"ဝါးရုံတောအပြင်ဘက်ဝယ် မက်မွန်ပန်းအချို့ ပွင့်လန်းလျက်၊
မြစ်ရေနွေးလာသည်ကို တောဘဲအုပ်က အရင်ဆုံး သိကြလေ၏။
မြက်ခင်းစိမ်းစိမ်းကြားဝယ် ကျူပင်ပေါက်လေးများ ထွက်ပြူလာချိန်၊
ငါးပူတင်းလေးများလည်း ရေပြင်ထက်သို့ ကူးခတ်လာကြလေပြီ။"
ဆုရှီ ဆိုသည့် စုန့်မင်းဆက် ကဗျာဆရာ ရေးဖွဲ့ခဲ့သော ဤကဗျာလေးသည် ရှောင်မင်၏ မျက်စိရှေ့မှ မြင်ကွင်းကို အကောင်းဆုံး ပုံဖော်နေပြီး သူ၏ ရင်တွင်း၌ နက်ရှိုင်းသော ခံစားမှုလှိုင်းတံပိုးများကို လှုပ်ခတ်သွားစေသည်။
လယ်တစ်ဧကခန့် အကွာအဝေးအထိ နွားကို ကိုယ်တိုင် ဦးဆောင်မောင်းနှင်ပြီးနောက် ရှောင်မင်သည် တပ်သားထံ နွားကို ပြန်အပ်လိုက်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေလေပြီ။ ခေတ်သစ် စက်ယန္တရားများ မပါဝင်သော ရှေးရိုးစွဲ စိုက်ပျိုးရေး လုပ်ငန်းသည် နွေဦးထွန်ယက်ချိန်တွင်ရော ဆောင်းဦးရိတ်သိမ်းချိန်တွင်ပါ လူကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေသည်သာ။
လူဖေး က အားရပါးရ ရယ်မောရင်း လျှောက်လာသည်။ "ချီမင်းသားက မြင်းစီးမြားပစ်ပဲ ကျွမ်းကျင်တာ မှတ်နေတာ၊ လယ်လုပ်တဲ့ နေရာမှာလည်း ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားဘူးဗျာ"
ငါ ငယ်ငယ်တုန်းက ဒါမျိုး ခဏခဏ လုပ်ဖူးတာပေါ့ ဟု ရှောင်မင် နှုတ်မှ လွတ်ခနဲ ထွက်တော့မလို ဖြစ်သွားသော်လည်း အလျင်အမြန် ထိန်းချုပ်လိုက်ပြီး "ဒါက ဘာခက်လို့လဲကွာ၊ တပ်သားတွေ လုပ်နေတာ ကြည့်ပြီး သင်လိုက်ရုံပဲလေ" ဟု ပြန်ဖြေလိုက်သည်။
အတိတ်ဘဝက ကလေးဘဝကို ပြန်လည်တွေးမိသောအခါ ရှောင်မင်၏ ရင်ထဲတွင် ဆွေးမြေ့မှုတစ်ချို့ ဖြတ်ပြေးသွားသည်။ သူ၏ မိဘများ မည်သူမည်ဝါဖြစ်ကြောင်း တစ်ခါမျှ မသိခဲ့ရဘဲ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သော အဘွားအိုနှင့်သာ ကြီးပြင်းလာခဲ့ရသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူ အလုပ်စဝင်ပြီး တစ်နှစ်အကြာမှာပင် ထိုအဘွားအို ကွယ်လွန်သွားခဲ့ခြင်းပင်။
ဤအကြောင်းအရာများကြောင့်ပင် အတိတ်ဘဝအပေါ် သူ သံယောဇဉ် သိပ်မရှိတော့ဘဲ ဤကမ္ဘာသစ်ကို အလျင်အမြန် အသားကျသွားခြင်းလည်း ဖြစ်နိုင်ပေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ချီမင်းသား ကတော့ မဟာယွီအင်ပါယာ တစ်ခုလုံးမှာ လယ်ထွန်တတ်တဲ့ ပထမဆုံး မင်းသား ဖြစ်မှာ သေချာတယ်" လူဖေးက ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။ "ချီမင်းသား... ဆောက်လုပ်ရေး တပ်ဖွဲ့က စိုက်ပျိုးရေး ရာသီမှာ လယ်အလုပ်တွေ ကောင်းကောင်း လုပ်နိုင်ပေမယ့် အားလပ်ချိန်မှာ လေ့ကျင့်ရေးတွေလည်း လုပ်ဖို့ လိုသေးတယ်လေ၊ ဒါနဲ့ ချင်းကျိုး တပ်ဖွဲ့အတွက် သံချပ်ကာတွေကရော ဘယ်လိုနေပြီလဲ"
ဤကိစ္စကို ပြောရန် လူဖေး အတော်လေး တွန့်ဆုတ်နေခဲ့သော်လည်း ယခုတော့ အံကြိတ်ကာ မေးလိုက်ခြင်းပင်။
ရှောင်မင်က "ငါ့ကတိကို ငါ တည်ပါတယ်၊ နောက်လကုန်လောက်ဆိုရင် ပထမဆုံးအသုတ် ပြားချပ်သံချပ်ကာတွေ၊ ဒူးလေးတွေနဲ့ မော့တောက် လို့ခေါ်တဲ့ ဓားရှည်တွေ ချင်းကျိုး တပ်စခန်းကို ရောက်လာလိမ့်မယ်" ဟု ပြန်ဖြေလေသည်။
"မော့တောက် ဟုတ်လား၊ ပြီးတော့ ဒူးလေး၊ ဘာလို့ လေးနဲ့မြား မဟုတ်ရတာလဲ" လူဖေး နားမလည်နိုင်အောင် ဖြစ်သွားသည်။ ရှောင်မင်က ချင်းကျိုး တပ်ဖွဲ့ကို တပ်ဆင်ပေးမည်ဟု ကတိပေးထားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ သူ သေချာ မသိရသေးချေ။
"ဒီနေ့တော့ မိုးချုပ်နေပြီ၊ မနက်ဖြန်ကျမှ မော့တောက် ဆိုတာ ဘာလဲဆိုတာ မင်းကို ငါ ကိုယ်တိုင် လိုက်ပြမယ်" ဟု ရှောင်မင်က ပြောလိုက်သည်။
လူဖေး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ လင်းလက်သွားသည်။ "ချီမင်းသားကို ကျေးဇူးတင်ပါတယ်ဗျာ" ချင်းကျိုး တပ်ဖွဲ့မှာ ဆင်းရဲမွဲတေနေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ လက်နက်နှင့် ကိရိယာတန်ဆာပလာများအကြောင်း ကြားလိုက်ရုံဖြင့် သားကောင်ကို မြင်လိုက်ရသော ဝံပုလွေများပမာ စိတ်လှုပ်ရှားသွားကြသည်သာ။
ရှောင်ချင်းမြစ် ထဲတွင် ခြေထောက်မှ ရွှံ့များကို ဆေးကြောပြီးနောက် ရှောင်မင် ပြန်ရန် ပြင်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်ချိန်တွင် ရေအောက်မှ ဖြတ်ပြေးသွားသော ဧရာမ အရိပ်မည်းကြီး တစ်ခုကို မျက်ဝန်းထောင့်မှ လှမ်းမြင်လိုက်ရသည်။
သေချာ ကြည့်လိုက်သောအခါ ဧရာမ ငါးကြင်းကြီး တစ်ကောင် ဖြစ်နေပြီး ထိုငါးကြီးနောက်တွင် ငါးအုပ်ကြီး တစ်အုပ်ပါ လိုက်ပါသွားကြသည်။ ညစ်ညမ်းမှုကင်းစင်သော သဘာဝ ပတ်ဝန်းကျင်ကြောင့် ငါးများ ကောင်းစွာ ရှင်သန်ပေါက်ဖွားနိုင်ခြင်းက ရှောင်မင်၏ ရင်တွင်း၌ လှေငယ်လေးထက်မှာ ကောက်ရိုးဦးထုပ်ဆောင်းပြီး တစ်ကိုယ်တော် ငါးမျှားနေတဲ့ အဘိုးအို ကဲ့သို့သော အေးချမ်းသာယာသည့် ခံစားချက်မျိုးကို ဖြစ်ပေါ်လာစေသည်။
လတ်တလောတွင် အလုပ်တွေ ရှုပ်နေခဲ့သော်လည်း အနားယူအပန်းဖြေချိန် အချို့ လိုအပ်ကြောင်း ရှောင်မင် သဘောပေါက်လိုက်သည်။ ငါးမျှားချိတ် တစ်ခုလောက် လုပ်ပေးဖို့ ချန်ချီ ကို သွားပြောရမလားဟု သူ တွေးနေမိသည်။
မင်းသားအိမ်တော်သို့ ပြန်လျှောက်လာစဉ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၏ အရေးပါမှုကို ရှောင်မင် စဉ်းစားခန်း ဝင်နေမိသည်။ လယ်ယာစိုက်ပျိုးရေးက အရေးကြီးသော်လည်း မွေးမြူရေးသည်လည်း ထိုနည်းတူပင် အရေးပါလှပြီး နှစ်ပေါင်းများစွာ လစ်လျူရှုခံခဲ့ရသော ကဏ္ဍတစ်ခု ဖြစ်သည်။
စုန့်မင်းဆက်တွင် စစ်မြင်းများ ရှားပါးရခြင်းမှာ မြင်းမွေးမြူရေး နယ်မြေများ ဆုံးရှုံးသွားခြင်းကြောင့်ဟု အချို့က ငြင်းခုံကြသော်လည်း စုန့်မင်းဆက်၏ ပရမ်းပတာ ဖြစ်နေသော မြင်းမွေးမြူရေး စီမံခန့်ခွဲမှုကလည်း အဓိက အကြောင်းရင်းတစ်ခုပင်။
မကြာသေးမီက လယ်ထွန်နွားများ ဝယ်ယူရသည့် ပြဿနာကြောင့် မွေးမြူရေးကဏ္ဍ၏ အရေးပါမှုကို ရှောင်မင် ပို၍ သဘောပေါက်လာခဲ့သည်။
ထို့ကြောင့် စိုက်ပျိုးရေးအပြီးတွင် ခရိုင်အသီးသီးရှိ ထုတ်လုပ်ရေး အဖွဲ့များအတွက် သူ၏ နောက်ထပ် တာဝန်မှာ မွေးမြူရေးပင် ဖြစ်သည်။ ကျွဲ၊ နွား၊ သိုး၊ လား၊ မြင်း၊ ကြက်၊ ငါး နှင့် ဝက် မည်သည့်အရာကိုမျှ ချန်လှပ်ထား၍ မဖြစ်ပေ။
မင်းသားအိမ်တော်သို့ ပြန်ရောက်သောအခါ ရှောင်မင်သည် ရိုးရိုးရှင်းရှင်းပင် ညစာ သုံးဆောင်လိုက်ပြီး မွေးမြူရေး မူဝါဒတစ်ခုကို ရေးဆွဲရန် ပြင်နေစဉ် ကျီယွမ် ရောက်လာလေသည်။
"ချီမင်းသား... ဒီနေ့လယ် ချီမင်းသား အပြင်ထွက်သွားတုန်း ဝေ့မင်းသား ဆီက လူတစ်ယောက် အိမ်တော်ကို ရောက်လာပါတယ်၊ နောက်ငါးရက်နေရင် ချီမင်းသားဆီကို လာရောက် လည်ပတ်ဖို့ ဝေ့မင်းသား ချင်းကျိုးကို ရောက်လာမယ်လို့ အကြောင်းကြားပေးဖို့ ပြောသွားပါတယ်ရှင်"
"ဝေ့မင်းသား က ငါ့ဆီ လာလည်မယ် ဟုတ်လား" တစ်သက်နှင့်တစ်ကိုယ် အကြီးမားဆုံး ဟာသကြီးကို ကြားလိုက်ရသကဲ့သို့ ရှောင်မင် ခံစားလိုက်ရသည်။
ဒီ ဦးလေးတော် ဝေ့ သည် သူ ချင်းကျိုးသို့ ရောက်လာကတည်းက မည်သည့် အကူအညီမျှ ထိထိရောက်ရောက် မပေးခဲ့ဖူးချေ။ လွန်ခဲ့သော သုံးနှစ်ကပင် ဒေသခံ အင်အားကြီး မိသားစုများနည်းတူ သူ၏ နယ်စပ်ကိုသာ ကာကွယ်ရန် တပ်များကို စုစည်းထားခဲ့ပြီး ရှောင်မင်၏ နယ်မြေဆီသို့ တပ်သားတစ်ယောက်မျှ မစေလွှတ်ခဲ့ပေ။
ထို့အပြင် လယ်ထွန်နွားများ ဝယ်ယူသည့် ကိစ္စတွင်လည်း သူ့ကို အရူးတစ်ယောက်လို လှည့်စားကာ ဈေးနှုန်းများကို မြှင့်တင်ခဲ့သဖြင့် ငွေစင် တစ်သိန်းကျော် ဆုံးရှုံးခဲ့ရသေးသည်။
အခုတော့ သူက ငါ့ဆီ လာလည်မယ်တဲ့လား။
အသေအချာ စဉ်းစားကြည့်ပြီးနောက် ဝေ့မင်းသား၏ ခရီးစဉ်မှာ အပေါ်ယံ မြင်ရသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း ရှောင်မင် သဘောပေါက်သွားသည်။ ချန်းကျိုးတွင် လူဖေး ဖမ်းဆီးလာခဲ့သော ကုန်သည်သည် ချင်းကျိုး အကျဉ်းထောင်ထဲတွင် ရှိနေဆဲပင်။
ဝေ့မင်းသား ဤမျှ အလျင်စလို ရောက်လာခြင်းက ထိုကုန်သည်ထံတွင် တန်ဖိုးကြီးမားသော သတင်းအချက်အလက်များ ရှိနေကြောင်း သက်သေပြနေသည်။ ထိုကုန်သည်ကို စစ်ဆေးမေးမြန်းရန် မဖြစ်မနေ လိုအပ်နေပြီ။
စုတ်တံကို ချထားလိုက်ပြီး လူဖေး ကို ခေါ်ရန် လူတစ်ယောက်ကို ချက်ချင်း စေလွှတ်လိုက်သည်။ ကျိုးဇီယွီ ဆိုသော ထိုကုန်သည်ကို ဒီညတွင်းချင်း စစ်ဆေးမေးမြန်းရမည်။
ချင်းကျိုး အကျဉ်းထောင်။
ချင်းကျိုး တပ်ဖွဲ့စခန်းနှင့် ကပ်လျက် လမ်းပေါ်တွင် တည်ရှိပြီး ချင်းကျိုး အစိုးရရုံးတော်၏ ကွပ်ကဲမှုအောက်တွင် ရှိသည်။ ပုံမှန်အားဖြင့် မြို့စောင့်ရဲမက်များ ဖမ်းဆီးလာသော ရာဇဝတ်ကောင်များကို ဤနေရာတွင် ထိန်းသိမ်းထားလေ့ရှိသည်။
ချင်းကျိုး တပ်ဖွဲ့၏ တပ်စခန်းနှင့် ကပ်လျက် ဖြစ်နေသဖြင့် မည်သူမျှ ထောင်ဖောက်ရန် မကြံစည်ရဲကြချေ။ ထို့ကြောင့်ပင် လူဖေး က ထိုကုန်သည်ကို ဤနေရာတွင် ရဲရဲဝံ့ဝံ့ အကျဉ်းချထားခဲ့ခြင်း ဖြစ်သည်။
"ချီမင်းသား... ဒါက အဲဒီကုန်သည်ပါပဲ" စိုထိုင်းနေသော စင်္ကြံလမ်းတစ်လျှောက် မှိန်ပျပျ မီးပုံးအလင်းရောင်က တဖျပ်ဖျပ် လင်းလက်နေပြီး ပုပ်ဟောင်နေသော အနံ့အသက်များ၊ သိုးသိုးသန့်သန့် အစားအစာ အနံ့များနှင့် လူ့အညစ်အကြေး အနံ့များက လေထုထဲတွင် ပြည့်နှံ့နေသည်။
ကျိုးဇီယွီ ကို အအတွင်းဆုံး အခန်းတွင် အကျဉ်းချထားသည်။ အခြား အကျဉ်းသားများ၏ စိတ်ပျက်အားငယ်နေသော အမူအရာများနှင့် မတူဘဲ သူသည် အလွန်ပင် သက်တောင့်သက်သာ ရှိနေပုံရပြီး အချိန်မရွေး ထွက်သွားနိုင်သည့် ပုံစံမျိုး ပေါက်နေသည်။
"ကျိုးဇီယွီ၊ မင်းကတော့ အတော်လေး ဇိမ်ကျနေပါလား" လူဖေး ၏ အော်ဟစ်သံကို ကြားသောအခါ ကျိုးဇီယွီ က မှီအိပ်နေရာမှ ဖြည်းညင်းစွာ ထလာပြီး သံတိုင်ရှေ့သို့ လျှောက်လာကာ လူဖေး နှင့် ရှောင်မင် နှစ်ယောက်စလုံးကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူက ဟန်ဆောင်ပန်ဆောင် အရိုအသေပေးလိုက်ရင်း "ချီမင်းသား ဖြစ်ရပါမယ်၊ ဒီက အောက်ခြေသိမ်း ကုန်သည် ကျိုးဇီယွီ က ချီမင်းသားကို ဂါရဝပြု လျှောက်တင်ပါတယ်" ဟု ပြောလေသည်။
ရှောင်မင်က သူ့ကို စိတ်ဝင်တစား အကဲခတ်လိုက်ရင်း "ငါက ချီမင်းသား ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ"
"ချင်းကျိုး တစ်မြို့လုံးမှာ တပ်မှူး လူဖေး ဒီလောက် နာခံရိုသေရတဲ့ သူဆိုလို့ တစ်ယောက်ပဲ ရှိတာလေ၊ ချီမင်းသားကလွဲပြီး တခြား ဘယ်သူရှိနိုင်ဦးမှာလဲ"
ရှောင်မင်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ "မင်းရဲ့ အကဲခတ်ဉာဏ်က ထက်မြက်သားပဲ၊ မင်းက ဒီလောက် ပါးနပ်တဲ့သူဆိုတော့ ငါ လိုရင်းကိုပဲ တန်းပြောမယ်၊ မင်းက ဝေ့မင်းသားရဲ့ အမိန့်နဲ့ စစ်မြင်းတွေကို ခိုးသွင်းနေတာလား၊ ဒီကိစ္စနောက်ကွယ်က ဝေ့မင်းသားရဲ့ တကယ့် ရည်ရွယ်ချက်က ဘာများလဲ"
ကျိုးဇီယွီ က အားရပါးရ ရယ်မောလိုက်သည်။ "ချီမင်းသားရယ်၊ ချီမင်းသားကို တစ်ခုခု ပြောပြဖို့အတွက် ဝေ့မင်းသားကို အပြစ်ကူးလွန်ဖို့ ကျွန်တော် စွန့်စားရဲမယ်လို့ တကယ်ပဲ ထင်နေတာလား"
"ငါ့ကို အပြစ်ကူးလွန်ရမှာကိုတော့ မင်း မကြောက်ဘူးပေါ့လေ"
"ကျွန်တော်မျိုး ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါ ချီမင်းသား၊ ဒါပေမဲ့ ဧကရာဇ်မင်းကြီးရဲ့ ရင်ထဲမှာ ချီမင်းသားက ဝေ့မင်းသားထက် ပိုအရေးပါတယ်လို့ တကယ်ပဲ ယုံကြည်နေတာလား၊ အကယ်၍သာ ဧကရာဇ်မင်းကြီးက ချီမင်းသားနဲ့ ဝေ့မင်းသား နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ်ဆိုရင် ကြွယ်ဝချမ်းသာပြီး တပ်ဖွဲ့အင်အားတောင့်တင်းတဲ့ မင်းသားကို အသက်ရှင်ခွင့်ပေးမလား၊ တန်ဖိုးမရှိတဲ့ နယ်မြေလေးကို အုပ်ချုပ်နေရတဲ့ မင်းသားကို အသက်ရှင်ခွင့်ပေးမလားဆိုတာ စဉ်းစားကြည့်ပေါ့"
ကျိုးဇီယွီ ၏ မျက်ဝန်းထဲမှ ဖုံးကွယ်ထားသော လှောင်ပြောင် သရော်မှုများကို အထင်းသား မြင်တွေ့နေရသည်။ သူ၏ မောက်မာမှုက လူဖေး ကို အကြီးအကျယ် ဒေါသထွက်သွားစေရာ လူဖေးက သူ၏ ကြိမ်ပွတ်ဖြင့် ကျိုးဇီယွီ ၏ မျက်နှာကို လွှဲရိုက်ချလိုက်သည်။ ပါးပြင်ပေါ်မှ သွေးစများ စီးကျလာတော့သည်။
"ဒီခွေးကောင်၊ ချီမင်းသားကို မင်းက ဘယ်လိုတွေ လာပြောနေတာလဲ၊ မင်းရဲ့ ဝေ့မင်းသားမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပါနေရင်တောင် သူ့ကို ငါ ဇက်ဖြတ်ပစ်ဦးမှာ" လူဖေး က နောက်တစ်ချက် ထပ်ရိုက်ရန် ကြိမ်ပွတ်ကို မြှောက်လိုက်သော်လည်း ရှောင်မင်က သူ့ကို တားလိုက်သည်။
ကျိုးဇီယွီ ၏ စကားများမှာ ကြမ်းတမ်းသော်လည်း အမှန်တရား မပါဝင်ဘဲတော့ မဟုတ်ချေ။ ဧကရာဇ် ရှောင်ဝမ်ရွှမ် သည် အကျိုးအမြတ်ကို အမြဲတမ်း ဦးစားပေးတတ်သူ ဖြစ်သည်။ အကယ်၍ ရှောင်မင်သာ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာပါက သူ၏ ခမည်းတော်သည် သူ့ကို စွန့်ပစ်ရန် တစိုးတစိမျှ တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဧကရာဇ်မင်းကို ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြင့် ကျိုးဇီယွီ သည် ဤမှောင်ခိုလုပ်ငန်း နောက်ကွယ်ရှိ ပိုမို နက်ရှိုင်းသော အကြံအစည်များကို ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်သည်။
"ဒါဆို... ဒီမြင်းခိုးသွင်းတဲ့ အလုပ်ကို ငါ့ခမည်းတော်က လျှို့ဝှက် ခွင့်ပြုပေးထားတာပေါ့ ဟုတ်လား"
အပိုင်း ( ၇၆ ) ပြီးဆုံး။
***