်က ကောင်းကောင်း ထိန်းချုပ်နိုင်လာသဖြင့် ခန္ဓာကိုယ်ကို ဆုတ်ဖြဲမတတ် ပူလောင်ခြင်း မရှိတော့ပေ ]
[ ကျင့်ကြံမှုအမြန်နှုန်း ၅ %မြင့်တက်သွားသည် ]
[ သုံးနှစ်ကြာပြီးနောက် သင့်ခန္ဓာကိုယ်တွင်းရှိ ယန်ချီများမှာ အကန့်အသတ်သို့ ရောက်ရှိသွားသည်ဟု ခံစားရသည် ။ ပေါက်ကွဲထွက်သွားပြီးနောက် ၎င်းတို့က အဆက်မပြတ် ဖိသိပ်ခဲသွားကာ လိမ္မော်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည် ]
[ သင်၏ နေမင်းစကြာ ယန်ကျင့်စဉ်သည် အဆင့် ၄ သို့ ကျော်ဖြတ်သွားပြီဖြစ်သည် ]
[ ကျန်ရှိသော စေတနာတန်ဖိုး - ၃၁၀ ]
"ဟမ်"
ဂူချန် မျက်မှောင်ကြုတ်လိုက်သည် ။ ယခင်အဆင့်က အမှတ်၅၀ သာကုန်သော်လည်း ယခုအဆင့်က နှစ်ဆကုန်ကျနေ၏ ။
အဆင့် ၅ သို့ရောက်ရန် အမှတ် ၂၀၀ လိုအပ်နေပါက အထွတ်အထိပ်သို့ ရောက်ရန်မလွယ် ။ သို့သော်လည်း သူက ရှေ့တွင်ရှိသော အလင်းမျက်နှာပြင်ကို ဆက်လက် စောင့်ကြည့်နေလိုက်သည် ။
[ နေမင်းစကြာ ယန်ကျင့်စဉ်အပေါ် သင်၏ နားလည်မှုမှာ အလွန်နက်ရှိုင်းနေပြီဖြစ်သည် ။ ကျင့်စဉ်အတွင်းရှိ နည်းစနစ်အားလုံးကို ကျွမ်းကျင်စွာ အသုံးချနိုင်ပြီး ချီစွမ်းအင် လည်ပတ်မှုမှာလည်း အလွန်လျင်မြန်နေသည် ]
[ သင်သည် နေမင်းစကြာ ယန်ကျင့်စဉ် ၏ အနှစ်သာရကို အောင်မြင်စွာ ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သည် ]
[ ကျင့်ကြံမှုအမြန်နှုန်း ၅ % မြင့်တက်သွားသည် ]
[ လေးနှစ်နှင့် ခြောက်လအကြာတွင် နေမင်းစကြာ ယန်ကျင့်စဉ် အဆင့် ၅ အထွတ်အထိပ်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည် ]
[ ကျန်ရှိသော စေတနာတန်ဖိုး - ၁၁၀ ]
[ သင်သည် နေမင်းစကြာ ယန်ကျင့်စဉ် ကို အဆင့်၅ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၍ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကျင့်စဉ်အဆင့်မှာ ဒုတိယအဆင့် ၄ သို့ ကျော်ဖြတ်သွားသည် ]
[ အထူးအသက်ရှူကျင့်စဉ် - ထာဝရနေဝန်း ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]
[ ထာဝရနေဝန်း : ကမ္ဘာပေါ်ရှိ ဝိညာဉ်စွမ်းအင်များကို အတင်းအကျပ် လုယူကာ ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်ကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးသဖြင့် တိုတောင်းသော အချိန်အတွင်း စွမ်းအင်ပြန်ပြည့်ရန် စောင့်ဆိုင်းချိန် မလိုသော အခြေအနေသို့ ရောက်ရှိစေသည် ]
' အမ်..ဘာလို့ ၂၀၀ ပဲကုန်တာလဲ.. ငါတွက်တာမှားများနေလား..'
ဂူချန်သည် အဆင့် ၂ တွင်ကျင့်ကြံနေသည်က အချိန်အတော်ကြာခဲ့သည်ကို ရုတ်တရက် သတိရသွားသည် ။ စနစ်က သူ ကိုယ်တိုင်ကြိုးစားထားသည့် တိုးတက်မှုကိုပါ ထည့်တွက်ပေးလိုက်ပုံရသဖြင့် တတိယအဆင့်အတွက် အမှတ်နည်းနည်းသာ ကုန်သွားခြင်း ဖြစ်နိုင်သည် ။
' တော်လိုက်တဲ့စနစ်..'
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပူလောင်သော ခံစားချက် ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရ၏ ။ ထို့နောက် ခန္ဓာကိုယ်တွင်းရှိ သွေးနှင့် ချီစွမ်းအင်များမှာ ဆူပွက်လာပြီး တစ်ကိုယ်လုံး သွေးရောင်ကဲ့သို့ နီရဲသွားတော့သည် ။
သူ၏ ကြွက်သားများမှာ တင်းမာနေပြီး သွေးကြောများမှာလည်း ထောင်ထွက်နေသည် ။ မမြင်ရသောအပူလှိုင်းများမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်နေ၏ ။
ဂူချန်က ညစ်ညမ်းသော လေများကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်သည် ။ သူ၏ မျက်လုံးများမှာ ထက်မြက်သော အလင်းများဖြင့် တောက်ပနေပြီး တစ်ကိုယ်လုံးမှာလည်း အားအင်များ ပြည့်ဝနေ၏ ။
ယခုဆိုလျှင် နွားနက်ကြီး ဆယ်ကောင်ကိုပင် လက်သီးတစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ကြေအောင် ထိုးနိုင်မည်ဟု ခံစားနေမိသည် ။
' အဆင့်တက်တာ လွယ်လိုက်တာ.. '
ဂူချန် စိတ်ထဲတွင် တွေးလိုက်မိ၏။မြန်လည်းမြန်သလို လွယ်လည်းလွယ်သည် ။
မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အသက် ၁၂ နှစ်ကတည်းက ကျင့်ကြံလာပြီး အသက် ၁၈ နှစ်အထိ ခြောက်နှစ်လုံးလုံး ကြိုးစားခဲ့သော်လည်း နေမင်းစကြာ ယန်ကျင့်စဉ် အဆင့် ၂ အထိသာ ရောက်ခဲ့၏ ။ မူလပိုင်ရှင်၏ ပျင်းရိခြင်းကြောင့်ပါသော်လည်း တန်ဖိုးကြီးကျင့်စဉ်တစ်ခုကို ကျင့်ကြံရသည်မှာ အလွန်ခက်ခဲလေ၏ ။
မူရုံချင်းရွှယ်လို ပါရမီရှင်မျိုးပင် ဤကျင့်စဉ်၏ အဆင့်၅ကို ရောက်ရန် လေးငါးနှစ်ခန့် အချိန်ပေးရမည်မှာ သေချာလှသည် ။
သို့ပေသိ ဂူချန်က အသက်တစ်ရှူစာအတွင်းမှာတင် အောင်မြင်သွားခဲ့လေပြီ ။
ထို့အပြင် ဘေးထွက်ဆိုးကျိုးလုံးဝမရှိ ။ တစ်ကိုယ်လုံး၏ သွေးနှင့်ချီစွမ်းအင်တွေက အပြင်းအထန် ဆူပွက်နေပြီး ခန္ဓာကိုယ်ထဲမှ ယန်ချီ ကလည်း အလွန်သန်မာနေ၏ ။ စေတနာတန်ဖိုးလုံလောက်လျှင် သူတစ်ချက်နိပ်၍ နတ်ဘုရားပင် ဖြစ်သွားနိုင်သည် ။
' ထာဝရနေဝန်း ဆိုတဲ့ အထူးအသက်ရှူကျင့်စဉ်က မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေပေမဲ့ .. သူ့အဖေက သူ့သား ဒီအဆင့်ထိ ရောက်လိမ့်မယ်လို့ မထင်ထားလို့ အသေးစိတ် မပြောပြခဲ့ဘူးထင်တယ် ..'
ဂူချန်က တစ်ချက်ကြည့်လိုက်ပြီးနောက် စေတနာတန်ဖိုးကော်လံဆီသို့ အကြည့်လွှဲလိုက်သည် ။
' စေတနာတန်ဖိုး ၁၁၀ ကျန်သေးတယ်..ဒါတွေကို အဆင့် ထဲမှာပဲ အကုန်ထည့်လိုက်တော့မယ်..'
ဤကမ္ဘာတွင် အဆင့်တစ်ခုချင်းစီအလိုက် သင်ယူလို့ရသည့် သိုင်းပညာများ ရှိသည် ။ မူလပိုင်ရှင်က ပျင်းရိသဖြင့် မိသားစုမှ အရိုးရှင်းဆုံး သိုင်းပညာအချို့ကိုသာ သင်ထားသော်လည်း ဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးအတွက်တော့ ထိုပညာများက တန်ဖိုးကြီးလှသည် ။
အဓိက ဦးစားပေးမှာ ကျင့်စဉ်အဆင့်ကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ရန်သာ ဖြစ်သည် ။
ဂူချန်သည် နောက်ထပ် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည် ။ ထို့နောက် စိတ်ကူးလိုက်သည်နှင့် အလင်းမျက်နှာပြင်ပေါ်ရှိ စေတနာတန်ဖိုးကိန်းဂဏန်းများမှာ အရူးအမူး လျော့ကျသွားပြီး သူ၏ ကျင့်စဉ်အဆင့်သည် အလင်းအလျင်နှင့် မြင့်တက်သွားတော့သည် ။
[ ကျင့်ကြံမှု အမြန်နှုန်း ၁၅ % မြင့်တက်သွားသည် ]
[ သင်သည် တန်ဖိုးကြီးအသက်ရှူကျင့်စဉ်ကို အဆင့်၅ အထွတ်အထိပ်ထိ ကျင့်ကြံထားသဖြင့် ကျင့်ကြံမှုအမြန်နှုန်း ၂၅ % မြင့်တက်သွားသည် ]
[ သင်သည် ကျားနဂါးသွေးချီဆေးလုံးကို စားသုံးထားသဖြင့် ကျင့်ကြံမှုအမြန်နှုန်း ၁၀ % မြင့်တက်သွားသည် ]
[ လက်ရှိတွင် အရှိန်အဟုန်ဖြင့် ကျင့်ကြံနေသည်... ]
[ စေတနာတန်ဖိုး ၄၅ ကို အသုံးပြုလိုက်သဖြင့် သင်၏ ကျင့်စဉ်အဆင့် ဒုတိယအဆင့် ၅ သို့ ကျော်ဖြတ်သွားသည် ]
[ စေတနာတန်ဖိုး ၁၁၀ ကို အသုံးပြုလိုက်သဖြင့် သင်၏ ကျင့်စဉ်အဆင့် ဒုတိယအဆင့်၆ သို့ ကျော်ဖြတ်သွားသည် ]
[ ယခုအကြိမ် ကျင့်ကြံမှု ပြီးဆုံးပါပြီ ]
[ ကျန်ရှိသော စေတနာတန်ဖိုး - ၀ ]
အဆင့်သေးနှစ်ခု တက်လာသည်က မဆိုးသော်လည်း တစ်နေ့တာလုံး စုခဲ့ရသည့် စေတနာတန်ဖိုးများ ကုန်ဆုံးသွား၏ ။
ဂူချန် စိတ်ထဲမှ သက်ပြင်းချလိုက်၏ ။ စေတနာတန်ဖိုးများ ပိုရရန် နည်းလမ်းရှာမှ ဖြစ်ပေတော့မည် ။
' လုဖန်ဆီကတော့ အမွေးနှုတ်စရာ မကျန်တော့ဘူး .. မူရုံချင်းရွှယ်ကိုလည်း ငါမနိုင်လောက်သေးဘူး.. '
သူ၏ လက်ရှိအဆင့်က မူရုံချင်းရွှယ်နှင့် တူနေပြီး အသက်ရှူကျင့်စဉ် အဆင့်က သူမထက် သာနေသော်လည်း မူရုံချင်းရွှယ်က ကျောင်း၏ အဆင့် ၁ နေရာကို အကြာကြီး ယူထားနိုင်သည်ကအလကားတော့ မဟုတ်ပေ ။
သူမ၏ A အဆင့် ပါရမီဖြစ်သော အကြွင်းမဲ့သုည က တိုက်ခိုက်ရေးအတွက် အထူးသီးသန့် ပါရမီဖြစ်ပြီး အလွန်အစွမ်းထက်လှသည်။ ထို့အပြင် သူမ၏ သိုင်းပညာကျွမ်းကျင်မှုမှာလည်း မူလဂူချန်ထက် အများကြီး သာလွန်ပေလိမ့်မည် ။ ယခုချိန်မှာတော့ သူမကို တစ်ကွက်တည်းနှင့်အပြတ်ဖြတ်ရန် မလွယ်သေးပေ ။ သို့သော်လည်း ရက်ပိုင်းအတွင်း သူမအား ဖှုန်ရှူခိုင်း၍ ရပေမည် ။
' မူလပိုင်ရှင်က အကုသိုလ်တွေ ဒီလောက်လုပ်ထားတာတောင် ဘာလို့ သူ့ကို လာရန်ရှာတဲ့သူ သိပ်မရှိရတာလဲ..'
ဂူချန် နှမြောသလို ခံစားလိုက်ရသည် ။ တစ်ယောက်ယောက်က သူ့ကို လာပြဿနာရှာလျှင် စေတနာတန်ဖိုး အများကြီး ရပေမည် ။
' နေစမ်းပါအုံး.. ဘယ်သူမှ လာရန်မစလည်း ငါပြဿနာ လိုက်ရှာလို့ ရတာပဲ.. မူလပိုင်ရှင်လည်း ပြဿနာ ရှာနေကြဆိုတော့ ငါလုပ်ရင်လည်း ပုံမှန်လို့ပဲ ထင်ကြမှာ.. ဘယ်သူတွေ အကူအညီ လိုနေလဲ စဥ်းစားကြည့်ရမယ်.. '
ဂူချန် စဉ်းစားလိုက်ပြီး နောက်ထပ် ပစ်မှတ်ကို ချက်ချင်း ရှာတွေ့သွား၏ ။ ကျောင်းတစ်ခုလုံးရှိ ချစ်လှစွာသော အတန်းဖော်လေးများကို စေတနာ ဘရပွဖြင့် ကူညီပေးရပေမည် ။
***