"ကောင်းပြီ... မင်းက နတ်ဘုရား အဆောင် ၅ မျိုး ရဲ့ အမွေအနှစ် ကို ရရှိပြီးပြီ ဆိုတော့ အခု ငါ ဓား ဖန်တီးမယ့် နည်းလမ်း ကို မင်းဆီ စပြီး လက်ဆင့်ကမ်းပေးမယ်... ဘယ်လိုလဲ..."
ကျီယု မေးလိုက်သည်။
ချန်ရှီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။
လက်ရှိတွင် ချန် ကလန် သည် မဟာ ချီ အဏုမြူ ဓားဝင်္ကပါ ၏ ကာကွယ်မှုကို ရရှိထားပြီး ထိုးဖောက်ဝင်ရောက်၍ မရနိုင်အောင် ခိုင်ခံ့သည်ဟု ဆိုနိုင်သည်။ မြေကမ္ဘာအင်မော်တယ်အဆင့် ကျွမ်းကျင်သူ တစ်ဦးပင်လျှင် အချိန်အတိုင်းအတာ တစ်ခုအထိ ထိုဝင်္ကပါမှ လွတ်မြောက်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထိုအရာနှင့် အတူ လွန်ခဲ့သော ရက်အနည်းငယ်က ပေဟန် ကိုယ်တိုင် ချန် ကလန် သို့ လာရောက်ခဲ့ပြီး စကားစမြည် ပြောဆိုသည့်အပြင် ထိုနေ့က တိမ်လွှာဓားဂိုဏ်း ၏ ဧည့်ခံ ခန်းမဆောင်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စရပ် အချို့ကိုလည်း ပြောပြခဲ့သည်။ ဟွမ်ဖူချုံမင် နှင့် အခြားသူများ၏ နောက်ကွယ်မှ အင်အားစုများသည် ချန်ရှီ အား နောက်ထပ် လာရောက် တိုက်ခိုက်ရဲမည် မဟုတ်ကြောင်း သူ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီး ဤအရာအားလုံးမှာ ပိုင်ဝမ်ချင်း ချန်ရစ်ခဲ့သော အမိန့်ပေး တံဆိပ်ပြား တစ်ခုကြောင့် ဖြစ်ပေသည်။
ဒေါ်လေးပိုင် ၏ သာမန်မဟုတ်သော လွှမ်းမိုးနိုင်စွမ်း ကို ချန်ရှီ သိရှိသွားစေသည့်အပြင် ကြယ်တာရာညီလာခံကို ဝင်ပြိုင်ရန် သူ့ ရင်ထဲတွင် ပိုမို ခိုင်မာ ပြတ်သားသွားခဲ့သည်။ ကြယ်တာရာညီလာခံတွင် ထိပ်ဆုံး အဆင့် ၁၀ နေရာ ရရှိပြီး ရှေးဟောင်း စစ်မြေပြင် သို့ ဝင်ရောက်နိုင်မှသာ အမှောင် အိပ်မက်နယ်မြေ သို့ ဝင်ရောက်နိုင်မည့် မျှော်လင့်ချက် ရှိမည် ဖြစ်ပြီး ဤနည်းလမ်းဖြင့်သာ သူ ပိုင်ဝမ်ချင်း ကို တွေ့ဆုံနိုင်ကာ သူမထံမှ သူ၏ မိဘများနှင့် သက်ဆိုင်သော နောက်ခံ သမိုင်းကြောင်းများ နှင့် ရန်ငြိုးများ အကြောင်းကို သိရှိနိုင်မည် ဖြစ်ပေသည်။
အချုပ်အားဖြင့် ဆိုရလျှင် ချန်ရှီ သည် ယခုအချိန်တွင် ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘဲ ရွှေအမြုတေအဆင့် သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် နှင့် ကြယ်တာရာညီလာခံရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနိုင်ရန် အတွက် ပြင်းထန်ပြီး ကြိုးစားပမ်းစား ကျင့်ကြံခြင်း တွင်သာ မိမိကိုယ်ကို နှစ်မြှုပ်ထားရန် လိုအပ်တော့သည်။
"ဒီ နည်းစနစ် နဲ့ ဖန်တီးထားတဲ့ မှော်ရတနာ ကို အဆောင်လက်ဖွဲ့ လက်နက် လို့ ခေါ်တယ်... သူရဲ့ အဆင့် သတ်မှတ်ချက် က အခု လက်ရှိ ကျင့်ကြံခြင်း လောက က မှော်ရတနာ တွေနဲ့ ကွာခြားနိုင်ပေမဲ့ မင်းသာ သူ့ရဲ့ စွမ်းအား ကို သေချာ နားလည် သဘောပေါက်မယ် ဆိုရင် အဲဒီနှစ်ခုကြားမှာ ယှဉ်ကြည့်လို့ ရပါလိမ့်မယ်..."
ကျီယု သည် စကားကို ရှည်ရှည်ဝေးဝေး ပြောတတ်သူ မဟုတ်သဖြင့် လက်ကို မြှောက်ကာ ဓားဖန်တီးခြင်း နည်းစနစ် နှင့် သက်ဆိုင်သော အတွေးတစ်ခုကို ချန်ရှီ ခေါင်းထဲသို့ ပို့လွှတ်လိုက်သည်။
ဤ နည်းစနစ် မှာ အလွန် တိုတုတ် ရှင်းလင်းသော်လည်း စကားလုံး တိုင်းမှာ လောကတွင် တွေ့ရခဲသော ပုလဲလုံး တစ်လုံး အလား ဖြစ်နေသည်။ ၎င်း၏ ဖန်တီးမှု နည်းလမ်း မှာလည်း ပုံမှန်နှင့် ကွာခြားပြီး အလွန် ထူးချွန်ပြောင်မြောက်သော ဉာဏ်ပညာကို ပြသနေသည်။
ချန်ရှီ ၏ နားလည်နိုင်စွမ်း မည်မျှပင် ကြီးမားစေကာမူ ဤ နည်းစနစ် ကို ရင်ထဲ စွဲမြဲသွားစေရန် နှင့် လုံးဝ နီးပါး နားလည် သဘောပေါက်သွားစေရန် အတွက် နာရီပေါင်း အနည်းငယ် ကြာအောင် အချိန် ကုန်ဆုံးခဲ့ရဆဲပင်။
ဤနည်းလမ်းဖြင့် ဖန်တီးထားသော ဓားတစ်လက်ကို တကယ်တမ်းတွင် ဓား အဆောင်လက်ဖွဲ့ ဟု ခေါ်ဆိုသင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤ နည်းစနစ် သည် နတ်ဘုရား အဆောင် ၅ မျိုး ကို အခြေခံ အဖြစ် အသုံးပြုထားပြီး မီးဖို တစ်ခု၏ အကူအညီ မလိုအပ်သောကြောင့်ပင်။ ထို့အပြင် ၎င်းသည် လက်နက် ဖန်တီးမည့် ပစ္စည်း အမျိုးမျိုးကို ပေါင်းစပ်နိုင်ရန် အတွက် ၎င်းပေါ်တွင် လက်နက် ဖန်တီးခြင်း နည်းစနစ် ကို ထွင်းထုရန်သာ အားကိုးရပေသည်။
သို့သော် အကယ်၍ အဆောင်လက်ဖွဲ့ လက်နက် တစ်ခုကို ဖန်တီးလိုပါက ဓားအခြေခံ ကို ရွေးချယ်ခြင်းမှာ အလွန် အရေးကြီးပြီး လျစ်လျူရှု၍ မရနိုင်ပေ။ ဓားအခြေခံ သည် နတ်ဘုရား အဆောင် ၅ မျိုး ထွင်းထုခြင်း နှင့် အဆောင်လက်ဖွဲ့ လက်နက် ၏ အနာဂတ် ကြီးထွားလာမှု တို့နှင့် သက်ဆိုင်နေသည်။ အနာဂတ်တွင် ပစ္စည်းများ ထပ်မံ ပေါင်းထည့်ပြီး ဓားအခြေခံ ကို နောက်တစ်ကြိမ် ပြန်လည် ဖန်တီးနိုင်သည် ဆိုသော်လည်း အစောပိုင်း အဆင့်တွင် ကောင်းမွန်သော ဓားအခြေခံ တစ်ခုကို ရွေးချယ်နိုင်ပါက အားထုတ်မှုနှင့် အချိန်များစွာကို သေချာပေါက် သက်သာစေမည် ဖြစ်သည်။
' ချန်ယွမ် ရဲ့ ရတနာတိုက် ကနေ ငါ ရခဲ့တဲ့ ရှားပါးပြီး အဖိုးတန်တဲ့ လက်နက် ဖန်တီးမယ့် ပစ္စည်း တော်တော်များများ ဖြစ်တဲ့ သံမဏိ ရွှေဖြူသတ္တု နဲ့ ပိုးစုန်းကြူး အလင်း ကျောက်တုံး တို့လို ပစ္စည်းတွေက အကောင်းဆုံး လက်နက် ဖန်တီးမယ့် ပစ္စည်း တွေဆိုတာ လုံးဝ သေချာတယ်... ဒါပေမဲ့ အဆောင်လက်ဖွဲ့ လက်နက် ရဲ့ အခြေခံ ကို ဖန်တီးဖို့ ဆိုရင်တော့ နည်းနည်းလေး မလုံလောက်သလို ဖြစ်နေတယ်... '
မဟာယန ဗုဒ္ဓ စေတီတော် အတွင်း သိမ်းဆည်းထားသော လက်နက် ဖန်တီးမည့် ပစ္စည်း အမျိုးမျိုးကို ချန်ရှီ အကြည့်ဝေ့ဝဲလိုက်ပြီး ၎င်းတို့ထဲမှ ဓားအခြေခံ ကို ဖန်တီးရန် အသင့်တော်ဆုံး ပစ္စည်း တစ်ခုကို ရှာတွေ့ရန် သူ မျှော်လင့်နေမိသည်။
သို့သော် သူ့ကို စိတ်ပျက်သွားစေသည်မှာ များပြားလှသော ရှားပါး ပစ္စည်းများ အကြားတွင် သူ့ကို ထူးထူးခြားခြား စိတ်လှုပ်ရှားသွားစေမည့် မည်သည့် ပစ္စည်းကိုမှ သူ ရှာမတွေ့ခဲ့ပုံ ရခြင်းပင်။
သေချာသည်မှာ သူ၏ မျှော်လင့်ချက်များက အရမ်း မြင့်မားနေပြီး ဂျီးများလွန်းနေမှန်း သူ ကိုယ်တိုင်လည်း သိထားပေသည်။ သူသည် သတ်ဖြတ်ခြင်း တံစဉ် ကဲ့သို့ အင်မော်တယ် မှော်ရတနာ တစ်ခု အဖြစ် ဖန်တီးနိုင်စွမ်း ရှိသော ပစ္စည်း တစ်ခုကို အမြဲတမ်း မျှော်လင့် ရှာဖွေနေခဲ့သဖြင့် သဘာဝအားဖြင့် ဤပစ္စည်းများကို သူ မျက်စိကျမည် မဟုတ်ပေ။ တကယ်တမ်းတွင် ဤပစ္စည်း အများစုမှာ အဆင့်မြင့် မြေကမ္ဘာအဆင့် မှော်ရတနာ များကို ဖန်တီးရာတွင် အသုံးပြုလေ့ ရှိသော ပစ္စည်းများ ဖြစ်ကြပြီး ကောင်းကင်အဆင့် မှော်ရတနာ တစ်ခု ဖန်တီးရာတွင် မရှိမဖြစ် လိုအပ်သော တည်ရှိမှုများပင် ပါဝင်သေးသည်။ အကယ်၍ ၎င်းတို့ကို စျေးကွက်ထဲတွင် ရောင်းချမည် ဆိုပါက အလွန် တုန်လှုပ်ဖွယ် တန်ဖိုး ရှိသော ရှားပါးပြီး အဖိုးတန်သည့် ပစ္စည်းများ ဖြစ်ကြပေလိမ့်မည်။
' ဟင်... သတ်ဖြတ်ခြင်း တံစဉ်... တကယ်လို့ ဒါကို ဓားအခြေခံ အဖြစ် ဖန်တီးလိုက်ရင်ကော အဆင်မပြေဘူးလား... '
ချန်ရှီ ရုတ်တရက် နဖူးကို ရိုက်လိုက်မိသည်။ သူသည် မြည်းကို စီးထားလျက်နှင့် မြည်းကို လိုက်ရှာနေမိပြီး တကယ်တမ်းတွင် သတ်ဖြတ်ခြင်း တံစဉ် ကို လျစ်လျူရှုထားမိခဲ့သည် မဟုတ်ပါလား။
လင်းပိုင် ပြောခဲ့သည့်အတိုင်း ဆိုလျှင် သတ်ဖြတ်ခြင်း တံစဉ် ၏ မူလ သဘောသဘာဝမှာ အင်မော်တယ် မှော်ရတနာ တစ်ခုကို ဖန်တီးရန် အတွက် ရှားပါးသော အဓိက ပစ္စည်း တစ်ခု ဖြစ်ပြီး ၎င်းအတွင်း၌ သန့်စင်သော သတ်ဖြတ်ခြင်း တာအို ဉာဏ်အလင်း ပါဝင်နေသည်။ ထို့ကြောင့် သာမန် ကျင့်ကြံသူများ ပင်လျှင် သတ်ဖြတ်ခြင်း တံစဉ် အတွင်း ပါဝင်သော ကြီးမားသည့် စွမ်းအင်များကို အားကိုးကာ သတ်ဖြတ်ခြင်း တာအို နယ်ပယ် တစ်ခုကို ဖွဲ့စည်းနိုင်စွမ်း ရှိကြပြီး ၎င်းမှာ အလွန် အံ့ဖွယ် ကောင်းလှပေသည်။
ဥပမာ အားဖြင့် လင်းပိုင် သည် ဟွမ်ဖူချုံမင် နှင့် အခြားသူများကို ရင်ဆိုင်စဉ်က သတ်ဖြတ်ခြင်း တံစဉ် ၏ အကူအညီကို ရယူကာ သတ်ဖြတ်ခြင်း တာအို နယ်ပယ် တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဟွမ်ဖူချုံမင် တို့ကို အချိန်ခဏမျှ ဖိနှိပ်ထားနိုင်ကာ ချန်ရှီ အတွက် အချိန်ဆွဲပေးနိုင်ခဲ့သည်။
ချန်ရှီ ၏ အတွေးများ အရ ဆိုလျှင် သူ ဖန်တီးချင်သော အဆောင်လက်ဖွဲ့ လက်နက် မှာ အဆုံးအစမဲ့ ကြီးထွားနိုင်သည့် နေရာလွတ် ကို ပိုင်ဆိုင်ထားသည်ဟု ဆိုထားသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်း၏ ဓားအခြေခံ အဖြစ် ရွေးချယ်ရာတွင် အကောင်းဆုံး လက်နက် ဖန်တီးမည့် ပစ္စည်း ကို အသုံးပြုရမည် ဖြစ်ပြီး သတ်ဖြတ်ခြင်း တံစဉ် မှာ ထို အရည်အချင်းကို အသေအချာ ပိုင်ဆိုင်ထားပေသည်။
သို့သော် သူသည် ကျီယု ၏ ထင်မြင်ချက်ကို တောင်းခံရဦးမည် ဖြစ်၏။
"သတ်ဖြတ်ခြင်း တံစဉ် ဟုတ်လား..."
ကျီယု အနည်းငယ် ကြောင်အသွားပြီး ချန်ရှီ ထံမှ သတ်ဖြတ်ခြင်း တံစဉ် ကို တောင်းယူလိုက်သည်။ ၎င်းကို ခဏမျှ ကြည့်ရှုပြီးနောက် သူ၏ မျက်လုံးများတွင် အံ့ဩသွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး အံ့ဩတကြီး ပြောလိုက်၏။ "ဒါက တကယ်ပဲ အင်မော်တယ် မှော်ရတနာ ဖန်တီးတဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းပဲ... ပြီးတော့ အကောင်းဆုံး အမျိုးအစား ဖြစ်နေတယ်... ဒီပစ္စည်း က အရမ်းကို သန့်စင်တဲ့ သတ်ဖြတ်ခြင်း တာအို ဉာဏ်အလင်း ကို သယ်ဆောင်ထားပြီး ထုတ်လွှတ်နေတယ်... ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရ ထဲကနေ ပေါက်ဖွားလာတာနဲ့တောင် တူနေသေးတယ်... ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ တစ်ခု ဖြစ်ပြီး လောကမှာ အလွန် တွေ့ရခဲတာ သေချာတယ်... ဒါကို မင်း ဘယ်က ရခဲ့တာလဲ..."
ချန်ရှီ က သတ်ဖြတ်ခြင်း တံစဉ် ၏ ဇာစ်မြစ်ကို ရှင်းပြလိုက်ပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကာ ပခုံးတွန့်လျက် ပြောလိုက်သည်။
"ဒီပစ္စည်းရဲ့ ဇာစ်မြစ်ကို ကျွန်တော်လည်း သိချင်ပါတယ်... ဒါပေမဲ့ ကံမကောင်းတာက သူ့ သခင် ဟန်ကုယွဲ့ ကို ကျွန်တော် သတ်ပစ်လိုက်မိပြီ ဆိုတော့ ဒါနဲ့ ပတ်သက်တဲ့ သဲလွန်စ ရှာတွေ့ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်..."
ကျီယု က သရော်လိုက်၏။
"မင်းလည်း လူသတ်ပြီး ရတနာတွေ လုယူတတ်နေပြီ ဆိုတာ ငါ အရင်က သတိမထားမိပါလား..."
ချန်ရှီ ရင်ထဲတွင် ရှက်ရွံ့သွားသော်လည်း လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာ တွေကို ကံစပ်တဲ့သူတွေက ရတာပဲလေ... ပြီးတော့ ဟန်ကုယွဲ့ က ကျွန်တော့်ကို သတ်ချင်နေတာ ဆိုတော့ ကျွန်တော့်ဘက်က ပြန်ခုခံရမှာ မဟုတ်ဘူးလား..."
ကျီယု ပြုံးလိုက်ပြီး ဤအကြောင်းကို ဆက်မပြောတော့ပေ။ ထို့နောက် သတ်ဖြတ်ခြင်း တံစဉ် ကို နောက်တစ်ကြိမ် အကဲခတ်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။
"မင်း သတ်ဖြတ်ခြင်း တာအို ဉာဏ်အလင်း ကို နားလည် သဘောပေါက်ထားပြီလား..."
ချန်ရှီ ခေါင်းခါလိုက်၏။
***