ချင်းဟယ် အမှတ် ၁ အထက်တန်းကျောင်း၊ ၁၂တန်း၊ အခန်း ၃...
စာသင်ခန်း၏ နောက်ဘက်တွင် တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်အချို့ စုဝေးနေကြသည် ။ သူတို့အားလုံး၏ မျက်နှာတွင် တည်ကြည်လေးနက်သော အရိပ်အယောင်များ ရှိနေပြီး စာသင်ခန်းကို ဝိုင်းရံထားသော ထွားကျိုင်းသည့် လူအုပ်ကြီး ထွက်သွားသည်ကို စောင့်ကြည့်နေကြ၏ ။
ထိုလူများအားလုံး ထွက်သွားပြီးမှသာ အပြာရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အလယ်တွင် မာနတခွဲသားဖြင့် ထိုင်နေသော လူငယ်ကို ကြည့်၍ ရိုရိုသေသေ ပြောလိုက်သည် ။
" အစ်ကိုရွှီ... သူတို့တွေ ထွက်သွားပြီ.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ.."
" ဘာလုပ်ရမှာလဲ .."
အစ်ကိုရွှီဟု အားလုံး ခေါ်ကြသော ထိုလူငယ်က သစ်သားကုလားထိုင်ပေါ်တွင် ခြေတင်ချိတ်ထိုင်ကာ တံခါးဝကို အေးစက်စွာ လှမ်းကြည့်ရင်း ပြောလိုက်သည် ။
" ဘာမှလုပ်စရာမလိုဘူး.. ဂူချန်ရဲ့ နောက်လိုက်တွေ အခုပဲ ထွက်ပြေးသွားတာ မင်းမမြင်ဘူးလား.."
ထိုလူငယ်၏ ညာဘက်မျက်ခွံမှာ တဆက်ဆက် တုန်နေပြီး စိုးရိမ်တကြီးဖြင့် ...
" ကျွန်တော်တို့က ဂူချန်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားတာလေ.. သူ ဒေါသထွက်လာရင် ဘယ်လိုလုပ်မလဲ.."
သူ ထိုသို့ပြောနေသော်လည်း အမှန်စင်စစ် သူကိုယ်တိုင်လည်း ကျင့်စဉ်ရင်းမြစ်များကို မပေးချင်ပေ ။ ဂူချန်က တစ်လစာ ရင်းမြစ်ကိုသာ သိမ်းယူမည်ဟု ဆိုသော်လည်း ယခုလမှာ စာမေးပွဲ မတိုင်ခင် နောက်ဆုံးလဖြစ်သဖြင့် ကျောင်းကပေးသော ထောက်ပံ့ကြေးမှာ အလွန်များပြားသည် ။
ချမ်းသာသော မိသားစုများမှ လာသူများအတွက်ပင် ဤမျှများပြားသော ပမာဏကို လက်လွတ်ရန်မှာ နှမြောစရာကောင်းလှသည် ။
ထို့ပြင် ဂူချန်၏ စရိုက်ကို သူတို့ ကောင်းကောင်းသိ၏ ။ ဂူချန်မှာ အားနည်းသူကို နှိပ်စက်ပြီး အားကြီးသူကို ကြောက်တတ်သူမျိုးဖြစ်သည် ။ အကယ်၍ သူတို့သာ အလျှော့ပေးလိုက်လျှင် သူတို့ကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်ကာ ပို၍ လက်ရဲဇက်ရဲ ရှိလာပေလိမ့်မည် ။
ထို့ကြောင့် သူနှင့် အခြားသူများသည် ချင်းဟယ်မြို့တော်၏ ထိပ်သီးမျိုးရိုးတစ်ခုမှ လာသော ရွှီဟိုင်ဖုန်းအပေါ် မျှော်လင့်ချက်ထားကာ ခုခံရန် ပြင်ဆင်နေကြခြင်းပင် ။
သို့သော်လည်း အကြောင်းရင်းမရှိဘဲ သူ၏ စိတ်ထဲတွင် ထိတ်လန့်စရာတစ်ခုခု ဖြစ်တော့မည့်အလား စိုးရိမ်စိတ်များ ဝင်နေမိသည် ။
" လျူရှို... မင်းက ဂူချန်ကို အထင်ကြီးလွန်းပြီး ငါတို့ကိုတော့ အထင်သေးလွန်းနေတာပဲ.."
အစ်ကိုရွှီက ထိုစကားကို ကြားသောအခါ မတ်တပ်ရပ်လိုက်ပြီး လျူရှို၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်သည် ။
" စဉ်းစားကြည့်စမ်း... အရင်တုန်းက ဂူချန်က နောက်ခံမရှိတဲ့သူတွေကိုပဲ အနိုင်ကျင့်ခဲ့တာ.. ပြီးတော့ ခုနကလည်း ငါတို့က တားလိုက်တာနဲ့ သူတို့ ထွက်သွားကြတာပဲ မှတ်လား.."
" ပြောရရင်တော့ အဲဒီလူယုတ်မာ ဂူချန်က အားနည်းသူကိုပဲ အနိုင်ကျင့်တက်တဲ့ ငကြောက်ပဲ.."
" ငါတို့ထဲမှာ တစ်ယောက်ချင်းစီရဲ့ နောက်ခံက ဂူချန်ကို မယှဉ်နိုင်ရင်တောင် အခုလို အားလုံး စုစည်းနေရင် သူ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး.."
ပြောပြီးသည်နှင့် အစ်ကိုရွှီက နောက်သို့ လှည့်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ခန့်ညားသော ပုံစံဖြင့် ...
" ဂူချန်ကို ငါတို့ ကြောက်ဖို့ လို မလို ဆိုတာထက် ဂူချန်က ငါတို့ကို ကြောက်နေလားလို့ပဲ မေးကြည့်လိုက်စမ်းပါ.."
သူ၏ စကားသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏ ။ ထိုအချိန်တွင် သူတို့၏ မျက်လုံးထဲ၌ ရွှီဟိုင်ဖုန်း၏ ပုံရိပ်မှာ ပို၍ မြင့်မားသွားသလိုပင် ခံစားလိုက်ရသည် ။
ယုံကြည်မှု ဟု ခေါ်သော ခံစားချက်တစ်ခုမှာ သူတို့၏ စိတ်ထဲတွင် ရုတ်တရက် မြင့်တက်လာတော့သည် ။
ဂူချန်ဆိုသည်မှာ ထင်သလောက် မကြောက်ဖို့ ကောင်းပါလားဟု သူတို့ ခံစားလိုက်ရသည် ။
" အစ်ကိုရွှီက အရမ်းမိုက်တာပဲ.."
" ဟုတ်တယ်... ဂူချန်က လက်တုံ့ပြန်မှာကို ကျွန်တော် တော်တော်စိုးရိမ်နေတာ.. အခု အစ်ကိုရွှီပြောတာ ကြားမှပဲ ဂူချန်ဆိုတာ ဘာမှမဟုတ်မှန်း သိတော့တယ်.."
" သူက တစ်ကျောင်းလုံးက လူတွေကို လုဖို့ ကြံနေတဲ့ ငတုံးပဲ. အစ်ကိုရွှီက စိတ်မပါလို့သာ လွှတ်ထားတာ.. မဟုတ်ရင် သူ့ကို ဝိုင်းပြီး ပညာပေးလိုက်တာ ကြာပေါ့.."
" ဂူချန်က လူခေါ်နိုင်ရင် ငါတို့လည်း လူခေါ်နိုင်တာပဲ..ငါ လုံးဝ မကြောက်ဘူး.."
လူတိုင်းက ရွှီဟိုင်ဖုန်းကို ဝိုင်း၍ မြှောက်ပင့်နေကြစဉ်မှာပင် လူရိပ်တစ်ခုသည် အခန်း ၃ သို့ ဦးတည်သော လျှောက်လမ်းအတိုင်း လျင်မြန်စွာ ပြေးဝင်လာနေသည်ကို မည်သူမျှ သတိမထားမိကြ ။
ထိုလူရိပ်၏ အရှိန်မှာ ပို၍ မြန်လာပြီး လေထဲတွင် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့သည် ။ စက္ကန့်ပိုင်းအတွင်းမှာပင် မီတာရာချီသော လျှောက်လမ်းကို ဖြတ်ကျော်ကာ အခန်း ၃ ၏ ရှေ့တံခါးဝသို့ ရောက်ရှိလာတော့သည် ။
" ဒေါက်... ဒေါက်... ဒေါက်..."
စာသင်ခန်းတံခါးကို ခေါက်သံနှင့်အတူ အပြင်ဘက်မှ ယဉ်ကျေးပျူငှာသော အသံတစ်သံ ထွက်ပေါ်လာသည် ။
" ခွင့်ပြုပါဦး... ရွှီဟိုင်ဖုန်း ဒီအခန်းထဲမှာ ရှိပါသလား.."
ထိုအသံမှာ မကျယ်သော်လည်း ပိတ်ထားသော တံခါးကို ဖြတ်ကျော်ကာ အခန်းထဲရှိ လူတိုင်း၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည် ။
ယခုအချိန်တွင် လူတိုင်းမှာ တစ်စုံတစ်ယောက်က ရွှီဟိုင်ဖုန်းကို လာရှာနေမှန်း သိလိုက်ရပြီး သူတို့၏ စိတ်အေးလက်အေး ဖြစ်နေသော အခြေအနေမှာ ပြန်လည် တင်းမာသွားတော့သည် ။
ယခုကဲ့သို့ အချိန်မျိုးတွင် မည်သူလာရှာနေပါသနည်း ။
လျူရှိုက စိုးရိမ်တကြီးဖြင့်...
" ဂူချန်ကိုယ်တိုင် လာတာများလား.."
ရွှီဟိုင်ဖုန်းက လက်ဝေ့ယမ်းကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည် ။
" ငါခေါ်ထားတဲ့ လူတွေ ဖြစ်မှာပါ.. ကိစ္စပြီးသွားပြီမို့ ပြန်လို့ရပြီလို့ သွားပြောလိုက်.."
လူတိုင်း သက်ပြင်းချနိုင်သွားကြသည် ။
လျူရှိုက သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း စိတ်ထဲတွင် တွေးလိုက်၏ ။
' ငါ အကြောက်လွန်နေပြီ..'
သူက တံခါးဆီသို့ လျှောက်သွားပြီး ဂျောက် ခနဲ ဖွင့်လိုက်သည် ။
ထိုအခါ ခန့်ညားပြီး ရင်းနှီးနေသော လူရိပ်တစ်ခုမှာ သူ၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်လာတော့သည် ။
လာသူမှာ အရပ်ရှည်ပြီး ချောမောသော မျက်နှာပိုင်ရှင် ဖြစ်သည် ။ သူ၏ နက်မှောင်သော ခရမ်းရောင် မျက်လုံးများမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေ၏ ။
ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေရုံမျှဖြင့်ပင် ကျောချမ်းစရာ ကောင်းလှသော အအေးဓာတ်ကို ပေးစွမ်းနေသည် ။
လျူရှို ထိုသူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် သူ၏ မျက်စိသူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျုံ့သွားပြီး ကြောက်လန့်တကြား နောက်သို့ ဆုတ်၍ နှုတ်ခမ်းများ တုန်ယင်စွာဖြင့် ...
" ဂူ.. ဂူ... ဂူချန်.."
စာသင်ခန်းထဲရှိ လူများမှာ ချက်ချင်းပင် လှည့်ကြည့်လိုက်ကြသည် ။ ရွှီဟိုင်ဖုန်းပင်လျှင် သူ၏ မျက်လုံးများကို ဖွင့်ကာ တံခါးဝသို့ စိုက်ကြည့်နေမိတော့သည် ။
' ဂူချန်.. သူ..သူတကယ် ရောက်လာတာပဲ.. '
' ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ရောက်လာတာလဲ.. '
လူတိုင်း၏ အကြည့်က ဂူချန်ပေါ်သို့ ကျရောက်နေသော်လည်း သူကမူ မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြဘဲ စာသင်ခန်းထဲသို့ ဝင်လာခဲ့သည် ။ သူက တစ်ခန်းလုံးကို အကဲခတ်သလို ဝေ့ကြည့်လိုက်၏ ။ ထို့နောက် သူကပြုံးလိုက်ပြီး...
"ငါ တော်တော်လေး နာမည်ကြီးနေတယ်ထင်တယ် .."
လျူရှို၏ အရင်က တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး ပျာပျာသလဲနှင့် ရွှီဟိုင်ဖုန်း၏ အနောက်သို့ ရောက်သည်အထိ ဆုတ်ခွာသွားပြီးမှ စိတ်အေးသွားရသည် ။
ရွှီဟိုင်ဖုန်းက ဘေးဘီကို ဝေ့ကြည့်လိုက်ရာ ခုနကတင် ဂူချန်ကို လှောင်ပြောင်နေသော လူများမှာ ယခုတော့ စစ်ရှုံးနေသော စစ်သည်များကဲ့သို့ ခေါင်းငုံ့ကာ ငြိမ်နေကြသည်ကို တွေ့လိုက်ရသည် ။
သူ စိတ်ထဲမှ ဆဲလိုက်၏ ။
' အသုံးမကျတဲ့ အမှိုက်တွေ..'
' ခုနတုန်းက အကျယ်ကြီး အော်နေပြီး ခုမှ ကြောက်နေကြတာ.. '
ရွှီဟိုင်ဖုန်းက ဂူချန်ကို စိုက်ကြည့်လိုက်၏ ။
သူ၏ အဆင့်နှင့် စွမ်းအားမှာ ဒုတိယအဆင့်ထဲသို့ ယခုမှ ဝင်ကာစဖြစ်သော ဂူချန်ထက် သာလွန်နေသော်လည်း၊ ကြိုတင်၍ စိတ်ပြင်ဆင်ထားသော်လည်း ထိုလူငယ်၏ အပြုံးကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ မသိမသာ တုန်လှုပ်သွားရသည် ။
' ဂူချန်က ဒုတိယအဆင့်ကို အခုမှ ရောက်ကာစပဲ ရှိသေးတာ.. ကြောက်စရာ မလိုပါဘူး ..'
ရွှီဟိုင်ဖုန်းက သူ့ကိုယ်သူ ပြန်လည် အားပေးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည် ။
"ငါက ရွှီဟိုင်ဖုန်းပဲ.. မင်း ငါ့ဆီက ဘာလိုချင်လို့လဲ.."
" ဝူးးးးး"
ရွှီဟိုင်ဖုန်းက စကားပြောပြီးသည်နှင့် မျက်နှာပျက်သွားကာ ခန္ဓာကိုယ်မှာလည်း တောင့်ခဲသွားတော့သည် ။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များက လွှမ်းမိုးသွားပြီး သူ၏ ချီစွမ်းအင်များကိုပါ ပိတ်ဆို့လိုက်သလို ခံစားလိုက်ရသည် ။
" မင်းကို ဆေးရုံပို့ပေးဖို့ လာတာပေါ့.."
ဂူချန်က ရုတ်တရက် လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ယန်ချီ များကို ထုတ်လွှတ်လိုက်ရာ အခန်းတစ်ခုလုံး ဖိအားလှိုင်းများဖြင့် ပြည့်နှက်သွားသည် ။
ဂူချန် ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏ ။
ခဏအကြာတွင် သူက ရွှီဟိုင်ဖုန်း၏ ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာသည် ။
တစ်ချိန်တည်းမှာပင် သူ၏ လက်ဝါးထဲ၌ လိမ္မော်ရောင်ရှိသော ချီစွမ်းအင်များကို စုစည်းကာ အပေါ်မှနေ၍ အရှိန်ဖြင့် ဖိချလိုက်သဖြင့် ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုမှာ ရွှီဟိုင်ဖုန်းဆီသို့ တိုးဝင်သွားတော့သည် ။
" ဘုန်း.."
ပေါင်သောင်းချီသော အားတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာသည် ။ ကြိုတင်ပြင်ဆင်မှုမရှိသော ရွှီဟိုင်ဖုန်းမှာ ထိုလက်ဝါးရိပ်ဖြင့် တိုက်ရိုက် အထိခံလိုက်ရသဖြင့် ကြွက်သားများ ပြဲထွက်သွားကာ ဘုန်းခနဲ ဒူးထောက်ကျသွားတော့သည် ။ သူ၏ ဒူးများမှာ ကြွေပြားကြမ်းပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွားသည် ။
ကြမ်းပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အစအနများ လွင့်စင်ကုန်၏ ။
ဖုန်မှုန့်များကြားတွင် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။
ကွဲအက်နေသော ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော ရွှီဟိုင်ဖုန်း၏ ခန္ဓာကိုယ်မှာ ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သတ္တုကဲ့သို့ မာကျောသော ပုံစံမျိုး ဖြစ်လာသည် ။
B-အဆင့် ပါရမီ - ရွှေကိုယ်ထည်
ရွှီဟိုင်ဖုန်းသည် ဒေါသထွက်နေသောမျက်နှာထားဖြင့် ဒူးထောက်နေရင်း သူ၏ ကျောပေါ်မှ လက်ဝါးရိပ်ကို အစွမ်းကုန် ခုခံနေသည် ။ ထိုအချိန်မှာပင် သူ၏ အနောက်ရှိ လူများကို ဟိန်းဟောက်ကာ အမိန့်ပေးလိုက်၏ ။
" သောက်ချီးလို့ ကြည့်နေကြတာလား.. အမြန်လာပြီး ဝိုင်းတိုက်ကြဟ.."
ထိုအသံကို ကြားမှ လျူရှိုနှင့် အခြားလူများသည် အံ့သြနေသည့်အဖြစ်မှ သတိပြန်ဝင်လာကြ၏ ။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အားလုံးက ဂူချန်ဆီသို့ ဝိုင်း၍ ပြေးဝင်လာကြတော့သည် ။
***