"ချီမင်းသား ဒီတစ်ခေါက် ဝေ့မင်းသားကို ပြစ်မှားစော်ကားလိုက်တာက နောင်တစ်ချိန် တိုင်းပြည် ကမောက်ကမဖြစ်လာတဲ့အခါ သူက တပ်ဖွဲ့တွေနဲ့ လာရောက် တိုက်ခိုက်မှာကို မစိုးရိမ်ဘူးလား"
ချင်းကျိုးမြို့ တောင်ဘက်တံခါးဝတွင် ဝေ့မင်းသား၏ လူထမ်းယာဉ်ကြီး အဝေးသို့ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေကြသော အရာရှိများထဲမှ ချန်တာ့ဖူက မေးလိုက်ခြင်း ဖြစ်သည်။
"ကောင်းတဲ့ မေးခွန်းပဲ၊ အခု ငါက ဝေ့မင်းသားကို မစော်ကားလိုက်ရင်ကော နောင်တစ်ချိန်မှာ သူက ငါ့ကို လာမတိုက်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ၊ တစ်လောကလုံးက ဝေ့မင်းသားကို ကြွက်တစ်ကောင်လို သတ္တိကြောင်တယ်လို့ ပြောနေကြပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ရင် ငါ့ဦးလေးတော်က သတ္တိရှိရုံတင်မကဘူး အလွန်အမင်း ပါးနပ်တဲ့သူ ဆိုတာ ထင်ရှားနေတယ်၊ ငါ့ခမည်းတော် အပါအဝင် လူတော်တော်များများ သူ့ရဲ့ လှည့်စားမှုကို ခံနေရပြီ ထင်တယ်" ဟု ရှောင်မင်က ပြန်ဖြေလေသည်။
"ချီမင်းသား ဆိုလိုတာက ဝေ့မင်းသားဟာ အချိန်ကောင်းကို စောင့်ပြီး တိတ်တဆိတ် အင်အားစုဆောင်းနေတယ် ဆိုတဲ့ သဘောလား" ဟု ချန်တာ့ဖူက မေးလိုက်သည်။
"အဲဒီလိုပဲ ဖြစ်ဖို့ များတယ်၊ နှစ်တွေကြာလာတာနဲ့အမျှ ဝေ့မင်းသားဟာ ငါ့ခမည်းတော် ခွင့်ပြုထားတာထက် အများကြီး ပိုများတဲ့ စစ်မြင်းတွေကို ဝယ်ယူထားခဲ့တယ်၊ ပြီးတော့ မြက်ခင်းပြင်မှာ မြင်းလာဝယ်တဲ့ တခြား နယ်စားမင်းသားတွေရဲ့ ကုန်သည်တွေကိုလည်း လျှို့ဝှက် ခြုံခိုတိုက်ခိုက်ခဲ့သေးတယ်၊ သူ့ရဲ့ ရည်မှန်းချက်တွေက သေးသေးမွှားမွှားလေး မဟုတ်ဘူး၊ ဒါ့အပြင် ဟူယန်ထို မျိုးနွယ်စုနဲ့ ရင်းနှီးကျွမ်းဝင်နေတာကလည်း မြင်းဝယ်ဖို့ သက်သက် မဟုတ်လောက်ဘူး၊ ငါ စိုးရိမ်တာက..." ရှောင်မင် မျက်မှောင်ကြုတ်သွားသည်။
"ဘာကို စိုးရိမ်တာလဲ"
"ဒါက ထင်ကြေးသက်သက်ပါ၊ ထားလိုက်ပါတော့၊ တို့တွေ တစ်လှမ်းချင်းစီ သွားကြတာပေါ့၊ အခု အရေးကြီးဆုံးက ကိုယ့်နယ်မြေကိုပဲ အာရုံစိုက်ဖို့ပဲ၊ အင်အားကြီး မိသားစုလေးခုကို အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်" ရှောင်မင်က ပြတ်သားစွာ ပြောလိုက်သည်။
ယခုအခါ သူ၏ နယ်မြေရှိ စစ်ရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် လိုအပ်ပြီး စစ်ပွဲများအတွက် လုံလောက်သော အရင်းအနှီးများ စုဆောင်းနိုင်ရန် ကျေးကျွန်များကို အသုံးပြုရမည်ဖြစ်သည်။ ဤသည်မှာလည်း ဝေ့မင်းသားထံမှ ကျေးကျွန် တစ်သိန်း တောင်းဆိုခဲ့ရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။
ဤကျေးကျွန်များသည် ကာယလုပ်အားများ ပံ့ပိုးပေးရန်အတွက် ဖြစ်သည်။ တစ်သိန်းဆိုသော အရေအတွက်မှာ သိပ်မများလှဟု ထင်ရသော်လည်း သူတို့၏ စုပေါင်းလုပ်အားသည် ရေအားသုံး သံထုစက် ထောင်ပေါင်းများစွာနှင့် ညီမျှနိုင်သည်။ စက်ယန္တရားများ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသော ဤခေတ်ကာလတွင် သူ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဤကျေးကျွန်များမှာ မရှိမဖြစ် လိုအပ်လှသည်။
ကျေးကျွန် သုံးသိန်း၊ ငါးသိန်း သို့မဟုတ် တစ်သန်းအထိ ဘာကြောင့် မတောင်းဆိုခဲ့သလဲ ဆိုသော မေးခွန်းအတွက် အဖြေမှာ ရိုးရှင်းပါသည်။ တောင်းဆိုလို့ ရနိုင်သော်လည်း သူတို့ကို ကျွေးမွေးရန် သူ မတတ်နိုင်သောကြောင့်ပင်။
သို့တိုင်အောင် သူသည် ကျေးကျွန် တစ်သိန်းကို ခြောက်လစာ ကျွေးမွေးရန် လုံလောက်သော စပါးတင်း နှစ်သန်းကိုလည်း တောင်းဆိုခဲ့သေးသည်။
ဝေ့မင်းသားကို ဘာကြောင့် စွဲချက်မတင်ခဲ့သလဲ ဆိုသည့် အကြောင်းရင်းမှာလည်း ရှင်းလင်းလှပါသည်။ ထောင့်ကျပ်ဆိုက်နေသော ဝေ့မင်းသားသည် သူ၏ ဒေါသများကို ရှောင်မင်အပေါ်သို့သာ အရင်ဆုံး ပုံချပေလိမ့်မည်။ ထို့အပြင် ဝေ့မင်းသား အပြစ်ပေးခံရပြီး အကျဉ်းချခံရလျှင်ပင် ဝေ့မင်းသား၏ နယ်မြေမှ ရှောင်မင် မည်သည့် အကျိုးအမြတ်မျှ ရရှိမည် မဟုတ်ဘဲ သူ၏ နောင်တော်ညီတော် မင်းသားများအတွက်သာ အကျိုးရှိသွားပေလိမ့်မည်။
ထိုသို့ ဖြစ်မည့်အစား သန့်စင်သော အကျိုးအမြတ်အချို့ကို ရယူလိုက်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။
ထိုမြစ် ဆိပ်ကမ်းတွင် ဝေ့မင်းသားသည် ကိုယ်ရံတော်များ ခြံရံကာ သူ၏ သင်္ဘောပေါ်သို့ တက်သွားလေသည်။ ချင်းကျိုးမြို့ကို နောက်ကြောင်းလှည့်ကြည့်ရင်း သူက "ရှောင်မင်... မင်းကို ငါပေးနိုင်သလို ပြန်လည်း ယူနိုင်တယ်၊ စောင့်နေလိုက်၊ မင်း ငါ့ကို ဆယ်ဆ ပြန်ဆပ်ရမယ်" ဟု မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ထိုအချိန်တွင် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦးက ဝေ့မင်းသားထံ ချဉ်းကပ်လာပြီး "ဦးလေးတော်" ဟု ရိုသေစွာ နှုတ်ဆက်လေသည်။
ထိုလူငယ်ကို မြင်သောအခါ ဝေ့မင်းသား၏ မျက်နှာပေါ်မှ ကြမ်းကြုတ်သော အမူအရာများ ပျောက်ကွယ်သွားပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးသော အကြည့်များဖြင့် အစားထိုး ဝင်ရောက်လာသည်။ "ယွီအာ... မင်းက ကျန်းမာရေး သိပ်မကောင်းတာကို ဘာလို့ အပြင်ထွက်လာတာလဲ၊ အနားယူနေသင့်တာပေါ့"
လူငယ်လေးက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း "ဦးလေးတော်ရယ်... ကျွန်တော် အပြင်မထွက်ဘဲ နေရင် မှိုတက်သွားလိမ့်မယ်၊ ချင်းကျိုးကို ရောက်နေတုန်း မြို့ထဲကို လျှောက်ကြည့်ဦးမယ်လို့ စိတ်ကူးမိလို့ပါ"
"မင်း ချင်းကျိုး မြို့ထဲ ဝင်သွားခဲ့တယ် ဟုတ်လား" ဝေ့မင်းသားက အံ့သြတကြီး မေးလိုက်သည်။
လူငယ်လေးက ခေါင်းညိတ်ပြသည်။ "မြို့ပြင်က အလုပ်ရုံဇုန်ကိုလည်း သွားခဲ့သေးတယ်၊ ဒါပေမဲ့ အဲဒီမှာ လုံခြုံရေးက သိပ်တင်းကျပ်နေတော့ အပြင်လူတွေ အလွယ်တကူ ဝင်လို့မရဘူးလေ"
အနီးတွင် ရပ်နေသော ချောင်ယွီက "အရှင်၊ ဒါက ပြဿနာ မဟုတ်ပါဘူး၊ သံချပ်ကာဝတ် တပ်သား ငါးထောင်နဲ့ဆိုရင် ချင်းကျိုး တစ်မြို့လုံးကို အလွယ်လေး ရှင်းလင်းပစ်လို့ ရပါတယ်၊ အရှင့်အတွက် ကျွန်တော် ကိုယ်တိုင် ဦးဆောင်ပြီး လမ်းရှင်းပေးပါ့မယ်" ဟု ဝင်ပြောလေသည်။
"စစ်သူကြီး ချောင်၊ မရမ်းကားစမ်းနဲ့" လူငယ်လေးက တင်းမာစွာ ပြောလိုက်သည်။ "ချီမင်းသား က အင်အားနည်းချင် နည်းမယ်၊ ဒါပေမဲ့ သူက မင်းသားတစ်ပါးပဲ၊ ခွေးတစ်ကောင်ကို ရိုက်မယ်ဆိုရင်တောင် သူ့သခင် မျက်နှာကို ထောက်ရသေးတာပဲ၊ မင်းသားတစ်ပါးဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးပေါ့"
ထိုစကားကို ကြားသောအခါ ဝေ့မင်းသားက လူငယ်လေးကို ဝမ်းနည်းကြေကွဲစွာဖြင့် ကြည့်လိုက်သည်။ "ယွီအာ... ငါ့အမြင်မှာတော့ ရှောင်ဝမ်ရွှမ် ဆိုတာ မဟာယွီအင်ပါယာရဲ့ စစ်မှန်တဲ့ ဧကရာဇ် တစ်ခါမှ မဟုတ်ခဲ့ဘူး၊ အဲဒီမင်းသားတွေကလည်း စစ်မှန်တဲ့ မင်းသားတွေ မဟုတ်ဘူး၊ ထီးနန်းဆိုတာ မင်းဖခင်ရဲ့ တရားဝင် ပိုင်ဆိုင်မှုဖြစ်ပြီး မင်းသာလျှင် မဟာယွီအင်ပါယာရဲ့ စစ်မှန်တဲ့ မင်းသားပဲ"
"ဦးလေးတော်... သမိုင်းဆိုတာ အောင်နိုင်သူတွေက ရေးဆွဲကြတာပါပဲ၊ ဒါက အာဏာလုပွဲတွေရဲ့ သဘာဝလေ၊ မဟာယွီအင်ပါယာရဲ့ တကယ့် ရန်သူစစ်က လူရိုင်းတွေပါ၊ သူတို့ဟာ ဟန်လူမျိုးတွေ နှစ်ထောင်ပေါင်းများစွာ အတွင်း ရင်ဆိုင်ခဲ့ရသမျှမှာ အင်အားအကြီးမားဆုံး ရန်သူတွေပဲ၊ အကယ်၍ ကျွန်တော့် ခမည်းတော်သာ သက်ရှိထင်ရှား ရှိနေသေးရင် ညီအစ်ကိုတွေ အချင်းချင်း သတ်ဖြတ်နေကြတာကို မြင်ချင်မှာ မဟုတ်ဘူး" ဟု အဖြူရောင်ဝတ် လူငယ်လေးက အကြံပြု ပြောဆိုလေသည်။
"ယွီအာ... မင်းရဲ့ အတွေးတွေက သိပ်ကို ရိုးအလွန်းနေသေးတယ်၊ ဟူယန်ထို မျိုးနွယ်စုနဲ့ ငါ ထိတွေ့ဆက်ဆံခဲ့ရသလောက် လူရိုင်းတွေဟာ မဟာယွီအင်ပါယာထက် မနိမ့်ကျတဲ့ မင်းဆက်တစ်ခု ဖြစ်လာနေပြီ၊ ဒါပေမဲ့ တို့ရဲ့ အင်ပါယာကြီးကို အခု ကြည့်စမ်းပါဦး၊ နယ်စားမင်းသားတွေ အချင်းချင်း သတ်ပုတ်နေကြတယ်၊ ဖရိုဖရဲ ဖြစ်နေတယ်၊ အင်အားကြီး မိသားစုတွေက နန်းတွင်းကို ချုပ်ကိုင်ထားပြီး ဒေသခံ အထက်တန်းလွှာတွေက နယ်ဘက်ကို စိုးမိုးထားကြတယ်၊ မဟာယွီအင်ပါယာကြီးသာ စည်းလုံးညီညွတ်မှု မရှိရင် လူရိုင်းမြင်းတပ်တွေကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ" ဝေ့မင်းသားက ပြတ်သားစွာ ပြောလိုက်သည်။
တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် သူက ဆက်လက်၍ "ငါ သေချာ စဉ်းစားပြီးပြီ၊ ဒီအင်အားကြီး မိသားစုတွေကို ဖျက်ဆီးပစ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက နိုင်ငံရေးအရ မဟုတ်ဘဲ စစ်ရေးအရ အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ပဲ"
အဖြူရောင်ဝတ် လူငယ်လေးသည် အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဦးလေးတော်... ဦးလေးတော်ရဲ့ စကားတွေက ကျွန်တော့် ခမည်းတော် ပြောခဲ့တာတွေနဲ့ တစ်ထပ်တည်းပါပဲ၊ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ ကြားထဲမှာပဲ ထားကြရအောင်၊ တခြားသူတွေ ကြားသွားရင် ကျွန်တော်တို့ကို ဆန့်ကျင်လာကြလိမ့်မယ်၊ ခမည်းတော်ရဲ့ ကံကြမ္မာက သတိပေးချက် တစ်ခုပါပဲ"
ဝေ့မင်းသားသည် စီးဆင်းနေသော မြစ်ရေပြင်ကို ငေးကြည့်ရင်း သူ၏ မျက်ဝန်းများက အဝေးတစ်နေရာဆီသို့ ရောက်ရှိကာ အတွေးနယ်ချဲ့နေလေသည်။
လေထုကို အနည်းငယ် ပေါ့ပါးသွားစေရန်အတွက် အဖြူရောင်ဝတ် လူငယ်လေးက ရုတ်တရက် ပြုံးလိုက်ပြီး "ဦးလေးတော်... ဒီ ချီမင်းသား က တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်၊ ချင်းကျိုး မြို့ထဲမှာ အံ့သြစရာကောင်းတဲ့ အရာတွေ အများကြီး တွေ့ခဲ့ရတယ်၊ ကုန်သည်အသင်းချုပ်တွေ၊ မူပိုင်ခွင့်ဌာန ပြီးတော့ လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ တပ်ဖွဲ့တွေ၊ ဒီ ချီမင်းသား က တကယ့်ကို ထူးခြားတဲ့သူပဲ" ဟု ပြောလိုက်သည်။
"တကယ်ကို ထူးခြားတာပေါ့၊ သူ အခုလေးတင် ငါ့ဆီကနေ ကျေးကျွန် တစ်သိန်းနဲ့ စပါး တင်း နှစ်သန်းကို ညှစ်ယူသွားတာလေ၊ ငါ့နယ်မြေက ချမ်းသာတယ် ဆိုပေမယ့် ဒါတွေက နည်းတဲ့ ပမာဏမှ မဟုတ်တာ" ဟု ဝေ့မင်းသားက ပြောလေသည်။
လူငယ်လေး၏ စိတ်ဝင်စားမှုက ပိုမို တိုးပွားလာသည်။ "ဦးလေးတော်က သူ့လက်ထဲမှာ အရှုံးပေးလိုက်ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး၊ ဒါပေမဲ့ ဒီလို လဲလှယ်လိုက်တဲ့အတွက် လျှို့ဝှက်စာ ပေါက်ကြားသွားမှာကို ကျွန်တော်တို့ စိုးရိမ်စရာ မလိုတော့ဘူးပေါ့၊ ဘာပဲဖြစ်ဖြစ် ဒီအရောင်းအဝယ် ပြီးသွားရင် သူလည်း ကြံရာပါ ဖြစ်သွားပြီလေ"
"အဲဒါကြောင့်လည်း ငါ သဘောတူလိုက်တာပေါ့၊ သူ့ကို ခြိမ်းခြောက်ဖို့တောင် ငါ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ ဒီကောင်လေးက ပြောင်းလဲသွားပြီ၊ ချင်းကျိုး တပ်ဖွဲ့က အင်အားနည်းပေမယ့် တိုက်ဖို့ အဆင်သင့်ပဲလို့တောင် သူက ပြောရဲတယ်၊ ဟားဟား... သတ္တိတော့ ရှိသားပဲ၊ ဒီကောင်လေးကို ငါ သဘောကျလာပြီ" ဝေ့မင်းသားက အားရပါးရ ရယ်မောလိုက်သည်။
အဖြူရောင်ဝတ် လူငယ်လေး ပြုံးလိုက်သည်။ "ဒီ ချီမင်းသား က တခြား မင်းသားတွေနဲ့ မတူဘူး ထင်တယ်၊ သူက ကျွန်တော်တို့အတွက် မထင်မှတ်ထားတဲ့ အရာတွေ ယူဆောင်လာပေးနိုင်လိမ့်မယ်"
ဝေ့မင်းသား၏ ရယ်မောသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး သူ၏ မျက်နှာထားက အေးစက်သွားသည်။ "ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ငါတို့ လမ်းကြောင်းပေါ်က အဆီးအတား တစ်ခုပါပဲ၊ လောလောဆယ်တော့ သူက ငါတို့အတွက် အသုံးဝင်နေသေးတယ်၊ ဒါပေမဲ့ စစ်မြေပြင်မှာ သူ့ကို ရင်ဆိုင်ရမယ့်နေ့ ရောက်လာရင်တော့ သနားညှာတာနေလို့ မဖြစ်ဘူး"
အဖြူရောင်ဝတ် လူငယ်လေး ခေါင်းညိတ်လိုက်သည်။ ဧရာမ ရေယာဉ်စုကြီး စတင် ထွက်ခွာသွားချိန်တွင် သူက ချင်းကျိုးမြို့ဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် ဤ ချီမင်းသား သည် နောင်အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတော်ကြီး တစ်ဦး ဖြစ်လာလိမ့်မည် ဟူသော ခံစားချက်ကိုမူ သူ ဖျောက်ဖျက်၍ မရနိုင်ခဲ့ချေ။
ကမ်းခြေတွင်မူ မြင်းတပ်သား တစ်ဦးသည် ဝေ့မင်းသား၏ ကျေးကျွန်များ စုဆောင်းရန် အမိန့်ကို သယ်ဆောင်ကာ တောင်ဘက်သို့ ဒုန်းစိုင်း နှင်သွားလေသည်။ ဝေ့မင်းသား နယ်မြေ၏ မြို့အသီးသီးမှ ကျေးကျွန် တစ်သိန်းသည် ကျင်းလင်မြို့သို့ စတင် စုရုံးလာကြပြီး အသုတ်လိုက် သင်္ဘောများပေါ်သို့ တက်ကာ ချင်းကျိုးဆီသို့ ဦးတည် ထွက်ခွာလာကြလေပြီ။
ဝေ့မင်းသား ထွက်ခွာသွားပြီး ဆယ်ရက်အကြာတွင် ပထမဆုံး ကျေးကျွန်နှင့် စပါး အသုတ်သည် ချင်းကျိုးသို့ ရောက်ရှိလာခဲ့သည်။ လူတစ်သောင်းနှင့် စပါး တင်း ငါးသိန်း ဖြစ်သည်။
ဝေ့မင်းသား နယ်မြေမှ ဧရာမ စစ်သင်္ဘောကြီးများကို မြင်တွေ့ရသောအခါ ရှောင်မင် တစ်ယောက် အံ့သြမင်သက်မှုကို မထိန်းချုပ်နိုင်ခဲ့ချေ။ ဝေ့မင်းသား၏ ရေတပ်အင်အားမှာ တကယ့်ကို အထင်ကြီးလောက်စရာပင်။
အပိုင်း ( ၇၉ ) ပြီးဆုံး။
***