ဒုတိယအဆင့် ၂ သိုင်းပညာရှင် ရှုချိုး - တစ်ချက်တည်းနှင့် ရှုံးနိမ့်
ဒုတိယအဆင့် ၃ တန်ချီဟွာ - တစ်ချက်တည်းနှင့် ရှုံးနိမ့်
ဒုတိယအဆင့် ၄ လူကွမ်း - တစ်ချက်တည်းနှင့် ရှုံးနိမ့်
ဒုတိယအဆင့် ၄ လီကျီချန် - တစ်ချက်တည်းနှင့် ရှုံးနိမ့်
နောက်ဆက်တွဲ ပြိုင်ပွဲများတွင် မုရုံချင်းရွှယ် စင်ပေါ်တက်လာတိုင်း ဒိုင်လူကြီးက ပြိုင်ပွဲစတင်ကြောင်း ကြေညာသည်မှ အဆုံးသတ်ကြောင်း ကြေညာသည်အထိ စုစုပေါင်းကြာချိန်မှာ သုံးစက္ကန့်ထက် မပိုခဲ့ပေ ။ သူမ၏ ပြိုင်ဘက်များသည် မည်သည့်သိုင်းပညာကို ကျင့်ကြံသည်ဖြစ်စေ၊ မည်သည့်အဆင့်ဖြစ်စေ၊ မည်သည့်လက်နက်ကို သုံးသည်ဖြစ်စေ မုရုံချင်းရွှယ်၏ တစ်ကွက်တည်းသော တိုက်ကွက်ကိုပင် မခံနိုင်ကြ ။
သူမ မည်သည့်သိုင်းကွက်ကိုမျှ အသုံးမပြုဘဲ သူမ၏ A-အဆင့် တိုက်ခိုက်ရေးပါရမီဖြစ်သော အကြွင်းမဲ့သုည ကိုသာ အသုံးပြု၍ ပြိုင်ဘက်များကို ချေမှုန်းခဲ့သည် ။ ပွဲကြည့်စင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏ ။
မုရုံချင်းရွှယ်က နောက်ထပ်ပြိုင်ဘက်တစ်ဦးကို ထပ်မံခြေမှုန်းလိုက်ချိန်တွင်မှ ပွဲကြည့်စင်ပေါ်ရှိ လူအုပ်ကြီးမှာ မအောင့်နိုင်တော့ဘဲ အော်ဟစ်ကုန်ကြတော့သည် ။
" နေစမ်းပါဦး... မုရုံချင်းရွှယ်က ဖားတက်ရိုက်နေတာလား .."
" ဒါ ဘာတွေ ဖြစ်နေတာလဲ.. ဟိုလူတွေက အငှားသရုပ်ဆောင်တွေလား..ဘာလို့ တစ်ချက်တောင် မခံနိုင်ကြတာလဲ.."
" နတ်သမီးလေး... ငါ့ဖုန်းပါတ်စဝပ်က ၂၅၈..... ဘဏ်ကတ်ပင်နံပါတ်က ၁၄၁၃၇၉....."
" ငါ့ရဲ့ နတ်သမီးလေး မုရုံကတော့ ကြမ်းပြနေပြီ .. ကိုယ့်လူတို့ ငါ့ဘုရင်မကို မကဲ့ရဲ့ကြနဲ့.."
" နတ်သမီး မုရုံတဲ့ကွ.. အကုန်လုံးကို အပြတ်ရှင်းပစ်လိုက်.."
" နတ်သမီးမုရုံ ဆဲတာလေးက နားထောင်လို့ ကောင်းလိုက်တာ... ငါလည်း အဆဲခံချင်လိုက်တာ.."
"ဟာ... ကြည့်ကြအုံးဟေ့.. နောက်ပွဲက ဂူချန်နဲ့ မုရုံချင်းရွှယ်ပဲ..သူတို့ကြားမှာ ရန်စရှိတယ်မလား.."
" တကယ့် ပွဲကြီးပွဲကောင်းက အခုမှ စတော့မှာဟေ့.."
တစ်ဖက်တွင်မူ ဆရာများနှင့် ကျောင်းအုပ်ကြီးတို့ ထိုင်နေသော ပွဲကြည့်စင်၌...
" ရှောင်လျို... ဒိုင်လူကြီးတွေနဲ့ ပညာရှင်တွေကို စင်နားမှာ သေချာစောင့်ကြည့်ခိုင်းလိုက်.. ဂူချန် ရှုံးတော့မယ့်အချိန်ကျရင် အသင့်ပြင်ထား... သူ ဒဏ်ရာမရစေနဲ့... နားလည်လား.."
ဝူကျန်းက ဝတ်စုံပြည့်နှင့် အမျိုးသားတစ်ဦးကို ခေါ်ယူ၍ အလေးအနက် ညွှန်ကြားလိုက်သည် ။
" ဟုတ်ကဲ့ပါ ဆရာကြီး .."
ထိုအမျိုးသားက ပြန်ဖြေပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည် ။
စင်မြင့်ပေါ်တွင် မုရုံချင်းရွှယ်သည် သူမ၏ ကျောထက်၌ နှင်းဖြူရောင် ဓားရှည်ကို လွယ်ထားလျက် အထီးကျန်လှပသော နှင်းဆီတစ်ပွင့်အလား ရပ်နေသည် ။ သူမ အဝေးမှ အနက်ရောင်ဝတ် လူငယ်လေးကို စိုက်ကြည့်နေ၏ ။ သူမ၏ မျက်နှာက မပြောင်းလဲသော်လည်း သူမ၏ စိတ်ထဲတွင်မူ အေးစက်စွာ လှောင်ပြုံးပြုံးနေမိသည် ။
' ဒီအချိန်ကို ရောက်လာပြီပဲ..'
သူမ၏ ပြိုင်ဘက်က စင်ပေါ်သို့ ဖြည်းညင်းစွာ တက်လာသည်ကို ကြည့်ရင်း မုရုံချင်းရွှယ်က သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာကို အသာဖွင့်ဟ၍ ပြောလိုက်သည် ။
" ဂူချန်... နင့်ရဲ့ ခွန်အားနဲ့ ဗိုလ်လုပွဲအထိ ရောက်လာတာကို ကြည့်ရင် ဝူကျန်းက နင့်အတွက် အများကြီး ကြိုးစားပေးထားပုံပဲနော်.."
ပြိုင်ပွဲစကတည်းက သူမ သူ့ကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည် ။ ဂူချန်သည် ပွဲတိုင်းတွင် ကပ်ပြီး အနိုင်ရလာခြင်းဖြစ်ကာ ထိုသူများမှာ အလွန်အားနည်းသူများ သို့မဟုတ် ငွေပေး၍ ဝယ်ထားသူများသာ ဖြစ်ရမည်ဟု သူမ ယူဆထားသည် ။ ဤသို့သော အရှက်မရှိသည့် လူကုံထံ သားသမီးများသည် ယုတ်မာသော နည်းလမ်းများကိုသာ သုံးတတ်ကြ၏ ။ စစ်မှန်သော စွမ်းအားရှေ့တွင် ထိုအကြံအစည်များမှာ ဟာသသက်သက်သာ ဖြစ်သွားပေမည် ။
ယနေ့တွင် သူမ မုရုံချင်းရွှယ်သည် ချင်းဟယ် အမှတ် ၁ အထက်တန်းကျောင်း၌ မင်းမူနေသော ဤလူယုတ်မာကို အပြတ်အသတ် နှိမ်နင်းပြမည် ။
မုရုံချင်းရွှယ်၏ ကဲ့ရဲ့မှုကို ကြားသော်လည်း ဂူချန်က မတုန်လှုပ် ။ သူ၏ ခါးတွင်ချိတ်ထားသော နှစ်ဖက်သွားဓားကို အသာအယာ ပွတ်သပ်ရင်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည် ။
" အဲ့တော့ ဘာဖြစ်လဲ .."
" ငါက အာဏာပြရတာကြိုက်တယ်.. အားနည်းတဲ့သူတွေကို နှိပ်စက်ရတာနဲ့ အထူးအခွင့်အရေးတွေကို သုံးရတာကို သဘောကျတယ်..အခု နင် သိသွားပြီဆိုတော့... ဘာလုပ်မှာလဲ.. လာကိုက်မှာလား..ဟီးဟီးဟီး .."
ဂူချန်၏ အမြင်တွင် အရင်းအမြစ်မရှိလျှင် တစ်မျိုး၊ အရင်းအမြစ်နှင့် အာဏာရှိပါလျက်နှင့် မသုံးခြင်းမှာ အသိဉာဏ်မဲ့ခြင်းသာ ဖြစ်သည် ။ အားကြီးသူက အားနည်းသူကို အနိုင်ယူသည့် ဤခေတ်ကြီးတွင် လူတော်လူကောင်း အယောင်ဆောင်နေခြင်းမှာ အဓိပ္ပာယ်မရှိ ။
" လူယုတ်မာ.."
မုရုံချင်းရွှယ်က အံကို တင်းတင်းကြိတ်လိုက်ရာ ပတ်ဝန်းကျင်၏ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားသည် ။ သူမ ဤမျှ အရှက်မရှိသော လူကို တစ်ခါမှ မမြင်ဖူးချေ ။ ဤကောင်သည် ရှက်ရကောင်းမှန်း မသိသည့်အပြင် ဂုဏ်ယူနေသေးသဖြင့် သူမ ပို၍ပင် ရွံရှာလာမိ၏ ။
သို့သော် လုဖန်အား ပေးထားသော ကတိကို သတိရကာ သူမ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး ဂူချန်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည် ။
" ဂူချန်.."
" ငါတို့ကြားက ကွာဟချက်က ဘယ်လောက်ကြီးမားလဲဆိုတာ နင်ကောင်းကောင်းသိသင့်တယ်.. နင်ငါ့ကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး.. "
"ငါက ဒုတိယအဆင့် 7 မှာ ရှိနေတာ.. ဒုတိယအဆင့် ရှားပါးသိုင်းပညာတစ်ခုကိုလည်း ပြီးပြည့်စုံသော အဆင့်အထိ တတ်မြောက်ထားသလို အခြား ထိပ်တန်းသိုင်းကွက်တွေကိုလည်း အကုန်တတ်ထားတယ်.. A-အဆင့် အသက်ရှူကျစဉ်ကိုတောင် အဆင့် ၆အထိ ကျင့်ပြီးပြီ.."
" နင်ကတော့ ဒုတိယအဆင့်ကို အခုမှ ရောက်တာ.. ချူဖေးယန်ကို နင်နိုင်ခဲ့တာကလည်း နင့်ရဲ့ ကျင့်စဉ်နဲ့ သိုင်းကွက်အဆင့်က သူ့ထက် အဆင့်မြင့်လို့ပဲ.."
"ဒါကြောင့် စိတ်ကူးယဉ်မနေနဲ့တော့... နင်ငါ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး.."
" အော်.."
ဂူချန်က ပြုံးလျက် ပြန်မေးလိုက်သည်။
" ပြီးတော့ရော.."
" ပြီးတော့ရော ဟုတ်လား.."
မုရုံချင်းရွှယ်က အေးစက်စွာ ရယ်မောလိုက်သည် ။ သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ခြေဖဝါးအောက်မှစ၍ စင်မြင့်တစ်ခုလုံး မီတာအတော်များများအထိ ရေခဲပြင်ကြီး ဖုံးလွှမ်းသွားတော့သည် ။ သူမ၏ မျက်နှာတွင် သနားဂရုဏာရိပ်များ ပေါ်လာကာ ပြောလိုက်သည် ။
" ဒီနေ့ လူပုံအလယ်မှာ လုဖန်ကို ဒူးထောက်တောင်းပန်မယ်ဆိုရင်တော့ ငါ နင့်ကို သက်ညှာပေးမယ်.. နင့်ရဲ့ လက်နှစ်ဖက်ကိုပဲ ချိုးပေးမယ်.."
သူမ ခဏမျှ ရပ်လိုက်ပြီး ခြိမ်းခြောက်သံဖြင့် ထပ်ပြောလိုက်သည် ။
" မဟုတ်ရင်တော့... နင် ဒီစင်ပေါ်ကနေ ကိုယ့်ခြေထောက်နဲ့ကိုယ် ဆင်းသွားနိုင်ဖို့ ငါ အာမမခံနိုင်ဘူး.."
ပြောပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်မှ ကောင်းကင်ပြာရောင် ချီစွမ်းအင်လှိုင်းများမှာ ရေလှိုင်းများသဖွယ် ပေါက်ကွဲထွက်လာတော့သည် ။ ခဏချင်းမှာပင် စင်မြင့်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းသွားပြီး အပူချိန်မှာ သုညဒီဂရီအောက်သို့ ရောက်ရှိသွားသည် ။ ပွဲကြည့်စင်ပေါ်မှ ကျောင်းသားများနှင့် ဆရာများမှာပင်လျှင် အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဒဏ်ကို ခံစားလိုက်ရသည် ။
သို့သော် ထိုတင်းမာလှသော အခြေအနေကို ရယ်သံတစ်ခုက ဖျက်ဆီးလိုက်၏ ။
ဂူချန်၏ မျက်ဝန်းများသည် တည်ငြိမ်နေပြီး စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည် ။
" ငါ နင့်ရဲ့ ဖျော်ဖြေမှုကို မျှော်လင့်နေမယ်နော်... သောက်..ပေါ..မ.."
မုရုံချင်းရွှယ်၏ ယုံကြည်မှုအပြည့်ရှိသော မျက်နှာသည် ချက်ချင်းပင် အေးခဲသွား၏ ။ သူမ၏ တစ်သက်တာလုံးတွင် ဤသို့သော အစော်ကားမျိုး တစ်ခါမှ မခံခဲ့ဖူးချေ ။
" ကောင်းတယ်... တကယ်ကို ကောင်းတယ်.."
မုရုံချင်းရွှယ်က ဘာမှ ထပ်မပြောတော့ဘဲ ဂူချန်ကို စိုက်ကြည့်ကာ စိတ်ထဲမှ ဆုံးဖြတ်လိုက်သည် ။
' ဒီနေ့ နင်သာ ငါ့ကို ငိုပြီး မတောင်းပန် ရရင် ငါ့ဓားနဲ့ငါ သတ်သေပစ်မယ်..'
" နှစ်ဖက်လုံး အသင့်ပြင်.."
ဒိုင်လူကြီးက စင်အလယ်သို့ တက်လာပြီး လက်ကို မြှောက်ကာ ကြေညာလိုက်သည် ။
" ပြိုင်ပွဲ စတင်ပါပြီ.."
မုရုံချင်းရွှယ် စကားစရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ ဂူချန်သည် သူ၏ ဘယ်ဘက်ခါးမှ ဓားရှည်ကို ဆွဲထုတ်လိုက်ကာ လျှပ်စီးတန်းတစ်ခုအလား သူမရှိရာသို့ တစ်ခဏချင်း ရောက်ရှိလာတော့သည် ။
လျှပ်စီးတိုက်ကွက် ..
" အလစ် တိုက်ချင်တာလား..ဟာသပဲ.."
မုရုံချင်းရွှယ်က အမူအရာမပျက်ဘဲ လက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်ပြာရောင် ရေခဲဓားတစ်လက်မှာ သူမ၏ လက်ထဲတွင် ပေါ်လာသည် ။ သူမက ထိုဓားကို လွှဲလိုက်ရာ ပြင်းထန်သော ချီလှိုင်းများမှာ ဂူချန်၏ ဓားရှည်နှင့် အပြင်းအထန် ရိုက်ခတ်သွားတော့သည် ။
သူမ၏ ကီလိုဂရမ် တစ်သောင်းကျော်သော ခွန်အားဖြင့်ဆိုလျှင်...
နောက်တစ်စက္ကန့်တွင် လူတိုင်း အံ့သြသွားရသည် ။ မုရုံချင်းရွှယ်၏ လက်ထဲမှ ရေခဲဓားမှာ လွင့်ထွက်သွားခဲ့ပြီး သူမကိုယ်တိုင်လည်း ပြင်းထန်သော အားကြောင့် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည် ။ သူမ၏ ရှေ့တွင် ဂူချန်မှာမူ ဓားကို ပြောင်းပြန်ကိုင်လျက် ငြိမ်သက်စွာ ရပ်နေသည် ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင် ချီလှိုင်းများ ထွက်ပေါ်နေသည် ။
လျှပ်စီးတိုက်ကွက်မှ ခုခံခြင်းအကွက် သို့ ကူးပြောင်းခြင်း...
သူသည် လျှပ်စီးတိုက်ကွက်ကို သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ခုခံခြင်းအကွက်ကို အသင့်ပြင်ထားသဖြင့် အချိန်မဆွဲဘဲ အမြန်ဆုံး ကူးပြောင်းနိုင်ခဲ့ခြင်း ဖြစ်သည် ။ ဤသည်မှာ ပြီးပြည့်စုံသောအဆင့် ကောင်းကင်ဓား ရှစ်ကွက် ၏ စွမ်းအားပင် ။
မုရုံချင်းရွှယ် နောက်သို့ ယိုင်သွားသည်နှင့် ဂူချန်က ခန္ဓာကိုယ်ကို နှိမ့်လိုက်ပြီး အရှိန်အဟုန်ဖြင့် ထပ်မံခုတ်ချလိုက်ပြန်သည် ။ ဓားအလင်းမှာ အေးစက်ထက်မြက်လှပြီး သူမ၏ ရှေ့သို့ တစ်ခဏချင်း ရောက်လာသည် ။
' ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'
မုရုံချင်းရွှယ်မှာ သူမ၏ လက်နက် လွင့်ထွက်သွားသည့် တုန်ခါမှုမှ မသက်သာသေးမီမှာပင် သူမ၏ ခါးနှင့် ဝမ်းဗိုက်ဆီသို့ ဖော်ပြ၍မရသော ကြီးမားသော စွမ်းအားတစ်ခုက ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည် ။ သူမ၏ ခါးတစ်ခုလုံး ပြတ်ထွက်သွားတော့မတတ်ပင် ။
သွေးစက်များ လေထဲတွင် လွင့်စင်သွားကာ မုရုံချင်းရွှယ်၏ ခန္ဓာကိုယ်မှာ လေထဲတွင် ၃၆၀ ဒီဂရီ လည်ထွက်သွားပြီး မီတာ တစ်ဒါဇင်ကျော် အကွာသို့ လွင့်ထွက်သွားတော့သည် ။
[ အိမ်ရှင်သည် နှစ်နှစ်ခွဲလုံးလုံး စွဲလမ်းခဲ့ရသော နတ်သမီးလေးနှင့် ယောဂ ကစားလိုက်သဖြင့် နတ်သမီးလေးကို ပထမဆုံးအကြိမ် သွေးထွက်သံယို ဖြစ်စေခဲ့သည်။ စေတနာတန်ဖိုး +၂၅၀ ]
***