ဓားမြည်ဟည်းသံမှာ သဲ့သဲ့လေး ဖြစ်ပြီး အေးစက်ကာ ကြည်လင် သာယာလှသည်။
ယခုအချိန်တွင် ရှေးကျပြီး ရိုးရှင်းသော ဓားအခြေခံ ၏ မျက်နှာပြင်ပေါ်တွင် ရေလှိုင်းလေး တစ်လွှာ အလား အပြာရောင် အလင်းတန်းများ မှိန်ဖျဖျ စီးဆင်းနေပြီး ဖော်ပြ၍ မရနိုင်သော အသိဉာဏ် တစ်ခုကို ထုတ်လွှတ်နေသည့် စီးဆင်းနေသော ကြည်လင်သည့် စမ်းချောင်းလေး တစ်ခု အလား ဖြစ်နေ၏။
အကယ်၍ ဓား အတွင်းသို့ ကြည့်လိုက်မည် ဆိုပါက အတွင်း၌ စိမ်းလန်းစိုပြေသော ကမ္ဘာ တစ်ခု ဖြစ်ပေါ်နေသည်ကို သတိပြုမိပေလိမ့်မည်။ အဆောင်လက်ဖွဲ့ သင်္ကေတများမှာ သစ်ကိုင်းများ နှင့် သစ်ရွက်များ အလား သိပ်သည်းနေပြီး ကောင်းကင်ပေါ်ရှိ ကြယ်များ အလား တဖျပ်ဖျပ် လင်းလက်နေကာ လျှံကျနေသော သက်ရှိ စွမ်းအင်များကို အတိုင်းအဆမရှိ ထုတ်လွှတ်နေကြသည်။
' ငါ အောင်မြင်သွားပြီ... '
ဤ မြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ရှီ လုံးဝ သက်ပြင်းချလိုက်နိုင်ပြီး ဆက်လက် တောင့်မခံနိုင်တော့ဘဲ မြေကြီးပေါ်တွင် လဲကျသွားတော့သည်။
၅ နှစ်တိုင်တိုင် သူ၏ ခွန်အား အားလုံးကို အဆောင်လက်ဖွဲ့ သင်္ကေတများ ဖန်တီးခြင်း တွင် ပုံအောထားခဲ့ရသဖြင့် ချန်ရှီသည် တင်းတင်းကျပ်ကျပ် ဆွဲဆန့်ထားသော လေးကြိုး တစ်ချောင်း အလား ဖြစ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ အကောင်းပကတိ ရှိနေသော်လည်း သူ၏ စိတ် နှင့် ဝိညာဉ် ခွန်အားများ ကုန်ဆုံးမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုမို များပြားလာခဲ့သည်။ အကယ်၍ အခြား လူတစ်ယောက်ကို အစာ မစားဘဲ၊ ရေ မသောက်ဘဲ၊ မအိပ်ဘဲ၊ မနားဘဲ ၅ နှစ်တိုင်တိုင် တူညီသော အရာ တစ်ခုတည်းကို ဆက်တိုက် လုပ်ခိုင်းမည် ဆိုပါက သမုဒ္ဒရာကြီး အလား ကျယ်ပြောပြီး အနည်းငယ်သော အမှားအယွင်း ကိုမျှ ခွင့်မပြုသည့် အဆောင်လက်ဖွဲ့ သင်္ကေတများ ဖန်တီးခြင်း ကို မဆိုထားနှင့်၊ သာမန်ကိစ္စလေးများ ပြုလျှင်ပင် ခန္ဓာကိုယ် နှင့် စိတ်ပိုင်းဆိုင်ရာ လုံးဝ ပင်ပန်းနွမ်းနယ်သွားမည်မှာ သေချာလှပေသည်။
အဆောင်အစီအရင် မဟာသခင်တစ်ဦးက အပြာရောင် သစ်သား နတ်ဘုရား အဆောင် ၏ အဆောင်လက်ဖွဲ့ သင်္ကေတ ဖွဲ့စည်းပုံ များကို ဖန်တီးမည် ဆိုလျှင်ပင် အောင်မြင်စွာ ဖန်တီးနိုင်ရန် ယုံကြည်မှု ရှိသည်ဟု လုံးဝ ပြောရဲမည် မဟုတ်ပေ။
အဆောင်လက်ဖွဲ့ တာအို တွင် ချန်ရှီ ၏ ထူးခြားသော နားလည်နိုင်စွမ်း အပြင်၊ ချန်ရှီ သည် သူ၏ ဇွဲလုံ့လ၊ မလျှော့သော စိတ်ဓာတ် နှင့် ကျရှုံးမှုကို ခွင့်မပြုသော သူ၏ ကိုယ်ပေါ်တွင် တင်ထားသည့် ကြီးမားသော ဖိအား တို့ကြောင့်သာ ဤကဲ့သို့သော ကြီးမားသည့် လုပ်ရပ် ကို ပြီးမြောက်အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
' ပထမ အကြိမ်တည်းနဲ့ အောင်မြင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ငါ အစက ထင်ထားတာ... ဒီ ကောင်လေး က ငါ့ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာ တစ်ခု ပေးလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ... ဟားဟား... သခင်ကြီး မှာ အမွေဆက်ခံမယ့်သူ ရှိသွားပြီပဲ... တစ်နေ့နေ့ကျရင် သူ အနာဂတ္တိ တောင်ထိပ် ကို တက်လှမ်းနိုင်ပြီး သူ့ရဲ့ စီနီယာ အစ်ကိုကြီး တွေ၊ အစ်မကြီး တွေ နဲ့တောင် ယှဉ်ပြိုင်နိုင်လောက်တယ် ထင်တယ်... '
ကျီယု သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချန်ရှီ ကို ကြည့်ရင်း ချန်ရှီ ၏ အောင်မြင်မှုများ ကြောင့် ဂုဏ်ယူနေမိပြီး အချိန် အတန်ကြာ ရပ်နေပြီးမှ လှည့်ထွက်သွားလိုက်သည်။
ကြယ်တာရာ ကမ္ဘာ တစ်ခုလုံး တွင် ချန်ရှီ တစ်ယောက်တည်းသာ ကျန်ရှိနေတော့သည်။
ထာဝရ လှည့်ပတ်နေသော ကြယ်များ၊ နက်ဗျူလာများ နှင့် ကြယ်တာရာ မြစ်ကြီးများ ဝန်းရံနေသည့် ကြယ်တာရာ စကြဝဠာ အတွင်း သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူ၏ ပုံစံမှာ သမုဒ္ဒရာ အတွင်းရှိ ရေတစ်စက် အလား သို့မဟုတ် မထင်မှတ်လောက်သော ဖုန်မှုန့်လေး တစ်မှုန် အလား သေးငယ်လွန်းလှသည်။
နောက်တစ်ခဏတွင် အေးစက်သော ကြယ်ရောင်များ အဆုံးအစမဲ့စွာ အရပ်မျက်နှာ အသီးသီးမှ အသိဉာဏ် ရှိသကဲ့သို့ အဟုန်ဖြင့် ဝင်ရောက်လာပြီး ချန်ရှီ ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံ ဖုံးအုပ်သွားတော့သည်။
အဝေးမှ ကြည့်လိုက်လျှင် ကြယ်ရောင်များ အောက်တွင် ရေချိုးနေသော ချန်ရှီ မှာ ဥခွံ တစ်ခု အတွင်း အိပ်ပျော်နေသကဲ့သို့ ဖြစ်နေပြီး ကြယ်ရောင် မျှင်တန်းလေး များမှာ သူ၏ အရေပြား လက်မတိုင်းကို စိုစွတ်စေကာ သူ၏ အရေပြား၊ အရွတ်၊ အသား၊ သွေးကြော၊ ဝိညာဉ်ပေါက် နှင့် ကလီစာ များကို ပြုစု ပျိုးထောင်ပေးနေသည့် နူးညံ့သော မိုးဖွဲလေးများ အလား ဖြစ်နေ၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ် အတွင်း အလွန် နက်ရှိုင်းစွာ ပုန်းအောင်းနေသော အညစ်အကြေး အချို့မှာလည်း ဆေးကြော သန့်စင်ခြင်း ခံလိုက်ရသဖြင့် ချန်ရှီ ၏ တစ်ကိုယ်လုံး မှာ ပိုမို သန့်စင်ပြီး အပြစ်အနာအဆာကင်း လာတော့သည်။
သူ၏ ဝိညာဉ် ခွန်အား ပင်လျှင် အာဟာရ ရရှိသွားသကဲ့သို့ ဖြစ်နေပြီး စွမ်းအား မတိုးတက်လာသော်လည်း ပိုမို သန့်စင်ပြီး ခိုင်မာလာခဲ့သည်။
အကယ်၍ ချန်ရှီ၏ ယခင် ဝိညာဉ် အာရုံ မှာ မပွတ်တိုက်ရသေးသော ကျောက်စိမ်းရိုင်း တစ်တုံး နှင့် တူမည် ဆိုပါက ဤ ကျောက်စိမ်းရိုင်း ၏ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများကို ယခုအချိန်တွင် ဖယ်ရှားပစ်လိုက်ပြီး ၎င်း၏ တောက်ပ၊ ချောမွေ့၊ အပြစ်အနာအဆာကင်းကာ ကြည်လင် တောက်ပသော မူလ အသွင်အပြင် ကို ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်နေပေသည်။
ချန်ရှီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးထလာပြီး ကြက်သွေးရောင် မီးတောက် နတ်ဘုရား အဆောင် ကို စတင် ဖန်တီးသောအခါ ဤတိုးတက်မှု ကို သူ ရှင်းလင်းစွာ သဘောပေါက် နားလည်သွားခဲ့သည်။ သူ၏ ဝိညာဉ် အာရုံ က ထိန်းချုပ်နိုင်သော ချီစွမ်းအင် မှာ ပိုမို တိကျ၊ ပြီးပြည့်စုံပြီး သိပ်သည်းလာကြောင်း သူ သတိပြုမိလိုက်ပြီး ဤ တိုးတက်မှု နှင့် အတူ သူ အဆောင်လက်ဖွဲ့ သင်္ကေတ ဖွဲ့စည်းပုံ များကို ဖန်တီးသည့် အမြန်နှုန်းမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။
အပြာရောင် သစ်သား နတ်ဘုရား အဆောင် ကို ဖန်တီးစဉ်က နှင့် နှိုင်းယှဉ်လျှင် ၁၀၀ ရာခိုင်နှုန်းကျော် ပိုမို မြန်ဆန်လာခဲ့ပေသည်။
' ငါ့ရဲ့ ဝိညာဉ် ခွန်အား က မတိုးတက်လာပေမဲ့ ပိုပြီး သန့်စင်လာတယ်၊ ရုပ်လုံးပေါ်လာတယ်၊ ပြီးတော့ ပိုပြီး ခိုင်မာလာတယ်... ဒါက ၅ နှစ်တိုင်တိုင် နေ့ရော ညပါ အဆောင်လက်ဖွဲ့ သင်္ကေတ ဖွဲ့စည်းပုံ တွေကို ဖန်တီးနေခဲ့လို့များလား... '
ချန်ရှီ သည် ဤ သိသာထင်ရှားသော အပြောင်းအလဲ ကို ခံစားမိသော်လည်း ၎င်း၏ အကြောင်းရင်းကိုမူ နားလည်အောင် မတွေးတတ်ခဲ့ပေ။ မကြာမီမှာပင် အဆောင်လက်ဖွဲ့ သင်္ကေတများ ဖန်တီးခြင်း အပေါ် နောက်တစ်ကြိမ် အာရုံစိုက်လိုက်ပြန်သည်။
ကြက်သွေးရောင် မီးတောက် နတ်ဘုရား အဆောင် ပိုင်ဆိုင်ထားသော အဆောင်လက်ဖွဲ့ သင်္ကေတ ဖွဲ့စည်းပုံ များသည် အပြာရောင် သစ်သား နတ်ဘုရား အဆောင် ထက် အနည်းငယ်မျှပင် မလျော့နည်းပေ။ ထို့အပြင် ဤ အဆောင်လက်ဖွဲ့ သင်္ကေတ ဖွဲ့စည်းပုံ များ ထဲတွင် တူညီသော အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ထိန်းချုပ်၍ မရနိုင်သော မီးတောက်များ အလား ဒေါသတကြီး နှင့် ကြီးစိုးသော လက္ခဏာရပ် တစ်ခုကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ၎င်းတို့ကို ဖန်တီးရာတွင် ပိုမို ခက်ခဲပြီး အဆောင်လက်ဖွဲ့ သင်္ကေတ များ၏ လမ်းကြောင်းများကို ထိန်းချုပ်ရန် အတွက် ခွန်အား ပိုမို အသုံးပြုရပေသည်။
သို့သော် ဤအရာများ အားလုံးမှာ ချန်ရှီ ကို မခြိမ်းခြောက်နိုင်တော့ပေ။ အပြာရောင် သစ်သား နတ်ဘုရား အဆောင် ကို ဖန်တီးခဲ့သည့် အတွေ့အကြုံ နှင့် သူ၏ ပြောင်းလဲသွားသော ဝိညာဉ် ခွန်အား ကြောင့် ယခု ကြက်သွေးရောင် မီးတောက် နတ်ဘုရား အဆောင် ကို ဖန်တီးရာတွင် မခက်ခဲလှဟု သူ ခံစားလိုက်ရသည်။
မသိလိုက်မသိဘာသာဖြင့် နောက်ထပ် ၅ နှစ် ကုန်လွန်သွားခဲ့ပြန်သည်။
ထိုအခါ ကြယ်တာရာ ကမ္ဘာ အတွင်း တောက်ပသော မီးတောက် ဘောလုံး တစ်လုံး ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းမှာ ကောင်းကင်သို့ ပျံတက်သွားသော ကြက်သွေးရောင် ငှက် တစ်ကောင် အလား၊ အတောင်ပံ ခတ်နေသော နေမင်းကျီးကန်း တစ်ကောင် အလား၊ ပွင့်လန်း မသွားခင် ကောင်းကင်သို့ ပစ်လွှတ်လိုက်သော လှပသည့် မီးရှူးမီးပန်းများ အလား ဖြစ်နေကာ ဤ ထူးခြားသော မြင်ကွင်းများမှာ အချိန်အတော်ကြာမှသာ ပျောက်ကွယ်သွားတော့သည်။
' ကြက်သွေးရောင် မီးတောက် နတ်ဘုရား အဆောင် အောင်မြင်သွားပြီပဲ... '
သူ၏ လက်ထဲရှိ ဓားအခြေခံ ကို ကြည့်ရင်း ချန်ရှီ မျက်လုံးများ အရောင်တောက်သွားသည်။
ဓားအခြေခံ ၏ ပတ်လည်တွင် မှိန်ဖျဖျ မီးတောက်လေး တစ်ခု လွင့်မျောနေသည်။ ဤ မီးတောက်လေး မှာ လုံးဝ နီးပါး ဖောက်ထွင်းမြင်နေရပြီး ပူပြင်း လောင်ကျွမ်းနေခြင်း မရှိဘဲ နွေးထွေး နူးညံ့သော ခံစားချက် တစ်ခုကိုသာ ပေးစွမ်းနေ၏။
မူလက မင်ရည် အလား နက်မှောင်ပြီး အရောင်မှိန်နေသော ဓားအခြေခံ ၏ မျက်နှာပြင်မှာ ဤ မီးတောက်လေး ပေါ်လာခြင်းကြောင့် တောက်ပလာပြီး ကြည်လင် အေးမြသော ရေကန် တစ်ခု အလား ဖြစ်နေသည်။
' လက်ရှိမှာ ဓားအခြေခံ က တစ်စိတ်တစ်ပိုင်းပဲ ပြီးသေးတယ်၊ နောက်ထပ် နတ်ဘုရား အဆောင် ၃ မျိုး ဖန်တီးဖို့ လိုနေသေးတယ်... နတ်ဘုရား အဆောင် ၅ မျိုးလုံး ဖန်တီးပြီးသွားရင် ဓားအခြေခံ မှာ ဘယ်လို အပြောင်းအလဲ မျိုးတွေ ဖြစ်လာမလဲ မသိဘူး... '
ချန်ရှီ ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ဝိုးတဝါး ဖြစ်ပေါ်လာသည်။ ရက်အနည်းငယ် အနားယူပြီးနောက် သူ မရပ်တန့်တော့ဘဲ တတိယမြောက် နတ်ဘုရား အဆောင် ဖြစ်သော အဝါရောင် မြေကမ္ဘာ နတ်ဘုရား အဆောင် ကို စတင် ဖန်တီးလိုက်တော့သည်။
***