"စကားပြောဖို့ တိတ်ဆိတ်တဲ့ နေရာ တစ်ခုခုကို သွားကြရအောင်..."
ချန်ရှီ အကြံပြုလိုက်သည်။ လူအများကြီး၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် သူ အနေရခက်နေမိသည်။ သို့သော် သူ အချိန်အကြာကြီး နေလိုက်ပါက အခြားသူများကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ၎င်းမှာ မကောင်းပေ။
ချန်ဟောက် ဝမ်းသာအားရ သဘောတူလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူသည် ဧည့်သည်များနှင့် လူမှုရေး ကိစ္စများကို အချိန်ပြည့် လုပ်ဆောင်နေရသဖြင့် ပြုံးပြဖော်ရွေနေရသော်လည်း သူ၏ ရင်ထဲတွင်တော့ အလွန် ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်ရာ အချိန်တစ်ခု ရှာပြီး သူ၏ အစ်ကိုကြီး နှင့် စကားပြောရန် အလွန် စိတ်အားထက်သန်နေမိသည်။
ညီအစ်ကို နှစ်ယောက်သည် အိမ်တော် အတွင်း ဖောက်လုပ်ထားသော ရေကန် တစ်ခု၏ ဘေးသို့ ရောက်ရှိလာပြီး မြေကြီးပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ လွတ်လွတ်လပ်လပ် စကားပြောကြသည်။ သို့သော် အမြဲတမ်း ချန်ဟောက် ကသာ စကားပြောနေပြီး ချန်ရှီ က အမြဲ နားထောင်နေတတ်သည်။
"အစ်ကိုကြီး နှစ်အနည်းငယ် လောက် တံခါးပိတ် ကျင့်ကြံတော့မယ်... အဲဒီတော့ ဒီကာလ အတွင်း ဖြစ်လာမယ့် ကိစ္စတွေကို မင်းပဲ ဖြေရှင်းရလိမ့်မယ် ထင်တယ်..."
အချိန်အတော်ကြာပြီးနောက် ချန်ဟောက် ထံ လာတွေ့ရသည့် အကြောင်းရင်းကို ချန်ရှီ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
"ပြဿနာ မရှိပါဘူး... အစ်ကိုကြီး က ကြယ်တာရာ စုဝေးပွဲ ကို ဝင်ပြိုင်ရမှာ ဆိုတော့ ကျင့်ကြံဖို့က အစ်ကိုကြီး အတွက် အလိုအပ်ဆုံးပဲလေ... ကလန် ထဲက ကိစ္စ အသေးအမွှား တွေကိုတော့ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ..."
ချန်ဟောက် ပြုံးလိုက်သည်။
ချန်ရှီ ခေါင်းညိတ်လိုက်ပြီး မထွက်ခွာမီ ခဏမျှ ထပ်မံ စကားပြောလိုက်သည်။ သို့သော် လမ်းတစ်လျှောက်လုံး သူ့ ခေါင်းထဲတွင် တစ်စုံတစ်ခုကို အမြဲတမ်း တွေးတောနေမိ၏။
စောစောက ချန်ဟောက် နှင့် စကားပြောခဲ့ခြင်းကြောင့် ကိစ္စတစ်ခု အကြောင်းကို သူ ကြားသိခဲ့ရသည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း မရေမတွက်နိုင်သော မိစ္ဆာသားရဲ များသည် တောင်ပိုင်းလူရိုင်း တောင်တန်း ၏ နက်ရှိုင်းသော နေရာမှ မကြာခဏ ပြေးထွက်လာလေ့ ရှိသည်။ သူတို့၏ အရေအတွက်မှာ မများပြားသဖြင့် မြူခိုးမြို့ မှ ကျင့်ကြံသူ အချို့ အတွက် ဤ မိစ္ဆာသားရဲ များကို အမဲလိုက်ကာ ငွေကြေး အမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။ အချို့သော ကျင့်ကြံသူများ ဆိုလျှင် အဖွဲ့များ ဖွဲ့ကာ တောင်ပိုင်းလူရိုင်း တောင်တန်း ၏ နက်ရှိုင်းသော နေရာသို့ မိစ္ဆာသားရဲ များကို အမဲလိုက်ရန် သွားရောက်ခဲ့ကြပြီး ရှားပါးသော ပစ္စည်းများနှင့် ဆေးဖက်ဝင် အပင်များစွာကို ရရှိခဲ့ကြသည်။
ဤအချက်ကြောင့် မြူခိုးမြို့ ရှိ အခြား အင်အားစု များမှာ ချက်ချင်း ငြိမ်မနေနိုင်တော့ဘဲ ထိပ်တန်း တပည့်များကို စေလွှတ်ကာ တောင်ပိုင်းလူရိုင်း တောင်တန်း ၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်ပြီး စူးစမ်းလေ့လာကာ ရတနာများကို ရှာဖွေစေခဲ့သည်။ ထို့အပြင် ၎င်းသည် မြူခိုးမြို့ ပြင်ပမှ ကျင့်ကြံသူ အများအပြားကိုပင် လာရောက် ပူးပေါင်းရန် ဆွဲဆောင်နိုင်ခဲ့သဖြင့် ဝေးကွာသော မြူခိုးမြို့ မှာ ချက်ချင်း စည်ကား သိုက်မြိုက်လာခဲ့သည်။
သို့သော် ဤ အခြေအနေမှာ မကြာသေးမီက ပြောင်းလဲသွားခဲ့သည်။
တောင်ပိုင်းလူရိုင်း တောင်တန်း ၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားသော ကျင့်ကြံသူများမှာ ပြန်မလာကြတော့ပေ။ ဝင်ရောက်သွားသော အဖွဲ့တိုင်း ပျောက်ဆုံးသွားပြီး သူတို့၏ ကံကြမ္မာကို မည်သူမျှ မသိကြပေ။ ဤကဲ့သို့သော အခြေအနေမျိုးက မြူခိုးမြို့ ၏ အင်အားစု အသီးသီး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားစေခဲ့ပြီး မည်သူ့ကိုမဆို တောင်ပိုင်းလူရိုင်း တောင်တန်း ၏ နက်ရှိုင်းသော နေရာသို့ ခြေတစ်လှမ်းမျှ ဝင်ရောက်ခြင်း မပြုရန် တရားဝင် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ လွန်ခဲ့သော နှစ်လခန့်က ခရမ်းနန်းတော်အဆင့် သားရဲကြီး အကောင်ရေ ဆယ်ဂဏန်းခန့် ပါဝင်သော သားရဲ အုပ်စု တစ်စုသည် မြူခိုးမြို့ ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၀၀၀ နီးပါးခန့်ကို သတ်ဖြတ်ခဲ့သည်။ ထိုအခါမှသာ အင်အားစု အသီးသီးမှ ကျွမ်းကျင်သူများ စုပေါင်းကာ ဤ သားရဲကြီး များကို ချေမှုန်းနိုင်ခဲ့သည်။
သို့သော် ထို့နောက်ပိုင်းတွင် ရက်အနည်းငယ် ကြာတိုင်း ခရမ်းနန်းတော်အဆင့် သားရဲကြီး အကောင်ရေ ဆယ်ဂဏန်းခန့်သည် တောင်တန်း ၏ နက်ရှိုင်းသော နေရာမှ ပြေးထွက်လာကြပြီး မြူခိုးမြို့ သို့ ပျံသန်းလာကာ မြို့ကို ဘေးဒုက္ခများ ကျရောက်စေခဲ့သည်။ ထို့ကြောင့် မြူခိုးမြို့ ၏ အင်အားစု အသီးသီးမှာ အမြဲတမ်း သတိထားနေရပြီး ဟိုဟိုသည်သည် ပြေးလွှားနေရကာ ကျွမ်းကျင်သူ အများအပြားလည်း ဆုံးရှုံးခဲ့ရသည်။ အဆိုးရွားဆုံးမှာ သားရဲ အုပ်စုများ တစ်သုတ်ပြီး တစ်သုတ် မကြာခဏ ပေါ်လာခြင်းကြောင့် မြို့တစ်ခုလုံး ထိတ်လန့် တုန်လှုပ်နေကြပြီး လူအများအပြားမှာ မြို့ထဲတွင် ဆက်မနေရဲတော့ဘဲ အခြား မြို့များသို့ပင် ထွက်ပြေးကုန်ကြသည်။
အဖြစ်မှန်များမှာ အမှန်တကယ်ပင် ဤအတိုင်း ဖြစ်သည်။ သားရဲ အုပ်စုများ ပေါ်လာသည့် အကြိမ်အရေအတွက်မှာ ပိုမို သိပ်သည်းလာပြီး သူတို့၏ အရေအတွက်မှာလည်း ပိုမို များပြားလာသည်။ လွန်ခဲ့သော နှစ်ရက်ကပင် အမျိုးအစား စုံလင်သော ခရမ်းနန်းတော်အဆင့် သားရဲကြီး အကောင် ၁၀၀ နီးပါးခန့် မြူခိုးမြို့ သို့ လျှပ်တစ်ပြက် ဝင်ရောက်လာပြီး မီးရှို့၊ လူသတ်၊ လုယက် မှုများကို ရမ်းကားစွာ လုပ်ဆောင်ခဲ့ကြသဖြင့် မြူခိုးမြို့ ရှိ လူများမှာ ကြီးစွာသော ဒုက္ခ ဆင်းရဲများကို ခံစားခဲ့ကြရသည်။ ချန်ဟောက် နှင့် ဖေးလန်ချွေ တို့ အတူတကွ တိုက်ခိုက်ခဲ့ခြင်း ကြောင့်သာ ဤ သားရဲကြီး များကို ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ချန်ဟောက် ၏ ခန့်မှန်းချက် အရ ဆိုလျှင် နောက်တစ်ကြိမ် တောင်တန်း ၏ နက်ရှိုင်းသော နေရာမှ ပြေးထွက်လာမည့် မိစ္ဆာသားရဲ များမှာ အရေအတွက် ပိုများလာမည် သာ ဖြစ်သည်။ ထို့အပြင် ရွှေခန်းမအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့် ရှိသော ကြောက်မက်ဖွယ် သားရဲကြီး များ ပေါ်လာနိုင်ခြေပင် ရှိပြီး သားရဲ ဒီရေလှိုင်း တစ်ခု အတိုင်းအတာ အထိ ဖြစ်ပေါ်လာနိုင်ပေသည်။
အကယ်၍ သားရဲ ဒီရေလှိုင်း တစ်ခုသာ ပေါ်ပေါက်လာပါက ကောင်းကင်နှင့် မြေကြီး ကို လုံးဝ ဖုံးလွှမ်းသွားမည် ဖြစ်ပြီး အဆုံးအစမဲ့သော မိစ္ဆာသားရဲ များက မြူခိုးမြို့ ကို အလွယ်တကူ ပြားပြားဝပ်သွားစေနိုင်သည်မှာ သေချာလှသည်။ သေချာသည်မှာ ဤအရာမှာ ခန့်မှန်းချက် တစ်ခုသာ ဖြစ်ပြီး လက်တွေ့တွင် အတိအကျ ဘာဖြစ်လာမည်ကိုတော့ မည်သူမျှ မသိကြပေ။
သို့သော် ဤအရာများ အားလုံး အတွက် ချန်ရှီ စိတ်ပူစရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ချန် ကလန် ၏ ပတ်ဝန်းကျင်ကို မဟာ ချီ အဏုမြူ ဓားဝင်္ကပါ ဖြင့် ကာကွယ်ထားသောကြောင့်ပင်။ မြေကမ္ဘာအင်မော်တယ်အဆင့် မိစ္ဆာသားရဲ တစ်ကောင် ပေါ်မလာသရွေ့ မိစ္ဆာသားရဲ မည်မျှပင် ပေါ်လာစေကာမူ မဟာ ဝင်္ကပါ ၏ ခံစစ်ကို လှုပ်ခတ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ချန်ရှီ ၏ တွက်ချက်မှုများ အရ ဆိုလျှင် တောင်တန်း ၏ နက်ရှိုင်းသော နေရာတွင် မြေကမ္ဘာအင်မော်တယ်အဆင့် မိစ္ဆာသားရဲ တစ်ကောင် ပေါ်လာရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တောင်တန်း ၏ နက်ရှိုင်းသော နေရာသို့ သူ တစ်ကြိမ် သွားရောက်ခဲ့ဖူးပြီး မဟာ မိစ္ဆာဘုရင် ၇ ပါး ကို တွေ့ခဲ့ရကာ သူတို့ထဲမှ အမြင့်ဆုံး ကျင့်ကြံမှုမှာ ခရမ်းနန်းတော်အဆင့် သာ ရှိသောကြောင့်ပင်။
သေချာသည်မှာ သူသည် တောင်ပိုင်းလူရိုင်း တောင်တန်း ၏ နက်ရှိုင်းသော နေရာကို ဖိနှိပ်ထားသည့် မြစ် ပုံရိပ်ယောင် အပိုင်းအစ ကို ယူဆောင်သွားခြင်းနှင့် အတူ တောင်တန်း ၏ နက်ရှိုင်းသော နေရာ တစ်ခုလုံး ရှိ မိစ္ဆာသားရဲ အားလုံးသည် သူတို့ကို ထပ်မံ အဆင့်မတက်နိုင်အောင် တားဆီးထားသည့် ကန့်သတ်ချက်များ၏ သက်ရောက်မှုကို မခံရတော့သဖြင့် သူတို့၏ အလုံးစုံ ခွန်အားများမှာ သိသာထင်ရှားစွာ တိုးတက်လာမည် ဖြစ်ကြောင်း သူ သိထားပေသည်။ ဥပမာ အားဖြင့် ကြယ်ကိုးပွင့် မြေခွေး ဘုရင် နှင့် နက်နဲအမြင် လိပ်အိုကြီး ဘုရင် တို့သည် ရှေးဟောင်း နတ်ဘုရား သားရဲများ၏ သွေးဆက်များကို ပိုင်ဆိုင်ထားကြပြီး ကန့်သတ်ချက်များ၏ သက်ရောက်မှုကို မခံရတော့သဖြင့် နှစ်အနည်းငယ် အတွင်း ပြန်လည်မွေးဖွားခြင်းအဆင့် သို့ပင် တက်လှမ်းသွားနိုင်ခဲ့ကြသည်။ ဤကဲ့သို့သော တိုးတက်မှု အရှိန်အဟုန်မှာ အံ့မခန်း အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ထားလိုက်ပါတော့... ဒီကိစ္စကို ဆက်တွေးနေလည်း အလကားပဲ... မဟာ ချီ အဏုမြူ ဓားဝင်္ကပါ ရဲ့ ကာကွယ်မှု ရှိနေတော့ ကလန် ရဲ့ လုံခြုံရေး အတွက် ငါ စိတ်ပူစရာ မလိုပါဘူး... ငါ့ရဲ့ အခု အစီအစဉ် က အဆောင်လက်ဖွဲ့ လက်နက် ကို အရင် ဖန်တီးပြီးမှ ငါ့ ခွန်အား ကို ရွှေအမြုတေအဆင့် ရောက်အောင် မြှင့်တင်ဖို့ပဲ..."
သူ့ အခန်းထဲသို့ ဝင်လာမှသာ ချန်ရှီ သည် ခေါင်းထဲရှိ အနှောင့်အယှက် ဖြစ်စေသော အတွေးများကို စွန့်လွှတ်လိုက်ပြီး စံအိမ်တော် ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားလေသည်။
***