ရုတ်တရက် ပြောင်းလဲသွားသော အလင်းမျက်နှာပြင်ကို ကြည့်ရင်း ဂူချန်၏ မျက်ဝန်းများမှာ အရောင်တောက်ပလာ၏ ။
ရွှေရောင် ဒဏ္ဍာရီလာပစ္စည်း...
စစချင်းမှာပင် ဤမျှ အဖိုးတန်လှသော ပစ္စည်းမျိုး ရရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ ။
' ရွှေရောင်လက်ဆောင်ထုတ်က သုံးမျိုးခွဲထားတာပဲ.. ဒါပေမဲ့ ဒီ အခြားလောကမှ ပစ္စည်း ဆိုတာက ဘာများပါလိမ့်...'
ဂူချန် ခဏမျှ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် သိုင်းပညာပါရမီ ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည် ။ ချင်းဟယ် ဂူမိသားစု၏ တစ်ဦးတည်းသော သားဖြစ်သဖြင့် လက်ရှိတွင် သူ့အတွက် ကောင်းကင်နှင့်မြေကမ္ဘာ၏ ရတနာ များမှာ အရေးမကြီးသေးသလို၊ အခြားလောကမှ ပစ္စည်းဆိုသည်မှာလည်း မသေချာသဖြင့် သိုင်းပါရမီကသာ သူ့အတွက် အသုံးအဝင်ဆုံး ဖြစ်ပေလိမ့်မည် ။
" စနစ်... သိုင်းပညာပါရမီကိုပဲ ရွေးချယ်မယ်.."
[ ဒင်.. ]
[ ဂုဏ်ယူပါသည်၊ အိမ်ရှင်သည် SS-အဆင့် သိုင်းပညာပါရမီ: သတ်ဖြတ်ခြင်းလက်ဝါး ကို ရရှိသွားပါပြီ ]
SS-အဆင့် သိုင်းပါရမီ...
ဂူချန် မျက်လုံးပြူးသွား၏ ။ အံ့အားသင့်မှုများ မျက်ဝန်း၌ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဖော်ပြ၍မရသော စွမ်းအားတစ်ခုသည် သူ၏ လက်နှစ်ဖက်ဆီသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည် ။
" ဝုန်း..."
လေ့ကျင့်ရေးခန်းမအတွင်းမှ နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ဒုံးကျည်ဖြင့် အပစ်ခံရသကဲ့သို့ တစ်ခန်းလုံး တုန်ခါသွားသည် ။ အထူးသတ္တုဖြင့် တည်ဆောက်ထားသော လေ့ကျင့်ရေးခန်းမပင်လျှင် ထိုစွမ်းအားအောက်၌ သိသိသာသာ ယိမ်းထိုးသွားရာ ဂူအိမ်တော်အတွင်းရှိ အစေခံများနှင့် အိမ်ဖော်များအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြ၏ ။
သွေးရောင်သန်းနေသော ချီလှိုင်းများသည် ဂူချန်၏ ခန္ဓာကိုယ်မှ ရေလှိုင်းများသဖွယ် ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားသည် ။ ထိုလှိုင်းများ ဖြတ်သန်းသွားရာ လေထုမှာ တုန်ခါသွားပြီး မျက်စိဖြင့် မြင်နိုင်သော ဂယက်များပင် ဖြစ်ပေါ်လာလေသည် ။
ဂူချန်၏ လက်နှစ်ဖက်အတွင်း၌ အလွန်ပြင်းထန်သော စွမ်းအင်များ စုစည်းနေ၏ ။ ဖြူဖွေးသွယ်လျသော သူ၏လက်များသည် အခုတော့ မှော်ဝင်နေသကဲ့သို့ အရေပြားပေါ်တွင် အနီရောင်အမှတ်အသားများ ဖုံးလွှမ်းလာသည် ။ အရေပြားအောက်ရှိ သွေးကြောငယ်လေးများသည်လည်း အသက်ဝင်နေသကဲ့သို့ နှလုံးခုန်သံနှင့်အတူ တဖျတ်ဖျတ် တုန်ခါနေကြသည် ။
ဂူချန်က လက်သီးကို တင်းတင်းဆုပ်လိုက်ရာ လေထုအတွင်းမှ လေများမှာ ဖိသိပ်ခံရပြီး ဖောက် ကနဲ အသံကြီး ထွက်ပေါ်လာသည် ။
ထိုအချိန်တွင် ဂူမိသားစု အိမ်တော်ကြီးတစ်ခုလုံးကို မှင်ကဲ့သို့ နက်မှောင်ပြီး သွေးကဲ့သို့ နီမြန်းသော တိမ်တိုက်ကြီးများက အုပ်ဆိုင်းသွားသည် ။ ထိုသွေးတိမ်တိုက်များသည် အသက်ရှိနေသကဲ့သို့ လှုပ်ရှားနေပြီး ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများမှာ တလျှပ်လျှပ် လင်းလက်နေ၏ ။ အစေခံအားလုံးက ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်တကြား တုန်ရီနေကြသည် ။
အိမ်တော်ထိန်းလီ တစ်ယောက်သာလျှင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိလိုက်ပေသည် ။ သူက သွေးတိမ်တိုက်များနှင့် ချီလှိုင်းများ၏ ဦးတည်ရာကို ကြည့်ကာ ဂူချန်၏ ကိုယ်ပိုင်လေ့ကျင့်ရေးခန်းမဆီသို့ အကြည့်ရောက်သွားသည် ။
" သခင်လေးရဲ့ လေ့ကျင့်ရေးခန်းမလား..ဘာတွေ ဖြစ်နေတာလဲ.."
စိတ်ပူသွားသော အိမ်တော်ထိန်းလီသည် အထဲသို့ အမြန်ဝင်ရန် ကြိုးစားသော်လည်း နောက်တစ်စက္ကန့်တွင် အပြင်သို့ လွင့်စင်ထွက်သွားသည် ။ သူ အနေအထားကို ပြန်ထိန်းလိုက်ပြီး သူ့ကို အလွယ်တကူ တွန်းထုတ်လိုက်သော သွေးရောင်ချီလှိုင်းကို ကြည့်ကာ မယုံနိုင်အောင် ဖြစ်သွား၏ ။
" ဒါ ဘယ်လို ကောင်းကင်နဲ့မြေကြီး နိမိတ်မျိုးလဲ.. ငါတောင် အနားမကပ်နိုင်ပါလား.."
ဤကမ္ဘာ၌ နိမိတ်များကို အဆင့်အမျိုးမျိုး ခွဲခြားထားသည် ။ ရတနာများ ပေါ်ထွန်းလာချိန်၊ အစွမ်းထက်သော သိုင်းပညာရှင်များ အဆင့်တက်ချိန် သို့မဟုတ် S-အဆင့်နှင့် အထက် ပါရမီရှင်များ နိုးထလာချိန်များတွင် ထိုကဲ့သို့ နိမိတ်များ ပေါ်ပေါက်တတ်သည် ။
နေရာကို ကြည့်ရသည်မှာ ဤသည်မှာ သေချာပေါက် သခင်လေးကြောင့် ဖြစ်သည် ။ သို့သော်လည်း ဒုတိယအဆင့် သိုင်းပညာရှင်ဖြစ်သော သခင်လေးက ဤမျှ ကြောက်စရာကောင်းသော နိမိတ်မျိုးကို မည်သို့ ဖြစ်စေနိုင်သနည်း ။
အိမ်တော်ထိန်းလီကိုယ်တိုင်မှာ ပဉ္စမအဆင့် နိဗ္ဗာနအဆင့် မှ သိုင်းပညာရှင်တစ်ဦး ဖြစ်သည် ။ သူသည် သာမန်လူသားတို့ထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားရှိသူ ဖြစ်သော်လည်း ယခုအခါ၌ ဂူချန်၏ အခြေအနေကိုပင် သွားရောက်မကြည့်ရှုနိုင်တော့ချေ ။
" ရတနာပေါ်တာလည်း မဟုတ်ဘူး.. အဆင့်တက်တာလည်း မဟုတ်ဘူး... ဒါဆိုရင်..."
အိမ်တော်ထိန်းလီသည် ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည် ။ ထိုအရာမှာ သခင်လေး ဂူချန်သည် ဒုတိယအကြိမ် ပါရမီနိုးထလာပြီး S-အဆင့် သို့မဟုတ် ထိုထက်မြင့်သော သိုင်းပါရမီကို ရရှိသွားခြင်းပင် ဖြစ်ရမည် ။
ဒုတိယအကြိမ် ပါရမီနိုးထရန်မှာ မဖြစ်နိုင်သလောက် ရှားပါးလှသော်လည်း လုံးဝမရှိသည်တော့ မဟုတ် ။ လက်ရှိ အခြေအနေအရ ဤသည်မှာ အဖြစ်နိုင်ဆုံးပင် ။
"ဒုတိယအကြိမ် နိုးထမှုပဲ.. ဒုတိယအကြိမ် နိုးထမှုပဲ.."
အိမ်တော်ထိန်းလီ၏ မျက်ဝန်းများ၌ ဝမ်းသာအားရမှုများ ပြည့်နှက်သွားသည် ။ အကယ်၍ သခင်လေး၏ ဖခင်သာ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း ရောက်မနေပါက သူ ချက်ချင်းပင် အကြောင်းကြားမိပေလိမ့်မည် ။ ဤသည်မှာ နှစ်မျိုးစပ် သိုင်းပါရမီ ပင် ဖြစ်သည် ။ ထို့အပြင် ဒုတိယမြောက် ပါရမီမှာ S-အဆင့်နှင့် အထက် ဖြစ်သဖြင့် ကောင်းကင်ဘုံကို ဆန့်ကျင်သော ပါရမီရှင်ဟု ခေါ်ဆိုရန် ထိုက်တန်လှပေသည် ။
အိမ်တော်ထိန်းလီသည် ဂူချန် ရှိရာဘက်သို့ စိုက်ကြည့်ရင်း ရှေ့ဆက်တိုးရန် မကြိုးစားတော့ဘဲ အစောင့်များကို အမိန့်ပေးလိုက်သည် ။
" အခုချက်ချင်း အစောင့်တွေကို တိုးမြှင့်လိုက်..အခုကစပြီး ဘယ်သူ့ကိုမှ ဂူအိမ်တော်ထဲ အဝင်မခံနဲ့.. ယင်ကောင်တစ်ကောင်တောင် အထဲမဝင်စေနဲ့..တစ်ခုခု ဖြစ်ရင် မင်းတို့အားလုံးကို အရေးယူမယ်.."
လေ့ကျင့်ရေးခန်းမအတွင်း၌မူ...
ဂူချန်သည် သွေးမြူတိမ်များအကြား ဝိုင်းရံလျက် ရှိ၏ ။ သူက မျက်လုံးကို မှိတ်ကာ လက်နှစ်ဖက်အတွင်း တိုးပွားလာသော ပေါက်ကွဲထွက်လုမတတ် စွမ်းအားများကို ဂရုတစိုက် ခံစားနေသည် ။ အချိန်အတော်ကြာပြီးနောက် သွေးမြူများ ပျောက်ကွယ်သွားပြီး အနီရောင်သန်းနေသော သူ၏ လက်များမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည် ။
[ SS-အဆင့် ပါရမီ - သတ်ဖြတ်ခြင်းလက်ဝါး: လက်နှစ်ဖက်၏ ခွန်အား၊ အရှိန်နှင့် ပျော့ပျောင်းမှုကို များစွာ တိုးမြှင့်ပေးသည်။ လက်များသွေးစွမ်းလေလေ စွမ်းအားတိုးလာလေလေ ဖြစ်သည်။ သက်ရှိတို့၏ သွေးကို စုပ်ယူ၍ မိမိကိုယ်ကို ပြန်လည်ကုသနိုင်သည်။ ]
[ စွမ်းရည် ၁: တိုက်ခိုက်ရေး သိုင်းပညာအားလုံး၏ ကျင့်ကြံမှုနှုန်း +၃၀%]
[ စွမ်းရည် ၂: လက်ဝါးနှင့် လက်မောင်းဆိုင်ရာ သိုင်းပညာအားလုံး၏ ကျင့်ကြံမှုနှုန်း +၃၀% ]
" ဒါ...ဒါ..မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ..."
ဂူချန်၏ အံ့အားသင့်မှုမှာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှ၏ ။ အရင်က ခရမ်းရောင် နတ်ဆိုးမျက်လုံး ကို S-အဆင့်သို့ မြှင့်တင်ခဲ့စဉ်ကပင် အလွန်အစွမ်းထက်နေပြီ ဖြစ်သည် ။ ယခု SS-အဆင့် ပါရမီမှာမူ တကယ့်ကို ဂိမ်းတစ်ခုအတွင်း၌ ခိုးဆော့နေသကဲ့သို့ပင် ဖြစ်တော့သည် ။
ဂူချန်သည် အချိန်အတော်ကြာ ငြိမ်သက်နေမိသည် ။ သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုမှာ ပြောမပြတတ်အောင်ပင် ။ ဤသည်မှာ SS-အဆင့် တိုက်ခိုက်ရေးပါရမီ ဖြစ်သည် ။
မုရုံချင်းရွှယ်သည် A-အဆင့် တိုက်ခိုက်ရေးပါရမီဖြင့်ပင် ကျောင်းအတွင်း၌ ဘုရင်မတစ်ပါးကဲ့သို့ မင်းမူနေခြင်း ဖြစ်သည် ။ ယခု သူ၏ ပါရမီမှာ သူမထက် နှစ်ဆင့်တောင် ပိုမိုမြင့်မားနေ၏ ။ ကျန်းနန်ပြည်နယ် တစ်ခုလုံး၌ပင် SS-အဆင့် ပါရမီရှင်ဆိုသည်မှာ သူတစ်ယောက်တည်းသာ ရှိပေလိမ့်မည် ။
" အခုဆိုရင် ငါ မုရုံချင်းရွှယ်ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လို့ ရပြီ မဟုတ်လား.."
ဂူချန်သည် ခပ်ဖွဖွ ရယ်လိုက်မိသည် ။ ထိုအချိန်တွင် တံခါးဝ၌ အိမ်တော်ထိန်းလီ ရောက်ရှိနေသည်ကို မျက်နှာပြင်မှ မြင်လိုက်ရသည် ။
သူက လက်ကို ဝေ့ယမ်းလိုက်ရာ စမတ်စနစ်က တံခါးကို ဖွင့်ပေးလိုက်သည် ။
အိမ်တော်ထိန်းလီသည် အထဲသို့ အမြန်ဝင်လာပြီး ဂူချန်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသည်ကို မြင်မှ စိုးရိမ်တကြီး မေးလိုက်၏ ။
" သခင်လေး... အဆင်ပြေရဲ့လား .."
" အဆင်ပြေပါတယ်.."
ဂူချန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး...
" ဒီအတိုင်း SS-အဆင့် သိုင်းပါရမီလေး တစ်ခု နိုးထလာတာပါပဲ .."
" SS-အဆင့် ပါရမီ နိုးထလာတာ ဟုတ်လား.."
အိမ်တော်ထိန်းလီ၏ မျက်နှာမှာ အံ့အားသင့်မှုကြောင့် အနည်းငယ် တွန့်သွားသော်လည်း သခင်လေးအတွက် အမှန်တကယ် ဝမ်းမြောက်သွားရသည် ။ ဂူမိသားစု၌ ဆယ်စုနှစ်နှင့်ချီ၍ အမှုထမ်းခဲ့သူ ဖြစ်သဖြင့် သခင်လေး ဤမျှ ထူးချွန်လာသည်ကို မြင်ရသည်မှာ ပီတိဖြစ်မိ၏ ။
' ဒီသတင်းကို သခင်ကြီးဆီ အမြန်ဆုံး အကြောင်းကြားရမယ်.. အရင်က သခင်လေးကို မသုံးမကျဘူးပြောတဲ့ကောင်တွေ ဟမ့်.. ခုပြောရဲသေးလား.. '
အိမ်တော်ထိန်းလီ ထွက်သွားပြီးနောက် ဂူချန်သည် သူ၏ စနစ်မျက်နှာပြင်ကို ပြန်လည်ဖွင့်လှစ်လိုက်သည် ။ ဒုတိယအကြိမ် စွမ်းရည်အမှတ်များ ခွဲဝေရန် အချိန်တန်ပြီ ဖြစ်သည် ။
***