"ဟုတ်သားပဲ စီနီယာ ကျီယု... အဲဒီ နတ်ဘုရား အဆောင် ၅ မျိုး က ဒီ ကြယ်တာရာ ကမ္ဘာကြီး ရဲ့ ဘယ်နေရာမှာ ဖုံးကွယ်ထားတာလဲ..."
ချန်ရှီ တုန်လှုပ်နေရာမှ ရုတ်တရက် သတိဝင်လာပြီး မေးလိုက်သည်။ ဤမျှ အတော်ကြာ စကားပြောနေသည့်တိုင် ဓားကို မည်သို့ပြုလုပ်ရမည်မှန်း မသိသည့်အပြင် ထိုအံ့ဖွယ် နတ်ဘုရား အဆောင် ၅ မျိုးကို သူ မြင်ပင် မမြင်ဖူးသေးပေ။
အပြာရောင် သစ်သား နတ်ဘုရား အဆောင်၊ သံမဏိဖြူ နတ်ဘုရား အဆောင်၊ ကြက်သွေးရောင် မီးတောက် နတ်ဘုရား အဆောင်၊ အနက်ရောင် ရေ နတ်ဘုရား အဆောင်နှင့် အဝါရောင် မြေကမ္ဘာ နတ်ဘုရား အဆောင်… ဤနာမည်များကို ကြားလိုက်ရုံဖြင့်ပင် သူ့ ရင်ထဲ တပ်မက်စိတ်တို့ တားမရဆီးမရ ပေါ်လာသည်။
၎င်းတို့ကို ချန်ရှီ အတော်ပင် မြင်တွေ့ချင်နေလေပြီ။
ကျီယု ပြုံးလိုက်ပြီး အဝေးရှိ ကြယ်တာရာ ကမ္ဘာကြီး၏ နက်ရှိုင်းသော နေရာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"မင်း သဘာဝ ဓာတ်ကြီး ၅ ပါးရဲ့ တာအို ဉာဏ်အလင်းတွေကို ကျွမ်းကျင်ထားပြီးပြီ မဟုတ်လား... မင်းရဲ့ နှလုံးသားနဲ့ ခံစားကြည့်လိုက်... သူတို့ ရှိနေတာကို မင်း သတိထားမိလာလိမ့်မယ်..."
ချန်ရှီ ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် အသက်အောင့်ထားကာ စိတ်ကို အသေအချာ စူးစိုက်လိုက်ပြီး စိတ်စွမ်းအားများကို စကြဝဠာထဲရှိ ကြယ်များနှင့် ပေါင်းစပ်သွားစေရန် ဖြန့်ကြက်လိုက်ကာ အဝေးမှ ကြယ်များဆီသို့ လှမ်းကြည့်လိုက်လေသည်။
အချိန်မည်မျှ ကြာသွားသည် မသိ… စကြဝဠာထဲရှိ ကြယ်များ၊ နက်ဗျူလာများနှင့် ကြယ်တာရာ မြစ်ကြီးများ ရုတ်တရက် ကျုံ့ဝင်သွားပြီး လူသူကင်းမဲ့သော ကမ္ဘာကြီး တစ်ခု အဖြစ် ပြောင်းလဲသွားသည်ကို ချန်ရှီ သတိထားမိလိုက်သည်။ ထိုကမ္ဘာကြီးမှာ သက်ရှိ စွမ်းအင် တစ်စက်မျှ မရှိဘဲ ပြာနှမ်းနေပြီး သေဆုံး တိတ်ဆိတ်နေသော မြေရိုင်းပြင်ကြီး တစ်ခု အလား ဖြစ်နေ၏။
ဝုန်း...
ကောင်းကင်နှင့် မြေကြီး အကြား မိုးခြိမ်းသံကြီး တစ်ခု ပဲ့တင်ထပ်သွားပြီး လူသူကင်းမဲ့နေသော မြေရိုင်းပြင်ကြီး၏ အရှေ့ဘက် အရပ်မှ တိမ်များကို ဖောက်ထွင်းလုမတတ် မြင့်မားသော တိုင်ကြီး တစ်လုံး ထွက်ပေါ်လာသည်။
ထို့နောက် မြေရိုင်းပြင်ကြီး တစ်ခုလုံး၏ မြေကြီးထဲမှ သက်ရှိ စွမ်းအင်များ လျှံကျလာကာ ပန်းပေါင်းစုံ ပွင့်လန်းလာကြသည်။ မြေပြင်ပေါ်တွင် များပြားလှသော အစိမ်းရောင်အလင်းတန်းများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး စိမ်းလန်းစိုပြေသော အပင်များမှ အလွန် အားကောင်းသော သက်ရှိ စွမ်းအင်များ ထွက်ပေါ်လာတော့သည်။
တဆက်တည်းမှာပင် ကောင်းကင်နှင့် မြေကြီး အကြား ပုံရိပ် နှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အရပ်အမောင်း မည်မျှ မြင့်မားမှန်း မသိရသော အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြပြီး ခမ်းနားသော ဝတ်ရုံများနှင့် အင်ပါယာ သရဖူကို ဆောင်းကာ မားမားမတ်မတ် ရပ်နေကြသည်။ သူတို့၏ ကိုယ်ခန္ဓာများတွင် တောက်ပသော အပြာရောင်နှင့် မြူခိုးရောင် နတ်ဘုရား အလင်းတန်းများ ရစ်ပတ်နေ၏။ အဆောင်လက်ဖွဲ့ သင်္ကေတ အမျိုးမျိုးသည် မရေမတွက်နိုင်သော နတ်ဘုရားငယ်လေးများ အသွင် ပြောင်းလဲသွားပြီး သူတို့ နှစ်ဦး၏ ပတ်လည်တွင် လှည့်ပတ် ပျံသန်းနေကြကာ သူတို့၏ အမြင့်မြတ်ဆုံး အင်ပါယာကို ရိုသေကိုင်းရှိုင်းနေသကဲ့သို့၊ ကခုန်ကာ ချီးမွမ်း သီကျူးနေကြသကဲ့သို့ပင်။
အပြာရောင် အင်ပါယာ နှင့် သစ်သား ဧကရီ...။
အမျိုးသားနှင့် အမျိုးသမီး၊ ယင် နှင့် ယန် တို့၏ ပေါင်းစပ်မှုပင်။ ဤ အင်ပါယာ နှစ်ပါးသည် ကောင်းကင်နှင့် မြေကြီး အကြား ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေကြပြီး ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် သက်ရှိ စွမ်းအင်များဖြင့် ပေါက်ဖွား စီးဆင်းလာကာ လူသူကင်းမဲ့နေသော ကမ္ဘာကြီးကို လုံးဝ အသစ်ပြန်လည် ပုံဖော်လိုက်လေသည်။
ချန်ရှီ ၏ မျက်လုံးထဲတွင် ကမ္ဘာကြီး တစ်ခုလုံးမှာ အဆောင်လက်ဖွဲ့ တစ်ခု အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရသည်။ ကောင်းကင်နှင့် မြေကြီး အတွင်း လျင်မြန်စွာ ပေါက်ဖွားလာသော အပင်များနှင့် ပန်းမန်များမှာ နက်နဲသော အဆောင်လက်ဖွဲ့ သင်္ကေတ လမ်းကြောင်း မြောက်မြားစွာ အလား ဖြစ်နေပြီး ၎င်းတို့ အတွင်း မဟာ တာအို ၏ အနှစ်သာရ အမျိုးမျိုး ပါဝင်နေသည်။ အခြား တစ်ဖက်တွင်မူ အပြာရောင် အင်ပါယာ နှင့် သစ်သား ဧကရီ တို့၏ ပုံရိပ်များက အဆောင်လက်ဖွဲ့ တစ်ခုလုံး၏ အချက်အချာ အဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာကြီးကို အုပ်စိုးကာ အရပ်မျက်နှာ အသီးသီးကို အပေါ်စီးမှ ငုံ့ကြည့်နေကြသည်။ သူတို့ ရှိနေခြင်းကြောင့်သာ အဆောင်လက်ဖွဲ့ တစ်ခုလုံးမှာ သာမန်မဟုတ်တော့ဘဲ ထူးခြားသွားခြင်း ဖြစ်ပေသည်။
အပြာရောင် သစ်သား နတ်ဘုရား အဆောင်...။
ဤသည်မှာ အပြာရောင် သစ်သား နတ်ဘုရား အဆောင် ၏ ဖန်တီးမှု နည်းစနစ် ဖြစ်သည်။ သို့သော် ၎င်းအတွင်း ပါဝင်သော အဆောင်လက်ဖွဲ့ သင်္ကေတ အရေအတွက်မှာ ကျယ်ပြောသော သမုဒ္ဒရာကြီး တစ်ခုကို သူ့ ခေါင်းထဲ ထည့်သွင်းလိုက်သကဲ့သို့ ဖြစ်နေသဖြင့် ထိုအထဲတွင် အဆောင်လက်ဖွဲ့ သင်္ကေတ မည်မျှ ပါဝင်နေသည်ကို ချန်ရှီ လုံးဝ ခွဲခြား သိမြင်နိုင်စွမ်း မရှိတော့ပေ။
ကလစ်... ကလစ်...
ချန်ရှီ အသက်ရှူဖို့ အချိန်ပင် မရလိုက်ခင် သူ့ မျက်စိရှေ့ရှိ မြင်ကွင်းက ရွှေရောင် ကမ္ဘာ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ တောင်တန်းများ၊ မြစ်များ၊ မြေကြီးများ၊ အပင်များ... ဤကမ္ဘာရှိ အရာခပ်သိမ်းသည် ထက်မြက်လှသော ဓားတစ်လက် သို့မဟုတ် အရိုးခိုက်အောင် အေးစက်သော မြှားထိပ်ဖျား တစ်ခု အလား အလွန် ထက်မြက်သော အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်ထားသဖြင့် ချန်ရှီ တစ်ယောက် အရိုးဖောက်ဝင်မတတ် ထက်မြက်သည့် ခံစားချက်ကို ခံစားလိုက်ရလေသည်။
အလားတူပင် ထက်မြက်သော ရွှေရောင် ကမ္ဘာ အတွင်း ရပ်နေသည့် ပုံရိပ် နှစ်ခု ရှိနေသည်။ သူတို့ တစ်ကိုယ်လုံးမှ ကောင်းကင်သို့ ထိုးတက်သွားသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ပြိုင်ဘက်ကင်းလောက်အောင် အေးစက် ထက်မြက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေ၏။ သူတို့၏ လက်ကို ခပ်ဖွဖွ တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကမ္ဘာကြီးကို ခုတ်ပိုင်းနိုင်ပြီး စကြဝဠာကို အပိုင်းပိုင်း ဖြတ်တောက်နိုင်စွမ်း ရှိသကဲ့သို့ပင်။
ထက်မြက်သော ဓားများ၊ ဓားမများ၊ ပုဆိန်များ၊ လှံများနှင့် အခြား လက်နက်များစွာသည် သူတို့၏ ဘေးပတ်လည်တွင် အသက်ဝင်လာသကဲ့သို့ အဟုန်ဖြင့် လှည့်ပတ်နေကြပြီး ပျော်ရွှင်စွာ အော်ဟစ်မြည်ဟည်းလျက် ပျံသန်း စီးဆင်းနေကြသည်။
ဤကမ္ဘာရှိ အရာခပ်သိမ်းသည် ထက်မြက်သော အရှိန်အဝါကို သယ်ဆောင်ထားပြီး အေးစက် မာကျောသော မဟာ တာအို ၏ အနှစ်သာရများဖြင့် ပြည့်နှက်နေသည်။ အခြားတစ်ဖက်တွင်မူ ထိုပုံရိပ် နှစ်ခုက ဤအရာအားလုံး၏ အရင်းအမြစ် ဖြစ်နေပေသည်။
သံမဏိဖြူ နတ်ဘုရား အဆောင်...။
ဤ ကောင်းကင်နှင့် မြေကြီးသည် အဆောင်လက်ဖွဲ့ စက္ကူ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် နတ်ဘုရား အဆောင်၏ အဆောင်လက်ဖွဲ့ သင်္ကေတများ ဖြစ်ကြောင်း ချန်ရှီ ရှင်းလင်းပြတ်သားစွာ အသိအမှတ်ပြုလိုက်မိသည်နှင့် အလွန် ကျယ်ပြောသော အတွေးတစ်ခု သူ့ ခေါင်းထဲသို့ နောက်ထပ် တစ်ကြိမ် အဟုန်ဖြင့် ဝင်ရောက်လာပြန်သည်။
သိသာထင်ရှားစွာပင် ဤသည်မှာ သံမဏိဖြူ နတ်ဘုရား အဆောင် ၏ ဖန်တီးမှု နည်းစနစ် ဖြစ်၏။
နောက်ဆက်တွဲ အချိန်များ အတွင်း မီးတောက်များ၊ မြေကြီး နှင့် ရေ များဖြင့် အသီးသီး ဖုံးလွှမ်းနေသော ကမ္ဘာ သုံးခု ကို ချန်ရှီ မြင်တွေ့ခဲ့ရပြီး ကြက်သွေးရောင် မီးတောက် နတ်ဘုရား အဆောင်၊ အဝါရောင် မြေကမ္ဘာ နတ်ဘုရား အဆောင် နှင့် အနက်ရောင် ရေ နတ်ဘုရား အဆောင် တို့၏ ဖန်တီးမှု နည်းစနစ် များကို ရရှိခဲ့လေသည်။
အပြာရောင် သစ်သား နတ်ဘုရား အဆောင် နည်းတူ အခြား နတ်ဘုရား အဆောင် ၄ ခုကို ဖန်တီးရန် လိုအပ်သော အဆောင်လက်ဖွဲ့ သင်္ကေတများမှာ အဆုံးအစမဲ့သော သမုဒ္ဒရာကြီးများ အလား ဖြစ်နေပြီး ၎င်းတို့မှာ သိပ်သည်းကာ၊ ရှုပ်ထွေးပြီး မရေမတွက်နိုင်အောင်ပင်။
ချန်ရှီ၏ ခန့်မှန်းတွက်ချက်မှုများ အရ ဆိုလျှင် သူ၏ လက်ရှိ ဆင်ခြင်တွေးတောနိုင်စွမ်း ဖြင့် နတ်ဘုရား အဆောင် တစ်ခုခု ကို အောင်မြင်စွာ ဖန်တီးလိုပါက အချိန် ၃ နှစ် မှ ၅ နှစ် အထိ မရှိဘဲ လုံးဝ မဖြစ်နိုင်သော ဧရာမ စီမံကိန်းကြီး တစ်ခု ဖြစ်နေပေလိမ့်မည်။
ဤသည်မှာ နတ်ဘုရား အဆောင်၏ သင်္ကေတ များကို ရေးဆွဲရန် အတွက်သာ ဖြစ်ပြီး အကယ်၍ သူသာ နတ်ဘုရား အဆောင် ကို လုံးဝ အောင်မြင်စွာ ဖန်တီးပြီး နတ်ဘုရားများ၏ ပုံရိပ်များကိုပါ ပုံဖော်လိုပါက ယခုအချိန်တွင် သူ့အတွက် လုံးဝ မဖြစ်နိုင်သော တာဝန်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
ဟူး...
ချန်ရှီ မျက်လုံး ဖွင့်လိုက်ပြီး သူ၏ စိတ်အခြေအနေကို တည်ငြိမ်စေရန် သက်ပြင်းရှည်ကြီး တစ်ချက် မချဘဲ မနေနိုင်တော့ပေ။ ထိုအခါမှသာ ထို နတ်ဘုရား အဆောင် ၅ မျိုး ကြောင့် ဖြစ်ပေါ်လာသော ဖိအားများမှ သူ၏ အတွေးများ ပြန်လည် သက်သာရာ ရသွားလေသည်။
"ဘယ်လို ခံစားရလဲ..."
ကျီယု က ပြုံးရင်း မေးလိုက်သည်။
ချန်ရှီ ခေတ္တမျှ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"ကျွန်တော့် စိတ်ကူး ထက်ကို ကျော်လွန်နေပါတယ်..."
ထို့နောက် သူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"စီနီယာ ကျီယု... ဒီ နတ်ဘုရား အဆောင် ၅ မျိုး ထဲမှာ မရေမတွက်နိုင်တဲ့ အဆောင်လက်ဖွဲ့ သင်္ကေတ တွေ ပါဝင်နေတယ်... တကယ်လို့ စီနီယာ ပြောတဲ့ ဓား ကို ဖန်တီးမယ် ဆိုရင် ဒီ အဆောင်လက်ဖွဲ့ သင်္ကေတ တွေကို ထွင်းထုဖို့ သက်သက်နဲ့တင် အချိန် တော်တော်လေး ကြာလိမ့်မယ် မဟုတ်လား..."
"ဒါကတော့ အမှန်ပဲ... ငါ့ ခန့်မှန်းချက် အရ ဆိုရင် မင်းရဲ့ လက်ရှိ အရည်အချင်း နဲ့ နတ်ဘုရား အဆောင် တစ်ခု ရဲ့ သင်္ကေတ တွေကို အောင်မြင်စွာ ထွင်းထုနိုင်ဖို့ အချိန် ၅ နှစ် အတွင်း ကပ်သီးကပ်သတ်လေး ပြီးနိုင်လိမ့်မယ်..."
ကျီယု ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
"ဒါဆို အဆင်မပြေဘူးလေ... ကြယ်တာရာညီလာခံမစခင် အချိန် ၄ နှစ် ကျော်လေးပဲ ကျန်တော့တာ... ကျွန်တော့် ကျင့်ကြံမှုကို ရွှေအမြုတေအဆင့် ရောက်အောင် မြှင့်တင်ရဦးမယ် ဆိုတော့ ဒီ ဓား ဖန်တီးဖို့ အချိန် လုံးဝ ရှာလို့ မရတော့ဘူး..."
ချန်ရှီ မျက်မှောင် ပိုမို ကြုံ့သွားပြီး သူ့အတွက် ရနိုင်သော အချိန်များ မလုံလောက်တော့ကြောင်း ပိုမို ပြင်းထန်စွာ ခံစားလိုက်ရသည်။
"ဒါက ပြဿနာ မဟုတ်ပါဘူး... ငါ မင်းကို ပြောဖို့ မေ့နေတာ... ဒါက ကြယ်တာရာ ကမ္ဘာ ဖြစ်ပြီး အရင်က မင်း မြင်ဖူးခဲ့တဲ့ စမ်းသပ်ခြင်း ကောင်းကင်တောင်ထိပ် ရဲ့ အလွှာ ၁၈ လွှာ နဲ့ ဆင်တူတယ်... ဒီနေရာမှာ အချိန် ရွေ့လျားမှုက နှေးကွေးပြီး မင်း ဒီမှာ ၁၀ နှစ် နေမှ အပြင်ကမ္ဘာမှာ ၁ နှစ်ပဲ ကြာမှာ..."
ကျီယု ခပ်ဖွဖွ ပြုံးလိုက်သည်။
ချန်ရှီ ကြောင်အသွား၏။
' ဒီမှာ ၁၀ နှစ် နေမှ အပြင်ကမ္ဘာမှာ ၁ နှစ်ပဲ ကြာမှာ ဟုတ်လား... ဒါဆို ဒီမှာ နှစ် ၄၀ လောက် ကျင့်ကြံလို့ ရပြီး ကြယ်တာရာညီလာခံကို ဝင်ပြိုင်ဖို့လည်း နောက်ကျမှာ မဟုတ်ဘူး ဆိုတဲ့ သဘော မဟုတ်ဘူးလား... '
ထိုသို့ တွေးမိသည်နှင့် ချန်ရှီ ရင်ထဲတွင် ဝမ်းသာပီတိ လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။ နှစ် ၄၀ ဆိုပါလား။ နတ်ဘုရား အဆောင် ၅ မျိုး ကို ထွင်းထုရန် လိုအပ်မည့် အချိန် ၂၅ နှစ် ကို ဖယ်လိုက်လျှင်ပင် သူ့အတွက် နောက်ထပ် အချိန် ၁၅ နှစ် ကျန်ရှိနေသေးပြီး ၎င်းမှာ ရွှေအမြုတေအဆင့် သို့ တက်လှမ်းရန် သူ့အတွက် လုံလောက်ပေသည်။
"ဒါ့အပြင် နောင်ကျရင် မင်း စံအိမ်တော် ထဲကို အချိန်မရွေး ဝင်လို့ ရပြီ... အခု မင်းက ငါ့ သခင် ရဲ့ အစစ်အမှန် အမွေအနှစ် တွေကို စတင် လက်ခံရယူနေပြီ ဖြစ်လို့ အရင်တုန်းက ကန့်သတ်ချက် တွေ အများကြီး က ဆက်ပြီး မရှိတော့ဘူး..."
ကျီယု သည် ချန်ရှီ ကို ကြောင်အသွားစေလောက်သည့် ဗုံးတစ်လုံးကို ပစ်ချလိုက်ပြန်သည်။ ယခင်က သူ စံအိမ်တော် သို့ ဝင်ချင်ပါက ခန္ဓာကိုယ် ကျင့်ကြံခြင်း နှင့် ချီ ကျင့်ကြံခြင်း နှစ်ခုစလုံးတွင် သတ်မှတ်ထားသော ကျင့်ကြံမှု အဆင့်တစ်ခုသို့ ရောက်ရှိနေရန် လိုအပ်ပြီး ကျီယု ထံ သွားရောက်ကာ သူ၏ မေးခွန်းများ ဖြေရှင်းပေးရန် အကူအညီ တောင်းခံရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ယခုအချိန်တွင် ဤအရာများ အားလုံး အလွယ်တကူ ပြေလည်သွားပြီး ဆက်လက် တည်ရှိမနေတော့ပေ။ ထို့ကြောင့် ချန်ရှီ မည်သို့ ဝမ်းသာမနေဘဲ နေနိုင်ပါမည်နည်း။
ချန်ရှီ မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး ကျီယု ပြုံးလိုက်ကာ သူ့ ရင်ထဲတွင်လည်း အလွန် ပျော်ရွှင်နေမိသည်။ သူ၏ သခင် ၏ အစစ်အမှန် အမွေအနှစ် တွင် ဆက်ခံမည့်သူ ရှိသွားပြီ ဖြစ်၍ သူ အလွန် ကျေနပ် အားရမိပေသည်။
ထို့အပြင် သူသည် ချန်ရှီ ကြီးပြင်းလာသည်ကို လက်တွေ့စောင့်ကြည့်ခဲ့ရသူ ဖြစ်ရာ ချန်ရှီ အပေါ် သံယောဇဉ် မရှိဘူး ဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ ထို့ကြောင့် အနာဂတ်တွင် ချန်ရှီ ကို မကြာခဏ မြင်တွေ့ခွင့် ရတော့မည် ဖြစ်၍ သူ အလားတူ ပျော်ရွှင်နေမိသည်။
***