[ ကျင့်ကြံရန် ပြင်ဆင်နေသည်...]
[ ရှာဖွေတွေ့ရှိချက်... ကျင့်ကြံမှုအမြန်နှုန်း မြင့်တက်လာသည်...]
[...]
[ စေတနာတန်ဖိုး ၁၁၀ အသုံးပြုလိုက်သည် ။ သင်၏ သိုင်းပညာအဆင့်မှာ ဒုတိယအဆင့် ၇ သို့ အောင်မြင်စွာ တက်လှမ်းသွားပါပြီ ]
[ စေတနာတန်ဖိုး ၂၆၀ အသုံးပြုလိုက်သည် ။ သင်၏ သိုင်းပညာအဆင့်မှာ ဒုတိယအဆင့်၈ သို့ အောင်မြင်စွာ တက်လှမ်းသွားပါပြီ ]
[ စေတနာတန်ဖိုး ၄၉၀ အသုံးပြုလိုက်သည် ။ သင်၏ သိုင်းပညာအဆင့်မှာ ဒုတိယအဆင့် အထွတ်အထိပ် သို့ ရောက်ရှိသွားပါပြီ ]
ထိုအချိန်တွင် ဂူချန်သည် ကြိုတင်ပြင်ဆင်ထားသော လတ်ဆတ်သည့် ပန်းရောင်ပန်းပွင့်လေးတစ်ပွင့်ကို လျင်မြန်စွာ ကောက်ယူ၍ ဝါးစားလိုက်ပြီး စွမ်းအင်များကို ချေဖျက်လိုက်သည် ။
[ တတိယအဆင့် ရတနာဖြစ်သော စစ်မှန်သော သိုင်းဝိညာဉ်ပန်းကို သုံးစွဲလိုက်သည်ကို တွေ့ရှိရသည် ။ အဆင့်တက်ရန် အတားအဆီး၏ ခက်ခဲမှုကို ၅% လျှော့ချပေးလိုက်ပါပြီ ]
[ သင့်အတွက် ဒုတိယအဆင့်မှ တတိယအဆင့် စစ်မှန်သော သိုင်းအဆင့် သို့ ကူးပြောင်းရန်မှာ ထမင်းစားရေသောက်သလောက်ပင် လွယ်ကူနေပါပြီ ]
[ စေတနာတန်ဖိုး ၅၆၀ အသုံးပြုလိုက်သည် ။ သင်၏ အဆင့်မှာ တတိယအဆင့်၁ သို့ အောင်မြင်စွာ တက်လှမ်းသွားပါပြီ ]
[ ယခုအကြိမ် ကျင့်ကြံမှု ပြီးဆုံးပါပြီ ]
[ ယခုအကြိမ် အသုံးပြုခဲ့သော စေတနာတန်ဖိုး: ၅၆၀ ]
[ ကျန်ရှိသော စေတနာတန်ဖိုး: ၁၁၉၆ ]
" ဟူး..."
ဂူချန်သည် လေကို ပြင်းပြင်းထန်ထန် ရှူထုတ်လိုက်၏ ။ သူ၏ လက်သီးကို အသာအယာ ဆုပ်လိုက်ရာ ပြင်းထန်သော စစ်မှန်သောချီစွမ်းအင် များမှာ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းလာပြီး လိမ္မော်ရောင်သန်းသော ချီလှိုင်းများသည် နဂါးများအလား သူ၏ ကြံ့ခိုင်သော ကိုယ်ထည်တွင် ရစ်ပတ်ကာ တောက်ပနေတော့သည် ။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီစွမ်းအင်များမှာလည်း အထူးပင် တက်ကြွနေပြီး သူ၏ အရိုးအကြောများထဲသို့ အဆက်မပြတ် ရိုက်ခတ်ကာ ပြင်းထန်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည် ။
' ဒီလိုမျိုး တတိယအဆင့်ကို ရောက်သွားတာလား ..'
' လွယ်လိုက်တာ..'
ဂူချန်သည် သူ၏ စိတ်လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်း ထိန်းချုပ်လိုက်ပြီး လက်ထဲမှ ကြီးမားသော စွမ်းအားကို ခံစားရင်း ရေရွတ်လိုက်သည် ။
" ပထမအဆင့် အထွတ်အထိပ်ကနေ တတိယအဆင့်ရောက်ဖို့ ရက်အနည်းငယ်ပဲ ကြာခဲ့တာလား.."
ဤကဲ့သို့ အမြန်နှုန်းမျိုးသည် နောင် နှစ်ပေါင်း သောင်းချီ ကြာသည့်တိုင် ပေါ်ထွက်လာနိုင်မည် မဟုတ်ပေ ။ သုံးလအတွင်း လုဖန်ကဲ့သို့ အဆင့်သေး လေးဆင့် ကျော်ဖြတ်နိုင်ခဲ့သူပင်လျှင် ရှားပါးလှ၏ ။
ဂူချန်သည်တော့ သုံးရက်ပင် မပြည့်သေးသည့် အချိန်မှာပင် အဆင့်ကြီး နှစ်ဆင့်အား ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည် ။ ဤသည်ကို ကြော်ငြာလျှင် ယုံနိုင်မည့်သူ ရှိမည်မထင် ။ အရင်ကတည်းက ခွန်အားကို ဖုံးကွယ်ထားသည်ဟုသာ ထင်ကြပေမည် ။
ဂူချန်သည် ကျေနပ်စွာ သက်ပြင်းချရင်း တန်ဖိုးကြီးလှသော ဇီဝဒေတာ စစ်ဆေးစက် ပေါ်သို့ တက်ရပ်လိုက်သည် ။ သူ ရပ်လိုက်သည်နှင့် လေ့ကျင့်ရေးခန်းမထဲတွင် သာယာသော AI အသံတစ်ခု ထွက်ပေါ်လာသည် ။
" မင်္ဂလာပါ သခင်လေး.. ရှောင်အိုက် က သခင်လေးအတွက် အသင့်ရှိနေပါတယ်.."
" ဘာတွေ ကူညီပေးရမလဲရှင့်.."
ဂူချန်က စက်၏ မျက်နှာပြင်ကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည် ။
" ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပေးပါ.."
" ဟုတ်ကဲ့ပါ သခင်လေး.."
" တီ... တီ.."
AI အသံ ဆုံးသည်နှင့် မျက်နှာပြင်ပေါ်တွင် အချက်အလက်များစွာ ပေါ်လာပြီး လျင်မြန်စွာ ပြောင်းလဲနေသည် ။ ဤစက်သည် အသုံးပြုသူ၏ ခန္ဓာကိုယ် အခြေအနေကို အချိန်နှင့်တပြေးညီ သိနိုင်ရုံသာမက ခန္ဓာကိုယ်ထဲက လျှို့ဝှက်ရောဂါတွေကိုပါ ရှာဖွေပေးနိုင်ပြီး ဖြေရှင်းနည်းတွေကိုပါ အကြံပြုပေးနိုင်သည် ။
စက္ကန့်အနည်းငယ်အကြာတွင် ဂူချန်၏ အချက်အလက်များ ထွက်ပေါ်လာသည် ။
[ အမည်: ဂူချန် ]
[ ဇီဝအချက်အလက်: ဆဲလ်များ လှုပ်ရှားမှု ကောင်းမွန်သည်၊ ကိုယ်အပူချိန် ပုံမှန်ထက် အနည်းငယ် မြင့်မားနေသည်၊ နှလုံးခုန်နှုန်း ပုံမှန်၊ အင်္ဂါအစိတ်အပိုင်းများ အလုပ်လုပ်ပုံ ကောင်းမွန်သည်၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပုံမှန်...]
[ ဖြေရှင်းနည်း- ဒုတိယအဆင့် ရတနာဖြစ်သော ရေခဲကြာပန်း ကို သုံးစွဲခြင်းဖြင့် ကိုယ်အပူချိန်ကို ပုံမှန်ပြန်ဖြစ်စေနိုင်သည်။ သို့မဟုတ် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အသားကျအောင် စောင့်ဆိုင်းနိုင်သည် ]
[ လက်ရှိအခြေအနေ- လေလည်လိုက်ရုံနဲ့ နွားတစ်ကောင်ကို သေစေနိုင်လောက်အောင် သန်မာနေသည် ]
' ငါ့ရဲ့ အဆင့်နဲ့ ပါရမီက မုရုံချင်းရွှယ် ဆယ်ယောက်ပေါင်းတာထက်တောင် သာလွန်နေပြီ.. ဒါပေမဲ့ သိုင်းပညာရပ်တွေမှာတော့ ငါ နောက်ကျနေသေးတယ်..'
ဂူချန်က စက်ကို တစ်ချက်ကြည့်ပြီးနောက် လေ့ကျင့်ရေးခန်းမမှ ထွက်ကာ ဂူအိမ်တော်၏ အချက်အချာကျသော အတွင်းခန်းဆီသို့ ဦးတည်သွားသည် ။
ကျင့်ကြံခြင်းဆိုသည်မှာ အဆင့်တစ်ခုတည်းကိုပဲ မျက်စိမှိတ် တိုးနေဖို့ မဟုတ်ချေ ။ ထိုသည်က ဟန်သာရှိပြီး အဆံမရှိသူ ဖြစ်သွားပေလိမ့်မည် ။
ထို့ပြင် ဤကမ္ဘာတွင် စတုတ္ထအဆင့် ဗာဂျရာအဆင့် သို့ တက်လှမ်းရန်အတွက် လွန်ကဲသော စိတ်ဆန္ဒ တစ်ခုကို နားလည်သဘောပေါက်ရန် လိုအပ်သည် ။
သူ၏ အရင်ခန္ဓာကိုယ်ပိုင်ရှင်က နှစ်အတော်ကြာ ကျင့်ကြံခဲ့သော်လည်း ဒုတိယအဆင့် သိုင်းကွက် အနည်းငယ်ကိုသာ တက်မြောက်ခဲ့၏ ။ ထိုသည်များကို အဆုံးစွန်အထိ တက်မြောက်ခဲ့လျှင်ပင် စိတ်ဆန္ဒကို နားလည်ဖို့ရန် ခက်ခဲပေလိမ့်မည် ။
' ဟူး.. ငါ့ရဲ့ ဇွဲနဲ့ ကြိုးစားမှုကိုပဲ အားကိုးရတော့မှာပဲ..."
ဂူချန် စိတ်ထဲမှ သက်ပြင်းချရင်း အတွင်းခန်းရှိ သိပ်မထင်ရှားသော စာအုပ်တစ်အုပ်ကို လက်ညှိုးဖြင့် ဖိလိုက်သည် ။ သူ ဖိလိုက်သည်နှင့် လျှို့ဝှက်ယန္တရားတစ်ခု အလုပ်လုပ်သွားပြီး စာအုပ်စင်ကြီးက ဖြည်းဖြည်းချင်း ရွေ့သွားတော့သည် ။
ခဏအကြာတွင် စိတ်ဝိညာဥ်စွမ်းအင် များ ပြည့်နှက်နေသော လျှို့ဝှက်အခန်းတစ်ခု ပေါ်လာသည် ။ အတွင်းတွင် ပစ္စည်းများကို ကြာရှည်ခံအောင် ပြုလုပ်ထားသော ကျောက်စင်များစွာ ရှိနေပေသည် ။ သူအထဲသို့ ဝင်သွားပြီး နောက်ထပ် လေ့ကျင့်ရမည့် သိုင်းပညာရပ်များကို ဂရုတစိုက် စတင်ရွေးချယ်တော့သည် ။
ချင်းဟယ်မြို့တော် ပထမဆေးရုံ၊ VIP လူနာခန်း ။
ပတ်တီးများ စီးထားသော လုဖန်သည် ကုတင်ပေါ်တွင် လှဲနေသည် ။ သူက လည်ပင်းကို ခက်ခက်ခဲခဲ လှည့်ကာ ကုတင်ဘေးတွင် ထိုင်နေသော အေးစက်လှပသည့် မိန်းကလေးကို ကြည့်ပြီး စိုးရိမ်တကြီး ပြောလိုက်၏ ။
" ချင်းရွှယ်... ဟို လူယုတ်မာ ဂူချန်က နင့် လက်ထဲ လူပုံအလယ်မှာ ရှုံးနိမ့်ပြီး အရှက်ကွဲမှာကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး.. သူ.. သူ့မိသားစုကို အကူအညီ တောင်းလိမ့်မယ်.."
" အဲဒါဆိုရင် နင် အန္တရာယ်ရှိနိုင်တယ်.."
လုဖန်သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့လျက် ပြောနေရသည် ။ ဂူချန်နှင့် သုံးလပြည့် တိုက်ပွဲ တိုက်ခိုက်ခဲ့စဉ်က သူ၏ အရိုးတစ်ဒါဇင်ကျော် ကျိုးသွားပြီး ဦးနှောက်ခွံလည်း အနည်းငယ် ထိခိုက်ခဲ့သလို အခြားဒဏ်ရာတွေလည်း အများကြီး ရခဲ့သည် ။
သူ၏ ဆရာဖြစ်သူမှ နှလုံးသွေးကြောကို လျှို့ဝှက်ကာကွယ်ပေးထားပြီး မုရုံချင်းရွှယ်ပေးသည့် အဆင့်မြင့်ဆေးများကြောင့်သာ သတိပြန်လည် လာခဲ့ခြင်းပင် ။ သို့ရာတွင် သတိပြန်ရသော်လည်း လှုပ်ရှား၍ မရသေးပေ ။
လုန်ဖန်၏ စကားကိုကြားလျှင် မုရုံချင်းရွှယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် ။
" စိတ်မပူပါနဲ့.. ငါသာ သူ့ကို သတ်မပစ်ရင် သူတို့ ဂူမိသားစုက ငါ့ကို လုပ်ကြံရဲမှာ မဟုတ်ပါဘူး.."
လုဖန်က ဇဝေဇဝါ ဖြစ်သွားသည် ။
" ဘာလို့လဲ.."
ဂူချန်၏ နောက်ကွယ်တွင်ရှိသော ချင်းဟယ် ဂူမိသားစုဆိုသည်က နောက်ပြောင်စရာ မဟုတ်ချေ ။ အပြင်ပန်းတွင် အေးအေးဆေးဆေး နေနေကြသော်လည်း သူတို့က တစ်မိသားစုလုံးကို သတ်ပစ်ဖို့ရန် ဝန်မလေးသောသူများဖြစ်၏ ။ သာမန်လူများ ယှဉ်နိုင်သည့် အရာ မဟုတ်ပေ ။
မုရုံချင်းရွှယ်က လုဖန်အတွက် ဆေးများကို ပြင်ဆင်ပေးရင်း စိတ်ရှည်စွာ ရှင်းပြလိုက်သည် ။
" ငါ့ကို လျိုလုံ တက္ကသိုလ် က အထူးပါမောက္ခတစ်ယောက်က သတိထားမိသွားပြီ.. သူက ငါ့ကို ကျောင်း ကြိုတင်ဝင်ခွင့် ရအောင် ထောက်ခံပေးမယ်လို့ သဘောတူထားတယ်..သူ့ရဲ့ အကာအကွယ် ရှိနေရင်တော့ ချင်းဟယ် ဂူမိသားစုက ငါ့ကို လက်ဖျားနဲ့တောင် တို့ရဲမှာ မဟုတ်ဘူး.."
ပြောရင်းနှင့် သူမက ဆေးဇွန်းဖြင့် လုဖန်ကို တိုက်လိုက်သည် ။ သူမ၏ မျက်လုံးထဲတွင်လည်း ထူးခြားသော သနားဂရုဏာရိပ်များ ပေါ်လာပေသည် ။
" ဒါပေမဲ့ ဂူချန်က နင့်ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်တော့ ငါ သူ့ကို လွှတ်ပေးဖို့ စဉ်းစားပေးနိုင်ပါတယ်.."
" ချင်းရွှယ်... ကျေးဇူးတင်ပါတယ်.."
လုဖန်သည် ဆေး သောက်ရင်း စိတ်လှုပ်ရှားသွားမိသည် ။ ပြီးခဲ့သည့် တစ်လလုံးလုံး ကြက်ကင် လုပ်ကျွေးခဲ့ရသည်က အလကား မဖြစ်ခဲ့ချေ ။
မုရုံချင်းရွှယ်သည် ငယ်စဉ်ကတည်းက လှပပြီး သိုင်းပါရမီလည်း ထူးချွန်သူဖြစ်သဖြင့် လူတိုင်းက ဝိုင်းချစ်ကြ၏ ။ သူမ၏ မိသားစုက မချမ်းသာသော်လည်း သူမသည်တော့ ပြည့်ပြည့်စုံစုံ နေလာခဲ့ရသူ ဖြစ်သည် ။ လွန်ခဲ့သော တစ်လခန့်က တောထဲတွင် လေ့ကျင့်ရင်း လုဖန်၏ ကြက်ကင် လက်ရာကို မြည်းစမ်းကြည့်မိရာမှ သူတို့ ခင်မင်သွားခဲ့ကြခြင်း ဖြစ်သည် ။
ဤသည်က တကယ့်ကို ထူးဆန်းလှ၏ ။ အစားအသောက် ကောင်းကောင်း စားဖူးသော နတ်သမီးလေးက မီးသွေးနှင့် ကင်ထားသော ကြက်ကင်လေးကိုမှ စွဲလမ်းသွားသည်လော ။
" ချင်းရွှယ်သာဆိုရင် ဟိုကောင်ကို အနိုင်ယူဖို့က အေးဆေးပါပဲ.."
လုဖန်က မျှော်လင့်ချက်ကြီးစွာ ပြောလိုက်သော်လည်း စိုးရိမ်စိတ်နဲ့ ထပ်ပြောလိုက်သည် ။
" ဒါပေမဲ့ ဂူအိမ်တော်က ဒီမြို့ရဲ့ အာဏာရှိတဲ့သူတွေဆိုတော့ နင် အထူးသတိထားရမယ်..နောက်ရက်တွေမှာ နင့် ဆရာနဲ့အတူ နေတာကောင်းမယ်.. ငါ့ဆီကို လာမကြည့်နဲ့တော့..နင်ပေးတဲ့ ဆေးတွေကြောင့် ငါ အမြန်သက်သာလာမှာပါ.."
မုရုံချင်းရွှယ်သည် ဒုတိယအဆင့် ၇သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဂူချန်သည်တော့ ဒုတိယအဆင့်သို့ ရောက်သည်မှာ မကြာသေးပေ ။ အဆင့်ကွာခြားလှချေ၏ ။
ဂူချန်သာ ကလိမ်ကျစ်မလုပ်လျှင် ချင်းရွှယ် ရှုံးနိမ့်စရာ အကြောင်းမရှိ ။ လုဖန်သည် ဂူချန်က သူ့ရှေ့တွင် ဒူးထောက်နေမည်ကို စဥ်းစားရင်း စိတ်လှုပ်ရှားနေလေသည် ။
" အင်း.."
မုရုံချင်းရွှယ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည် ။
အချိန်အတော်ကြာပြီးနောက် နေဝင်သွားသောအခါ လူနာခန်းထဲတွင် လုဖန် တစ်ယောက်တည်း ကျန်ခဲ့သည် ။ သူ၏ ဆရာကို ခေါ်ဖို့ရန် ပြင်လိုက်စဉ်မှာပင် တံခါးဝမှ ဒိုင်း ခနဲ အသံကြီး ထွက်လာပြီး ခြေသံပြင်းပြင်းများကို ကြားလိုက်ရသည် ။
လုဖန် လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်စုက သေတ္တာကြီးတစ်လုံးတင်ဆောင်လာသော တွန်းလှည်းကြီးတစ်စီးကို တွန်းပြီး အထဲသို့ အမြန်ဝင်လာသည်ကို တွေ့လိုက်ရသည် ။
" ခင်ဗျားတို့က ဘယ်သူတွေလဲ... ဘာလုပ်မလို့လဲ... အု... အု..."
သူ စကားမဆုံးခင်မှာပင် သစ်သားတုံးကြီးတစ်ခုက လုဖန်၏ ပါးစပ်ထဲကို ရောက်လာပြီး ပိတ်ဆို့ခံလိုက်ရ၏ ။ ထို့နောက် သန်မာတဲ့ လက်များဖြင့် ဆွဲယူကာ ကုတင်နဲ့အတူ သေတ္တာကြီးထဲသို့ ထည့်လိုက်ကြသည် ။
ခဏချင်းမှာပင် သူသည် လူနာခန်းထဲမှ ပျောက်ကွယ်သွားတော့သည် ။
" သခင်လေး... ပစ်မှတ်ကို ဖမ်းမိပါပြီ.."
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက ဖုန်းကိုင်ပြီး မက်ဆေ့ပို့လိုက်ကာ ဖုန်းကို ချက်ချင်း ချေမွပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည် ။
***