နောက်တစ်နေ့..
ဂူချန် ကျောင်းသို့ ပုံမှန်အတိုင်း ရောက်ရှိလာပြီး ၁၂တန်း၊ အခန်း၁ စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။
သူ ဤလောကသို့ မရောက်မီက မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အခန်း ၁ ထဲသို့ ဝင်နိုင်လောက်အောင် ခွန်အားမရှိခဲ့သော်လည်း မိသားစု၏ အင်အားဖြင့် ဝင်နိုင်ခဲ့၏ ။ ချင်းဟယ် ဂူမိသားစု၏ အင်အားကြီးမားသော အဆက်အသွယ်များကို အသုံးချကာ မူလပိုင်ရှင်ကို ဤအခန်းထဲတွင် နေရာချပေးရန်မှာ အလွန်လွယ်ကူသည့် ကိစ္စပင် ။
သူ စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် အရပ်ရှည်ရှည် ကျောင်းသား သုံးယောက်က အနားသို့ ရောက်လာပြီး ရိုရိုသေသေ နှုတ်ဆက်ကြသည် ။
"မင်္ဂလာပါ ဘောစ့်.."
" အင်း.."
ဂူချန်က ခေါင်းညိတ်ပြလိုက်သည်။ သူ ပြတင်းပေါက်နားရှိ နောက်ဆုံးတန်းမှ ထိုင်ခုံဆီသို့ လျှောက်သွားရင်း ဆံပင်ရွှေရောင်နှင့် လီကျိရန်ကို မေးလိုက်၏ ။
" မနေ့ညက ငါပြောထားတဲ့ကိစ္စ ဘယ်လိုလဲ.. လူတွေ စီစဉ်ပြီးပြီလား.."
" စီစဉ်ပြီးပါပြီ..တကယ် အရေးကြီးကိစ္စရှိလို့ မလာနိုင်တဲ့သူ အနည်းစုကလွဲရင် ကျန်တဲ့သူတွေအားလုံး လက်နက်အစုံအလင်နဲ့ ရောက်နေကြပြီ.."
လီကျိရန်က ဂူချန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန်ပြရင်း ပြောလိုက်သည် ။
" ဘောစ့်... ဘောစ့် အမိန့်ပေးလိုက်တာနဲ့ ကျွန်တော်တို့ လူပေါင်း နှစ်ရာကျော် အုပ်စုက ချက်ချင်း အကောင်အထည်ဖော်လို့ ရပါပြီ.. အဲဒီအချိန်ကျရင် ဘယ်သူပဲလာလာ ဒူးထောက်သွားစေရမယ်.."
သို့သော် နောက်လိုက်တစ်ယောက်ကမူ အနည်းငယ် စိုးရိမ်နေပုံရပြီး တုံ့ဆိုင်းစွာ မေးလိုက်သည် ။
" ဘောစ့်... ဒီလောက်အထိ အကြီးအကျယ်လုပ်တာက လွန်သွားမလားလို့ပါ.. တကယ်လို့ ဆရာတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးမှူးတွေ မြင်သွားရင် ပြဿနာတက်နိုင်မလား..."
သူတို့က ၁၂တန်း ကျောင်းသားများဖြစ်ပြီး စာမေးပွဲ ဖြေဆိုရန် နီးကပ်နေပြီဖြစ်သည် ။ အကယ်၍ ဤကိစ္စကြောင့် ကျောင်းထုတ်ခံရပါက အရှုံးက ပိုကြီးပေလိမ့်မည် ။
" ဘာမှမဖြစ်ဘူး.. ငါတို့က အတန်းဖော်တွေကို ကာကွယ်ပေးဖို့ လုပ်တာပဲ.. ဘာကြောက်စရာ ရှိလို့လဲ.."
ဂူချန်က အေးအေးဆေးဆေးပင် လက်ဝှေ့ယမ်းလိုက်သည် ။
" သြော်..."
ထိုလူမှာ အံ့သြသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ချေ ။
ဂူချန်က သူ့ကို လျစ်လျူရှုလိုက်ပြီး မျက်လုံးကို အသာမှိတ်ကာ စိတ်ထဲမှ စဉ်းစားနေလိုက်သည်။ စေတနာတန်ဖိုး အမြောက်အမြား ရရှိရန်အတွက် ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသားများဖြင့် စတင်ရန် သူ မနေ့ညကတည်းက ဆုံးဖြတ်ထားခြင်း ဖြစ်သည် ။
ချင်းဟယ် အမှတ် ၁ ကျောင်း၏ ၁၂တန်း တစ်ခုလုံးတွင် ကျောင်းသားပေါင်း တစ်ထောင့်သုံးရာကျော် ရှိသည် ။ တစ်ယောက်လျှင် စေတနာတန်ဖိုး ၁၀ ပေးလျှင်ပင် သူ အမှတ်ပေါင်း တစ်သောင်းကျော် ရရှိမည်ဖြစ်သည် ။ အနည်းငယ် ပို၍ ကြိုးစားလိုက်လျှင် အမှတ်ပေါင်း သောင်းချီကို အလွယ်တကူ ရနိုင်ပေ၏ ။
ဤမျှ ကောင်းမွန်သော အခွင့်အရေးကို သူ မည်သို့မှ လက်လွှတ်မခံနိုင် ။ ထို့ပြင် ရှုပ်ထွေးလှသော စည်းကမ်းများဆိုသည်မှာ သာမန်လူများကို ကန့်သတ်ရန်အတွက်သာ ဖြစ်သည် ။ သိုင်းလောကမှ ထိပ်သီးပုဂ္ဂိုလ်များနှင့် အထက်တန်းလွှာများအတွက်မူ...
ထိုစည်းကမ်းများမှာ အီးပေါက်သံလောက်ပင် တန်ဖိုးမရှိ ။
ချင်းဟယ် ဂူမိသားစု၏ အဆက်အသွယ်များမှာ သာမန်ကျောင်းသားများ စိတ်ကူးထားသည်ထက် များစွာ သာလွန်လှသည် ။
" ဟုတ်ကဲ့ပါ.. "
ဘောစ့်က ထိုသို့ပြောလိုက်သဖြင့် စိုးရိမ်နေသော ကျောင်းသားမှာ ခေါင်းညိတ်ကာ နောက်သို့ ဆုတ်သွားရတော့သည် ။
" ဂူချန်.."
ထိုအချိန်တွင် တံခါးဝမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည် ။
လူတိုင်း လှည့်ကြည့်လိုက်ရာ သိုင်းဝတ်စုံ ဝတ်ဆင်ထားသော မုရုံချင်းရွှယ်ကို တွေ့လိုက်ရသည် ။ သူမက ဂူချန်တို့ အုပ်စုကို ရွံရှာသော မျက်နှာပေးဖြင့် ကြည့်နေ၏ ။ သူမ၏ မျက်လုံးများတွင် ဒေါသများ ပါဝင်နေသလို အနည်းငယ် အောင်နိုင်သူလေသံဖြင့် ပြောလိုက်သည် ။
" ကျောင်းအုပ်ကြီးက နင့်ကို လာခဲ့ဖို့ ပြောနေတယ်.."
ပြောပြီးသည်နှင့် သူမက စာသင်ခန်း အပြင်ဘက်သို့ အနောက်ကို လှည့်မကြည့်ဘဲ ထွက်သွားတော့သည် ။ မူရုံချင်းရွှယ်၏ စကားကို ကြားသောအခါ အတန်းထဲမှ အခြားကျောင်းသားများမှာ ဂူချန်ကို လှမ်းကြည့်ကြပြန်သည် ။
သူတို့၏ မျက်နှာများက ဘာမှမဖြစ်သလို ရှိနေသော်လည်း စိတ်ထဲတွင်မူ ခိုးရယ်နေကြ၏ ။
' ငါတို့ရဲ့ နတ်သမီး မူရုံကို ရန်စရဲတဲ့ အကျိုးကို အခုတော့ ခံရပြီပေါ့.. အခုတော့ ပြဿနာတက်ပြီ.. ကျောင်းအုပ်ကြီးကိုယ်တိုင် ခေါ်နေပြီပဲ..'
တစ်ချိန်တည်းမှာပင် သူတို့က မူရုံချင်းရွှယ်ကို အထင်ကြီးနေကြသည် ။ နတ်သမီးမူရုံ ဖြစ်သည့်အတိုင်း သူမ၏ ပါရမီမှာ အလွန်မြင့်မားလှသဖြင့် ချင်းဟယ် မြို့တော်မှ ထိပ်သီးသိုင်းမျိုးရိုး သခင်လေးနှင့် ယှဉ်လျှင်ပင် ကျောင်းအုပ်ကြီးက သူမဘက်မှ ရပ်တည်နေခြင်း ဖြစ်သည် ။
" ဘောစ့်.. ကျောင်းအုပ်ကြီးက မနေ့ကကိစ္စကြောင့် ရှာတာ မဟုတ်လောက်ပါဘူးနော်.."
လီကျိရန်၏ စိတ်လှုပ်ရှားနေသော မျက်နှာမှာ ပျောက်ကွယ်သွားပြီး စိုးရိမ်မှုများ ဝင်လာသည် ။
အခြားနောက်လိုက်တစ်ယောက်က ခေါင်းကုပ်ရင်း ဝေခွဲမရစွာ မေးလိုက်သည် ။
" အရင်တုန်းက ကျောင်းအုပ်ကြီးက ဘာမှဝင်မပြောဘဲနဲ့ အခုမှ ဘာလို့ ရှာနေတာလဲ.."
"မင်းကလည်း တုံးလိုက်တာ.."
အခြားတစ်ယောက်က အခြေအနေကို ပိုနားလည်ဟန်ဖြင့် ပြောလိုက်သည်။
" ဘောစ့် အရင်တုန်းက မူရုံချင်းရွှယ်ကို နေ့တိုင်း လက်ဆောင်တွေ ပေးနေလို့ သူက မတိုင်ဘဲ အောင့်ထားတာ ဖြစ်မှာပေါ့.."
ထိုစကားကို ကြားသောအခါ လီကျိရန်က ပြောလိုက်သူကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည် ။
' ဒါ လူပုံအလယ်မှာ ပြောရမယ့် စကားလား.. မုရုံချင်းရွှယ်က ငါတို့ဘောစ့်ကို ငွေထုတ်စက်လို သဘောထားတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား.. ငါတို့ဘောစ့်ရဲ့ ဂုဏ်သိက္ခာကို ဘယ်နားထားတော့မလဲ.. '
"တော်ကြတော့.."
လီကျိရန်နှင့် ထိုလူ စိုက်ကြည့်နေကြစဉ်မှာပင် ဂူချန်က မျက်လုံးဖွင့်ကာ မတ်တပ်ရပ်လိုက်သည် ။ သူက သူ၏ အကျီလက်စကို အေးအေးဆေးဆေးပင် ပြန်ပြင်လိုက်ပြီး မှာကြားလိုက်သည် ။
" ငါ စီစဉ်ထားတဲ့အတိုင်း ၉ နာရီကျရင် စကြတော့.. ဘယ်သူပဲဖြစ်ဖြစ် ဆန့်ကျင်ရင် နာခံသွားတဲ့အထိ ရိုက်သာရိုက်.."
" ဘောစ့်... မိန်းကလေးတွေကိုရော မချန်ရဘူးလား.."
လီကျိရန်က နောက်ဆုံးတစ်ခါ ထပ်မေးလိုက်သည် ။
" ဒါပေါ့.."
ဂူချန်က ဂရုမစိုက်သလို ပြောလိုက်သည် ။
"ခေတ်သစ် မဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တွေအနေနဲ့ ငါတို့က လိင် ခွဲခြားဆက်ဆံလို့ မရဘူးလေ.. နားလည်လား.."
လီကျိရန်က အစာကောက်နေသော ကြက်မတစ်ကောင်ကဲ့သို့ ခေါင်းကို အမြန်ညိတ်ပြလိုက်၏ ။
" နားလည်ပါပြီ ဘောစ့်.. နားလည်ပါပြီ.."
" အင်း.."
ဂူချန်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြပြီးနောက် စာသင်ခန်းထဲမှ ခေါင်းမော့ရင်ကော့၍ ထွက်ခွာသွားတော့သည် ။
အတန်းထဲရှိ ကျန်ရှိသော ကျောင်းသားများ၏ အမြင်တွင် ဂူချန်မှာ ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး စိတ်ထဲတွင်မူ သေလုမတတ် ကြောက်နေပေလိမ့်မည် ။ ချင်းဟယ် အမှတ် ၁ ကျောင်း၏ ကျောင်းအုပ်ကြီး ဝူကျန်းသည် ပဉ္စမအဆင့် နိဗ္ဗာနအဆင့် ရှိသော ပုဂ္ဂိုလ်ကြီး ဖြစ်၏ ။ သူ၏ အင်အားမှာ ထိပ်သီးမိသားစုများကို မယှဉ်နိုင်သော်လည်း သူ၏ နောက်ကွယ်တွင် မဟာမိတ်အဖွဲ့ ရှိသဖြင့် အာဏာအလွန်ကြီးမားသည် ။
သူက ဂူမိသားစုကို မကြောက်ဘဲ အပြစ်ပေးရန်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိသည် ။ အချုပ်အားဖြင့်ဆိုရသော် ကျောင်းထဲတွင် မင်းမူနေသော သခင်လေးဂူမှာ ယနေ့ အပြစ်ပေးခံရတော့မည် ဖြစ်သည် ။ လူတိုင်းအတွက် ပျော်စရာပင် ။
" ဘုတ်..ဘုတ်..ဘုတ်..ဝုန်း..ဒုန်း.."
သို့သော် သူတို့ ပျော်ရွှင်နေရချိန်မှာပင် စာသင်ခန်း အပြင်ဘက် လျှောက်လမ်းမှ ပြေးလွှားသံများနှင့်အတူ ရိုက်နှက်သံများ ဆူညံစွာ ထွက်ပေါ်လာသည် ။
" ဘာတွေ ဖြစ်နေတာလဲ မသိဘူး.."
အတန်းထဲမှ လူများက အပြင်သို့ စပ်စုကြည့်လိုက်ကြသည် ။
" ဒိုင်း.."
နောက်တစ်စက္ကန့်တွင် စာသင်ခန်း၏ ရှေ့တံခါးနှင့် နောက်တံခါးမှာ ပြင်းထန်စွာ ကန်ဖွင့်ခံလိုက်ရပြီး အရပ်ရှည်ရှည် လူပေါင်း ဒါဇင်နှင့်ချီကာ စာသင်ခန်းထဲသို့ ဝင်ရောက်လာကြသည် ။ လူတိုင်း၏ အကြည့်အောက်တွင် လီကျိရန်က စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်ပြီး လူယုတ်မာအပြုံးဖြင့်...
" မင်္ဂလာပါ သူငယ်ချင်းတို့.."
" စာမေးပွဲက မကြာခင် ရောက်တော့မယ်.. အားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက်..စာမေးပွဲမတိုင်ခင် ဒဏ်ရာမရအောင်နဲ့ ကျောင်းတွင်း အေးချမ်းသာယာရေးအတွက်..."
" ကျွန်တော်တို့က ကိုယ်ကျိုးစွန့်ပြီး အားလုံးရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..ဒါကြောင့် ကျောင်းက မနေ့က ဝေထားတဲ့ ကျင့်စဉ်ရင်းမြစ်တွေကိုသာ ပေးအပ်မယ်ဆိုရင် ကျွန်တော်တို့က အားလုံးကို ကာကွယ်ပေးသွားမှာပါ.. ဘယ်လိုလဲ.. တကယ့်ကို အကျိုးရှိတဲ့ ကိစ္စပဲ မဟုတ်လား.. "
အတန်းထဲရှိ ကျောင်းသားများမှာ လီကျိရန်၏ စကားကို ချက်ချင်း သဘောပေါက်သွားကြသည် ။
' ချီးပဲ.. ဒီနေ့ခေတ်မှာ ကာကွယ်ခ ကောက်တဲ့ လူမိုက်တွေက ဒီလောက်တောင် ရဲတင်းကုန်ပြီလား.. '
' မင်းတို့မှာ ဥပဒေ ဆိုတာ မရှိတော့ဘူးလား.. '
လူတိုင်း၏ မျက်နှာမှာ မိဘသေဆုံးသွားသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ လီကျိရန်၏ အသံက ပို၍ လေးနက်သွားသည် ။
" စာမေးပွဲ မဖြေခင်မှာ ဒဏ်ရာရပြီး ဆေးရုံတွေဘာတွေတက်ရတာမျိုးကို ဘယ်သူမှ လိုချင်ကြမယ် မထင်ဘူးနော်.."
...
ကျောင်းအုပ်ရုံးခန်း...
ကျောင်းအုပ်ကြီး ဝူကျန်းသည် သူ၏ ထိုင်ခုံတွင် ထိုင်ကာ လက်ဖက်ရည်ပူပူကို အေးအေးလူလူ သောက်နေ၏ ။ သူ၏ ဘေးတွင်မူ အေးစက်သော မျက်နှာထားဖြင့် မူရုံချင်းရွှယ် ရပ်နေလေသည် ။ ထိုအချိန်တွင် သူမက တံခါးဝကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မျှော်လင့်နေသည် ။
' ဂူချန် .. ကျောင်းအုပ်ကြီးက ငါ့ဘက်မှာ ရှိနေမယ်လို့ နင် လုံးဝ ထင်မထားဘူးမှတ်လား..ကျောင်းက ဆရာတွေက နင့်ကို ကြောက်ပေမဲ့ ကျောင်းအုပ်ကြီး ဝူကတော့ ကြောက်မှာ မဟုတ်ဘူး..နင်နာဖို့ ပြင်ထား..'
ထိုသို့ တွေးမိသည်နှင့် မူရုံချင်းရွှယ်၏ အေးစက်သော မျက်နှာတွင် မသိမသာသော အပြုံးလေးတစ်ခု ပေါ်လာသည် ။
" ဂျောက်.."
ထိုအချိန်တွင် ရုံးခန်းတံခါး ပွင့်သွားသည် ။ ချောမောသော မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးသည် အေးအေးဆေးဆေးပင် ဝင်လာပြီး ကျောင်းအုပ်ကြီးကို နှုတ်ဆက်လိုက်၏ ။
" ဦးလေးဝူ မင်္ဂလာပါ.. "
' နေပါဦး..'
' ဦးလေးဝူ မင်္ဂလာပါလား.. '
' ကျောင်းအုပ်ကြီးက သူ့ဦးလေးလား..'
မူရုံချင်းရွှယ်၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည် ။
***