" ချန်လေး... ဒီမှာလာထိုင် .. "
ဂူချန် ရောက်လာသည်ကို မြင်သောအခါ ဝူကျန်းက ပြုံးရွှင်စွာဖြင့် ခရီးဦးကြိုပြုပြီး သူ၏ဘေးရှိ ထိုင်ခုံကို ကိုယ်တိုင်ဆွဲပေးကာ ထိုင်ရန် အချက်ပြလိုက်သည် ။
ဤမြင်ကွင်းကို ကြည့်ပြီး မူရုံချင်းရွှယ်၏ မျက်နှာမှာ အကြိမ်ကြိမ် တွန့်ရှုံ့သွားသည် ။ ဝူကျန်းက ထိုသည်ကို သတိမထားမိဘဲ သူတို့နှစ်ဦးလုံးကို ကြည့်ကာ ပြုံးလျက်ပင် ပြောလိုက်၏ ။
" ချင်းရွှယ်... ချန်လေး... မင်းတို့နှစ်ယောက်လုံးက ချင်းဟယ် အမှတ် ၁ ကျောင်းရဲ့ ပါရမီရှင်တွေပဲ..ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတဲ့ စရိုက်လေးတွေရှိကြတော့ နားလည်မှုလွဲတာလေးတွေ ရှိတာ သဘာဝပါပဲ.."
" ဒီနေ့ မင်းတို့နှစ်ယောက်ကို ခေါ်လိုက်တာက အဲဒီနားလည်မှုလွဲတာတွေကို ဖြေရှင်းပေးဖို့ပဲ.."
" ဒုန်း.."
မူရုံချင်းရွှယ် စိတ်မထိန်းနိုင်တော့ဘဲ စားပွဲကို အရှိန်ဖြင့် ရိုက်ကာ မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည် ။
" ကျောင်းအုပ်ကြီးဝူ.."
" ဂူချန်က အတန်းဖော်တွေကို စိတ်ထင်တိုင်း အနိုင်ကျင့်နေတဲ့ လူယုတ်မာတစ်ယောက်ပါ.. သူ လုဖန်နဲ့ ပြိုင်တုန်းကလည်း ဒိုင်လူကြီးကို လာဘ်ထိုးပြီး ကျောင်းစည်းကမ်းတွေကို ဗြောင်ကျကျ ချိုးဖောက်ခဲ့တာ..ဒီလိုလူမျိုးနဲ့ ဘာနားလည်မှုလွဲတာ ရှိနိုင်မှာလဲ..ဘာများ ဖြေရှင်းစရာ ရှိမှာမလို့လဲ.."
" သူငယ်ချင်း... နင် ငါ့အပေါ် အထင်လွဲနေပုံရတယ် "
ဂူချန်က ခြေချိတ်ထိုင်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည် ။
" ငါက အတန်းဖော်တွေကို အနိုင်ကျင့်တယ်.. ဒိုင်တွေကို လာဘ်ထိုးတယ်.. စည်းကမ်းဖောက်တယ်လို့ နင်ပြောနေတာ... သက်သေရော ရှိလို့လား.."
" ချင်းဟယ် အမှတ် ၁ ကျောင်းက ကျောင်းသားတွေကို မင်းကိုယ်တိုင် လူချင်းတွေ့ပြီး မေးကြည့်လို့ရပါတယ်..ဘယ်သူကများ ငါ့ကို ကြင်နာတယ်..ချမ်းသာပေမဲ့လည်း မာနမကြီးဘူးလို့ မပြောဘဲ နေမလဲ.."
ဂူချန်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့်...
"လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အခြေအမြစ်မရှိဘဲ လာပြီး မစွပ်စွဲသင့်ဘူးလေ.. "
မုရုံချင်းရွှယ် အံကြိတ်လိုက်မိသည် ။ သူမက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဂူချန်ကို ဒေါသတကြီး စိုက်ကြည့်နေမိသည် ။
မှန်ပါသည်၊ သူမတွင် သက်သေမရှိ ။
ချင်းဟယ် ဂူမိသားစုက ငတုံးများ မဟုတ်သဖြင့် သူတို့သား လုပ်ထားသည့် အညစ်အကြေးများကို ရှင်းလင်းပေးကြသည် ။ သက်သေ CCTV မှတ်တမ်းဟူ၍ ဘယ်တုန်းကမှ မရှိ ။ မည်သည့်နေရာမှ သက်သေသွားရှာရမည်နည်း ။
ထို့ပြင် ကျောင်းသားများမှာလည်း ဂူချန်၏ နောက်ကွယ်မှသာ ဆဲရဲကြပြီး ရှေ့တွင်မူ အသံ ထွက်ရဲကြသည်မဟုတ် ။ အားလုံးက သူရဲဘောကြောင်သူများသာ ဖြစ်သည် ။
ကျောင်းအုပ်ကြီး ဝူကျန်းကလည်း မျက်နှာမပျက်၊ အသံမတုန်ဘဲ လိမ်ညာပြောဆိုလိုက်သည် ။
" ကျောင်းသူ မုရုံချင်းရွှယ်... ဒီတစ်ခါတော့ မင်း ချန်လေးကို တကယ်ပဲ အထင်လွဲနေပြီ.. ချန်လေးရဲ့ စရိုက်ကို ငါယုံကြည်တယ်.. သူက ဒီလို လူမဆန်တဲ့အလုပ်တွေကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး.."
" ဒါပေမဲ့ ချန်လေးဘက်ကလည်း အဲဒီအချိန်တုန်းက အနည်းငယ် ရိုင်းစိုင်းမိခဲ့တာ ရှိနိုင်တာမို့ ဒီနောက်ဆုံးတစ်လမှာ ကျောင်းကပေးမယ့် ကျင့်စဉ်ရင်းမြစ်တွေကို မင်းအတွက် နှစ်ဆ တိုးပေးလိုက်မယ် .. "
" ရှင်... ရှင်တို့.."
မူရုံချင်းရွှယ်က သူမ၏ နုနယ်လှပသော လက်ညှိုးဖြင့် သူတို့နှစ်ယောက်ကို ညွှန်ပြရင်း စကားမပြောနိုင်လောက်အောင် ဒေါသထွက်သွားသည် ။ အမြဲတမ်း အေးစက်တည်ငြိမ်တတ်သော မိန်းကလေးမှာ ယခုတော့ မျက်နှာတစ်ခုလုံး မျောက်ဖင်ကဲ့သို့ နီရဲနေလေ၏ ။
" ဟူး..."
သူမ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဤနေရာမှာတင် ပေါက်ကွဲထွက်မည့်စိတ်ကို အဆုံးစွန် ထိန်းချုပ်လိုက်သည် ။
အကြောင်းမှာ သူမ ဂူချန်ကို ယခုချိန်တွင် အလွယ်တကူ အနိုင်ယူနိုင်သော်လည်း သူ၏ နောက်ခံအင်အားကိုမူ သူမအနေဖြင့် ယှဉ်နိုင်ရန် အလှမ်းဝေးလွန်းနေသေးသောကြောင့်ဖြစ်သည် ။ ကျောင်းအုပ်ကြီးကိုယ်တိုင်ကပင် ဂူချန်၏ လူဖြစ်နေသည့်အတွက် သူမ မည်မျှပင် အမှန်တရားပြောပြော အချိန်ဖြုန်းသည်ကလွဲ၍ ဘာမှထူးလာမည်မဟုတ်ပေ ။
မူရုံချင်းရွှယ် လက်ကို ပြန်ချလိုက်ပြီး မျက်နှာမှာလည်း ပုံမှန်အတိုင်း ပြန်လည်အေးစက်သွားကာ တည်ငြိမ်စွာ ပြောလိုက်သည် ။
"ကျွန်မ နားလည်ပါပြီ"
" အင်း.."
ဒါကိုမြင်တော့ ဝူကျန်းက ကျေနပ်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည် ။
" ဒါဆိုရင် မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးတွေက ဒီမှာတင် ပြီးဆုံးသွားပြီနော်.. နားလည်လား.."
" နားလည်ပါပြီ.."
မူရုံချင်းရွှယ်၏ အသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်တော့ချေ ။
[ အိမ်ရှင်သည် အတန်းဖော်များနှင့် အဆင်ပြေအောင် နေထိုင်ခြင်း၊ နားလည်မှုလွဲခြင်းကို အချိန်မီ ဖြေရှင်းခြင်းနှင့် တစ်ဖက်လူ၏ အမှားကို စာနာစိတ်ဖြင့် ခွင့်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ စေတနာတန်ဖိုး +၈၀ ]
" သေချာတာပေါ့.."
ဂူချန်က အပြင်ပန်းတွင် ပြုံးပြနေသော်လည်း စိတ်ထဲမှာတော့ အံ့သြသွားမိသည် ။
' မုရုံချင်းရွှယ်က တကယ်ကြီး သည်းခံလိုက်တာလား.. သူ ဒေါသပေါက်ကွဲပြီး လုပ်မိလုပ်ရာ လုပ်မယ်ထင်ထားတာ.. ဦးနောက်တော့ ရှိသေးတာပဲ.. ပုဇွန်ဆိတ် လောက်ပေါ့.. '
[ အိမ်ရှင်သည် အတန်းဖော်များ၏ ပိုင်ဆိုင်မှုများကို အခမဲ့ ထိန်းသိမ်းပေးရန် အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့သည်။ စေတနာတန်ဖိုး +၁ ]
[ အိမ်ရှင်သည် အတန်းဖော်များ၏ ပိုင်ဆိုင်မှုများကို အခမဲ့ ထိန်းသိမ်းပေးရန် အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့သည်။ စေတနာတန်ဖိုး +၁၅ ]
[ ...]
ထိုအချိန်မှာပင် သူ၏ မျက်စိရှေ့တွင် အလင်းမျက်နှာပြင်များ တဖျတ်ဖျတ် ပေါ်လာသည် ။
ဂူချန်က နာရီကို ကြည့်လိုက်သည် ။ ၉ နာရီ ကျော်ရုံသာ ရှိသေး၏ ။ သူ၏ နောက်လိုက်အုပ်စုက စတင် လှုပ်ရှားနေပုံရသည် ။ တစ်ယောက်ချင်းစီထံမှ ရသော အမှတ်များက နည်းသော်လည်း လူဦးရေက များပြားလှသဖြင့် ပေါင်းလျှင် များပြားလာသည် ။ တစ်ချီတည်းနှင့်ပင် စေတနာတန်ဖိုး သောင်းချီကို သူ သိမ်းကျုံးယူနိုင်တော့မည်ဖြစ်သည် ။
" ကောင်းပြီ.. ကျောင်းသူ မုရုံချင်းရွှယ်... မင်း အရင်ပြန်နှင့်တော့.. ငါ ချန်လေးနဲ့ ဆွေးနွေးစရာလေးတွေ ရှိသေးတယ်.."
စေ့စပ်ညှိနှိုင်းမှု ပြီးဆုံးသွားသဖြင့် ဝူကျန်းက သူမကို ထွက်သွားရန် အချက်ပြလိုက်သည် ။
" ဟုတ်ကဲ့.."
မုရုံချင်းရွှယ် ခေါင်းညိတ်ကာ ရုံးခန်းထဲမှ ထွက်ခွာသွားတော့သည် ။
ဒီနေ့ သူမ ခံစားခဲ့ရတဲ့ အရှက်ရမှုများကို စာမေးပွဲနေ့မှ ပြန်ယူမည်ဖြစ်သည် ။
မုရုံချင်းရွှယ် ထွက်သွားပြီးနောက် ဝူကျန်းသည် ချက်ချင်းပင် မတ်တပ်ရပ်ကာ ဂူချန်ကို ရိုရိုသေသေ ဦးညွတ်လိုက်၏ ။
" သခင်လေးဂူ... ခုနက လူတွေရှိနေလို့ ကျွန်တော် နည်းနည်း ရိုင်းစိုင်းမိသွားပါတယ်.."
သူသည် ပဉ္စမအဆင့် နိဗ္ဗာနအဆင့် ရှိသော သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ဂူမိသားစုကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းနှင့် ယှဉ်လျှင် ဘာမှမဟုတ် ။ သာမန်လူများအတွက်တော့ ချင်းဟယ် ဂူမိသားစုက အဆင့်အတန်း မြင့်မားလှသည်ဟု ထင်ရသော်လည်း တကယ့် အာဏာရှိသူတွေ၏ အမြင်တွင်မူ ဂူမိသားစုမှာ တစ်မြို့လုံးကို လွှမ်းမိုးထားသည့် ကျော်လွှား၍မရသော တောင်ကြီးတစ်လုံးကဲ့သို့ပင် ။
ချင်းဟယ် ဂူမိသားစုသည် နံပါတ်၁ ဟု ဆိုကြသော်လည်း ဤမြို့တွင် တခြားသူများထက် အပြတ်အသတ် သာလွန်၏ ။ စာမေးပွဲတစ်ခုတွင် အမှတ်တစ်ရာဖိုး မေးထားပြီး အမှတ် ၁၀၀ အပြည့်ရသူနှင့် တူညီသည် ။ တချို့မှာ အမှတ် ၁၀၀ မေးခွန်းအား ဖြေပြီး အမှတ်ပြည့်ရနေခြင်းဖြစ်သော်လည်း ဂူမိသားစုမှာမူ အမှတ် ၁၀၀ သာ အကန့်အသတ်ဖြစ်၍ အမှတ် ၁၀၀ ဖြစ်နေခြင်းဖြစ်သည် ။
ထို့ပြင် သူတို့က ကျောင်းသို့ ထောက်ပံထားသည်များကလည်း အလွန်များပြားလှသည် ။
" ရပါတယ်.."
ဂူချန်က ဂရုမစိုက်သလို လက်ဝေ့ယမ်းလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည် ။
" မုရုံချင်းရွှယ်က ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး.. နောက်လာမယ့် စစ်ဆေးမှုတွေမှာ သူ ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားလိမ့်မယ်.."
ဝူကျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
" ဒါဆိုရင် သူ့နာမည်ကို စာရင်းထဲကနေ ပယ်ဖျက်လိုက်ရမလား.."
" မလုပ်နဲ့... မလုပ်နဲ့ဦး.."
ဂူချန်၏ မျက်လုံးထဲတွင် ကစားချင်စိတ်များ ပေါ်လာသည် ။
" စာရင်းထဲက မဖြုတ်ရုံတင်မကဘူး..ကျောင်းက ကျောင်းသားတွေကို သူနဲ့ ယှဉ်ပြိုင်ခိုင်းတဲ့အခါ အားအနည်းဆုံးကနေ အသန်ဆုံးအထိ အစဉ်လိုက် စီစဉ်ပေးလိုက်ပါ..သူ့ကို တောက်လျှောက် အနိုင်ရအောင် လုပ်ပေးထားပြီး နောက်ဆုံးပွဲကျမှ ကျုပ်နဲ့ တွေ့အောင် စီစဉ်ပေး .."
' သူ့ကို အရင်ဆုံး အနိုင်ပွဲတွေ ပေးထားပြီး ..မာနနဲ့ ယုံကြည်မှုတွေကို အမြင့်ဆုံးအထိ တက်အောင် လုပ်ပေးပြီးမှ ပြန်ဆွဲချရမယ်.. '
' ကျွတ်ကျွတ်ကျွတ်...အဲ့လိုဆို အမှတ်တွေ အများကြီး ရမှာသေချာတယ်.. '
" သခင်လေးဂူ... ဒါက နည်းနည်းတော့..."
" ကျုပ်ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ.."
ဂူချန်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည် ။
" ဟုတ်ကဲ့ပါ.."
ဝူကျန်းလည်း ဘာမှ ထပ်မပြောတော့ဘဲ သဘောတူလိုက်ရတော့သည် ။
" တီ ..တီ..တီ..."
ဂူချန်၏ အိတ်ကပ်ထဲမှ ဖုန်းက မြည်လာသည် ။
သူ အံ့သြသွား၏ ။ ယခုချိန်တွင် သူ့ကို ရှာမည့်သူမှာ လီကျိရန်တို့ အုပ်စုသာရှိသည် ။ သူတို့ ပြဿနာ တက်နေကြသည်လော ။ ဤသို့ဆိုလျှင် ပိုတောင် ကောင်းသေး၏ ။
ဖုန်းကို ဖွင့်ကြည့်လိုက်ရာ လီကျိရန်ဆီမှ မက်ဆေ့ခ်ျ ဖြစ်နေသည် ။
လီကျိရန်: ဘောစ့်... အခန်း ၃မှာ အခက်အခဲလေး ကြုံနေရတယ်။ ရှုဟိုင်ဖုန်း နဲ့ တခြား သိုင်းမိသားစုက လူအချို့က ဆန့်ကျင်နေကြတယ်။ သူတို့က ပစ္စည်းတွေ မပေးရုံတင်မကဘူး၊ တိုင်မယ်လို့တောင် ခြိမ်းခြောက်နေကြတယ် ။
လီကျိရန်: ပြီးတော့ သူတို့က လူပေါင်း ဒါဇင်နဲ့ချီ ခေါ်ထားကြတယ်။ လူတွေ အများကြီး ဖြစ်ကုန်ရင် တိုက်ပွဲဖြစ်တဲ့အခါ ထိန်းရခက်မှာ စိုးလို့ပါ ဘောစ့် ။
ကျောင်းထဲတွင် လူရာနဲ့ချီပြီး ခိုက်ရန်ဖြစ်ပွားလျှင် ထိန်းချုပ်၍ မရနိုင်သည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည် ။ တစ်ယောက်ယောက် သေဆုံးသွားပါက မည်သည့်အာဏာနှင့်မျှ ဖုံးဖိ၍ ရနိုင်မည်မဟုတ်ချေ ။
ဂူချန် ဖုန်းထဲမှ စာကို ကြည့်ကာ ခဏစဉ်းစားပြီး ပြန်ရိုက်လိုက်သည် ။
" ကောင်းပြီ.. အခြားအခန်းတွေကို အရင်သွားကောက်လိုက်ဦး.. ငါ မကြာခင် လာခဲ့မယ်.."
လီကျိရန်: ဟုတ်ကဲ့ပါ ဘောစ့် ။
ဖုန်းကို ပြန်သိမ်းလိုက်ပြီး ဂူချန်က ရုံးခန်းတံခါးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည် ။
" ကျောင်းအုပ်ကြီးဝူ... စောင့်ကြည့်ရေးဗီဒီယိုတွေကို ဖျက်ဖို့ မမေ့နဲ့ဦး..စိတ်မပူပါနဲ့..ကျုပ် ဘယ်လောက်အထိပဲ လုပ်ရမလဲဆိုတာ သိပါတယ်.."
' အများဆုံး ဖြစ်လှရင် အရိုးအက်တာလောက်ပေါ့.. ဟီးဟီးဟီး..'
ဂူချန် စိတ်ထဲမှ တွေးလိုက်သည် ။
...
ကျောင်းအုပ်ကြီးရုံးခန်းနှင့် မလှမ်းမကမ်းရှိ လျှောက်လမ်းတွင် အရပ်အမောင်း ကောင်းမွန်သော ကျောင်းသားတစ်ဦးသည် ရုံးခန်းတံခါးကို စိုက်ကြည့်ရင်း ရပ်နေ၏ ။
သူ၏အမည်မှာ ချူဖေးယန် ဖြစ်ပြီး ကျောင်း၏ ထိပ်သီး ၁၀ ယောက်စာရင်းဝင် ဖြစ်ကာ ဒုတိယအဆင့် ၄ အထိ ကျင့်ကြံထားသူဖြစ်သည် ။ သူက မူရုံချင်းရွှယ်၏ သစ္စာရှိသော နွား တစ်ဦးလည်း ဖြစ်သည် ။
သူ ဤနေရာတွင် ရောက်နေရခြင်းမှာ မူရုံချင်းရွှယ်က ဂူချန်ကို ပညာပေးနိုင်လျှင် သူနှင့်အတူ ညစာစားမည်ဟု ကတိပေးထားသောကြောင့် ဖြစ်သည် ။ ထို့ကြောင့် သူက စိတ်လှုပ်ရှားစွာဖြင့် အပြေးလာခဲ့၏ ။
သူ မူရုံချင်းရွှယ်၏ အသုံးချခံ ဖြစ်နေသည်ကို လုံးဝ သတိမထားမိ ။ မူရုံချင်းရွှယ်က ပြောပြီးလျှင် မက်ဆေ့ခ်ျမှတ်တမ်းများကို ဖျက်ခိုင်းသည်ကိုပင် သူ၏ နတ်သမီးက သူ့ကို ကာကွယ်ပေးနေသည်ဟု ထင်နေသေးသည် ။
" ဂျောက်.."
ကျောင်းအုပ်ကြီးရုံးခန်းတံခါး ပွင့်သွားပြီး ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာကာ ချူဖေးယန်ရှိရာဘက်သို့ လျှောက်လာခဲ့သည် ။
***