[ အိမ်ရှင်ကို ရှာဖွေတွေ့ရှိသည်... စေတနာတန်ဖိုး +၁၅ ]
[ အိမ်ရှင်သည် အတန်းဖော်တစ်ဦး၏ ဘဏ္ဍာရေးကို အခမဲ့ ကာကွယ်ပေးရန် ကူညီပေးသည်ကို တွေ့ရှိရသည်။ စေတနာတန်ဖိုး +၁ ]
[ ရှာဖွေတွေ့ရှိသည်...]
ဂူချန် တစ်နေ့လုံး ကျောင်းတွင်ရှိနေစဉ် သူ၏နားထဲ၌ စနစ်၏ သာယာပျော့ပျောင်းသော အမျိုးသမီးအသံကို တောက်လျှောက် ကြားနေရသည် ။
ရွှီဟိုင်ဖုန်းနှင့် အခြားသူများကို နမူနာပြကာ ပညာပေးထားသဖြင့် မည်သူမျှ ဆက်လက်၍ မဆန့်ကျင်ရဲကြတော့ချေ ။
ဖုန်းခေါ်သံတစ်ခု ဝင်လာသည့်အချိန်အထိပင် ။
" တီ..တီ..တီ.."
ဂူချန် ဖုန်းကိုင်လိုက်ရာ တစ်ဖက်မှ အသက်ကြီးပြီး သြဇာညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည် ။
" သခင်လေး... ချင်းဟယ်မြို့တော် စောင့်ကြည့်ရေးကောင်စီကနေ သတိပေးချက်တစ်ခု ပို့လာပါတယ်.. ချင်းဟယ် အမှတ် ၁အထက်တန်းကျောင်းမှာ သခင်လေးလုပ်ခဲ့တဲ့ ကိစ္စက သက်ရောက်မှု အရမ်းကြီးသွားပြီး လူတော်တော်များများဆီကနေ ကန့်ကွက်မှုတွေ ရနေတယ်လို့ ပြောပါတယ်.."
" သခင်လေး... အခု ရပ်လိုက်ပါတော့.."
နေ့ခင်းပိုင်းကစပြီး ဂူချန် လှုပ်ရှားမှု လုပ်ခဲ့စဉ်က ကျောင်းသားများစွာမှာ ဒေါသထွက်သော်လည်း မပြောရဲကြဘဲ လျှို့ဝှက်စွာ သတင်းဖြန့်ခဲ့ကြသည် ။
ချင်းဟယ် အမှတ် ၁ ကျောင်းလူမိုက် ဂူချန်သည် အခြားကျောင်းသားများ၏ ကျင့်စဉ်ရင်းမြစ်များကို မတရားလုယူနေသည်ဟူသော သတင်းမှာ မိဘများ၏ Group များအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏ ။
အချို့သော အလုပ်မရှိသူများက ထိုသတင်းကို အင်တာနက်ပေါ်တွင် တင်လိုက်ကြရာ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည် ။
"တုန်လှုပ်ဖွယ်ရာသတင်း
..ချင်းဟယ် အမှတ် (၁) ကျောင်းသား ထောင်ပေါင်းများစွာ နေ့ခင်းကြောင်တောင် အရှက်ခွဲခံရခြင်း၏ အကြောင်းရင်းမှာ ဤသို့ကြောင့်ပင်.."
"အံ့အားသင့်ဖွယ်ရာသတင်း.. သိုင်းပညာစစ်ဆေးပွဲဝင်မည့် ကျောင်းသားတစ်ဦးသည် နေ့ခင်းဘက်တွင် ကျင့်ကြံခြင်းမပြုဘဲ ဤသို့လုပ်ဆောင်နေသည်.."
"ဒါက လူသားမျိုးနွယ်၏ မျိုးတုန်းခြင်းအစပေလော..."
အစရှိသော ခေါင်းစဉ်များဖြင့် သတင်းများ တသီတတန်းကြီး ထွက်ပေါ်လာခဲ့သည် ။
ထိုဗီဒီယိုများကို ဂူမိသားစု၏ အစီအစဉ်ဖြင့် လျင်မြန်စွာ ဖြတ်ပစ်ခဲ့သော်လည်း ချင်းဟယ်မြို့တော်တစ်ခုလုံးတွင်တော့ တော်တော်လေး ဂယက်ရိုက်သွားခဲ့သည် ။
ထင်သည့်အတိုင်းပင် စောင့်ကြည့်ရေးကောင်စီမှ လူများက လာရောက် တားဆီးကြတော့သည် ။
" အင်း... သိပြီ.."
ဂူချန်က ဘာမှ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏ ။
ဤအခြေအနေများကို သူ ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည် ။ မျှော်လင့်ထားတာထက် အနည်းငယ် စောရောက်လာရုံသာ ဖြစ်၏ ။
ဖုန်းချပြီးနောက် သူ လီကျိရန်ထံသို့ နောက်ထပ် ဖုန်း ခေါ်လိုက်သည် ။
" ဘောစ့်... ဘာကိစ္စရှိလို့လဲ.."
လီကျိရန်၏ စိတ်လှုပ်ရှားနေသော်လည်း အနည်းငယ် ဇဝေဇဝါဖြစ်နေသော အသံ ထွက်ပေါ်လာသည် ။
" အချိန်စေ့ပြီ.. ကျန်တဲ့လူတွေကို ဂရုမစိုက်နဲ့တော့..ငါ အရင်က မှာထားတဲ့အတိုင်း လုပ်တော့.."
ဂူချန်က အေးအေးလူလူပင် အမိန့်ပေးလိုက်သည် ။
" ဟုတ်ကဲ့ပါ ဘောစ့်.."
တစ်ဖက်မှ ချက်ချင်း ပြန်ဖြေသည် ။
ဖုန်းချပြီးနောက် ဂူချန်သည် စနစ်မျက်နှာပြင်ပေါ်ရှိ စေတနာတန်ဖိုးကို ကြည့်လိုက်သည် ။
[လက်ရှိ စေတနာတန်ဖိုး: ၁၁၃၆ ]
' တစ်ခါတည်းနဲ့ စေတနာတန်ဖိုးတွေ ဒီလောက်အထိ ရလိမ့်မယ်လို့ ထင်မထားဘူး.."
ဂူချန် အံ့သြနေမိသည် ။ အတန်းဖော်များထံမှ အမှတ်ယူရသည်က အမှန်ပင် လွယ်ကူလှ၏ ။ အနည်းငယ် ခြောက်လှန့်လိုက်ရုံနှင့် အများကြီးရလိုက်သည် ။
သို့သော် ဤနည်းလမ်းသည် အားနည်းချက်ရှိပြီး ခဏခဏ သုံး၍မရပေ ။ အကယ်၍ သူ၏ နောက်ကွယ်တွင် ချင်းဟယ် ဂူမိသားစုသာ မရှိလျှင် သူသည် စောင့်ကြည့်ရေးကောင်စီ၏ အမှောင်ခန်းထဲသို့ ရောက်နေသည်မှာ ကြာလှပြီ ဖြစ်သည် ။
' လီကျိရန်ဘက်က အဆင်ပြေပြေ လုပ်နိုင်မယ်ဆိုရင် နောက်ထပ် အမှတ်နည်းနည်းတော့ ထပ်တိုးလာနိုင်သေးတယ်.. '
ဂူချန် တွေးလိုက်သည် ။
ကျန်ရှိသော နောက်ဆက်တွဲကိစ္စများကို သူ မပါဘဲ ကိုင်တွယ်နိုင်ပြီဖြစ်သဖြင့် သူ ကျောင်းမှ ထွက်လာကာ ကိုယ်ပိုင်ကားဖြင့် အိမ်သို့ ပြန်ခဲ့သည် ။
နောက်ရက်အနည်းငယ်တွင် သိုင်းပညာစစ်ဆေးပွဲ အကြိုခြေစစ်ပွဲ ရှိသဖြင့် သူ အနည်းငယ် ပြင်ဆင်ရန် လိုအပ်သည် ။
ဤခြေစစ်ပွဲကို ကျင်းပရခြင်းမှာ ကျန်းနန်ပြည်နယ်တစ်ခုလုံးရှိ သိုင်းအထက်တန်းကျောင်းများတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် ဖြစ်သည်။ နေရာမှာ အကန့်အသတ်ရှိပြီး ကျောင်းတစ်ကျောင်းလျှင် ၁၀ နေရာသာ ရရှိသည် ။
သဘာဝကျစွာပင် ထိုအခွင့်အရေးကို အစွမ်းအထက်ဆုံး ကျောင်းသားများကိုသာ ပေးမည် ဖြစ်သည် ။ ထို့ကြောင့် ကျောင်းတစ်ကျောင်းစီက ခြေစစ်ပွဲကျင်းပကာ ကျောင်းကိုယ်စားပြုမည့် အသန်မာဆုံး ၁၀ ယောက်ကိုသာရွေးချယ်ကြ၏ ။
ဂူချန်သည် ခြေစစ်ပွဲအတွက်တင် မဟုတ်ဘဲ မုရုံချင်းရွှယ် ဆီမှ ရရှိမည့်စေတနာတန်ဖိုးများကို မျှော်လင့်နေ၏ ။
လုဖန်ဆီကပင် မနည်းမနော ရခဲ့သဖြင့် သူ့ထက် အဆပေါင်းများစွာ သန်မာပြီး ထက်မြက်သော၊ မာနကြီး၍ အေးစက်သော နတ်သမီး မုရုံချင်းရွှယ်ဆီကဆိုလျှင်တော့ ပို၍ပင် ရပေလိမ့်အုံးမည် ။
ယခု သူ့တွင် စေတနာတန်ဖိုးအချို့ ရှိနေပြီဖြစ်သဖြင့် ရတနာအဆင့် သိုင်းပညာ သင်ယူဖို့ သို့မဟုတ် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဥ် တွေကို စတင်ဖို့ အစီအစဉ်ဆွဲရတော့မည် ။
သူ၏ အရင်ခန္ဓာကိုယ်ပိုင်ရှင်က ပျော်ပါးရင်း အချိန်ဖြုန်းခဲ့ပြီး ခက်ခဲပင်ပန်း၍ နာကျင်ရသော သိုင်းပညာရပ်များကို သင်ယူဖို့ရန် ငြင်းဆန်ခဲ့သည် ။ သို့သော် ဤအဆင့်မြင့်သိုင်းကမ္ဘာတွင် ထိုသို့သော သိုင်းပညာများကသာ ပို၍ စွမ်းအားကြီးမားပေသည် ။
ဂူချန်သည်တော့ သူ၏ ဇွဲလုံ့လနှင့် ကြိုးစားမှု ဖြင့် ထိုအခက်အခဲများကို အလွယ်တကူ ကျော်လွှားနိုင်မည်ဟု ယုံကြည်နေသည် ။
တစ်ချိန်တည်းမှာပင် ချင်းဟယ် အမှတ် ၁ ကျောင်းအတွင်း၌...
လီကျိရန်သည် လူတစ်စုကို ဦးဆောင်ကာ အရင်က သူတို့ လုယူခဲ့သော အတန်းများဆီသို့ တစ်ခုချင်းစီ သွားကာ ပစ္စည်းအားလုံးကို ပြန်ပေးနေသည် ။
" ဘောစ့် ဘာတွေ တွေးနေလဲ မသိဘူး.. တစ်နေ့လုံး ပင်ပန်းခံပြီး လုထားတဲ့ ရင်းမြစ်တွေကို အခုတော့ အကုန်ပြန်ပေးနေရပြီ.."
ရွှေရောင်ဆံပင်နှင့် လူငယ်တစ်ဦးက သူ၏ အိတ်ကပ်ထဲမှ သွေးချီဆေးရည် တစ်ဗူးကို ထုတ်ရင်း ညည်းညူလိုက်သည် ။
အခြားသူများသည်လည်း များပြားလှသော ပစ္စည်းများကို ကြည့်ကာ နှမြောတသစွာဖြင့် ခေါင်းခါနေကြ၏ ။
" အားလုံးက အလကား ဖြစ်သွားတာပဲ.."
" ဘာအလကားလဲ "
သူတို့ပြောနေသည်ကို ကြားလိုက်ရသဖြင့် လီကျိရန်က ထိုလူငယ်၏ ခေါင်းကို ရိုက်ကာ ပြန်ပြောလိုက်သည် ။
" ဘောစ့်က ငါတို့ တစ်ယောက်ချင်းစီကို မဟာမိတ်ဒင်္ဂါး ၅၀၀ စီ ပေးထားတာပဲ.. အပြင်မှာဆိုရင် မင်း တစ်နေ့တည်းနဲ့ အဲဒီလောက် ရှာနိုင်ပါ့မလား .."
" အလုပ်ကိုပဲ ကြိုးစားလုပ်စမ်းပါ.. ဘောစ့်ရဲ့ နောက်ကွယ်မှာ အတင်းမပြောနဲ့.. ဒီတစ်ခါတော့ မကြားချင်ယောင် ဆောင်ပေးလိုက်မယ်..နောက်တစ်ခါ ဘောစ့်ကို သွားပြောလိုက်ရင် မင်း ဘာဖြစ်သွားမလဲဆိုတာ သိတယ်မလား.."
ရွှေရောင်ဆံပင်နှင့် လူငယ်သည် ယနေ့ လူနာတင်ကားဖြင့် တင်သွားရသော အခန်း ၃ မှ ရွှီဟိုင်ဖုန်း၏ အခြေအနေကို သတိရသွားပြီး ကြက်သီးများပင် ထသွားသည် ။
သူက ခေါင်းကို အသာအယာ ပွတ်လိုက်ရင်း ...
" ကျွန်တော်က ဒီတိုင်း ပြောကြည့်တာပါ.. ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး.."
ပြောပြီးသည်နှင့် သူသည် အိတ်ထဲမှ စာရင်းမှတ်ထားသော ဝေစုများကို ထုတ်ကာ မူလပိုင်ရှင်များထံသို့ လျင်မြန်စွာ ပြန်ပေးတော့သည် ။
ပစ္စည်းများ ပြန်ရရှိပြီးနောက် ရွှေရောင်ဆံပင်နှင့် လူငယ်များကို ကြောက်လန့်နေသော ကျောင်းသားတစ်ဦးမှာ ချက်ချင်းပင် လှည့်ထွက်သွားရန် ပြင်လိုက်၏ ။
" နေဦး..."
လီကျိရန်က မျက်မှောင်ကြုတ်ကာ တားလိုက်သည်။
" ကျေးဇူးတင်စကားတောင် မပြောဘူးလား.. ဒီတိုင်း ထွက်သွားတော့မလို့လား.."
" ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်.."
ထိုလူက ချက်ချင်း တုံ့ပြန်လိုက်ပြီး နောက်သို့ လှည့်ကာ သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကျေးဇူးတင်ပြီးနောက် အမြန်ဆုံး ပြေးထွက်သွားတော့သည် ။
ထိုကျောင်းသားက ကျေးဇူးတင်ပါတယ် ဟု ပြောပြီးသည့်အချိန်မှာပင် အိမ်သို့ ရောက်ရှိနေပြီဖြစ်သော ဂူချန်၏ ရှေ့မှောက်တွင် အလင်းမျက်နှာပြင်တစ်ခု ပြန်လည် ပေါ်ထွက်လာသည် ။
[ အိမ်ရှင် ကူညီပေးခဲ့သော ကျောင်းသားတစ်ဦးသည် အိမ်ရှင်အပေါ် ကျေးဇူးတင်စိတ် ရှိနေသည်ကို တွေ့ရှိရသည်။ မိုင်ပေါင်း ထောင်ချီဝေးကွာနေသော်လည်း သူတို့သည် အိမ်ရှင်၏ အကူအညီကို သတိရနေဆဲ ဖြစ်သည်။ စေတနာတန်ဖိုး +၁ ]
" အရမ်းကောင်းတယ်.."
ဂူချန်က ခပ်ဖွဖွ ပြုံးလိုက်မိသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် နောက်ထပ် အမြတ်အစွန်းလေးတစ်ခု ထပ်ရပြန်လေပြီ ။
ထို့ပြင် လီကျိရန်က လုယူထားသော ပစ္စည်းအားလုံးကို ပြန်ပေးလိုက်သရွေ့ ထိုကျောင်းသားများသည် အပြင်တွင် ဘာမှ သိပ်ပြောနိုင်တော့မည် မဟုတ်ပေ ။
ထိုအချိန်က သူ၏ လုပ်ရပ်မှာ ဓားပြတိုက်သလို ဖြစ်နေသော်လည်း အဆင့်မြင့် သိုင်းလောကဖြစ်သောဤကမ္ဘာတွင် အနည်းငယ် ခိုက်ရန်ဖြစ်ပွားခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သည် ။
နောက်ဆုံးတွင် သူပြောသည့်အတိုင်း အားလုံးကို ပြန်ပေးခဲ့သည် မဟုတ်ပါလော ။ ဤသည်က ကိစ္စကြီး မဟုတ်တော့ပေ ။
သူ့အတွက်ကတော့ စေတနာတန်ဖိုး တစ်သောင်းကျော်ကို အလကား ရလိုက်ခြင်း ဖြစ်သည် ။
စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး ဂူချန်သည် စနစ်မျက်နှာပြင်ကို ထပ်မံ ဖွင့်လိုက်သည် ။
သို့သော် သူ၏ ကျင့်စဉ်အဆင့်ကို ထပ်တိုးရန် ပြင်လိုက်စဉ်မှာပင် သူ၏ ရှေ့မှ အလင်းမျက်နှာပြင်မှာ ပြောင်းလဲသွားပြန်သည် ။
[ ဒင်...]
[ ဂုဏ်ယူပါသည်..သင်၏ ကမ္မအဆင့် မြင့်တက်သွားပါပြီ ]
[ကမ္မအဆင့်: အဆင့်နိမ့် - အလယ်အလတ်အဆင့်]
[သင်၏ ကမ္မလက်ဆောင်ထုတ် ကို ကျပန်းမဲနှိုက်ပေးနေသည်...]
[ ရွှေရောင် ဒဏ္ဍာရီလာပစ္စည်း ရရှိပါသည် ]
[ အောက်ပါ ရွှေရောင်ကမ္မလက်ဆောင်ထုတ် ၃ မျိုးထဲမှ တစ်ခုကို ရွေးချယ်ပါ
၁။ သိုင်းပညာပါရမီ
၂။ ကောင်းကင်နှင့်မြေကမ္ဘာ၏ ရတနာ
၃။ အခြားလောကမှ ပစ္စည်း ]
(လက်ဆောင်ထုတ် တစ်မျိုးချင်းစီ၏ တန်ဖိုးနှင့် သက်ရောက်မှုမှာ အတူတူပင်ဖြစ်ပြီး ကဏ္ဍအမျိုးမျိုးကိုသာ ထောက်ပံ့ပေးမည် ဖြစ်သည်။)
[ ဂုဏ်ယူပါသည်၊ သင်သည် ကြီးမြတ်သောကမ္မဧကရာဇ် ၏ စစ်မှန်သော အနှစ်သာရကို နားလည်သဘောပေါက်သွားပါပြီ။ ကမ္ဘာလောကတစ်ခွင်သို့ မေတ္တာတရားများကို ဆက်လက် ဖြန့်ဝေပေးပါဦး ]
***