အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ချူဖေးယန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာသည် ။ ချက်ချင်းပင် သူ၏ သွေးနှင့် ချီစွမ်းအင်များကို လှည့်ပတ်လိုက်ပြီး ၁၂ တန်း အဆောင်သို့ သွားရာ လျှောက်လမ်းအလယ်တွင် တိုင်တောင်ကြီးလို ရပ်လိုက်သည် ။
သူ အစီအစဉ်ဆွဲပြီးသား ဖြစ်သည် ။ ဂူချန် ရောက်လာသည်နှင့် တစ်ခါတည်း အလဲထိုးကာ ပညာပေးမည် ၊၊ ထို့နောက် ဓာတ်ပုံရိုက်ပြီး နတ်သမီးမူရုံဆီသို့ ပို့ပေးမည်ပင် ။
' မူရုံလေးကတော့ ငါ့ကို ချီးကျူးနေတော့မှာပဲ..'
ချူဖေးယန်က ကျေနပ်အားရစွာ တွေးနေသည် ။
ဂူချန် လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူက လျှောက်လမ်းအလယ်သို့ တစ်လှမ်းတိုးလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ တားဆီးလိုက်သည် ။
" ဂူချန်... မင်း..."
" ဖောင်းး..."
ချူဖေးယန် စကားပင် မဆုံးသေးမီမှာပင် သူ၏ မြင်ကွင်းထဲသို့ ကြီးမားလှသော လက်သီးရိပ်တစ်ခု တိုးဝင်လာသည်ကို တွေ့လိုက်ရသည် ။ လက်သီးမှာ အရှိန်အလွန်ပြင်းသဖြင့် လေထုကို ဖိသိပ်ပေါက်ကွဲစေပြီး လေလှိုင်းများပင် ထွက်ပေါ်နေသည် ။
" ဖရိုဖရဲဘုရင်လက်သီး .."
ပူလောင်လှသော အပူလှိုင်းတစ်ခုက သူ့ဆီသို့ တိုးဝင်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဝါးမြိုသွားသလို ခံစားလိုက်ရသည် ။ ထိုအချိန်တွင် ချူဖေးယန်၏ စိတ်များ တုန်လှုပ်သွားပြီး သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားတော့သည် ။ သူ၏ အတွင်းအားကို အစွမ်းကုန်ထုတ်ကာ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ကာရုံသာ အချိန်ရလိုက်၏ ။
" ဝုန်း.."
နှစ်ဦးသား ထိပ်တိုက်တွေ့ချိန်တွင် ကြီးမားလှသော လက်သီးရိပ်မှာ တူကြီးတစ်လက်ကဲ့သို့ ချူဖေးယန်၏ ချီစွမ်းအင် အကာအကွယ်ကို အလွယ်တကူ ရိုက်ခွဲသွားပြီး သူ၏ လက်မောင်းများပေါ်သို့ အရှိန်ဖြင့် ကျရောက်သွားတော့သည် ။
" ဂျွတ်..ဂျွတ်.."
အရိုးများ ကြေမွသွားသည့် အသံမှာ ကျောချမ်းစရာ ကောင်းလှသည် ။
ချူဖေးယန်၏ သန်မာသော ခန္ဓာကိုယ်မှာ ထိုနေရာမှ လွင့်ထွက်သွားပြီး လမ်းဘေးရှိ ကြွေပြားကပ်ထားသော နံရံဆီသို့ ပြင်းထန်စွာ ရိုက်မိသွားသည် ။
" ဘုန်း..."
နံရံတွင် အပေါက်ကြီးဖြစ်သွားပြီး ဖုန်မှုန့်များ တထောင်းထောင်း ထသွား၏ ။ ဖုန်များ ငြိမ်သွားချိန်တွင် သွေးချင်းချင်းနီကာ ထုံးမှုန့်များ ပေကျံနေသော ချူဖေးယန်ကို တွေ့လိုက်ရသည် ။
ယခုအခါ သူ၏ သန်မာလှသော လက်မောင်းနှစ်ဖက်မှာ ကြောက်စရာကောင်းစွာ ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ ။ ကြွက်သားများမှာလည်း ပေါက်ပြဲနေပြီး အသားမျှင်များကြားမှ ဖြူဖွေးသော အရိုးများကို မြင်နေရသည် ။ သနားစဖွယ်ကောင်းသော မြင်ကွင်းပင် ။
" အားးးးးးးး...."
ပြင်းထန်လှသော နာကျင်မှုက ချူဖေးယန်၏ ဦးနှောက်ထဲသို့ တိုးဝင်သွားသည် ။ သူသည် အော်ဟစ်ငိုယိုရင်း မြေပြင်ပေါ်တွင် လူးလိမ့်နေတော့သည် ။ စာမေးပွဲပင် မဖြေရသေးသော ကျောင်းသားတစ်ဦးအနေဖြင့် ဤကဲ့သို့ အရိုးအထိ နာကျင်သည့် ဒဏ်ကို ဘယ်လိုမှ မခံစားနိုင်ချေ ။
သူ၏ ယုံကြည်ချက်ရှိသော ပုံစံမှာ ပျောက်ကွယ်သွားပြီး မျက်ရည်၊ တံတွေးများဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့သည် ။ သူက လက်မောင်းမှ ဒဏ်ရာများကို လက်နှင့် ပြန်အုပ်ချင်သော်လည်း လက်နှစ်ဖက်လုံးမှာ သူ၏ အမိန့်ကို နားမထောင်တော့ဘဲ ထုံကျင်နေပြီ ဖြစ်သည် ။
နံရံမှ ပြိုကျလာသော ဖုန်မှုန့်များက ဒဏ်ရာများပေါ်သို့ ကျရောက်သည့်အခါတွင်လည်း နာကျင်မှုက ပို၍ ဆိုးဝါးလာသည် ။
"အား... နာတယ်.. အား..."
ချူဖေးယန်၏ အော်ဟစ်သံများမှာ ရပ်တန့်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေသည် ။
[ အိမ်ရှင်သည် ကျောင်းအဆောက်အအုံ၏ အရည်အသွေးကို စစ်ဆေးပေးသည့်အတွက် စေတနာတန်ဖိုး +၁၀ ]
[ အိမ်ရှင်သည် အတန်းဖော်တစ်ဦးကို လက်မောင်းအင်အား လေ့ကျင့်ပေးသည့်အတွက် စေတနာတန်ဖိုး +၃၀ ]
" ဘယ်က လမ်းဘေးခွေး လာရှုပ်နေတာလဲ.."
ဂူချန်က အဖြူရောင် လက်ကိုင်ပဝါဖြင့် သူ၏ သွေးပေနေသော လက်သီးကို သုတ်လိုက်သည် ။ သူက နာကျင်စွာ လူးလိမ့်နေသော ချူဖေးယန်အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်ကာ ပြောလိုက်၏ ။
"မင်း မသေအောင် ငါ့လက်သီးကို မင်းရင်ဘတ်နဲ့ လွဲပြီး ထိုးပေးထားတာ..မင်း ငါ့ကို ကျေးဇူးတင်သင့်တယ် နော်.."
လက်မောင်းဒဏ်ရာများက ကြည့်ရဆိုးသော်လည်း တကယ့်ဒဏ်ရာမှာမူ အတွင်းထဲတွင် ဖြစ်သည် ။ ဒုတိယအဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် မူလအတိုင်း ပြန်ဖြစ်ဖို့ဆိုလျှင် အနည်းဆုံး တစ်နှစ်လောက် ဆေးရုံတက်ရမည်ဖြစ်ပြီး ပြန်ကောင်းလာလျှင်ပင် အရင်လို သန်မာမှုနဲ့ လျင်မြန်မှုကို ဘယ်တော့မှ ပြန်ရနိုင်တော့မည် မဟုတ်ပေ ။
" ထွီ.."
ချူဖေးယန်က နာကျင်မှုကို အံတုကာ သွေးများနှင့် ရောနေသော တံတွေးကို နံရံပေါ်သို့ ထွေးထုတ်လိုက်သည် ။
[ အိမ်ရှင်သည် အတန်းဖော်အပေါ် ဂရုစိုက်ပြီး အသက်ဘေးမှ ကာကွယ်ရန် လက်သီးကို လျှော့ပေးခဲ့သည့်အတွက် စေတနာတန်ဖိုး +၅၀ ]
သူက ခန္ဓာကိုယ်ကို ခက်ခဲစွာ လှည့်လိုက်ပြီး ရှေ့တွင် ရပ်နေသော လူငယ်ကို အံကြိတ်ကာ ကြည့်လိုက်သည် ။ သူ၏ အသံမှာ နာကျင်မှုကြောင့် အက်ကွဲနေပြီး မုန်းတီးမှုများ ပြည့်နှက်နေ၏ ။
" ဂူ... ချန်... မင်းကို ငါ သတ်မယ်.."
သူ မလှုပ်ရှားရသေးမီမှာပင် တစ်ဖက်လူက အရင်ဦးအောင် လက်သီးတစ်ချက်တည်းဖြင့်အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ ။
ဂူချန်သည် လွန်ခဲ့သော ရက်ပိုင်းက ပထမအဆင့်တွင် ရှိနေပြီး ဒုတိယအဆင့်သို့ ရောက်သည်က မကြာသေးပေ ။ ထို့ကြောင့် သူသေချာပေါက် အနိုင်ယူနိုင်မည်ဟု ချူဖေးယန် တွက်ထားခဲ့သည် ။
သူ စကားပြောပြီးသည်နှင့် လက်ဝါးတစ်ဖက်က သူ၏ သွေးပေနေသော မျက်နှာပေါ်သို့ အရှိန်ဖြင့် ကျရောက်လာသည် ။
" ဖြန်း.."
ပြင်းထန်သော အားတစ်ခုက သူ၏ မျက်နှာကို ရိုက်ခတ်သွားသဖြင့် သူ၏ တစ်ကိုယ်လုံးမှာ လေထဲသို့ လွင့်ထွက်သွားတော့သည် ။ မျက်နှာတစ်ခုလုံး ထုံကျင်သွားပြီး သူ၏ မြင်ကွင်းများမှာလည်း ဝေဝါးသွားကာ ဘာမှ မမြင်ရတော့ချေ ။
[ အိမ်ရှင်သည် အတန်းဖော်တစ်ဦးကို အခမဲ့ မျက်နှာနှိပ်နယ်ပေးသည့်အတွက် စေတနာတန်ဖိုး +၁၀ ]
" ဘုန်း.."
ချူဖေးယန် မြေပြင်ပေါ်သို့ ပြန်ကျလာပြီး ခေါင်းထဲတွင်လည်း မူးဝေနေတော့သည် ။ သူ၏ ကျန်ရှိနေသေးသော သတိကလေးဖြင့် မျက်လုံးကို အသာဖွင့်ကြည့်ရာ တစ်ဖက်လူ၏ ဘောင်းဘီအနားကိုသာ မြင်လိုက်ရ၏ ။
ဂူချန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဖြူဖွေးသော အရိုးများ ပေါ်နေသည့် ချူဖေးယန်၏ ဒဏ်ရာပေါ်သို့ သူ၏ ခြေထောက်ဖြင့် နင်းချလိုက်သည် ။ သူ၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေဆဲပင် ။
"ငါ မင်းနဲ့ စကားအရှည်ကြီး မပြောချင်ဘူး.. မင်းကို ဘယ်သူလွှတ်လိုက်တာလဲဆိုတာ ၃ စက္ကန့်အတွင်း ပြော.. ပြောရင် မင်းကို လွှတ်ပေးမယ်.."
သူ ပြောရင်းနှင့် ခြေထောက်ကို အသာဖိ၍ လှည့်လိုက်ရာ သူ၏ ခြေထောက်အောက်မှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည် ။ အနီးနားရှိ လူအချို့မှာ ထိုမြင်ကွင်းကို မြင်သော်လည်း လုပ်ဆောင်နေသူမှာ ဂူချန် ဖြစ်နေသဖြင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည် ။
" သုံး.."
ဂူချန်၏ အသံမှာ တည်ငြိမ်နေသော်လည်း ဖိအားတစ်ခု ပါဝင်နေသည် ။
သူသည် ဘယ်ကမှန်းမသိ ရောက်လာသော ဤလမ်းဘေးခွေးနှင့် အချိန်မဖြုန်းချင်ပေ ။ သူ လူသွားရိုက်ဖို့ရန် အလျင်လိုနေ၏ ။
သေဘေးနှင့် ရင်ဆိုင်ရချိန်တွင် ချူဖေးယန်၏ စိတ်များ ပြန်လည်ကြည်လင်လာပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာသည် ။ သူက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည် ။
" အဲဒါ... မုရုံ... ချင်းရွှယ်..."
" ကောင်းတယ်.."
ဂူချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ ခြေထောက်ကို အသာဖယ်ပေးလိုက်သည် ။
သို့သော် ချူဖေးယန်က လွှတ်ပေးတော့မည်ဟု ထင်နေစဉ်မှာပင် ဂူချန်၏ ခြေထောက်အောက်တွင် ပြင်းထန်သော လေလှိုင်းများ စုစည်းလာပြီး ပတ်ဝန်းကျင်မှ လေထုမှာ ပူလောင်လာသည် ။ ထို့နောက် သူက ချူဖေးယန်၏ ခေါင်းကို ကန်လိုက်၏ ။
" ဖုန်းး.."
လေထုကို ဆုတ်ဖြဲနိုင်လောက်သော အားတစ်ခုက ချူဖေးယန်၏ ဦးခေါင်းခွံသို့ ချက်ချင်း ရိုက်ခတ်သွားသည် ။ သူ သေမင်း၏ အငွေ့အသက်ကိုပင် ခံစားလိုက်ရပြီး သူ၏ နှာခေါင်းမှ သွေးများ ယိုစီးကျလာသည် ။
သူ၏ ခန္ဓာကိုယ်မှာ မြေပြင်မှ လွင့်ထွက်သွားပြီး လေထဲတွင် နှစ်ပတ်လည်ကာ ပြန်ကျလာသည် ။ သူ၏ မြင်ကွင်းမှာ မှောင်အတိကျသွားပြီး သတိလစ်သွားတော့သည် ။
[ အိမ်ရှင်သည် အတန်းဖော်တစ်ဦးကို အိပ်ပျော်စေရန် ကူညီပေးပြီး အိပ်စက်မှု အရည်အသွေးကို မြှင့်တင်ပေးသည့်အတွက် စေတနာတန်ဖိုး +၅၀ ]
[ အတန်းဖော်သည် အိမ်ရှင်အပေါ် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသည့်အတွက် စေတနာတန်ဖိုး +၃၀ ]
ဂူချန်က သူ၏ ခြေထောက်ကို အသာမြှောက်ကာ ချူဖေးယန်၏ သန့်ရှင်းသော အဝတ်အစားပေါ်တွင် သူ၏ ဖိနပ်ကို ပြန်သုတ်လိုက်သည် ။ သူက သတိလစ်နေသော ချူဖေးယန်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်၏ ။
' ငတုံးကောင်... ငါ မင်းကို တကယ် လွှတ်ပေးမယ်လို့ ထင်နေတာလား..'
ထို့နောက် သူက မြေပြင်ပေါ်ရှိ အပျက်အစီးများကို ကျော်ဖြတ်ကာ ကျောင်းသားများ၏ ကြောက်လန့်တကြား ကြည့်နေသည့် အကြည့်များအောက်တွင် ၁၂ တန်း အဆောင်ဆီသို့ လျင်မြန်စွာ လျှောက်သွားတော့သည် ။
မိနစ်အနည်းငယ်ကြာမှသာ ကျောင်းသားအချို့သည် အနားသို့ ကပ်လာပြီး ချူဖေးယန်၏ အခြေအနေကို စစ်ဆေးရဲကြသည် ။ ချူဖေးယန် ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြောက်စရာကောင်းသော ဒဏ်ရာများကို ကြည့်ပြီး လူတိုင်း တုန်လှုပ်နေကြတော့သည် ။
' ဂူချန်က တကယ့်ကို ရက်စက်လွန်းတယ်..'
***