လုဖန် တစ်ယောက် ဝေခွဲမရ ဖြစ်နေ၏ ။ သူ ဆေးရုံတွင် ရှိနေစဉ် နောက်ထပ် အစီအစဉ်များအတွက် သူ၏ ဆရာ ကို ဆက်သွယ်ရန် ပြင်ဆင်နေတုန်းမှာပင် လူမိုက်တစ်စု ရောက်လာပြီး သူ့ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည် ။
သူ ပြန်နိုးလာချိန်တွင် အေးစက်သော သံတိုင်တစ်ခုတွင် ချည်နှောင်ခံထားရပြီး ခေါင်းတွင်လည်း ထူးဆန်းသော သံခမောက်တစ်ခု စွပ်ထားသည်ကို တွေ့လိုက်ရ၏ ။ ထူးဆန်းသည်မှာ သူ၏ ဒဏ်ရာအဟောင်းအများစုမှာ သက်သာနေပြီး အမာရွတ်အချို့သာ ကျန်တော့သည် ။
သူ ရောက်နေသော အခန်းမှာ အမှောင်အတိကျနေပြီး အစားအစာ လာပို့ချိန်မှသာ မီးလင်းလေ့ရှိသည် ။ ဖုန်းလည်းမရှိ၊ နာရီလည်းမရှိသဖြင့် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိတော့ ။ သူ သိသည်မှာ သူ၏ ကံကြမ္မာကို သူကိုယ်တိုင် မပိုင်တော့ဘဲ အဖမ်းခံထားရပြီဆိုသည့် အချက်ပင် ။ သူ၏ စိတ်ထဲမှ အမြဲ ကူညီပေးလေ့ရှိသော ဆရာမှာ ယခုအခါတွင် မည်သို့ပင် ခေါ်ဆိုစေကာမူ ပြန်လည် ထူးခြင်း မရှိတော့ပေ ။ ဤအခြေအနေကြောင့် သူ့ ထိတ်လန့်နေမိ၏ ။
အချိန်အတော်ကြာပြီးနောက် ထမင်းစားချိန်မဟုတ်ဘဲ အခန်းတံခါး ပွင့်လာသည် ။ လုဖန်၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည် သန်းလာသော်လည်း သူ အမုန်းဆုံး လူကို မြင်လိုက်ရချိန်တွင် ထိုမျှော်လင့်ချက်မှာ ပျောက်ကွယ်သွားတော့သည် ။
ဂူချန်...
" နေကောင်းတယ်နော် လုဖန်... မတွေ့ရတာ ကြာပြီ.."
ခရမ်းရောင် မျက်ဝန်းနှင့် လူငယ်သည် ထက်မြက်သော ဓားမြှောင်တစ်လက်ကို ကိုင်ကာ လုဖန်၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည် ။ ဓားဦးကို လုဖန်၏ ကိုယ်ပေါ်တွင် ဟန်ရေးပြနေခြင်းမှာ ရုပ်တုတစ်ခုကို ထုဆစ်ရန် ပြင်နေသကဲ့သို့ပင် ။ ဓား၏ အေးစက်သော အထိအတွေ့ကြောင့် လုဖန် တုန်ရင်သွားပြီး နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလျက် မေးလိုက်၏ ။
"ဂူ... ဂူချန်.. မင်း ဘာလုပ်မလို့လဲ.."
"ငါ ဘာလုပ်မလို့လဲ ဟုတ်လား.."
ဂူချန်က ပြုံးလျက် ခေါင်းခါလိုက်သည် ။ သူက ဓားကို လုဖန်၏ လက်ကောက်ဝတ်ဆီသို့ ရွှေ့လိုက်ပြီး အရှိန်ဖြင့် ထိုးစိုက်လိုက်၏ ။
" အားးး..."
စူးရှသော အော်ဟစ်သံမှာ အခန်းတစ်ခုလုံး ဟိန်းထွက်သွားသော်လည်း ဂူချန်ကတော့ ဘာမှမဖြစ်သလိုပင် အေးစက်စွာ မေးလိုက်သည် ။
" မင်း သုံးလအတွင်းမှာ အဆင့်လေးဆင့်ကို ဘယ်လိုမျိုး ကျော်ဖြတ်နိုင်ခဲ့တာလဲ.. ငါ သိသလောက်ဆို မင်းက တစ်နှစ်ကို တစ်ဆင့်ပဲ တက်နိုင်တာ မဟုတ်လား.."
ပြောရင်းနှင့် ဂူချန်သည် လက်ကောက်ဝတ်ထဲမှ ဓားကို လိမ်ဖယ်ကာ ကြွက်သားများကို မွှေနှောက်နေသည် ။
" အား... ငါ... အားးး.."
လုဖန်သည် နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံးတွန့်လိမ်နေပြီး အံကြိတ်ကာ အော်လိုက်၏ ။
"မင်း ဘာတွေ ပြောနေတာလဲ.. ငါ တောထဲမှာ သစ်သီးတစ်လုံး စားမိလို့ အဆင့်တက်တာပါဆို.."
နာကျင်မှုများ ဆက်တိုက် ခံစားနေရသဖြင့် လုဖန်သည် ဂူချန်ကို ကြည့်ကာ အော်လိုက်ပြန်သည် ။
" ဂူချန်.. ငါ အမှန်အတိုင်း ပြောပြီးပြီလေ... ဘာလို့ ငါ့ကို နှိပ်စက်နေသေးတာလဲ.."
" ငါ မယုံဘူး.."
ဂူချန်က အေးအေးဆေးဆေးပင် ပြန်ပြောသည် ။ လက်ကောက်ဝတ်မှ အကြောများကို ဖြတ်တောက်ပြီးနောက် ဓားကို ဆွဲထုတ်ကာ အခြား လက်တစ်ဖက်သို့ ထပ်မံ ထိုးစိုက်လိုက်ပြန်သည်။ ထို့နောက် လက်သည်းညှပ်နှင့် တူသော ကိရိယာတစ်ခုကို အသုံးပြုကာ လုဖန်၏ လက်ချောင်းများကို တစ်ခုပြီးတစ်ခု ချိုးဖဲ့တော့သည် ။
လုဖန်၏ မျက်နှာမှာ သွေးရောင်လွှမ်းနေပြီး အစွန်းကုန် နာကျင်မှုကြောင့် ပုံပျက်နေတော့သည် ။ သူ အတင်း ရုန်းကန်သော်လည်း ခိုင်မာသော သံတိုင်များကြားတွင် ဘာမှ မတတ်နိုင် ။ ပြင်းထန်သော နာကျင်မှုကြောင့် လုဖန် တစ်ယောက် သတိမေ့မြောသွားတော့သည် ။
[ အိမ်ရှင်သည် တစ်ဖက်လူ၏ ကျန်းမာရေး အခြေအနေကို သိရှိရန် သွေးခုန်နှုန်းကို စစ်ဆေးပေးခဲ့သည်။ စေတနာတန်ဖိုး +၃၀]
[ အိမ်ရှင်သည် တစ်ဖက်လူ၏ လက်သည်းများကို သပ်ရပ်သွားအောင် ကူညီပေးခဲ့သည်။ စေတနာတန်ဖိုး +၁၀၀]
" မဆိုးပါဘူး.."
ဂူချန်က စနစ်မျက်နှာပြင်ကို ကြည့်ကာ အပြင်ဘက်မှ လူတစ်ယောက်အား ရေခဲရေ တစ်ဇလုံ ယူလာခိုင်းလိုက်သည် ။ သစ်သီးဆိုသည့် စကားကို သူ လုံးဝ မယုံပေ ။ ပထမအဆင့် သိုင်းပညာရှင် တစ်ယောက်အနေဖြင့် မြို့ပြင်သို့ အဝေးကြီး မသွားနိုင်သည်ကို သူ သိသည် ။ အဆင့်လေးဆင့် တက်ရုံသာမက အသက်ရှူကျင့်စဉ်နှင့် ပါရမီပါ ပြောင်းလဲသွားသည်မှာ သာမန် သစ်သီးတစ်လုံးကြောင့် မဖြစ်နိုင် ။
ဗွမ်း....
ရေခဲရေများ လုဖန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် ချက်ချင်း နိုးလာသည် ။ ဂူချန်၏ ပြုံးနေသော မျက်နှာကို မြင်လိုက်ရချိန်တွင် လုဖန်၏ မျက်လုံးများ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားသည် ။
" ဂူချန်... ငါ ပြောပြီးပြီလေ... မလုပ်ပါနဲ့... မလုပ်ပါနဲ့တော့.."
ဂူချန်က ဂရုမစိုက်ဘဲ သူ လိုချင်သော အဖြေအတွက် ဆက်လက် နှိပ်စက်နေသည် ။
" အား..."
ဂူချန်သည် လုဖန်၏ ခေါင်းကို ဆွဲမလိုက်ပြီး ရွှပ်နောက်နောက် အသံဖြင့် ပြောလိုက်သည် ။
" မင်း ဆက်ပြီး အောင့်ထားလို့ ရတယ်..ငါ့မှာ အချိန်တွေ အများကြီး ရှိတယ်..."
"မလုပ်ပါနဲ့ ဂူချန် ငါ ပြောမယ်.. ငါ ...အကုန်ပြောမယ်.."
လုဖန် တစ်ကိုယ်လုံး တုန်ရင်နေပြီး သွေးများကြားမှ ခက်ခဲစွာ ပြောလိုက်သည် ။
"ငါ အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ရဲ့ အမွေအနှစ်ကို ရခဲ့တာပါ..အဲဒီထဲမှာ သစ်သီးတွေနဲ့ ကျင့်စဉ်တွေ အများကြီး ရှိလို့ ငါ အခုလို မြန်မြန် တိုးတက်လာတာ.."
'အခုတော့ အမှန်နဲ့ နည်းနည်း တူလာပြီပဲ..'
ဂူချန်က စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်လိုက်သည်။ လုဖန်က ဂူချန် ယုံကြည်သွားပြီဟု ထင်မှတ်နေချိန်တွင် ဂူချန်က ရုတ်တရက် ရယ်မောလိုက်ပြီး...
" ဟီးဟီးဟီး..ဒါပေမဲ့ ငါ မယုံသေးဘူး.."
ဂူချန်က လုဖန်၏ ပါးကို ဖြတ်ရိုက်လိုက်ရာ သွားနှစ်ချောင်း လွင့်ထွက်သွားသည် ။
[ အိမ်ရှင်သည် အတန်းဖော်၏ သွားပိုးစားနေသော သွားများကို ဖယ်ရှားပေးခဲ့သည်။ စေတနာတန်ဖိုး +၅၀]
ထို့နောက် ဂူချန်က လုဖန်၏ ခေါင်းပေါ်မှ သံခမောက်ကို ပုတ်ကာ မေးလိုက်သည် ။
"ပြီးခဲ့တဲ့ ရက်တွေမှာ မင်းရဲ့ စိတ်ထဲကနေ ဆရာ ဆိုတဲ့ လူကို အကြိမ်ပေါင်း ရာကျော် ခေါ်နေတာ ငါ သိတယ်.. အဲဒီ ဆရာဆိုတာ ဘယ်သူလဲ.."
"ဘာ.."
လုဖန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး မယုံကြည်နိုင်စွာ ကြည့်နေမိ၏ ။ ဂူချန်က စိတ်ဖတ်တက်နေသည်လော ။ ဤမျှ ကြောက်စရာကောင်းသော လူ ရှိနိုင်မည်လော ။ သူ ထပ်ပြီး မစဉ်းစားမိအောင် ထိန်းချုပ်ရန် ကြိုးစားသော်လည်း စဉ်းစားလေလေ စိတ်ထဲတွင် ပိုပေါ်လာလေ ဖြစ်နေသည် ။
ပြင်းထန်သော နာကျင်မှုကြောင့် လုဖန်၏ အတွေးများ ပြတ်တောက်သွားသည် ။ သူသည် ချွေးများဖြင့် ရွှဲနစ်နေပြီး အားအင်ကုန်ခမ်းနေပြီ ဖြစ်သည် ။ သူ သတိမေ့တော့မည့် အချိန်တွင် ဂူချန်က သူ၏ ဆံပင်ကို ဆွဲမလိုက်ပြီး အေးစက်စွာ မေးလိုက်သည် ။
"မင်းရဲ့ ဆရာဆိုတဲ့ လူအတွက်နဲ့ ဒီလောက်အထိ အနာခံနေတာ တန်ရဲ့လား.."
ဂူချန် ပြောပြီးသည်နှင့် အခန်းတွင်းရှိ မီးများမှာ ပိုမို လင်းထိန်လာသည် ။ အခန်း၏ ထောင့်တစ်နေရာတွင် ပိန်လှီပြီး အားနည်းနေသော ပုံရိပ်နှစ်ခု ပေါ်လာ၏ ။ ထိုသူနှစ်ဦးကို မြင်လိုက်ရချိန်တွင် လုဖန်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည် ။
"ဂူချန်.. ငါ့မိသားစုကိုတော့ မထိပါနဲ့ကွာ.."
သူ၏ဒေါ်လေးနှင့် အကိုဝမ်းကွဲပါ အဖမ်းခံထားရခြင်း ဖြစ်သည် ။
***