ပန်းများ ပွင့်ကြ၊ ညှိုးနွမ်းကြ၊ ဥတုရာသီတို့ ပြောင်းလိုက်နှင့် ပြင်ပ ကမ္ဘာ တွင် ၃ နှစ်တိတိ အချိန် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး ကြယ်တာရာ ကမ္ဘာ အတွင်းရှိ အချိန် နှင့် တွက်ချက်မည် ဆိုပါက နှစ် ၃၀ တိတိ အချိန် ဖြစ်ပေသည်။
ဤ ၃ နှစ် အတွင်း မြူခိုးမြို့သည် သားရဲ အုပ်စုများ၏ တိုက်ခိုက်မှုများကို အကြိမ်ရာပေါင်းများစွာ ခံခဲ့ရသဖြင့် မြို့တစ်ခုလုံးမှာ ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ မြို့တွင် မွေးဖွား ကြီးပြင်းလာသူ များ၏ ထက်ဝက်ကျော်မှာ လွန်ခဲ့သော ၃ နှစ်ကတည်းက ပြောင်းရွှေ့သွားခဲ့ကြလေပြီ။
သားရဲ အုပ်စုများမှာ အမြဲလိုလို ဝင်ရောက် တိုက်ခိုက်နေကြ၏။ ထို့ပြင် မြူခိုးမြို့၏ ခံစစ် စွမ်းအားမှာလည်း တဖြည်းဖြည်း အားနည်းလာ၍ အသက်ရှင် သန်နိုင်ရန် အတွက် လူအများစုမှာ မွေးရပ်မြေ ကို စွန့်ခွာရန် သာ ရှိတော့သည်။
လက်ရှိတွင် မြူခိုးမြို့ရှိ နေရာကို ဖက်တွယ်ထားသူ အများစုမှာ မြူခိုးမြို့တွင် နှစ်ပေါင်း ထောင်ချီ အမြစ်တွယ်နေခဲ့သော ကလန်များ နှင့် အင်အားစုများ သာ ဖြစ်ကြသည်။ ဤ အင်အားစုများ မှာ ကြီးမားသော အရွယ်အစား ရှိကြပြီး အကယ်၍ သူတို့သည် အစိမ်းသက်သက် ဖြစ်နေသော မြို့ သို့မဟုတ် နေရာ တစ်ခုတွင် ကြီးပွား တိုးတက်ရန် မျှော်လင့်ချက်ဖြင့် သူတို့၏ ကလန် သို့မဟုတ် အင်အားစု တစ်ခုလုံးကို ပြောင်းရွှေ့မည် ဆိုပါက ထင်ထားသည်ထက် လုံးဝ ပိုမို ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သည့် ဒေသခံ အင်အားစု မှ သူတို့၏ နယ်မြေ အတွင်း ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက် အသစ် တစ်ဦး ပေါ်လာသည်ကို ဝမ်းသာအားရ ကြိုဆိုမည် မဟုတ်သောကြောင့်ပင်။
ထို့ကြောင့် သူတို့၏ ကလန်များ နှင့် အင်အားစုများ အသက်ရှင် သန်ရေး နှင့် သက်ဆိုင်နေသော ဤ နှစ်များ အတွင်း မြူခိုးမြို့၏ အင်အားစု အသီးသီး မှာ အလွန် စည်းလုံးလာခဲ့ကြသည်။ သားရဲ အုပ်စုများကို ခုခံ တိုက်ခိုက်ရာတွင် ခွန်အား ရှိသူများက ခွန်အား စိုက်ထုတ်ကြပြီး ငွေကြေး ရှိသူများက ငွေကြေး ထည့်ဝင်ကြကာ အနည်းငယ်မျှပင် ပျင်းရိခြင်း သို့မဟုတ် အချိန်ဆွဲခြင်း မရှိကြပေ။
ဓားဝင်္ကပါ ၏ ကာကွယ်မှု ကြောင့် ချန်ကလန် မှာ ထိုးဖောက်ဝင်ရောက်၍ မရနိုင်အောင် ခိုင်ခံ့နေသည်။ ထို့ကြောင့် ၎င်းသည် သားရဲ အုပ်စုများကို ခုခံ တိုက်ခိုက်ရန် မြူခိုးမြို့၏ ကျင့်ကြံခြင်း လောက အတွက် ခံတပ် တစ်ခု ဖြစ်လာခဲ့ပြီး ချန်ဟောက် မှာလည်း မြူခိုးမြို့၏ အင်အားစု အသီးသီးက ဘုံ သဘောတူ ရွေးချယ်ထားသော ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ချန် ကလန် အိမ်တော် ၏ ပင်မ ခန်းမဆောင် အတွင်းရှိ လေထုမှာ တိတ်ဆိတ် ငြိမ်သက်နေပြီး ထိုင်းမှိုင်းနေသကဲ့သို့ ဖြစ်နေသည်။
ချန်ဟောက်သည် အလယ်ဗဟို ရှိ ထိုင်ခုံတွင် မျက်မှောင်ကြုံ့ထားလျက် မတ်မတ် ထိုင်နေပြီး တည်ငြိမ်သော မျက်နှာပေါ်တွင် လေးနက်မှုများ ဖုံးလွှမ်းနေကာ အလွန် ပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်များကလည်း အတိုင်းသား ပေါ်နေ၏။ လွန်ခဲ့သော ၃ နှစ် အတွင်း သူသည် ရှေ့တန်းတွင် သားရဲ အုပ်စုများ နှင့် တိုက်ခိုက်ရန် လက်တွေ့ ပြေးလွှားနေခဲ့ရပြီး အနားယူရန် အချိန် အလွန် ရှားပါးခဲ့သည်။
သို့သော် ဤအရာများ အားလုံးမှာ အရေးမကြီးပေ။ သူ့ကို စိုးရိမ် ပူပန်စေသည့် အရာမှာ သားရဲအုပ်စုများ တစတစ များပြားလာခြင်းပင်။ ထို့အပြင် အကြိမ်တိုင်းတွင် သားရဲ အုပ်စု အကြား၌ ရွှေခန်းမအဆင့် သားရဲကြီး တစ်ကောင် အမြဲတမ်း ပါဝင်နေတတ်သည်။ သူ၏ ခန့်မှန်းချက် အရ ဆိုလျှင် မကြာမီ ရွှေအမြုတေအဆင့် သားရဲကြီး များ စစ်မြေပြင် သို့ ဝင်ရောက်လာတော့မည် ဖြစ်သည်။
ဤ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း အလွန် ကြောက်မက်ဖွယ် ကောင်းသော သားရဲများ၏ ဟိန်းဟောက်သံများမှာ တောင်တန်း၏ နက်ရှိုင်းသော နေရာမှ မကြာခဏ ထွက်ပေါ်လာပြီး မိစ္ဆာချီ စွမ်းအင်များကလည်း အဆက်မပြတ် ထိုးထွက် လွှမ်းမိုးလျက်။ မြူခိုးမြို့အတွင်းမှပင် ဟိန်းဟောက်သံများကို ကြားနိုင်သေးသည်။
"တောင်တန်းရဲ့ နက်ရှိုင်းတဲ့ နေရာ မှာ ကြောက်စရာကောင်းတဲ့ ခွန်အား တွေ ရှိတဲ့ မိစ္ဆာ ဘုရင် တစ်ကောင် ပေါ်လာပြီလား..."
လေးနက်ပြီး ဩရှရှ အသံ တစ်သံ ထွက်ပေါ်လာပြီး ပင်မ ခန်းမဆောင် အတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ချန်ဟောက် မော့ကြည့်လိုက်ရာ ရော်ရွက်နီ အင်အားစု၏ အကြီးအကဲပင်။ ခရမ်းနန်းတော်အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ကာ နားထင်ဆံစတို့တွင်ပင် ဖြူစပြုနေလေပြီ။ သူ့မျက်လုံးများက စူးရှရှ။
"နေပါဦး... ငါ မြင်ဖူးသလောက် ဆိုရင် တောင်တန်း ရဲ့ နက်ရှိုင်းတဲ့ နေရာ က သားရဲကြီး တွေ ထဲမှာ အမြင့်ဆုံး ကျင့်ကြံမှု က ရွှေအမြုတေအဆင့် လောက်ပဲ ရှိတာပါ... ကြောက်စရာကောင်းတဲ့ ခွန်အား တွေ ရှိဖို့ ဆိုတာ အများကြီး လိုပါသေးတယ်..."
စကားပြောလိုက်သူမှာ ဆံပင်များ တခေါင်းလုံး ဖွေးဖွေးဖြူနေသော်လည်း ကျန်းမာရေး ကောင်းမွန်သော အရပ်ရှည်ရှည် အဘိုးအို တစ်ဦးပင်။ သူသည် ထင်းရှူးမြူခိုး အင်အားစု၏ အကြီးအကဲ နင်တောက်ဖူ ဖြစ်၏။
ယခင်ကဆိုလျှင် ထင်းရှူးမြူခိုးအင်အားစု သည် မြူခိုးမြို့တွင် နံပါတ် ၁ အင်အားစု ဖြစ်ပြီး လီ ကလန် ပင်လျှင် ထိပ်တိုက်မတွေ့ရဲပေ။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ချန် ကလန် ၏ အင်အား တဟုန်ထိုး တိုးတက်လာမှုကြောင့် ထင်းရှူးမြူခိုး အင်အားစု မှာ ဒုတိယ နေရာ သို့ ရောက်ရှိသွားခဲ့ရသည်။
"တောင်တန်း ရဲ့ နက်ရှိုင်းတဲ့ နေရာကို ကြီးစိုးထားတဲ့ ရွှေအမြုတေအဆင့် သားရဲကြီး တွေ တကယ် ရှိနေတယ်... ဒါ့အပြင် ဒီ လွန်ခဲ့တဲ့ ၃ နှစ် အတွင်း မြူခိုးမြို့ကို တိုက်ခိုက်ခဲ့တဲ့ သားရဲ အုပ်စု တွေက ဒီ ရွှေအမြုတေအဆင့် သားရဲကြီးတွေရဲ့ အမိန့်ပေးမှု အောက်မှာ ရှိနေတယ် ဆိုတာ ငါ လုံးဝ သေချာတယ်... ဒါပေမဲ့ ဒီ ရွှေအမြုတေအဆင့် သားရဲကြီးတွေရဲ့ နောက်ကွယ်မှာ ပိုပြီး ကြောက်စရာကောင်းတဲ့ သားရဲကြီး တစ်ကောင် အမိန့်ပေးနေတာများ ရှိနေမလား လို့ ငါ သံသယ ဖြစ်မိတယ်..."
ယဲ့ချိုးသည် နင်တောက်ဖူ ၏ အမြင်ကို မငြင်းဆိုဘဲ သူ၏ ကိုယ်ပိုင် အမြင်ကိုသာ ပြောလိုက်သည်။
"မကြာသေးခင်က တောင်တန်း ရဲ့ နက်ရှိုင်းတဲ့ နေရာ က မိစ္ဆာ ချီစွမ်းအင် တွေ လှိုင်းထန်နေပြီး သားရဲတွေ ရဲ့ ဟိန်းဟောက်သံတွေက မိုးခြိမ်းသံတွေ လို အနီးကရော အဝေးကပါ ကြားနေရတာကို ခင်ဗျားတို့ အားလုံး သတိမထားမိကြဘူးလား... ဒီလို စွမ်းအားမျိုးက ရွှေအမြုတေအဆင့် သားရဲကြီး တစ်ကောင် ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး..."
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည်။
ယဲ့ချိုး ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ လွန်ခဲ့သော ၃ နှစ်က မြူခိုးမြို့သည် သားရဲ အုပ်စု တစ်စု၏ တိုက်ခိုက်မှုကို ပထမဆုံး အကြိမ် ခံခဲ့ရပြီးကတည်းက နောက်ပိုင်းတွင် ပေါ်လာသော မိစ္ဆာသားရဲ များ၏ ခွန်အားများမှာ ကြီးမားစွာ တိုးတက်လာခဲ့သည်။ သန္ဓေထောင်းအဆင့် မှ အခြေတည်အဆင့် သို့၊ ထိုမှတဆင့် လက်ရှိ ခရမ်းနန်းတော်အဆင့် သို့၊ မိစ္ဆာသားရဲများ၏ ခွန်အားများမှာ ပိုမို အားကောင်းလာပြီး ပိုမို ကြီးမားသော အရွယ်အစား များ ပါဝင်လာကာ လွန်ခဲ့သော ရက်အနည်းငယ်ကပင် အကောင်ရေ ၁၀၀၀ ကျော် အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အဝေးမှ ကြည့်လိုက်လျှင် ကောင်းကင်ကို ဖုံးကွယ်ထားသော တိမ်မည်းကြီး တစ်ခု အလား ကောင်းကင်နှင့် မြေကြီး ကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ကံကောင်းထောက်မစွာပင် ဤ မိစ္ဆာသားရဲ များထဲမှ ၂ ကောင် သို့မဟုတ် ၃ ကောင်သာ ရွှေခန်းမအဆင့် သို့ ရောက်ရှိနေပြီး ၃၀ ကျော်က ခရမ်းနန်းတော်အဆင့် တွင် ရှိကာ ကျန်ရှိသော မိစ္ဆာသားရဲ များမှာ ကနဦးမွေးဖွားခြင်းအဆင့် တွင် ရှိနေကြသည်။ အင်အားစု အသီးသီး၏ အပြည့်အဝ ပူးပေါင်း လုပ်ဆောင်မှု အောက်တွင် မြူခိုးမြို့သည် မိစ္ဆာသားရဲ များ၏ လက်အောက်သို့ မကျရောက်ခဲ့ပေ။
သို့သော် ဤအဖြစ်က ထိုနေရာတွင် ရှိနေသော အင်အားစု အသီးသီး၏ ခေါင်းဆောင်များ အတွက် သတိပေး ခေါင်းလောင်း တစ်ခု ထိုးလိုက်သကဲ့သို့ ဖြစ်သွားပြီး ဤ တစ်သုတ်ပြီး တစ်သုတ် လာနေသော သားရဲ အုပ်စုများ ၏ နောက်ကွယ်တွင် အရာအားလုံးကို အမိန့်ပေးနေသော ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် မိစ္ဆာသားရဲ တစ်ကောင် ရှိနေကြောင်း သဘောပေါက်သွားစေခဲ့လေသည်။
ထို့ကြောင့် အင်အားစု အသီးသီး၏ ခေါင်းဆောင်များသည် ဤ ကိစ္စကို ဆွေးနွေးရန် အတွက် ချန် ကလန် ပင်မ ခန်းမဆောင် တွင် စုဝေးခဲ့ကြခြင်း ဖြစ်သည်။
"လူတိုင်း ပြောတာ မှန်တယ်... တောင်တန်း ရဲ့ နက်ရှိုင်းတဲ့ နေရာ မှာ ရွှေအမြုတေအဆင့် ကို ကျော်လွန်တဲ့ ခွန်အား ရှိတဲ့ တည်ရှိမှု တစ်ခု သေချာပေါက် ရှိနေတယ်... ပြီးတော့ သူ့ရဲ့ ခွန်အားက အရမ်း ကြောက်စရာကောင်းလွန်းလို့ ကျွန်တော်လည်း ခန့်မှန်းလို့ မရနိုင်ဘူး... ဒါပေမဲ့ ကျွန်တော့် ခန့်မှန်းချက် အရ ဆိုရင် ကြောက်စရာကောင်းတဲ့ ခွန်အား တွေ ရှိတဲ့ ဒီ သားရဲကြီး က နောက်ဆုံး အချိန် ရောက်မှသာ ပေါ်လာမှာ သေချာတယ်... အဲဒီတော့ ကျွန်တော်တို့ လောလောဆယ် သူ့ကို စိတ်ပူနေစရာ မလိုသေးဘူး..."
ချန်ဟောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"လက်ရှိ အရေးကြီး ပြဿနာက... နောက်လာမယ့် မိစ္ဆာသားရဲ အုပ်စုထဲမှာ ရွှေအမြုတေအဆင့် သားရဲကြီး တစ်ကောင် ပါလာခဲ့ရင် လူတိုင်းက ကျွန်တော့် ချန် ကလန် ထဲမှာ ပုန်းအောင်းပြီး ငြိမ်ငြိမ်လေး ခုခံကြမလား... ဒါမှမဟုတ် တိုက်ပွဲ ထဲကို ကိုယ်တိုင် ဝင်ပါကြမလား..."
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဤနေရာတွင် ရှိနေသူ အားလုံး၏ ခွန်အား များမှာ မြူခိုးမြို့ရှိ အမြင့်ဆုံး စံနှုန်း ကို ကိုယ်စားပြုနိုင်သော်လည်း ချန်ဟောက် နှင့် ထင်းရှူးမြူခိုး အင်အားစု ၏ အကြီးအကဲ နင်တောက်ဖူ တို့သာ ရွှေခန်းမအဆင့် သို့ ရောက်ရှိနေပြီး ကျန်ရှိသူ အားလုံးမှာ ခရမ်းနန်းတော်အဆင့် တွင်သာ ရှိကြသည်။ ရွှေအမြုတေအဆင့် သားရဲကြီး တစ်ကောင် ကို ရင်ဆိုင်ရချိန်တွင် သူတို့မှာ အနိုင်ရရန် အနည်းငယ်မျှပင် ယုံကြည်မှု မရှိကြပေ။
နောက်ဆုံးတွင် မိစ္ဆာသားရဲ များ၏ ခွန်အား များမှာ တူညီသော ကျင့်ကြံမှု ရှိသည့် လူသား ကျင့်ကြံသူများကို လုံးဝ ဖိနှိပ်ထားနိုင်ပြီး ရှေးဟောင်း နတ်ဘုရား သားရဲများ၏ သွေးဆက်ကို ပိုင်ဆိုင်ထားသော အချို့သော သားရဲကြီး များ ဆိုလျှင် လူသား ကျင့်ကြံသူများ ထက် အဆ ၁၀ ဆ မက ပိုမို ကြောက်မက်ဖွယ် ကောင်းကြသည်။
ထို့ကြောင့် ရွှေအမြုတေအဆင့် သားရဲကြီး များ ကဲ့သို့သော တည်ရှိမှုများကို ရင်ဆိုင်ရသောအခါ ထိုနေရာတွင် ရှိနေသူ အားလုံး အတွက် ရွေးချယ်စရာ ၂ ခု သာ ရှိတော့သည်၊ ထွက်ပြေးမည်လော သို့မဟုတ် ပုန်းအောင်းမည်လော။
နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူမှာ ယဲ့ချိုး ပင်။
"တကယ်လို့ အဲဒီလို အခြေအနေ မျိုး တကယ် ဖြစ်လာခဲ့ရင် ပုန်းအောင်းကြတာပေါ့... ဒါပေမဲ့ ဒီလို ဆိုရင်တော့ ကလန်ခေါင်းဆောင် ချန် ကို ဒုက္ခပေးသလို ဖြစ်သွားမှာပဲ..."
ချန်ဟောက် လက်ကာပြလိုက်သည်။
"လူတိုင်းက မြူခိုးမြို့က တာအိုရောင်းရင်း တွေချည်းပါပဲ... ဒီလို ခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာ အလုပ်လုပ်ပြီး တစ်ယောက်ကို တစ်ယောက် ကူညီသင့်တယ်... ဒါကလည်း ကျွန်တော့် ချန် ကလန် လုပ်သင့်တဲ့ အရာပါပဲ..."
အခြား အင်အားစု ခေါင်းဆောင်များ ဤစကားကို ကြားလိုက်ရသောအခါ သက်ပြင်းချလိုက်နိုင်ကြသည်။ ချန် ကလန် ၏ ကာကွယ်မှုကို ရရှိထားနိုင်ပြီ ဖြစ်သဖြင့် အန္တရာယ် တစ်ခုခု ပေါ်လာမည်ကို သူတို့ အမှန်တကယ် စိတ်ပူစရာ မလိုတော့ပေ။ နောက်ဆုံးတွင် မဟာ ချီ ဓားဝင်္ကပါသည် အသွင်ပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူ များကိုပင် ချေမှုန်းနိုင်စွမ်း ရှိသော ကြောက်မက်ဖွယ် မဟာ ဝင်္ကပါကြီး တစ်ခု ဖြစ်ပြီး အကယ်၍ ရွှေအမြုတေအဆင့် သားရဲကြီး များသာ ဝင်ရောက် တိုက်ခိုက်ရဲမည် ဆိုပါက သေချာပေါက် ပြန်လမ်းမရှိသော လမ်း ဖြစ်သွားပေလိမ့်မည်။
"ကျွန်တော်တို့ အားလုံး ကလန်ခေါင်းဆောင် ချန် ရဲ့ ကြီးမားတဲ့ ကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူး..."
နင်တောက်ဖူ ပြုံးလိုက်သည်။
"ဒါပေမဲ့ ချန် ကလန် ကို ဒုက္ခ မရောက်စေဖို့ အတွက် မိတ်ဆွေဟောင်း တစ်ယောက်ဆီက အကူအညီ တောင်းထားပြီး ကြောက်စရာကောင်းတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တချို့ကို ဖိတ်ခေါ်ထားတယ်... လမ်းခရီး ချောမွေ့တယ်ဆိုရင် သူတို့ သုံးရက် အတွင်း မြူခိုးမြို့ကို သေချာပေါက် ရောက်လာကြလိမ့်မယ်..."
ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့်အဝ ပေါ်လာကြသော်လည်း ချန်ဟောက်ကမူ မျက်မှောင်ကြုတ်သွားလေသည်။
***