"ဝေ့မင်းသားရဲ့ နယ်မြေက ကြွယ်ဝချမ်းသာတယ်လို့ အစဉ်အဆက် ကြားဖူးခဲ့ပေမယ့် အခုကြည့်ရတာ ကျွန်တော်တို့တွေ ဝေ့မင်းသားကို အတော်လေး အထင်သေးမိခဲ့ပုံပဲ"
ရှောင်မင်၏ ဘေးတွင် ရပ်နေသော ပန်ယွိခွန်း၏ မျက်ဝန်းများထဲတွင် ရွက်လွှင့်လာသော စစ်သင်္ဘောကြီးများ၏ အရိပ်များ ထင်ဟပ်နေပြီး သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အချို့ကို တွေ့မြင်နေရသည်။
"ဝေ့မင်းသား တစ်ယောက်တည်း မဟုတ်ပါဘူး၊ တခြား နယ်စားမင်းသားတွေ ဘယ်သူမှ ငါ့လောက် ဆင်းရဲနွမ်းပါးနေတာ မဟုတ်ဘူး၊ ဒါပေမဲ့ တို့ကိုယ်တို့ အထင်သေးနေစရာ မလိုပါဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သရွေ့ သူတို့ကို ကျော်တက်ဖို့ဆိုတာ အချိန်ပြဿနာ သက်သက်ပါပဲ" ဟု ရှောင်မင်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
ကျေးကျွန် တစ်သိန်းနှင့် စပါးတင်း သုံးသန်း ဆိုသည်မှာ သူ့အတွက် နောက်ထပ် တွန်းအားတစ်ခုဖြစ်ပြီး သူ၏ အစီအစဉ်များကို အလျင်အမြန် ရှေ့ဆက်နိုင်ရန် လုံလောက်သော ပမာဏပင်။
ပန်ယွိခွန်းက သူတို့ အလိုအပ်ဆုံးအရာမှာ အချိန် ဖြစ်ကြောင်း ဖွင့်ဟပြောဆိုချင်သော်လည်း စကားကို မျိုသိပ်ထားလိုက်သည်။ အနာဂတ်ဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရနိုင်ရာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူကများ တပ်အပ် ပြောနိုင်မှာလဲ။
အကယ်၍ ကောင်းကင်ဘုံကသာ ချီမင်းသားကို မျက်နှာသာပေးခဲ့မည်ဆိုလျှင် ရှေ့ဆက်ရမည့် ခရီးလမ်းက ဖြောင့်ဖြူးနေမည်မှာ အသေအချာပင်။
ဤတစ်ကြိမ်တွင် ချန်ချီ နှင့် ချန်ဝမ်လုံ တို့သာမက ကျန်းလျန် ပါ ရောက်ရှိနေကြသည်။ ကျန်းလျန်က "ဒီစစ်သင်္ဘောကြီးတွေ အားလုံးကို ကျင်းလင်မြို့က တင်းမိသားစု သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တာပါ၊ ကျွန်တော့်ဖခင် သက်ရှိထင်ရှား ရှိစဉ်က အဲဒီကို သွားလည်ဖူးပါတယ်၊ သူတို့ သင်္ဘောကျင်းက ကျွန်တော်တို့ထက် ပိုကြီးတဲ့အပြင် စစ်သင်္ဘော တည်ဆောက်တဲ့ နေရာမှာ အထူးပြုလေ့လာထားတဲ့ ကျွမ်းကျင် လက်မှုပညာသည်တွေ အများကြီး ရှိတယ်" ဟု လျှောက်တင်လေသည်။
"သူများ တက်ကြွအောင် မြှောက်ပြောပြီး ကိုယ့်လူတွေ စိတ်ဓာတ်ကျအောင် မလုပ်စမ်းပါနဲ့၊ မင်းကို ငါပေးထားတဲ့ စစ်သင်္ဘော ပုံစံကြမ်းတွေက သူတို့ထက် နိမ့်ကျမနေပါဘူး" ဟု ရှောင်မင်က ပြောလိုက်သည်။
"ချီမင်းသား ပြောတာ မှန်လှပါတယ်" ကျန်းလျန်သည် ရှောင်မင် ပေးအပ်ထားသော စစ်သင်္ဘော ပုံစံကြမ်းများကို တွေးမိကာ အံ့သြမင်သက်နေဆဲပင်။ "သင်္ဘောကျင်းအတွက် ချီမင်းသား ခွဲဝေချထားပေးတဲ့ ကျေးကျွန် တစ်သောင်းနဲ့ဆိုရင် ကျွန်တော်တို့မှာ လုပ်သားအင်အား လုံလောက်ပါပြီ၊ ဒီနှစ်ထဲမှာ ရွက်လှေကြီး ငါးစင်း ရေချနိုင်ရမယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်"
ရှောင်မင် ခေါင်းညိတ်လိုက်သည်။ "ဒါဆို ကောင်းတာပေါ့"
သင်္ဘောကျင်းကို ပြန်လည်မွမ်းမံနေစဉ်က ရှောင်မင်သည် ထိုနေရာသို့ ကျေးကျွန်များများစားစား မချထားပေးခဲ့ချေ။ ထိုအစား ကျေးကျွန် အများစုကို အလုပ်ရုံဇုန်ဆီသို့သာ စေလွှတ်ခဲ့သည်။ သူ၏ အမြင်တွင် အလုပ်ရုံဇုန်၏ ကုန်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်မှသာ နောင်တစ်ချိန် သင်္ဘောကျင်းအတွက် လိုအပ်သော အစိတ်အပိုင်းများကို လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။
ယခုအခါ ချင်းကျိုးသို့ ကျေးကျွန် တစ်သိန်း ရောက်ရှိလာပြီဖြစ်ရာ ရှောင်မင်တွင် လုပ်သားအင်အားများ ပေါများနေလေပြီ။ သူက ကျေးကျွန် တစ်စိတ်တစ်ပိုင်းကို သင်္ဘောကျင်းသို့ ချက်ချင်း ခွဲဝေချထားပေးလိုက်သည်။ ဤကာလအတွင်း ကျန်းလျန်သည် ရွက်လှေကြီးနှင့် ပတ်သက်သော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြီးစီးသလောက် ရှိနေပြီဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ အမာခံများ အဆင်သင့် ဖြစ်နေပြီဖြစ်ရာ နောက်တစ်ဆင့်မှာ တည်ဆောက်ရေး လုပ်ငန်းစဉ်ပင် ဖြစ်လေတော့သည်။
လူတစ်သောင်းက တစ်နှစ်အတွင်း ရွက်လှေကြီး ငါးစင်း တည်ဆောက်ရန် ဆိုသည်မှာ အလုပ်ရုံဇုန်၏ အထောက်အပံ့ဖြင့် လုံးဝ ဖြစ်နိုင်ခြေရှိသော ကိစ္စပင်။
ပထမဆုံး ရိက္ခာနှင့် ကျေးကျွန် အသုတ်ကို လက်ခံရယူပြီးနောက် ရှောင်မင်သည် ကျန်းလျန်နှင့်အတူ သင်္ဘောကျင်းသို့ ထွက်လာခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း ကျန်းလျန်နှင့် သူ၏ အဖွဲ့သည် သင်္ဘောကျင်း၏ အဆောက်အအုံများကို ပြန်လည် မွမ်းမံနေခဲ့ကြပြီး ယခုအခါ လည်ပတ်ရန် အပြည့်အဝ နီးပါး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။
ထိုမြစ် ၏ စုန်ဘက်ရှိ သင်္ဘောကျင်းသို့ ရောက်သောအခါ လက်မှုပညာသည်များက ရွက်လှေကြီး၏ သင်္ဘောအောက်ခြေရိုးမကြီးကို တည်ဆောက်နေကြသည်ကို ရှောင်မင် မြင်တွေ့လိုက်ရသည်။ ထိုအောက်ခြေရိုးမကြီးသည် အိမ်တစ်လုံး၏ ထုပ်တန်းများကဲ့သို့ သင်္ဘောတစ်စီးလုံး၏ အဓိက ထောက်တိုင်ဖွဲ့စည်းပုံပင် ဖြစ်သည်။
မြစ်ကမ်းဘေးတွင် အလုပ်ရှုပ်နေကြသော လက်မှုပညာသည်များကို ကြည့်ရင်း ရှောင်မင် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ သူက "ငါ မေ့နေတဲ့ ကိစ္စတစ်ခု ရှိတယ်၊ တို့ရဲ့ သင်္ဘောကျင်းမှာ တစ်ခုခု လိုအပ်နေသေးတယ်" ဟု ပြောလိုက်သည်။
"ဘာများပါလဲ ချီမင်းသား" ကျန်းလျန်က နားမလည်နိုင်စွာဖြင့် မေးလေသည်။
ရှောင်မင်က "ရေလွတ်သင်္ဘောကျင်း တစ်ခု လိုနေတာ" ဟု ရှင်းပြလိုက်သည်။
"ရေလွတ်သင်္ဘောကျင်း ဟုတ်လား" ကျန်းလျန် မှင်သက်သွားသည်။
ရှောင်မင်က ကျန်းလျန် ချက်ချင်း နားလည်သွားလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အသေးစိတ် ဆက်လက် ရှင်းပြလေသည်။ ရေလွတ်သင်္ဘောကျင်း ဆိုသည်မှာ အခြေခံအားဖြင့် အလုပ်ရုံတစ်ခုနှင့် ဆင်တူသော ထုတ်လုပ်ရေး နေရာတစ်ခုဖြစ်ပြီး ရွက်လှေ စစ်သင်္ဘောများ တည်ဆောက်ရန် အထူး ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ သုံးဖက်သုံးတန်ကို ကာရံထားပြီး တစ်ဖက်ကိုမူ ရေပြင်နှင့် ဆက်သွယ်ထားစေသည်။ ထိုရေလွတ်သင်္ဘောကျင်း အတွင်း၌ သင်္ဘောများကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နိုင်ပြီး နှစ်ဖက်စလုံးတွင် တည်ဆောက်ရေး ကိရိယာ တန်ဆာပလာများကို တပ်ဆင်ထားနိုင်သဖြင့် လုပ်ငန်းခွင်အတွက် အလွန် အဆင်ပြေချောမွေ့လှသည်။ ခေတ်သစ်ကာလများတွင်ပင် ရေလွတ်သင်္ဘောကျင်းများသည် သင်္ဘောတည်ဆောက်ရေးအတွက် မရှိမဖြစ် အရေးပါလှသည်။
ရှောင်မင်သည် ခေတ်သစ် စံနှုန်းများနှင့် ကိုက်ညီသော ရေလွတ်သင်္ဘောကျင်းမျိုး တည်ဆောက်ရန် မမျှော်မှန်းထားသော်လည်း အခြေခံကျသော ကျင်းတစ်ခုကိုမူ ဖန်တီးနိုင်စွမ်း ရှိသည်။ ဤအရာက မဟာယွီအင်ပါယာ၏ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို စံနစ်တကျ ဖြစ်လာစေရန် ကူညီပေးနိုင်မည်ဖြစ်ပြီး ရွက်လှေကြီးများ ထုတ်လုပ်မှုကိုလည်း သိသိသာသာ မြန်ဆန်လာစေမည်ဖြစ်သည်။
သင်္ဘောတည်ဆောက်ရေး မိသားစုမှ ဆင်းသက်လာသူပီပီ ကျန်းလျန်သည် ထိုအယူအဆကို အလျင်အမြန် သဘောပေါက်သွားသည်။ သူက စိတ်အားထက်သန်စွာဖြင့် "ချီမင်းသား၊ အကယ်၍ ကျွန်တော်တို့သာ ဒီ ရေလွတ်သင်္ဘောကျင်းကို တည်ဆောက်နိုင်မယ်ဆိုရင် ရွက်လှေကြီးတွေကို စံကိုက် သတ်မှတ်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်ပါလိမ့်မယ်" ဟု လျှောက်တင်လေသည်။
"တိတိကျကျ ပြောရရင် အဲဒီလိုပဲ၊ ရွက်လှေစစ်သင်္ဘောတွေရဲ့ တန်ချိန်အလိုက် မတူညီတဲ့ ရေလွတ်သင်္ဘောကျင်းတွေ လိုအပ်တယ်၊ မင်း အားတဲ့အချိန် ငါ့ဆီလာခဲ့ပါ၊ သင်္ဘောတည်ဆောက်ရေးနဲ့ ပတ်သက်တာတွေကို ငါ ထပ်ပြီး သင်ပေးမယ်" ဟု ရှောင်မင်က ပြောလိုက်သည်။
ကျန်းလျန်သည် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ ရှောင်မင်သည် သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့သော သင်္ဘောတည်ဆောက်ရေး နည်းပညာများကို ပြသခဲ့ပြီး သင်္ဘောတည်ဆောက်ရေး သမိုင်းကြောင်း၏ စာမျက်နှာသစ် တစ်ရပ်ကို ဖွင့်လှစ်ပေးလိုက်ခြင်းပင်။
မဟာယွီအင်ပါယာရှိ သင်္ဘောကျင်းများမှာ အခြေခံအားဖြင့် သစ်သားလုပ်ငန်းသုံး ကိရိယာအချို့သာရှိသော အမိုးအကာ ကြမ်းကြမ်းများသာ ဖြစ်သည်။ ရှောင်မင် အနေဖြင့် ထိုမျှ ရှေးကျလွန်းသော အဆောက်အအုံများကို လုံးဝ စိတ်ဝင်စားမှု မရှိချေ။
အတန်ကြာ စစ်ဆေးကြည့်ရှုပြီးနောက် ရှောင်မင် ထွက်ခွာလာခဲ့ပြီး ကျန်းလျန်ကိုလည်း ပေါ်ဝမ် ကျောင်းတော် သို့ လာရောက်၍ ပညာဆက်လက် ဆည်းပူးရန် မှာကြားခဲ့သည်။ ယခုအခါ လုံလောက်သော လုပ်သားအင်အားများ ရှိလာပြီဖြစ်ရာ ရှောင်မင်သည် သူ၏ အစီအစဉ် အသီးသီးကို အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်သည်။ သို့မဟုတ်ပါက ရွက်လှေကြီးများ တည်ဆောက်ခြင်း ကဲ့သို့သော စီမံကိန်းများသည် ဆက်လက်၍ နှောင့်နှေးနေဦးမည်သာ။
အိမ်တော်သို့ ပြန်ရောက်သောအခါ ရှောင်မင် အနားမယူသေးချေ။ ထိုအစား သူ၏ ခေါင်းထဲရှိ ဗဟုသုတများကို ပြဋ္ဌာန်းစာအုပ်များအဖြစ် စတင် ရေးသားလေတော့သည်။
ထိုစာအုပ်များတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် အခြားသော နည်းပညာဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်။
ပေါ်ဝမ် ကျောင်းတော် ကို မဟာယွီအင်ပါယာ၏ ပထမဆုံးသော ခေတ်သစ် ဘက်စုံပညာရေး အဖွဲ့အစည်းကြီး အဖြစ် အသွင်ပြောင်းရန်နှင့် ချင်းကျိုးအတွက် အရည်အချင်းရှိသူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် ဤစာအုပ်များကို အသုံးပြုရန် သူ စီစဉ်ထားခြင်း ဖြစ်သည်။
ရှောင်မင်သည် ဤစာရွက်စာတမ်း အားလုံးကို လူကြိုက်များသော သာမန် အရပ်သုံး စကားပြေဟန်ဖြင့်သာ ရေးသားခဲ့သည်။ ပေါ်ဝမ် ကျောင်းတော် ရှိ ကျောင်းသားများသည် ဂန္ထဝင် စာပေများသာမက အရပ်သုံး စကားပြေများကိုပါ နားလည်ထားရန် လိုအပ်သည်။ အမှန်တကယ်တော့ အရပ်သုံး စကားပြေကို ပိုင်နိုင်သွားသည်နှင့် ဂန္ထဝင် စာပေဆိုသည်မှာလည်း သဘာဝကျကျ နားလည်လာမည်သာ ဖြစ်သည်။ ထို့ကြောင့် ရှောင်မင်သည် အရပ်သုံး စကားပြေ သင်ကြားရေးကိုသာ အဓိကထား အာရုံစိုက်ခဲ့သည်။
နောက်ထပ် ရက်အနည်းငယ် အတွင်း ဝေ့မင်းသား ကတိပေးထားသော ကျေးကျွန်များသည် အသုတ်လိုက် ရောက်ရှိလာကြသည်။ ရှောင်မင်က ကျေးကျွန် ခုနစ်သောင်းကို အလုပ်ရုံဇုန်သို့ ခွဲဝေပေးလိုက်ပြီး ကျန်ရှိသော နှစ်သောင်းကိုမူ သတ္တုတွင်းများဆီသို့ ပို့ဆောင်လိုက်သည်။
ကျေးကျွန် တစ်သိန်း ရောက်ရှိလာမှုအပြင် လျန်တာ့ဟိုင် ထံမှ အဆက်မပြတ် ဝယ်ယူနေသော ကျေးကျွန်များပါ ပေါင်းစပ်လိုက်သောအခါ လုပ်သားအင်အား ပြည့်လျှံနေသော အလုပ်ရုံဇုန်သည် ရှောင်မင်၏ ညွှန်ကြားမှုအောက်တွင် စတင် တိုးချဲ့လာလေတော့သည်။
ပထမဆုံးအနေဖြင့် သံမဏိအလုပ်ရုံသည် ၎င်း၏ ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်လိုက်သည်။ ရှောင်မင်က သံမဏိအလုပ်ရုံရှိ လုပ်သားအရေအတွက်ကို သုံးသောင်းအထိ တိုးမြှင့်လိုက်ရာ ခေတ်သစ် ဧရာမ သံမဏိစက်ရုံကြီး တစ်ခု၏ လုပ်သားအင်အားနှင့် ညီမျှသွားလေပြီ။
သို့သော်လည်း ဤခေတ်ကာလတွင်မူ လူသုံးသောင်း၏ ထုတ်လုပ်နိုင်စွမ်းမှာ သေးငယ်သော သံမဏိစက်ရုံလေး တစ်ရုံ၏ ထုတ်လုပ်နိုင်စွမ်းနှင့်သာ နှိုင်းယှဉ်၍ ရနိုင်ပေသည်။ သို့တိုင်အောင် ရှောင်မင်အတွက်မူ လောလောဆယ်တွင် ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်သည်။
ကျန်ရှိနေသော ကျေးကျွန် လေးသောင်းကို သံပွတ်စက် အလုပ်ရုံဆီသို့ အဓိက ခွဲဝေပေးလိုက်ပြီး အကြွင်းအကျန်များကိုမူ အရက်ချက်ရုံ၊ ရေမွှေးအလုပ်ရုံ၊ ဘိလပ်မြေအလုပ်ရုံနှင့် အခြားနေရာများသို့ ခွဲဝေပေးလိုက်သည်။
ကျေးကျွန် တစ်သိန်းကို ခွဲဝေချထားမှု ပြီးစီးသွားသည်နှင့်အမျှ ချန်ဝမ်လုံ ဦးဆောင်သော အလုပ်ရုံဇုန်သည် စတင် ကျယ်ပြန့်လာလေတော့သည်။ ကြီးမားလှသော စက်မှုဇုန်ကြီး တစ်ခုသည် ချင်းကျိုး၏ မြောက်ဘက်အရပ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။
"ချီမင်းသား... ဒီကျေးကျွန်တွေက အမျိုးအစား စုံလင်လှသလို ဝေ့မင်းသားဆီကနေ ပို့လိုက်တာဆိုတော့ သူတို့ထဲမှာ ပြဿနာရှာမယ့်သူ တချို့ ပါလာနိုင်တယ် ဆိုတာကတော့ ရှောင်လွှဲလို့မရဘူးနော်" အလုပ်ရုံဇုန်၏ စည်ကားသိုက်မြိုက်လှသော တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရင်း ပန်ယွိခွန်းက လျှောက်တင်လေသည်။
ဤသည်မှာ တွေ့ရခဲသော မြင်ကွင်းတစ်ခုဖြစ်ရာ ပုံမှန်အားဖြင့် အလုပ်ရုံဇုန်ကို သိပ်စိတ်မဝင်စားလှသော ပန်ယွိခွန်းပင်လျှင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုနေခြင်း ဖြစ်သည်။
"အဲဒါကို ငါ ကောင်းကောင်း သိပါတယ်" အလုပ်ရုံများ တည်ဆောက်ရန် သဲများနှင့် ဘိလပ်မြေများကို တွန်းပို့နေကြသော ကျေးကျွန်များကို ကြည့်ရင်း ရှောင်မင်က ပြန်ဖြေလိုက်သည်။ "လက်ဝဲနဲ့ လက်ယာ လျှို့ဝှက်ကိုယ်ရံတော် အဖွဲ့တွေကို ဒီကျေးကျွန်တွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားပြီးပြီ၊ ပြဿနာရှာတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း အရေးယူသွားမှာပဲ၊ သူတို့ ဒီအလုပ်ရုံဇုန်ထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ပန်ယွိခွန်း ခေါင်းညိတ်လိုက်သည်။ ရှောင်မင်၏ နည်းလမ်းများသည် တစ်နေ့တခြား ပိုမို ပြတ်သားရက်စက်လာသော်လည်း ဤသည်မှာ စစ်မှန်သော ခေါင်းဆောင်တစ်ဦး လိုအပ်သည့် အရည်အချင်းပင် ဖြစ်သည်။ မိမိလူများအပေါ် ကြင်နာသနားပြီး ရန်သူများအပေါ်တွင်မူ ရက်စက်ရမည်သာ။
"ဒါနဲ့ ချီမင်းသား... ပေါ်ဝမ် ကျောင်းတော် အတွက် နေရာတစ်ခု ကျွန်တော်မျိုး ရှာတွေ့ထားပါတယ်၊ ချင်းကျိုး မြို့ထဲမှာ အသင့်တော်ဆုံး နေရာဆိုလို့ အနောက်ဘက်က လျှိုယွင် ရပ်ကွက် တစ်ခုပဲ ရှိတယ်၊ အဲဒီမှာ အိမ်ထောင်စု အနည်းငယ်ပဲ ရှိတာမို့ သူတို့ကို ငွေနည်းနည်းပါးပါး ပေးပြီး ပြောင်းရွှေ့ခိုင်းလိုက်လို့ ရပါတယ်" ဟု ပန်ယွိခွန်းက လျှောက်တင်လေသည်။
အပိုင်း ( ၈၀ ) ပြီးဆုံး။
***