" သတ္တိရှိသားပဲ.."
သူ့ကို ဝိုင်းရံလာကြသော လူအုပ်ကို ကြည့်ပြီး ဂူချန်က အသာအယာ ပြုံးလိုက်သည် ။ ထို့နောက် သူ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အရိုး၊ အကြောနှင့် သွေးချီစွမ်းအင်များအားလုံး ဟန်ချက်ညီစွာ တုန်ခါသွားပြီး ခန္ဓာကိုယ်မှ ပြင်းထန်သော ယန်ချီ များ ပေါက်ကွဲထွက်လာ၏ ။
သူ၏ လက်ကြီးကို ဝေ့ယမ်းလိုက်သည်နှင့် တောက်လောင်နေသော လေလှိုင်းများက အမြောက်ကျည်များအလား ထွက်ပေါ်လာပြီး လျူရှိုနှင့် အခြားလူတစ်ဒါဇင်ကျော်ကို တိုက်ရိုက်ထိမှန်သွားသည် ။
" ဝုန်း.."
ဝိုင်းလာသော လူတစ်ဒါဇင်ကျော်မှာ ထိုပြင်းထန်သော အားကြောင့် မြေပြင်မှ လွင့်ထွက်သွားကြ၏ ။
" ဘုန်း... ဘုန်း... ဘုန်း.."
လျူရှိုနှင့် အခြားသူများသည် နံရံများနှင့် ရိုက်မိကုန်ကြပြီး လူပုံသဏ္ဌာန် အချိုင့်ခွက်ကြီး တစ်ဒါဇင်ကျော် ဖြစ်သွားတော့သည် ။ ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် တစ်ခန်းလုံးပင် သိသိသာသာ တုန်ခါသွားသည် ။
ရွှီဟိုင်ဖုန်း စကားပြော၍ မဆုံးသေးမီမှာပင် သူ၏ မြင်ကွင်းများ ဝေဝါးသွားပြီး သူ၏ အသင်းဖော်များအားလုံး ပျောက်ကွယ်သွားကြ၏ ။
သူ၏ မျက်လုံးထောင့်များ တုန်ရီသွားပြီး ရှေ့မှ မြင်ကွင်းကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည် ။
သိုင်းပညာရှင် တစ်ဒါဇင်ကျော်ကို တစ်ကွက်တည်းဖြင့် လွင့်ထွက်သွားအောင် လုပ်လိုက်သည်လော ။
ဤသည်က ဒုတိယအဆင့်ကို ယခုမှ ရောက်ကာစ လူတစ်ယောက်၏ ခွန်အားမှ ဟုတ်၏လော ။ လာနောက်နေသည်လော ။
သို့သော် သူ စဉ်းစားနေရန် အချိန်မရှိ ။ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး လက်ဝါးရိပ် လေလှိုင်းများ၏ တိုက်ခိုက်မှု နယ်ပယ်မှ လွတ်ကင်းအောင် ဘယ်ဘက်သို့ အသည်းအသန် လှိမ့်လိုက်ရသည် ။
" ဝုန်း.."
ပြင်းထန်သော အပူရှိန်ကြောင့် ကြမ်းပြင်မှာ ချက်ချင်းပင် လောင်ကျွမ်းသွားပြီး မီးခိုးများ ထွက်လာသည် ။ ကြောက်မက်ဖွယ်ကောင်းသော ချီလှိုင်းများမှာ ရေပြင်ပေါ်မှ လှိုင်းဂယက်များအလား ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားတော့သည် ။
စာသင်ခန်းထဲရှိ လေထုပင်လျှင် ထိုအပူရှိန်ကြောင့် ပုံပျက်သလို ဖြစ်သွား၏ ။ ဆယ်မီတာကျော် အကွာတွင် ရပ်နေသော လူများပင်လျှင် ထိုလေလှိုင်းဒဏ်ကြောင့် လွင့်ထွက်ကုန်ကြသည် ။
" ဂူချန်... မင်း အလွန်အကျွံ မလုပ်နဲ့.."
ရုတ်တရက်ပင် ထိုအပူရှိန်ပြင်းသော လေထုမှာ ဆုတ်ဖြဲခံလိုက်ရသည် ။ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ရွှီဟိုင်ဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဖောင်းကားလာပြီး သူ၏ ကြွက်သားများမှာလည်း အမြှောင်းအမြှောင်းထ၍ ထွက်ပေါ်လာ၏ ။
သူ၏ ပုံရိပ်မှာ ရှေ့သို့ လျင်မြန်စွာ တိုးဝင်လာပြီး တစ်ကိုယ်လုံးမှာ ထက်မြက်သော လှံစွပ်တစ်ခုအလား အပူလှိုင်းကို နှစ်ခြမ်းခွဲကာ ထိုးဖောက်လာတော့သည် ။
ထို့နောက် သူ၏ ညာလက်ဖြင့် ဘယ်ဘက်လက်မောင်းရိုးကို ဆုပ်ကိုင်ကာ ဂူချန်ဆီသို့ ပြင်းထန်သော တံတောင်ရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည် ။
ဒုတိယအဆင့် သိုင်းကွက် - ရှစ်မျက်နှာပြိုလဲခြင်း
ဂူချန်က နေရာမှာပင် ငြိမ်သက်စွာ ရပ်နေပြီး သူ၏ ခရမ်းရောင် မျက်လုံးများက တည်ငြိမ်စွာ ကြည့်နေသည် ။ ရွှီဟိုင်ဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်ကို ဂရုမစိုက်ဘဲ သူ၏ ဖြူဖျော့သော လက်ဝါးကို ရှေ့သို့ အသာအယာ ဆန့်ထုတ်လိုက်သည် ။
" ဘုန်း.."
နှစ်ဦးသား ချက်ချင်း ထိပ်တိုက်တွေ့သွားကြသည် ။ ထိတွေ့မိသော နေရာမှ ပြင်းထန်သော ချီလှိုင်းများ ထွက်ပေါ်လာပြီး လေထုထဲမှ စိုထိုင်းဆများကို အငွေ့ပျံသွားစေကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည် ။
ရွှီဟိုင်ဖုန်း အလွန်အမင်း ထိတ်လန့်သွားရသည်မှာ ဂူချန်သည် တစ်လက်မမှ နောက်မဆုတ်ဘဲ သူ၏ ပြင်းထန်သော တိုက်ကွက်ကို ညာလက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ဖမ်းချုပ်ထားခြင်းကြောင့်ပင် ။
ကီလိုဂရမ် သုံးထောင်ကျော်ရှိသော အားကို လက်တစ်ဖက်တည်းဖြင့် ထိန်းထားနိုင်သည်လော ။ ဤသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
ရွှီဟိုင်ဖုန်း၏ စိတ်ထဲတွင် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားရသည် ။
သူသည် ဒုတိယအဆင့်၃ တွင် ရှိနေပြီး ဒုတိယတန်းစား သိုင်းကွက်ဖြစ်သော ရှစ်မျက်နှာပြိုလဲခြင်း ကိုလည်း အဆင့်မြင့်ဆုံးအထိ တတ်မြောက်ထားသူ ဖြစ်၏ ။ ဒုတိယအဆင့် အထွတ်အထိပ်တွင် ရှိနေသော သိုင်းပညာရှင်ပင်လျှင် ဤတိုက်ကွက်ကို ဒဏ်ရာမရဘဲ ဖမ်းနိုင်ဖို့ရန် မလွယ်ကူချေ ။
သို့သော်လည်း ဒုတိယအဆင့်ကို ယခုမှ ရောက်သော ဂူချန်က လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်သည်လော ။ အားအများကြီး သုံးထားပုံပင် မပေါ် ။ ဤသည်က ယုတ္တိမရှိပေ ။
ရွှီဟိုင်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည် ။ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး ထိတ်လန့်တကြား အော်လိုက်သည် ။
" မင်းက ဒုတိယအဆင့် ရောက်ကာစ မဟုတ်ဘူးလား.."
သို့သော် ဂူချန်က မည်သည့်စကားမှ ပြန်မပြောဘဲ အေးစက်သော လှောင်ပြုံးဖြင့်သာ တုံ့ပြန်လိုက်သည် ။
နောက်တစ်စက္ကန့်တွင် ပြင်းထန်သော နာကျင်မှုမှာ သူ၏ ဦးခေါင်းထိပ်အထိ တိုးဝင်သွားတော့သည် ။ ထိုအချိန်မှာပင် ကြောက်စရာကောင်းသော ဂွပ် ခနဲ အရိုးကျိုးသံကြီး ထွက်ပေါ်လာသည် ။
ဂူချန်က သူ၏လက်ကို အသာအယာ ညှစ်လိုက်ရုံမျှရှိသေးသော်လည်း မယုံကြည်နိုင်လောက်သော အားတစ်ခုမှာ ပေါက်ကွဲထွက်လာသည် ။
ရွှီဟိုင်ဖုန်း၏ မာကျောသော တံတောင်ဆစ်ရိုးမှာ ထိုအားအောက်တွင် အလွန်ပင် နုနယ်လွန်းနေပြီး ခဏချင်းမှာပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည် ။
" အားးးးးးးး.."
ရွှီဟိုင်ဖုန်းမှာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ အသည်းအသန် ဆုတ်ရန် ကြိုးစားသော်လည်း သူ၏ တံတောင်ဆစ်မှာ သံညှပ်ကြီးနှင့် ညှပ်ထားသလို ခိုင်မြဲနေသဖြင့် မည်သို့မှ လှုပ်ရှား၍ မရချေ ။
ဂူချန်သည် ဒုတိယအဆင့် ၆ သို့ ရောက်ရှိနေပြီ ဖြစ်သည် ။ သူ၏ ကြိုးစားအားထုတ်မှုကြောင့် သူ၏ အခြေခံမှာ အလွန်ခိုင်မာလှပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း သာမန် ဒုတိယအဆင့် ၆ ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေသည် ။
ဒုတိယအဆင့်၃ သာရှိသော ရွှီဟိုင်ဖုန်းမှာ သူနှင့် ယှဉ်ရန် အဝေးကြီး လိုနေသေးသည် ။
ထို့ပြင် သူသည် နေမင်းစကြာ ယန်ကျင့်စဉ်ကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်၏ ။ သူ၏ လက်မောင်းထဲတွင် စုစည်းနေသော ယန်ချီများကြောင့် သူ၏ လက်မှာ ချီလင် တစ်ကောင်၏ လက်ကဲ့သို့ သန်မာနေတော့သည် ။
ခရမ်းရောင် နတ်ဆိုးမျက်လုံး၏ အားနည်းချက်ကို မြင်နိုင်သော စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ အားအနည်းငယ်ကို သုံးပြီး ပြင်းထန်သော အားကို တုံ့ပြန်နိုင်ကာ တစ်ဖက်လူကို အလွယ်တကူ ဖမ်းချုပ်နိုင်ခြင်းမှာ သဘာဝပင် ဖြစ်သည် ။
ဂူချန်က ခပ်ပြင်းပြင်း ဆွဲလိုက်ရာ ရွှီဟိုင်ဖုန်း၏ ခန္ဓာကိုယ်မှာ သူ့ဆီသို့ လွင့်ပါလာသည် ။ ထိုအချိန်တွင် ဂူချန်က အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်သည်းကဲ့သို့ ဖြန့်ပြီး ရွှီဟိုင်ဖုန်း၏ မျက်နှာပေါ်သို့ အရှိန်ဖြင့် ရိုက်ချလိုက်သည် ။
" ဖြန်း.."
ရွှီဟိုင်ဖုန်း၏ မျက်နှာမှာ ပြင်းထန်သော ရိုက်ချက်ဒဏ်ကို ခံလိုက်ရပြီး ရိုက်သံကြီးမှာ တစ်ခန်းလုံးကို ပဲ့တင်ထပ်သွားသည် ။ ထို့နောက် သူ၏ တစ်ကိုယ်လုံးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားသည် ။
" ဘုန်း.."
ပျက်စီးနေသော ကြမ်းပြင်မှာ နောက်တစ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြန်သည် ။ သူ၏ ဦးခေါင်းတစ်ခုလုံးမှာ ကျောက်ပြားများ ကြေမွနေသော ချိုင့်ခွက်ကြီးထဲသို့ မြုပ်ဝင်သွားပြီး ခန္ဓာကိုယ်မှာလည်း အရှိန်ကြောင့် မြေပြင်ပေါ်တွင် ပုံပျက်ပန်းပျက် လဲကျနေ၏ ။ အရိုးများ အက်ကွဲသွားသည့် အသံမှာလည်း ကျောချမ်းစရာ ကောင်းလှသည် ။
ရွှီဟိုင်ဖုန်းသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး တစ်ကိုယ်လုံး ပျော့ခွေသွားတော့သည် ။
သို့သော်လည်း ထိုသည်က မပြီးသေး ။
ဂူချန်၏ ပုံရိပ်မှာ လျှပ်စီးအလား လှုပ်ရှားသွားပြီး ရွှီဟိုင်ဖုန်းကို မြေပြင်ပေါ်တွင် ဆွဲကာ အရှိန်ပြင်းပြင်းဖြင့် လျှောတိုက်သွားတော့သည် ။
ထိုပြင်းထန်သော အားကြောင့် ရွှီဟိုင်ဖုန်း၏ အလွန်မာကျောသော ဦးခေါင်းခွံမှာ ဘာကိုမဆို တိုက်ခိုက်ဖျက်ဆီးနိုင်သော တူကြီးတစ်လုံးအလား ဖြစ်သွားသည် ။ သူ ဖြတ်သွားသမျှ နေရာတိုင်းတွင် ကြောက်စရာကောင်းသော ကြိတ်သံနှင့် အရိုးကြေသံများ ထွက်ပေါ်နေ၏ ။
ပြင်းထန်သော အက်ကွဲသံများနှင့်အတူ ကြမ်းပြင်တစ်ခုလုံးမှာ ခဏချင်း ရှုပ်ပွသွားပြီး သစ်သားစများနှင့် ကျောက်စများမှာ အရပ်ရပ်သို့ လွင့်စင်ကုန်သည် ။
သူတို့၏ အနောက်တွင် မီတာပေါင်းများစွာ ရှည်လျားသော မြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည် ။
ဖုန်မှုန့်များနှင့် အပျက်အစီးများ ငြိမ်သွားချိန်တွင် ဂူချန်က မတ်မတ်ရပ်နေသည်ကို တွေ့ရပြီး သူ၏ ခြေရင်းတွင်မူ လုံးဝ မလှုပ်ရှားနိုင်တော့သော ရွှီဟိုင်ဖုန်း ရှိနေသည် ။
ရွှီဟိုင်ဖုန်းသည် အနည်းငယ် တုန်ခါသွားပြီးနောက် လုံးဝ သတိလစ်သွားတော့သည် ။
[ အိမ်ရှင်သည် အတန်းဖော်များ၏ အရိုးအကြောများကို ပြေလျော့အောင် ကူညီပေးပြီး အိပ်မပျော်သည့် ပြဿနာကို ဖြေရှင်းပေးသည့်အတွက် စေတနာတန်ဖိုး +၈၀ ]
[ အိမ်ရှင်သည် အတန်းဖော်များ၏ ပိုင်ဆိုင်မှုများကို အခမဲ့ ကာကွယ်ပေးရန် အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့သည်။ စေတနာတန်ဖိုး +၁ ]
[ အိမ်ရှင်သည် အခမဲ့ ကူညီပေးရန် အဖွဲ့အစည်း တည်ထောင်ခဲ့သည်...]
' ဒီကမ္ဘာက အထက်တန်းကျောင်းသားတွေကလည်း ငါ့အရင်က ကမ္ဘာက ကျောင်းသားတွေနဲ့ သိပ်မထူးပါဘူး..သူတို့လည်း အိပ်ရေးမဝကြဘူးပဲ ..ငါ့ကျေးဇူးကြောင့် သူတို့ အခုတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ..'
' ငါလေးက တကယ့်ကို လူကောင်းလေးပဲ.. '
ဂူချန်က အသာအယာ ခေါင်းမော့လိုက်ပြီး စာသင်ခန်းထဲရှိ လျူရှိုနှင့် အခြားသူများကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည် ။
" နောက်ထပ် ဘယ်သူ စမ်းကြည့်ချင်သေးလဲ.."
ဤသည်ကို ကြားလျှင် ကြောက်လန့်နေသော လူအုပ်မှာ ခေါင်းကို အသည်းအသန် ခါယမ်းကြပြီး သူတို့၏ မျက်နှာတွင် ငြင်းဆန်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည် ။
ဤသည်က ဟာသပြဇာတ်တစ်ပုဒ်နှင့်ပင် တူနေသေး၏ ။
သူတို့၏ ခေါင်းဆောင်ပင် တစ်ကွက်တည်းဖြင့် အလဲထိုးခံလိုက်ရလျှင် သူတို့မည်သို့ တိုက်ခိုက်ရဲပါမည်နည်း ။ ဒုတိယအဆင့်ကိုပင် မရောက်သေးသော သူတို့က မည်သို့ ယှဥ်နိုင်စွမ်း ရှိပါမည်နည်း ။
တိုက်ပွဲမှာ အမှတ်မထင် တိုက်ခိုက်ခံလိုက်ရသောကြောင့် ဖြစ်နိုင်သော်လည်း ဤသည်က ဂူချန်၏ စွမ်းအားကို သက်သေပြဖို့ရန် လုံလောက်လေပြီ ။
" ဂူချန်က ဘယ်တုန်းက ဒီလောက်အထိ သန်မာသွားတာလဲ.."
လူအုပ်ထဲတွင် အံ့သြမှုနှင့် သံသယများ ပြည့်နှက်နေသည် ။
မနေ့က လုဖန်နှင့် တိုက်ပွဲတွင် မျှော်လင့်ထားသလို ဖြစ်ခဲ့လျှင် ယနေ့ ဂူချန် ရင်ဆိုင်ခဲ့ရသည်က ဒုတိယအဆင့် ၃ မှာ ရှိပြီး ကျင့်စဉ်နှင့်သိုင်းကွက် အဆင့်အတန်း မနိမ့်သော ရွှီဟိုင်ဖုန်း ဖြစ်သည် ။
သို့သော်လည်း ရလဒ်ကတော့ အတူတူပင် ။ တစ်ကွက်တည်းဖြင့်အဆုံးသတ်သွား၏ ။ ရွှီဟိုင်ဖုန်းမှာ ပြန်တိုက်ဖို့ရန် အခွင့်အရေးပင် မရလိုက် ။
' သူ့ရဲ့ ခွန်အားကို တချိန်လုံး ဖုံးကွယ်ထားတာလား ..'
' ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါတို့ အားလုံး သွားပြီ..'
ဂူချန်သည် သူတို့လို သိုင်းမိသားစုက ဆက်သက်လာသူများကို တကယ်ကြီး အနိုင်ကျင့်ရဲလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ ။
လူတိုင်း၏ ကြောက်လန့်နေသော မျက်နှာများကို ကြည့်ပြီး ဂူချန်လက်ယမ်းလိုက်ကာ လှောင်ပြုံးတစ်ခု ပြုံးလိုက်သည် ။
" ဒါဆိုရင်လည်း ပစ္စည်းတွေကို အဆင်သင့်ပြင်ထားပြီး လီကျိရန်ဆီကို ပို့ပေးလိုက်ပါ..မဟုတ်ရင်တော့..."
သူသည် သူ၏ ခြေရင်းတွင် သတိလစ်နေသော ရွှီဟိုင်ဖုန်းကို ခြေထောက်ဖြင့် အသာအယာ တွန်းလိုက်ပြီးနောက် လှည့်မကြည့်ဘဲ ထိုနေရာမှ ထွက်ခွာသွားတော့သည် ။
' ဒီအာချောင်တဲ့ ခွေးကိုတော့ ရိုက်ပြီးပြီ..နောက်ထပ်ကတော့ အကျိုးအမြတ်ရမှာကို ထိုင်စောင့်ယုံပဲ..'
***