ဘုန်း...
မီးခိုးရောင် ချီစွမ်းအင် မြူတိမ်ကြီး တစ်ခု ပေါက်ကွဲထွက်သွားပြီးနောက် ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းများက ပတ်ဝန်းကျင် လေထုကိုပါ ပုံပျက်ရှုံ့တွသွားစေသည်။
"မလုပ်နဲ့.."
မုရုံချင်းရွှယ်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။ မီးခိုးရောင် လက်ဝါးကြီးက သူမ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်ချိန်တွင် သူမ၏ အမြင်အာရုံများ အမှောင်အတိကျသွားပြီး ဖော်ပြ၍မရသော ကြီးမားသည့် ခွန်အားများက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ စီးဝင်လာသည်။
သွယ်လျသော သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွား၏ ။ ခန္ဓာကိုယ်အတွင်းရှိ အရိုးများမှာ ထိုကြီးမားသော အားအောက်တွင် လိမ်ဖည်ကာ ပုံပျက်သွားတော့သည်။ သူမ သွေးတစ်လုပ် အန်လိုက်ရပြီး တစ်ကိုယ်လုံးမှာ ရွှံ့စေးရုပ်တစ်ခုကဲ့သို့ ထူးဆန်းသော ပုံစံဖြင့် ကွေးညွတ်သွားလေသည်။
ကျိုးကြေနေသော အဖြူရောင် အရိုးစအချို့မှာ ကြွက်သားများကို ထိုးဖောက်ပြီး အရေပြားအပြင်ဘက်သို့ပင် ပေါက်ထွက်လာသည် ။ အနီရောင်တောက်ပနေသော သွေးများသည် ကောင်းကင်ယံသို့ ပန်းထွက်သွားပြီး ထူးဆန်းစွာ လှပနေသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည် ။
" ဗုန်း.."
မုရုံချင်းရွှယ်သည် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည် ။ သူမ၏ မျက်နှာမှာ ဖူးရောင်နေပြီး မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ် ဟူသော အပေါက်ခုနစ်ပေါက်မှ သွေးများ စီးကျနေသလို မျက်ရည်များကလည်း ပါးပြင်ပေါ်တွင် စီးဆင်းနေသည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာလည်း သူမ ထိန်းချုပ်၍မရဘဲ တဆတ်ဆတ် တုန်ရင်နေပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့်ပင် စူးရှသော နာကျင်မှုကို ခံစားနေရသည် ။
သူမ၏ဖြူဖွေးသော အရေပြားပေါ်တွင်လည်း ပြတ်ရှဒဏ်ရာများစွာဖြင့် ကြည့်မကောင်းအောင် ဖြစ်နေတော့သည်။ ကျန်ရှိနေသေးသော သတိလေးဖြင့် သူမသည် မျက်လုံးကို အနိုင်နိုင် ဖွင့်ကြည့်လိုက်ရာ အဝေးမှ အနက်ရောင်ဝတ် လူငယ်လေး ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူမအနေဖြင့် သူမ၏ ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ပေ။ ယခုအချိန်တွင် ဂူချန်အပေါ် ထားရှိသော မုန်းတီးမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေလေပြီ။ ငယ်စဉ်ကတည်းက သက်တောင့်သက်သာ ကြီးပြင်းလာခဲ့ရသူပီပီ ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးကို သူမ တစ်ခါမှ မရရှိခဲ့ဖူးချေ။ လူတိုင်းက သူမကို အမြဲ အရေးပေးကာ မြှောက်ပင့်ခဲ့ကြ၏။
သူမ၏ ကျင့်ကြံမှု လမ်းကြောင်းမှာလည်း အမြဲ ချောမွေ့ခဲ့သည်။ A-အဆင့် တိုက်ခိုက်ရေးပါရမီ ရှိသည့်အပြင် နားလည်သဘောပေါက်မှုနှင့် အရည်အချင်းမှာလည်း ထူးချွန်လှသည် ။ အသက် ၁၈ နှစ်နှင့် ဒုတိယအဆင့် ၇သို့ ရောက်ရှိကာ ရှားပါးသိုင်းပညာကို ပြီးပြည့်စုံသောအဆင့် အထိ တတ်မြောက်ခဲ့ပြီး ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်း တစ်ခုလုံးကို စိုးမိုးခဲ့သူဖြစ်၏ ။ ထို့ပြင် လျိုလုံတက္ကသိုလ်သို့ တက်ရောက်ရန် အာမခံချက်လည်း ရရှိထားပြီးဖြစ်သဖြင့် သူမ၏ အနာဂတ်မှာ တောက်ပနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ ။
သို့သော် ယနေ့တွင် သူမ အမြဲ အထင်သေးခဲ့သော အသုံးမကျသည့် လူချမ်းသာ မိသားစုမှ သား တစ်ဦး၏ လက်ထဲတွင် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားရသည်ကို သူမ မည်သို့မှ လက်မခံနိုင်ချေ။ သူမ ဂုဏ်ယူခဲ့သော ခွန်အားနှင့် သိုင်းပညာများသည် ပြိုင်ဘက်၏ လက်ထဲတွင် စက္ကူကဲ့သို့ နုနယ်လွန်းပြီး အလွယ်တကူ ချိုးဖျက်ခံလိုက်ရသည်။
' သူ ငါ့ကို သုံးကွက်တည်းနဲ့ အနိုင်ယူလိုက်တာလား..'
'ဘာလို့လဲ..'
မကြာသေးမီက ပထမအဆင့် နောက်လိုက်ခွေးလေး တစ်ကောင် ဖြစ်ခဲ့သူမှာ ရက်အနည်းငယ်အတွင်း မည်သို့ကြောင့် ဤမျှ ပြောင်းလဲသွားပြီး သူမကို အလွယ်တကူ အနိုင်ယူနိုင်သည့် စွမ်းအားမျိုး ရရှိသွားပါသနည်း ။ အကယ်၍ သူမတွင် ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး မရှိပါက နောက်ဆုံးတစ်ကွက်တွင် သေဆုံးသွားနိုင်ပေသည် ။
မုရုံချင်းရွှယ်၏ ရင်ထဲတွင် အတိုင်းအဆမရှိသော နာကျည်းမှုများ ပြည့်နှက်နေသော်လည်း ဘာမှ မတတ်နိုင် ။ သူမ အမုန်းဆုံး လူသားက သူမဆီသို့ လျှောက်လာသည်ကိုသာ ငေးကြည့်နေမိသည် ။
ထိုအချိန်တွင် ဖုံးလွှမ်းနေသော မြူတိမ်များ ကွယ်ပျောက်သွားသဖြင့် ပွဲကြည့်စင်ပေါ်မှ လူများမှာ ကွင်းအတွင်း အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ။ မုရုံချင်းရွှယ်မှာ သွေးများဖြင့် ရွှဲနစ်ကာ ခေါင်းငိုက်စိုက်ကျလျက် ဒူးထောက်နေပြီး သူမ၏ ခြေထောက်များမှာလည်း ကြည့်မကောင်းအောင် လိမ်ဖည်နေသည် ။
သူမ၏ ရှေ့တွင်မူ အနက်ရောင်ဝတ် လူငယ်လေးက လေတွင် လွင့်နေသော ဝတ်ရုံနှင့်အတူ ရပ်နေသည် ။ သူ၏ ခရမ်းရောင် မျက်ဝန်းများက အေးစက်စွာ တောက်ပနေပြီး သူမကို အထက်စီးမှ ငုံ့ကြည့်နေသည် ။
ရလဒ်သည်တော့ ရှင်းလင်းနေပြီ ဖြစ်သည် ။
ဤမြင်ကွင်းကို မြင်လိုက်ရသော ပွဲကြည့်စင်ပေါ်မှ လူများမှာ မှင်တက်သွားကြပြီး အချို့သော နောက်လိုက်ခွေးများမှာမူ အော်ဟစ်ဆဲဆိုကုန်ကြသည် ။
" မဖြစ်နိုင်တာ... ငါ့ နတ်သမီးလေး ဘာဖြစ်သွားတာလဲ.."
" ချီးပဲ... နတ်သမီးမုရုံ တောင့်ခံထားပါ မကောင်းဆိုးဝါးဘုရင် ဂူချန်ကို အနိုင်ယူလိုက်.."
" ဂူချန်.. မင်း ငါ့ရဲ့ နတ်သမီးလေးကို ဒီလိုလုပ်ရဲတယ်ပေါ့ .."
မုရုံချင်းရွှယ်၏ နောက်လိုက်များမှာ ရူးမတတ် ဖြစ်နေကြ၏ ။ သို့သော် သူတို့မှာ တိုးတိုးတိတ်တိတ်သာ ဆဲရဲကြပြီး ဂူချန်၏ လူယုံများ ကြားသွားမည်ကိုလည်း ကြောက်နေကြသေးသည် ။ နောက်ဆုံးတော့ နောက်လိုက်ခွေး လုပ်နေသူများသည် ကိုယ်တိုင် သန်မာသူများ မဟုတ်ကြပေ ။
တစ်ဖက်တွင်မူ ဝူကျန်းသည် ဂူချန်ကို တန်ဖိုးကြီး ရတနာတစ်ခု မြင်လိုက်ရသကဲ့သို့ မျက်လုံးများ တောက်ပစွာ ကြည့်နေသည် ။ မုရုံချင်းရွှယ်ကို သုံးကွက်တည်းနှင့် အနိုင်ယူနိုင်ခြင်း၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည် ။ ထို့ပြင် ဂူချန်၏ အနေအထားအရ သူသည် အစွမ်းကုန် မထုတ်ရသေးသည်မှာ သိသာလှ၏ ။
" ဆိုလိုတာက သူ ခုနက ကစားနေရုံတင်လား.. အကြောလျှော့နေရုံတင်လား.."
ဝူကျန်း တကယ့်ကို အံ့သြသွားရသည် ။ သူ၏ ရွေးချယ်မှု မှန်ကန်ခဲ့သဖြင့် သူ စိတ်အေးသွားရသည် ။ ဂူချန်ကဲ့သို့ အနာဂတ်ကြယ်ပွင့်တစ်ဦးရှိလျှင် ချင်းဟယ် ဂူမိသားစုမှာ ဆုတ်ယုတ်သွားမည်မဟုတ်ဘဲ ပိုမို တောက်ပြောင်လာပေလိမ့်မည် ။
စင်မြင့်ပေါ်တွင်...
[အိမ်ရှင်သည် နှစ်နှစ်ခွဲလုံးလုံး စွဲလမ်းခဲ့ရသော နတ်သမီးလေးကို သိုင်းပညာ တိုးတက်စေရန် ကူညီပေးခဲ့သည်။ သူမက သင့်ကို နှိမ်ချခဲ့သော်လည်း သင်ကမူ စေတနာအပြည့်ဖြင့် ကူညီပေးခဲ့ကာ မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ခဲ့သည်။ စေတနာတန်ဖိုး +၃၀၀ ]
[ အိမ်ရှင်သည် နတ်သမီးလေး၏ ကြွက်သားများကို နှိပ်နယ်ပေးခဲ့သဖြင့် သူမ၏ ပင်ပန်းနွမ်းနယ်မှုများကို လျှော့ချပေးခဲ့သည်။ စေတနာတန်ဖိုး +၁၀၀ ]
[ အိမ်ရှင်သည် နတ်သမီးလေး၏ အမြင်မှားများကို ဖျက်ဆီးပေးခဲ့ပြီး သူမကိုယ်သူမ ပြန်လည်သုံးသပ်ကာ အားနည်းချက်များကို သိမြင်စေခဲ့သည်။ စေတနာတန်ဖိုး +၃၀၀ ]
[ အိမ်ရှင်၏ ဆက်တိုက် တိုက်ခိုက်မှုကြောင့် နတ်သမီးလေးသည် ဝမ်းသာအားရ မျက်ရည်ကျခဲ့သည်။ စေတနာတန်ဖိုး +၂၅၀]
[လက်ရှိ စေတနာတန်ဖိုး: ၁၄၂၀]
"တကယ် တန်တာပဲ..."
ဂူချန်၏ မျက်ဝန်း၌ အရောင်တစ်ချက် လက်သွားသည်။
လူတစ်ယောက်တည်းက စေတနာတန်ဖိုး ၉၅၀ အထိ ပေးနိုင်ခဲ့သဖြင့် လုဖန်၏ စံချိန်ကို ကျော်ဖြတ်သွားခဲ့လေပြီ ။ နတ်သမီးလေးပီပီ သူမကို နင်းခြေရသည်မှာ အမှန်ပင် အရသာရှိလှသည် ။
ဘေးပတ်ဝန်းကျင်မှ မနာလိုသော အကြည့်များကို ဂရုမစိုက်ဘဲ ဂူချန်က အောက်သို့ ငုံ့ကြည့်လိုက်ကာ လူရုပ်မပေါက်အောင် ဖြစ်နေသော မိန်းကလေးကို ခြေဖြင့်နင်း၍ လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် ။
"ဒါက ပါရမီရှင်နဲ့ သာမန်လူကြားက ကွာဟချက်လား.."
"အိုးး..ကွာဟချက်ကြီးက ကြီးလိုက်တာနော်.."
ပြောပြီးနောက် ဂူချန်သည် တတိယအဆင့် သိုင်းပညာရှင်များသာ ပိုင်ဆိုင်သော စစ်မှန်သောချီ အစအနတစ်ခုကို သူမ၏ ရှေ့တွင် တမင်တကာ ထုတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
မုရုံချင်းရွှယ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွား၏ ။ တုန်ရင်နေသော သူမ၏ ကြွက်သားများမှာ ထိုခဏ၌ အေးခဲသွားသည် ။ သူမသည် ဝေဝါးနေသော ဂူချန်၏ ခြေထောက်ကို ကြည့်ရင်း ညည်းတွားလိုက်ပြီး လက်ကိုဆန့်ကာ သူ၏ ဝတ်ရုံစကို ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း သူက အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
[ အိမ်ရှင် စွဲလမ်းခဲ့ရသော နတ်သမီးလေးသည် သင်၏ ချစ်ခြင်းတရားကြောင့် စိတ်လှုပ်ရှားသွားရသည်။ သင် ထွက်ခွာသွားချိန်တွင် သူမက ငေးကြည့်ကျန်ရစ်ခဲ့သည်။ စေတနာတန်ဖိုး +၂၀၀]
"ပြိုင်ပွဲ ပြီးဆုံးပါပြီ.."
"ဒီခြေစစ်ပွဲမှာ ပထမဆု ရရှိသွားသူကတော့ အတန်း (၁) မှ ဂူချန် ဖြစ်ပါတယ်.."
ဒိုင်လူကြီး၏ အသံ ထွက်ပေါ်လာသော်လည်း မည်သူမှ ဂရုမစိုက်ကြ။ လူတိုင်း၏ မျက်လုံးများက ထွက်ခွာသွားသော လူငယ်လေးထံ၌သာ ရှိနေသည်။
မုရုံချင်းရွှယ်ကို သုံးကွက်တည်းနှင့် အနိုင်ယူခဲ့သူ...
ကျောင်း၏ လူမိုက်မှ အတော်ဆုံးကျောင်းသား ဖြစ်လာသူ...
ချင်းဟယ် အမှတ် (၁) ကျောင်း၏ သမိုင်းစာမျက်နှာမှာ ထာဝရ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းမှ ထွက်လာပြီးနောက် ဂူချန်သည် အိမ်သို့ပြန်ကာ လျှို့ဝှက် မြေအောက်ခန်းသို့ ဝင်လာခဲ့သည်။ သူသည် အခန်းတစ်ခုထဲသို့ ဝင်ကာ တံခါးပိတ်လိုက်ပြီး ခလုတ်ကို နှိပ်လိုက်သည်။
မီးချောင်းများ လင်းလက်လာသည်နှင့် သစ်သားစင်တစ်ခုတွင် ချည်နှောင်ခံထားရသော လူငယ်တစ်ဦး၏ ရုပ်သွင် ပေါ်လာလေသည် ။ ဂူချန်က သူ၏ ရှေ့သို့ လျှောက်သွားကာ ပြုံးလျက် နှုတ်ဆက်လိုက်သည် ။
"နေကောင်းတယ်နော် လုဖန်.."
"မတွေ့ရတာ ကြာပြီ.."
***